(မောင်စွမ်းရည်ကဗျာစာအုပ် တင်မိုး၏ ဝေဖန်ချက်)
(မိုးမခ ပြန်လည်ဆန်းသစ်ခြင်း) မေ ၁၆၊ ၂၀၁၇
မြင်းခြံသား ကိုဝင်းဖေသည် ကျနော့်သူငယ်ချင်း ကဗျာဆရာ၊ စာပေဝေဖန်ရေးဆရာဖြစ်၏။ ၁၉၆၀ တစ်ဝိုက် မန္တလေးတက္ကသိုလ်အတွင်းက ဖူးပွင့်လာသော ကလောင်ဖြစ်၏။ "ကြည်အောင်" နှင့် တွဲလျက် "စိတြ" ကဗျာများကို ထုတ်ဝေခဲ့ပြီးနောက် "အနီနှင့်အပြာ" ကဗျာစာအုပ်ဖြင့် အမျိုးသားစာပေဆု ရခဲ့သော ကဗျာဆရာ လည်း ဖြစ်၏။ "လူထုသတင်းစာ" တွင် စာပေဝေဖန်ရေးများ အဆက်မပြတ် ရေးသားလာပြီးနောက် "အထက် မြန်မာနိုင်ငံစာရေးဆရာအသင်း"၏ "ဓမ္မဗိမာန်စာတမ်းဖတ်ပွဲများ" တွင် ဝေဖန်ရေး စာတမ်းများ ဖတ်ခြင်းအားဖြင့် ထင်ရှားလာသူလည်းဖြစ်၏။ ထို့နောက် "ဟိုချီမင်း" ၏ "အကျဉ်းထောင်က ပလွေသံ" ဘာသာ ပြန်ကဗျာ၊ "ပြည်သူ့ရှုထောင့်"၊ "ဂယက်"၊ "ဗမာစာပေဘာလဲ ဘယ်လဲ" စသော စာပေဝေဖန်ရေး စာအုပ်များနှင့် "မန္တလေးမြို့ရဲ့ မနက်ခင်း" ကဗျာစာအုပ်များ ရေးသားထုတ်ဝေခဲ့၏။ ယခု "သောင်းပြောင်းထွေလာ"၊ "မိုးဝေ" နှင့် "သဘင်" မဂ္ဂဇင်းတို့တွင် စာပေဝေဖန်ရေးနှင့် ကဗျာများ ရေးသားနေဆဲဖြစ်သော ကဗျာဆရာဖြစ်၏။
၁၉၇၉ ခန့်က ထိုကဗျာဆရာသည် မိုးဝေမဂ္ဂဇင်းတွင် ကဗျာတစ်ပုဒ် ရေးဖွဲ့ခဲ့၏။ ကဗျာမှာ "အမေ့ ခေါ်သံ" ဖြစ်၏။ ထိုကဗျာကို "စန္ဒာ"မဂ္ဂဇင်းကလည်း ထပ်ဆင့်ဖော်ပြခဲ့၏။ ကဗျာဖတ်ပရိသတ်အများစုက လည်း နှစ်ခြိုက်ခဲ့၏။ ကဗျာဆရာက သူ့မိခင်အကြောင်း ဖွဲ့ဆိုထားသော ကဗျာပင်ဖြစ်၏။ သို့ရာတွင် အညာကျေးလက် က မိခင်များ၏ ရုပ်ပုံလွှာဟု ဆိုနိုင်လောက်အောင် ဖွဲ့သီထားသည်ကို တွေ့နိုင်ပါ၏။
ကဗျာဆရာသည် အညာကျေးလက် မြင်းခြံဘက်ရှိ မိခင်ထံသို့ အလည်ရောက်သွား၏။ သားအမိနှစ်ဦး ကြည်ကြည်နူးနူး စကားလက်ဆုံကျကြ၏။ မိခင်က ရှိရှိသမျှ ပစ္စည်းကလေးများဖြင့် သားအား ကျွေးရှာ၏။ မေ့ထံ ယခုတစ်ခေါက် မရောက်သည်မှာ သုံးနှစ်ခန့်ကြာပြီ။ အမေက မှာရှာ၏။ သားက မလာနိုင်၍ စာလွှာကမ်း ရသည်။ ကဗျာပါ အဖြစ်အပျက်မှာ ဤမျှသာဖြစ်၏။ သို့သော် ကဗျာဆရာက အညာလေ၊ အညာရနံ့နှင့် ခေတ်အသံ၊ ခေတ်ရုပ်ပုံပါအောင် ဖွဲ့နိုင်သဖြင့် "အမေ့ခေါ်သံ" ကဗျာသည် အသက်ဝင်လှုပ်ရှားလာရသော ကဗျာတစ်ပုဒ်အဖြစ်သို့ ရောက်လာရလေ၏။
ကဗျာဆရာ၏ ကဗျာခြေဆင်း ခင်းပုံကလေးက ဤသို့။
