မင်းကိုနိုင် ● လေယာဉ်ပျံ မြင်လျှင်

 မင်းကိုနိုင် ● လေယာဉ်ပျံ မြင်လျှင်
(မိုးမခ) မေ ၁၅၊ ၂၀၁၇

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။

မိန်းကလေးတစ်ယောက် အရပ်အမောင်းကောင်း၊ ရုပ်ရည်ပြေပြစ်သည်မြင်သော် လေယာဉ်မယ် လုပ်ပါလားဟု တိုက်တွန်း ခဲ့ကြတာ ကျွန်တော်ငယ်စဉ်က မကြာခဏ တွေ့ဖူးသည်။ မိန်းမသားနှင့် လေယာဉ်ပျံတွဲစဉ်းစားလျှင် လေယာဉ်မယ်သာ မြင်ဖူးသည်မို့ လေယာဉ်မယ်လုပ်ဖို့ပဲစဉ်းစားခြင်းက အခြေအနေတစ်ရပ်ထဲတွင်နေလျက် စဉ်းစားခြင်းမျိုး ဖြစ်သည်။ ယခု ခေတ်တွင်တော့ လေယာဉ်မှူး လုပ်ပါလားဟု တိုက်တွန်းလေ့ရှိကြပြီ။ အမျိုးသမီးလေယာဉ်မှူးတွေကို မြင်သိနေကြပြီကိုး။

တကယ်တော့ အမျိုးသမီးလေယာဉ်မှူးတွေရှိလာခြင်းမှာအခြေအနေတစ်ရပ်အပေါ် ကျော်၍ ဖောက်ထွက်စဉ်းစားသူတို့ ရှိခဲ့ခြင်းက စသည်။ ဆိုလိုသည်မှာ အတွေးအခေါ်အရ လက်ရှိအခြေအနေဖြင့် မရောင့်ရဲ့ခဲ့သူများကြောင့်ပင်။ အမျိုးသမီး ဆိုတာ လေယာဉ်ပေါ်မှာဆိုရင် လေယာဉ်မယ်ဘ၀နဲ့ပဲ အမှုထမ်းရမလား၊ လေယာဉ်မောင်းလို့ ဘာကြောင့် မရရရမှာလဲ ဟူ သည့် အတွေးကစပြီးအခြေအနေကို ပြောင်းစေခဲ့ခြင်းပင်။

တကယ်လည်း လေယာဉ်ဆိုသည်က မူလက ရှိခဲ့သည်မဟုတ်။ ကုန်းပေါ်နှင့် ရေထဲယာဉ်အမျိုးမျိုးဖြင့် ခရီးသွားနေရာမှ ဒါ အကုန်ပဲလား၊ လေထဲက သွားလို့ကော မရနိုင်ဘူးလားဟူ တွေးသူ၊ ထိုအတွေးကို ရအောင် ဖန်တီးနိုင်သူတို့ကျေးဇူးဖြင့် ပေါ် လာခြင်း ဖြစ်ပါသည်။

အနောက်နိုင်ငံများ၌ ပင်စင်ယူသည့် အသက်ကို ၆၅ နှစ်ဟု သတ်မှတ်ထားသည်က များသည်။ ပင်စင်ယူပြီးမှ လေယာဉ်မောင်းသင်တန်း တက်ကြသည် များစွာကိုလည်း တွေ့ဖူးသည်။သတ်မှတ်ထားသည့် ကျန်းမာရေး စံမီဖို့တော့ လိုသည်ပေါ့။အသက်ကြီးရုံမျှ လေယာဉ်မောင်းခွင့် မရှိဟု မဖြစ်စေရဆိုသည့် အခြေအနေတစ်ရပ် ဖန်တီးထားတာ တွေ့နိုင်ပါသည်။အမေရိကန်ပြည်ထောင်စု၏ ရေတပ်တွင်ပြုပြင်ပြောင်းလဲရေးလုပ်ခဲ့ရာ အမျိုးသမီးတွေက တိုက်ရေယာဉ် အကြီးအကဲတွေ ဖြစ်လာကြသည်။ ထိုအခါ သန့်စင်ခန်းတွေကအစပြန်ပြင်ကြရ၍ ရယ်စရာပြောကြသည်ကို မှတ်မိပါသေးသည်။ယခင်အခြေအနေဟောင်းထဲမှာသာ စဉ်းစားနေလျှင် အမျိုးသမီးတိုက်ရေယာဉ်မှူးတွေ ပေါ်လာစရာ မလို။ ဒါဆို ငါလည်းဒီအိမ်သာတွေ ပြန်ပြင်စရာမလိုဟု အရွှန်းဖောက်ခဲ့တာ မှတ်မိနေသည်။
.
လွန်ခဲ့သော နှစ်လေးဆယ်ခန့်က ကာတွန်းတစ်ကွက်ကိုလည်းသတိရသေးသည်း။ လူတွေ ပြည့်ကျပ်နေသော ဘတ်စကားမှတ်တိုင်တွင် လူတစ်ဦးက မကျေမချမ်း မြည်တွန်တောက်တီးနေသည်. “ ဘတ်စကားဆိုတာ ဘယ်သူတီထွင်ခဲ့တာလဲကွ၊ အခု ငါစောင့်နေရပြီ ” ဟူ၍.။ တကယ်တော့ ကာတွန်းဆရာတိုက်ရိုက်ဆိုလိုသည်ကို မှန်းဆရလျှင် ဘတ်စ်ကားတီထွင်သူအားအပြစ်ဖို့လိုစိတ် ရှိပုံမပေါ်။ ဘတ်စကားတွေ စောင့်ရသည့် ဒုက္ခတကယ်ရှိနေသည်။ ထိုကိစ္စဘယ်သူတာဝန်ရှိသည်ဆိုတာ တည့်တည့်ကြီး ပြောမည့်အစား၊ရယ်စရာ ကလိတိတိ ကာတွန်းဖြင့် ခွတီးခွကျ မေးလိုက်ခြင်းကဖတ်မိသူ မှတ်မိသွားပြီး နောက်တစ်ယောက်ကို ပြန်ပြောချင်စိတ်ပေါက်အောင် အစွမ်းပြခဲ့ခြင်း ဖြစ်သည်ဟုသာ ခံစားရပါသည်။
*-*-*-*-*-*-*-*-*