"အရုဏ်အတက်
ကုလားတက်ခေါက်သံကြားတော့
သား နိုးနေပြီ အမေ။
သားက ဧည့်သည်
အမေ့အိမ်မှာ သားဟာ
ဧည့်သည်ပါ"…တဲ့။
အမေ့ထံမှ ပေးစာကို ကဗျာနှင့် ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။ အမေ့ထံ အလည်ရောက်စဉ်က အကြောင်း အရာကလေးများကို စားမြံ့ပြန်ရင်း ကဗျာကို အစပျိုးထားသည်။ အရုဏ်တက်ချိန်၊ ကုလားတက်ခေါက်သံ ကြားချိန်တို့သည် ကျေးလက်၏ မြင်ကွင်း၊ ကျေးလက်၏အသံများဖြစ်သည်။ အမေ့အိမ်သည် သား၏ ထာဝရ ခိုလှုံရာ ဖြစ်ကောင်းပါလျက် ယခုအချိန်တွင် သားက ဧည့်သည်ဖြစ်နေရပုံကလေးမှာ ကရုဏာစိတ်ကို လှုပ်နိုး လိုက်သကဲ့သို့ ဖြစ်သွားသည်။
"အိမ်ကထွက် ရွာဘက်ကခွာ
မြို့ကိုတက် ပညာရှာ
နှစ် သုံးဆယ်ကြာတော့
အသက်က ၄၀ အလွန်
မျက်မှန်ကတစ်လက် ဂုဏ်နဲ့စက်ပြီး
မနက်က၀ယ်လာ ညနေမှာတပ်
ရပ်ရွာကိုတွေး စာကိုရေးတော့
ကလေးကလားနဲ့ သားရဲ့ဝါသနာ
(ခွင့်လွှတ်ပါ)
အမေ့ဖို့စာ ကဗျာနဲ့ပဲ ရေးမိတယ်။
ကျေးလက်လူငယ်တို့၏ ဘ၀ကို ကိုယ်စားပြုရာ ရောက်သောအဖွဲ့တခုပါ။ ရွာမှာ ကျောင်းမရှိ။ မြို့မှာပဲ ကျောင်းရှိ၏။ ရွာမှာ မနေနိုင်။ မြို့ကိုတက်ပြီး ကျောင်းမနေနိုင် နေနိုင်အောင် ကြံဖန်နေရသည်။ သည်လိုနှင့် "ပညာကြင်ရာ" နှင့် "ရင်အနာ" ပါ ရခဲ့သည်။ လှုပ်ရှားရုန်းကန် အသက်မှန်မှန် မရှူနိုင်သော လူငယ်တို့၏ ဘ၀ကားချပ်ကလေးတစ်ချပ်။
"တခုသောည
ညဥ့်နက်လှပြီ
ရှိသမျှ မြေးသား
လသာသာ ကွင်းကျယ်ကျယ်
မျောက်အုပ်လယ် ယုန်ရောက်သလို
ခုန်ခုန်ပေါက်ပေါက်နဲ့ မီးတောက်အောက်ကစားလို့
မောမှသာနား အိပ်သွားကြပြီ
နွားနှစ်ကောင် စားမြုံ့ပြန်လို့
ခြူသံကြိုးကြား
အမြီးဖျား တဖျပ်ဖျပ်
ခြင်ယပ်တာလည်း ကြားရပြီ"
ဤအဖွဲ့သည် မြေးကလေးများ၏ ဆော့နေဟန်၊ ခုန်ပေါက်နေဟန်ကို "မျောက်အုပ်အလယ် ယုန် ရောက်သလို" ဟု နှိုင်းထားပုံမှာ စိတ်အာရုံတွင် ထင်လာမြင်လာရုံမက အညာအာရုံကိုပါ အမိဖမ်းပြ လိုက်နိုင်သည်။ ထို့ပြင် သားနှင့်အမေ ညဦးယံ စကားပြောနေချိန်ကို နွားနှစ်ကောင် စားမြို့ပြန်နေချိန်၊ နွားအမြီးဖျားခတ်၍ ခြင်ယပ်ချိန်နှင့် ယှဉ်တွဲဖက်စပ်၍ ဖွဲ့ဆိုထားသည်မှာ အသက်ပါလှသည်။ တကယ့် အညာ ဓလေ့ အငွေ့အသက်ပါသော အဖွဲ့ပေတည်း။
"အမေရယ် သားရယ်
ရေနွေးကရားရယ်
နွားလှည်းအိုထက်၊ ကြယ်ပြိုးပြက်မှာ
ထန်းလျက်တစ်ကိုက်၊ ရေနွေးတစ်ကျိုက်
လျောင်းလိုက်၊ ထိုင်လိုက်
တိုးလိုက်၊ ကျယ်လိုက်နဲ့
မငိုက်စတမ်း၊ မသမ်းမဝေ
စကားအထွေထွေကို
သားနဲ့အမေ၊ မနားမနေပြောခဲ့ကြ…
အဲဒါတွေသတိရပြီး
တစ်စကဗျာ၊ သီမိပါခဲ့"
နွေဦးညများတွင် လှည်းအိုထက်တွင် အေးအေးလူလူ နေထိုင်တတ်ကြသော အညာစရိုက်ကို ကိုယ်တိုင် ကြုံဖူးသူကို သတိရစရာ။ သားအမိနှစ်ယောက်မှာ လူခြေတိတ်ချိန်တွင် တတိုးတိုးနှင့် စပ်မိစပ်ရာ။ အောက်မေ့သတိရစရာတွေ ပြောနေပုံမှာ သဘာဝကျသည်။ လွမ်းစရာကောင်းသည်။
ကဗျာဆရာနှင့် သူ့အမေတို့၏ စကားဝိုင်းကလေးကား စိုပြည်၏။ မွေ့လျော်နှစ်သက်ဖွယ်ဖြစ်၏။ စကားဝိုင်းတွင် ဆွေဂုဏ်မျိုးဂုဏ် ကြီးခဲ့ပုံလည်း ပါ၏။ ထူးခြားသော သားကို မွေးခဲ့ရပုံ ဂုဏ်ယူသည်လည်း ပါသည်။ မိသားစုအသိုင်းအ၀ိုင်း ဆွေမျိုးအသိုင်းအ၀ိုင်းတို့၏ အကျိုးအကြောင်း အဆိုးအကောင်း သောင်း ပြောင်းရောရာ အကုန်ပါသည်။ မိခင်ထံ အလည်ပြန်လာသော သားကို စပ်မိစပ်ရာ လေအေးကလေးဖြင့် ချိုသာ စွာ ပြောပြနေပုံမှာ နှစ်လိုဖွယ်ကောင်း၏။ အမေပြောသော အကြောင်းများကို တစ်ဆိတ် နားထောင်ကြည့်ပါဦး။
"ဆွေကြီးမျိုးကြီး
သွေးသောက်ကြီး၊ ခုံမင်းကြီး
မြို့သူကြီး၊ ရွာသူကြီး
မြေရှင်ကြီး၊ ထန်းရှင်ကြီး
ဘိုးကြီး၊ ဘွားကြီးများ
ဘုရားထူးခံကြတဲ့အကြောင်း။
ငွေဓားတစ်ချောင်း၊ ကြေးမောင်းတစ်လုံး
နှစ်လုံးပြူးသေနတ်နဲ့ လက်မှတ်ရရွာသူကြီး
နှစ်ဖက်သော ဘိုးကြီးတွေ
ဘယ်မြေ ဘယ်ကမ်း
ဘယ်ထန်း ဘယ်ထင်း
ဘယ်ကွင်း ဘယ်ရိုး၊ ဘယ်ကိုလက်ညှိုးထိုးမလဲ
မလွဲတမ်းပိုင်ကြ
မြေစုမြေခွန်၊ မြေကျွန်တွေ တရုံးရုံးနဲ့
သုံးမကုန် လှူမခန်း၊ ချမ်းသာစွဆိုတဲ့အကြောင်း
မြှို့ကြီးနဲ့ကွာ၊ ကျေးတောရွာမှာ
တူတန်တာမရှိ။ ပျင်းရိအားယား
လူပျိုကြီး အပျိုကြီး ဦးကြီး ဒေါ်ကြီးများကြားမှာ
ဟောဒီကသား
ဘယ်ရာသီ ဘယ်လိုဖွားလို့
ဘယ်အခါ ဘယ်လိုဖျားပြီး
ဘယ်အရွယ် ဘယ်လိုစကားနဲ့
ဘယ်လိုသွား ဘယ်လိုလာတဲ့
အကြောင်း…"
အမေသည် မောင်များ၊ မတ်များ၊ တူသားများ အကြောင်းဘက်သို့ စကားဦးလှည့်သွားပြနသ်ည်။ သားနှင့် စကားပြော၍ မ၀။ စပ်မိစပ်ရာ ကုန်နိုင်ည်မရှိ။ တအိအိ တငြိမ့်ငြိမ့်နှင့် တစိမ့်စိမ့် အမေပြောနေပုံ သရုပ်ပေါ်ပါပေသည်။
"ဂျပန်ခေတ်က
ဖက်ဆစ်ဂျပန် တော်လှန်သူများ
မောင်များ မတ်များ တူသားများဟာ
ယခုအခါ ရွာအရှေ့ထိပ်
ထန်းရည်အိုးကိုဖက်၊ ထန်းရွက်ကိုခင်း
ထန်းပင်ရင်းမှာ
အိပ်သူ အိပ်တဲ့အကြောင်း။
တချို့က ထွန်စက်မောင်း
ပြောင်းရိုးစဉ်ဆက် ခုတ်ယူခုတ်။
တချို့ပိန် တချို့ဝ
တချို့က သမ တချို့က ၀ိသမ။
တချို့က အရည၀ါသီ
တချို့က ဂါမ၀ါသီ
နီသူနီ ပြာသူပါ"။
ဤအဖွဲ့တွင် ရွာဘ၀ကို တစ်ကြောင်းစ၊ နှစ်ကြောင်းစနှင့် မြင်ရအောင် ပြနိုင်သည်မှာ ထူးခြားသည်။ ကာရန်အသွားအလာမှာလည်း သွက်လက်သည်။ ဘ၀မြင်ကွင်းများမှာလည်း အပြောင်းအလဲ၊ ဗလောင်း ဗလဲများကို ဖျတ်ခနဲ ဖျတ်ခနဲ ဖော်ပြနိုင်စွမ်းရှိသည်။ ကဗျာဆရာ၏ စကားရွေးချယ်မှု စွမ်းရည်ကလည်း ထက်မြက်လှ၏။ "သမ" နှင့် "၀ိသမ"၊ "အရည၀ါသီ" နှင့် "ဂါမ၀ါသီ" တို့မှာ အကွက်ဆိုက်အောင် နေရာချ ဖွဲ့ဆိုတတ်သဖြင့် ဖတ်သူမှာ ပီတိပွားရတော့သည်။
နောက်တစ်ပိုဒ်မှာမူ သားနှင့်အမေ တစ်ဖန်တစ်လှည့်စီ ပြောဖြစ်ကြသော ခေတ်အကြောင်း၊ ခေတ်လူ များအကြောင်းကို ဖွဲ့၏။ ထိုအဖွဲ့တွင် ကဗျာဆရာ၏ဘ၀တွင် ပါဝင်ပတ်သက်နေသော စာပေမိတ်ဆွေများ၏ ရုပ်ပုံကိုလည်း ရိုးတိုးရိပ်တိတ် တွေ့မြင်နိုင်သည်။ ထေ့လုံးဝှေ့လုံးကလေးများနှင့် ခပ်သွက်သွက် ခပ်ရွှင်ရွှင် ဖွဲ့ ထားသည်မို့ ဖတ်၍ကောင်းပေ၏။
"မဟာဆွေအစ မဟာစည်အဆုံး
ဘဂျမ်း (တင်မိုး)၊ သာနိုး (ဆံရှည်)
ကျူသေ ကျူရှင်၊ ဗေဒင် ယတြာ
ရိပ်သာအဆုံး…
အမုန်းအချစ်၊ ကဗျာသစ် စာသစ်
အညှစ်အသတ်၊ အပစ်အခတ်နဲ့
အညစ်အပတ်များအကြောင်း။
ဆရာလွမ်းမှသည် ဆရာစွမ်းအထိ
ခင်မောင်ရင်မှသည် ခင်မောင်ချင်းအထိ
ကျီးသဲလေးထပ်မှသည် ကမ်းနားခြောက်ထပ်အထိ
ဗန်းမော်ဆရာတော်မှသည် ဗန်းမော်တင်အောင်အထိ
အင်းလျားကန်မှသည် ကြာနီကန်ထိ
စိုင်းထီးဆိုင်မှသည် ကွမ်းယာဆိုင်အထိ
ဘိန်းဖြူမှသည် ဘိန်းပြာ ဘိန်းဝါအထိ
မှတ်မိမှတ်ရာ၊ ဖတ်မိဖတ်ရာ
စပ်မိစပ်ရာတွေအကြောင်း"
ကဗျာဆရာ၏ အမေကား အညာသူ ရိုးရိုးအအ အမေ မဟုတ်။ စာဖတ်သောအမေ ဖြစ်၏။ စာသံ ပေသံကြားတွင် ကြီးပြင်းလာသောအမေဖြစ်၏။ သားကဗျာဆရာနှင့် ဗန်းမော်တင်အောင်၏ စာများကို ၀င်ဆွေး နွေးနိုင်သည်ကိုကြည့်။ အညာကျေးလက်က အမေများထက် စာပိုတတ်သော အမေပင် ဖြစ်၏။ သားနှင့် အဖတို့ ငယ်စဉ်က စာဖတ်ခဲ့ပုံ၊ သူရဲကောင်း ရှာခဲ့ပုံတို့ကို ပြန်လည်စားမြုံ့ပြန်နေခြင်းဖြစ်သည်။
"အမေရယ် ကျနော်ရယ်
ဗန်းမော်တင်အောင် ထောင်ကအထွက်
ထန်းလျက်ကျွေးရင်း ရှေးဟောင်းနှောင်းဖြစ်
"လွမ်းရစ်တော့ သက်လှယ်ရယ်"
"ဘုန်းမောင့် တစ်ယောက်တည်းရယ်"
"…တော့ကာသာဘဲရယ်"
ငယ်စာ ငယ်စကား၊ သားနဲ့အဖေ
စာတွေ ပေတွေထဲမှာ
သူရဲကောင်း ရှာခဲ့တဲ့အကြောင်း"
အဖေက သားကို ကဗျာစပ် သင်ပေးခဲ့ပုံ၊ ကျားကျားလျားလျားဖြစ်အောင် အားကစားသင်ခဲ့ရပုံ၊ ကာရန် အလေ့အကျင့် လုပ်ခဲ့ပုံတို့ကို ကြည့်ခြင်းဖြင့် ဖခင်သည် စာတတ်ပေတတ်၊ ခေတ်စာပေနှင့် အကျွမ်းဝင်သောသူ ဖြစ်ကြောင်း ရိပ်မိရ၏။ (အမှန်မှာ ကျောင်းဆရာလည်းဖြစ်၊ ရွာသူကြီးလည်းဖြစ်သည်။)
"အဖေရယ် ကျနော်ရယ်
လယ်ပြင်ပေါ် ပြောင်းခင်းကြား
ပြောင်းဖူးဖုတ်စားရင်း
သေနတ်နဲ့ဓား၊ တစ်လှည့်စီကစား
သားတစ်ပြန် ဘတစ်ပြန်
အအုပ်နဲ့ အခံ၊ ကာရန် ကစားခဲ့တဲ့အကြောင်း"
နောက်တစ်ပုဒ်တွင် သားအမိနှစ်ယောက် စကားရောက်သွားသည်မှာ ညီအကြောင်းဖြစ်သည်။ ညီတော် မင်းနန် တောထွက်ခန်းတို့ သရက်နံ့သင်းသင်းဖြင့် ကဗျာခင်းလိုက်ပုံမှာ-
"ညီငယ်နဲ့ ကျနော်
လျှော်ခွာတဲ့ ချောင်းအစပ်
မနော်နွယ် ဘင်္ဂလား
သရက်ရွှမ်းများ ခတ်ရင်း
နောင်သိဒ္ဓတ် ကြာခြည်လှပ်ဆဲ
စိတ်ပြတ်တဲ့ မင်းနန်၊ နောင်တော်ကိုချန်
ဆံတော်ကို မချ သပိတ်သံ မပြဘဲ
နိက္ခမ ကျင့်တဲ့အကြောင်း"
ဤနေရာတွင် ဗုဒ္ဓ၀င်လာ ဖြစ်တော်စဉ်အကွက်ကို သင့်လျော်အောင် ယူ၍ ကဗျာတွင် ထည့်သွင်း ဖွဲ့သွားပုံမှာ ချီးကျူးစရာဖြစ်သည်။
နောက်နှစ်ပိုဒ်မှာ မြင်းခြံတစ်ဝိုက်၏ ရခင်း ပိုမိုပီသစွာ ရေးဖွဲ့ထားသော နှစ်ပိုဒ်ပင်။ ကြက်သွန်ကျင်း၊ ဆေးခင်း၊ မြေပဲခင်း၊ ၀ါးခင်း၊ ထန်းတော၊ လက်ပံပင် စသော အခြံအရံတို့နှင့် ဘ၀အဖြစ်အပျက် ခင်းပြပုံမှာ မြင်းခြံအငွေ့အသက်ရသည်။
"မိခွေးးရယ်၊ မိအေးရယ်
ကျနော် င၀က်ရယ်၊ အဒေါ် ဒေါ်ကြွက်ရယ်၊
ကြက်သွန်ကျင်း ရေလောင်း၊ ဆေးခင်း ပေါင်းပေါက်
ဝါကောက် ပဲတူး ဆေးခူး ဆေးလှန်း
ထမင်းကြမ်းနဲ့ ထန်းရည်ချို
ချိုချိုမွှေးမွှေး အသည်းအေးအောင်
အမြဲလွေးကြတဲ့ အကြောင်း။
ဝါခင်းအစပ်၊ မားမတ်တဲ့ ပင်လက်ပံ
ဆက်ရက်တွေ ချိုးတွေ ညိုးညိုးညံတော့
ရွာပြန် ခရီးတစ်ထောက်
လက်ပံပွင့်ကြွေ လေထီးတွေကို
သမီးတွေနှစ်ယောက်၊ သားတစ်ယောက်
လုယက်လို့ ကောက်ကြ
သုံးယောက်ရဲ့အသံ၊ တောလုံးလျှံ
ကိုးယောက်လို ညံတဲ့အကြောင်း"
ကဗျာဆရာ၏ အမေသည် ဗုဒ္ဓဘာသာဝင်ပီပီ အရာရာကို လက္ခဏာရေး သုံးပါးနှင့်တင်၍ ရှုဆင်ခြင် သည်။ ထွေလာကေလာ အာရုံရောက်ရာ စကားတွေဖုံအောင် ပြောပြီးနောက် တရားသဘော သက်ဝင်ကာ ပင့်သက်ချ နိဂုံးချုပ်သည်။ အမေ မျက်မျွောက်ပြု မြင်ရသော သင်္ခါရတရားကား ယနေ့လူတိုင်းလိုလို မြင်နေရ သော တရားတည်း။ သင်္ချိုင်းကုန်း သုံးပင်ဇရပ်က သွပ်ချပ်အမိုးကို သူခိုးခွာ၍ မြို့ပေါ်မှာ သေတ္တာဘ၀ ပြောင်းသွားသည်အထိ အပြောင်းအလဲ သင်္ခါရသဘောကို ဆင်ခြင်မိသည်မှာ ထမိပါပေသည်။ ကဗျာဆရာ၏ အဆင်အပြင် ကောင်းမှုကြောင့် သင်္ခါရအသွင် လက်ဝါးပြင်တွင် တပ်အပ်မြင်ရသကဲ့သို့ ဖြစ်လာရသည်။ ဤအပိုဒ်သည် ကဗျာတစ်ပုဒ်လုံး၏ ခေါင်ချုပ်ပင် ဖြစ်ရော့သလားမသိ။ စာဖတ်သူ ဖတ်ကြည့်ပါဦး။
"ဘိုးဘွားကုသိုလ် ကန်ပေါက် လျှိုစောင်း
နွားသိုးနှစ်ကောင်၊ ဖိုးမောင် ကျောင်းလို့
ထနောင်းလဲ တုံး ထန်းလဲ ပြုန်းတဲ့
သင်္ချိုင်းကုန်းက သုံးပင်ဇရပ်
ကြက်လျှာဆူး၊ နဘူးပတ်ချိန်
သွပ်ချပ်အမိုးကို၊ သူခိုးတွေခွာတော့
မြို့ပေါ်မှာ သေတ္တာဖြစ်
ရွာဦးကျောင်းက၊ ခေါင်းလောင်းတွေလဲ
မမြဲအနိစ္စ၊ သင်္ခါရနယ်ထဲ
လှည်းသမား ထွန်စက်မောင်း
ရွာခေါင်း ရပ်ခေါင်း၊ ဘာခေါင်းမှ မကျန်ရစ်
ကဗျာမှာ စာမှာ၊ ငါ ငါ ငါ နှင့်
ငါ သူတစ်ပါး၊ ကျားကျားမမ
တစ်နေ့ကျတော့
သင်္ခါရ တံခါးပေါက်ကို အလျားမှောက်ပြီး
ခေါက်ရမှာဖြစ်တဲ့အကြောင်း" တဲ့။
အမေအို၏ တီးတိုးတီးတိုးနှင့် ပြောဆိုခဲ့သမျှ စကားအားလုံး နိဂုံးချုပ်ခဲ့ပြီ။ "အမေ အိပ်တော့" ဆိုတော့ မအိပ်သေး။ သားနှင့် စကားဆို၍မ၀။ သားကိုကြည့်၍မ၀။ သား၏အနားကခွာ၍မရ။ တခါတရံမှ တွေ့ရသော သားကြီး သြရသဟူ၍ နှုတ်ဖျားတသသနှင့် တမ်းတ၍မပြီးနိုင်။ မိခင်အို၏ ကရုဏာသက်ဖွယ် အမူအရာကို ကဗျာရာက ဖွဲ့ပြလိုက်သည်မှာ -
"ဟိုအကြောင်း ဒီအကြောင်း
အကြောင်းမျိုးစုံ၊ ဖြစ်မျိုးစုံ
ပြောမကုန် မရိုးနိုင်
သန်းခေါင်တိုက်၊ သန်းလွဲကျော်
ကျနော် အသိသား
စကားဟာ ပဓာန မဟုတ်ဘူးလို့။
ဒီသား…
အကြီးသား၊ ဘရီးဘရား
တဒီးလွှားလွှားနဲ့၊ မကြီးပွာသူ
ခရီးသွား နက္ခတ်နဲ့၊ ယှဉ်ကပ်လို့ဖွား
ဗွေပါတဲ့ ဖ၀ါးနဲ့ အဝေးဆုံးသွား
အငေးဆုံးသား
အမေ့နားကို ကြိုးကြားရံခါ
ခဏသာ လာတဲ့သူ။
သားဖြစ်သူ၊ အပါးက
သွားချေ၊ နားချေ၊ အိပ်ပါချေ
ဆိုပေမယ့်လဲ
အမေ မသွား၊ အမေ မနား
သား သက်လျာကို၊ ကြုံလာတုန်းမှာ
ပြုံးကာ ရယ်ကာ၊ ပုတ်ခတ်ကာနဲ့
ကြည်ကာမဝ
သန်းခေါင်ကျော် သန်းလွဲကျမှ
ခဏဖယ်ခွာ
အမေ မှေးရုံ မှေးရှာတယ်" ဟူ၍ဖြစ်၏။
ရပ်ဝေးကသား ကဗျာဆရာ အမေ့ထံ ရောက်လာခိုက် အမေအိုခမျာ စကားပြော၍လည်း မ၀နိုင်။ ကျွေးချင် မွေးချင်လိုက်သည်မှာလည်း ပြောစရာမရှိ။ ရွာရိုးကိုးပေါက် လျှောက်၍ စားသောက်စရာ ရှာကာရှာ ကာ ကျွေးရပုံမှာ သရုပ်ပေါှ်ပါသည်။ ဤအပိုဒ်သည် မိခင်၏ အကြင်နာ၊ မိခင်၏ မေတ္တာ၊ မိခင်၏ ကရုဏာ အမူအရာတို့ကို အမိဆုံး ဖွဲ့ပြနိုင်သော အပိုဒ်ဟု ယူဆမိသည်။ အညာသူ မိခင်အိုတိုင်း၏ အမူအရာမျိုးဖြစ်၍ မျက်ရည်စို့ဖွယ် ထိခိုက်လှသည်။
"အရုဏ်အတက်၊ ကုလားတက်သံအကြား
နွားစာအကျွေး၊ ဆန်အဆေး
မြေးတစ်ယောက်ကိုနှိုး၊ တီးတိုးတီးတိုးနဲ့
ရွာရိုးကို လျှောက်ခဲ့
သားမြေးတွေ သောက်စရာ
နွားနို့ရှာ ဆိတ်နို့ရှာ
သကာလုပ် မုန့်ဖုတ်
အမေ အလုပ်ရှုပ်ခဲ့ပြီ။
ခေါင်းပေါ်မှာ တဘက်တင်
အိမ်စဉ်အနှံ့သွား
ယုန်သားငယ်၊ ဂျုံသကြားဝယ်
ရက်ကန်းရှယ်သလို
ရွာလယ် ရွာရိုး လွန်းထိုး လာသွား
ငှားလိုက် ချေးလိုက်၊ ကျွေးလိုက် တိုက်လိုက်
ချက်ပြုတ်လိုက်နဲ့ ချွေးပြိုက်ပြိုက်ယို
အမေအို
သားကို ကျွေးလို့ မောတယ်မရှိ။
ကဗျာဆရာ၏ မိခင်မျှသာမဟုတ်တော့ပြီ။ ကျနော် အပါအ၀င် အားလုံး၏ မိခင်ဖြစ်ခဲ့လေပြီ။ အညာ ကျေးလက်က မိခင်တိုင်း၏ ရုပ်ပုံလွှာတစ်ချပ်ပင်တည်း။
သည်လိုနှင့် အမေ့ထံ မရောက်ဖြစ်သည်မှာ သုံးနှစ်လောက် ကြာသွားခဲ့သည်။ အမေ သတိရ၍ သားကို မှာသည်။ သား ကဗျာဆရာမှာ အမေ့ထံ သွားလိုလှသော်လည်း ရုန်းရကန်ရ ပြေးလွှားရသော ဘ၀ဖြစ်၍ အမေ့ ထံ မသွားနိုင်။ အဝေးက အမေ့ခေါ်သံကို ကြားပါ၏။ "ဓားတောင် မဆီး၊ မီးပင်လယ် မခြား" သော်လည်း "၀မ်း သမုဒ္ဒရာ၊ အူဂင်္ဂါခြား" သည့်အတွက် အမေ့ထံသို့ မသွားနိုင်။ ဤနေရာတွင် ကဗျာဆရာ၊ ဝေဖန်ရေးဆရာ စသော ပ့ညာတတ်အလွှာ၊ စာရေးဆရာတို့၏ ဘ၀အလွှာကို ရင်နာနာနှင့် ဖွင့်ပြလိုက်ဟန်တူသည်။ သို့မဟုတ် ရင်ပင်နာသော်လည်း ပြုံးကာ ရယ်ကာနှင့် တင်ပြလိုဟန် တူသည်။ သို့မဟုတ် မိမိ၏ မမျှော်လင့်ဘဲ ရောက် လာရသည့် စာပေဝေဖန်ရေးဆရာဘ၀ကို ပြုံးချင်ချင် ဖြစ်မိပုံရသည်။ ဖတ်ကြည့်ပါလေ။
"သြော်…ခုအခါ
အမေ့ရွာ သားမရောက်
သုံးနှစ်လောက် ကြာခဲ့ပြီ။
အမေ့စာ
"သား၊ အမြန်လာ" တဲ့
ပြေးဟာ လွှားဟာ၊ ခုန်ဟာ ကန်ဟာနဲ့
ကဗျာတစ်ပုဒ်၊ စာတစ်ဆုပ်
လက်လုပ်လက်စား၊ အမေ့သား
ဓားတောင် မဆီး၊ မီးပင်လယ် မခြား
အမေ့ခေါ်သံ ကြားသော်လည်း
ဝမ်းသမုဒ္ဒရာ၊ အူဂင်္ဂါခြားတာကြောင့်
သား မလာ၊ မြေး မလာ
ကဗျာကို ပူပုံပန်းနှင့်
စာတစ်ညို၊ လူကြုံကမ်းရတယ်။
အမေ စားဖို့
ငါးသေတ္တာ၊ တစ်ဘူး နှစ်ဘူး
ကလူးကိုး တစ်ထုပ်စ နှစ်ထုပ်စ
တစ်နှစ်မှ တခါ နှစ်ခါ
စတိသာ ပို့အားတဲ့ သားခမျာ
အမေ ပေးတဲ့
ဆယ့်လေးတန်း ပညာနဲ့
မြို့ပေါ်မှာ သောင်တင်
ကလောင်မင် အက်ဆစ်စွက်
ဟိုဖက် ဒီကော်
တစ်နေ့သော် ပိုင်နိုး နိုင်နိုးနဲ့
ဝေဖန်ရေး ကျားဆိုးကို
အားကြိုးမာန်ခဲ အမြီးကို ဆွဲမိပေါ့"
ကဗျာဆရာသည် ပေးစာလေသံ၊ မေတ္တာစာလေသံဖြင့် ကဗျာကို တစ်လျှောက်လုံး ဖွဲ့ဆိုလာခဲ့ပြီး နောက် လေသံပြောင်းကာ ဒွေးချိုကဗျာကလေးဖြင့် သူ့ဇာတ်လမ်းကို အဆုံးသတ်လိုက်သည်။
ရပ်ထဲရွာထဲတွင် သားပေးသည့်စာကို အိမ်ပေါက်စေ့ လည်၍ပြရင်း မလာနိုင်သော သားကို အလွမ်းဖြေ ရရှာသည်။ နေညိုချိန်တွင် အိမ်ဝက ကြိုရင်း သားလာနိုးနိုးဖြင့် မျှော်ရရှာသည်။ သား၏ လွမ်းရေးဒုက္ခ၊ ၀မ်းရေး ဒုက္ခတို့ကိုသိပါ၏။ သို့သော် မမျှော်ဘဲ၊ မလွမ်းဘဲ မနေနိုင်ရှာသော အမေအို၏ သံယောဇဉ်ဖြင့် အဆုံးသတ် လိုက်ပုံမှာ ရင်ထဲတွင် နင့်ခနဲ ခံစားရစေသည်။ ကဗျာဆရာ၏ ပြောင်မြောက်သော မိခင်မေတ္တာဖွဲ့ ကဗျာတစ် ပုဒ်ပေတည်း။
"သြော်…အမေ့ရွာ သားမရောက်
သုံးနှစ်လောက် ကြာ သုံးဝါ ရွှေ့ဆိုင်း
"မလာဖြစ်နိုင်ဘူး ၀ါခေတ်တစ်ခါကုန်တော့" လို့
တေးအကြုံ ရှေးပုံနဲ့ လွမ်းလိုက်တဲ့
ဆန်ဘမ်း တပြာပြာ၊ အိမ်ကြမ်း တခါခါနဲ့
နွားပြာ တသသ၊ ၀ါးဖျာ တမမ
စားစရာ တချချ
အများကာကို သားစာပြပါလို့
အိမ်ဝမှာ အမေကြိုရော့
နေညိုချိန်တိုင်း"
နေညိုချိန်ကလေးကို ရွေး၍ ဆွေးစရာ ဖန်တီးလိုက်သော မိခင်ဖွဲ့ကဗျာ နိဂုံးချုပ်ပါပြီ။
ကျနော်တို့ကဗျာဖတ်သူတိုင်း၏ ရင်ထဲတွင် မိခင်၏ မေတ္တာ၊ ကရုဏာ အမူအရာသည် ကဗျာဆရာ၏ ဖန်တီးမှုအစွမ်းကြောင့် ထာဝရ ရှင်သန်နေပေတော့မည်။ မိခင်သည် အမြဲ အသက်ဝင်နေပေတော့မည်။ မိခင်သည်ပင်လျှင် ဘ၀၏ အလှပဆုံး ကဗျာတစ်ပုဒ်ပါပေတကား။
တင်မိုး (သဘင်မဂ္ဂဇင်း၊ သြဂုတ် ၁၉၈၄)