ခေတ်ပေါ်ဆေးပညာကိုလည်း ကြည့်ပါဦး။ ယခင်က ၀မ်းဗိုက်တစ်ခုလုံး ခွဲ၊ ကုသပြီး ပြန်ချုပ်ရသည့် အချို့ကိစ္စများနေရာတွင်
အပေါက်ကလေးသာ ဖောက်ပြီး ကုသနိုင်သည့် စနစ်ဖြစ်ထွန်းနေပြီ။ ၀မ်းဗိုက်ကြီး တစ်ခုလုံး ချုပ်ရိုး မကျက်မချင်း ရက်ရှည်လ
များ နာကျင်စောင့်ဆိုင်းရသည့် ဒုက္ခများ လျော့ပါးချေပြီ။ အခြားနယ်ပယ်များတွင်လည်း ထိုနည်းတူပင်။ ခက်ခဲလေးလံ၊ ရှည်ကြာနေသည့် ကိစ္စများကို လွယ်ကူးပေါ့ပါးလျင်မြန်အောင် လုပ်ပေးနိုင်ခဲ့ကြသည်မှာ အခြေအနေတစ်ရပ်အပေါ် ကျော်၍တွေးခေါ်စဉ်းစားနိုင်သူတွေ၏ တီထွင်ဆန်းသစ်နိုင်မှုကြောင့်ပဲဟုမြင်ပါသည်။
.
အစိုးရရုံးများ ဌာနဆိုင်ရာများနှင့် အလုပ်လုပ် ပတ်သက်ရာတွင်လည်း နိုင်ငံများစွာ၌ ယခင်လို လူကိုယ်တိုင် တပင်တပန်း
သွားစရာမလိုတော့။ အီးဂါးဗားမင့် (E. Government) ခေါ်အီလက်ထရွန်းနစ် စနစ်ဖြင့် ဌာနဆိုင်ရာများနှင့် ဆက်ဆံအလုပ်လုပ်နိုင်ပြီ။ ကား ရထား လေယာဉ်လက်မှတ်များဝယ်ယူလျှင်လည်း ထိုင်ရာ မထ အလုပ်ဖြစ်နိုင်ပြီ။
.
လေယာဉ်ပေါ်က ကိစ္စကိုပင် ပြန်ကြည့်ပါ။ ယခင်ကဆိုလျှင်ကျန်းမာရေးအရ ဆေးလိပ်ငွေ့ မရှူလိုသူခမျာ လေယာဉ်ပေါ်ကိုယ့်နံဘေးထိုင်သူမှာ ဆေးလိပ်သောက်သူ မဖြစ်ရန် ဆုတောင်းနေရသည်။ မှတ်မိသေးတော့၊ လေယာဉ်မယ်တွေ ပြောနေကျစကား။ “လေယာဉ်ဆင်းသက်တော့မည် ဖြစ်ပါ၍ စီးကရက်မီးများငြှိမ်းသတ်ပေးကြပါရန်” တဲ့။ ထိုကိစ္စ ခုခေတ် ကလေးတွေကိုပြောပြတော့ အံ့သြကြသည်။ သူတို့ခေတ်မှာ ဒီလိုလုပ်ခွင့်မရှိတော့၊ ဆေးလိပ်သောက်ခွင့်ပြန်ပေးမည်ဆိုလျှင် လက်ခံကြမည်မဟုတ်။ တစ်ဦးတစ်ယောက်၏ အခွင့်အရေးကသူတစ်ပါးကို ထိခိုက်သည့် ကိစ္စအဖြစ် အပြင်းအထန် ကန့်ကွက်ကြပေမည်။
.
ဥရောပနိုင်ငံများတွင် ဆရာဝန်က လူနာအား ဒီရောဂါ ဒီအခြေအနေရှိတယ်။ ဒါ့ကြောင့် ခင်ဗျား ဆေးလိပ်၊ အရက်၊ ဘီယာမသောက်ရဘူးဟု မပြောကြ။ သောက်လျှင်ဘာဖြစ်နိုင်တယ်ဆိုတာသာ ရှင်းပြကြသည်။ သောက်ခြင်း၊ မသောက်ခြင်းက ကာယကံရှင်အခွင့်အရေးမို့ မတားမြစ်ပါဟူ၏။ ထိုအခွင့်အရေးကိုတော့ အများနှင့် သက်ဆိုင်လာလျှင် လေယာဉ်အပါအဝင်အများစုဝေးရာ နေရာတွေမှာ ဆေးလိပ်သောက်ခွင့် မပြုတော့သည့် အခြေအနေတွေ ဖန်တီးလာတာ တွေ့ပါလိမ့်မည်။

ယခင်ကဆို အထက်တန်းပညာ၊ တက္ကသိုလ် ပညာများကို ကိုယ်တိုင်တက်ရောက်ခြင်းဖြင့်သာ သင်ယူနိုင်ခဲ့သည်။ ထိုအခြေအနေကို ကျော်လွန်စဉ်းစားသူတွေကြောင့် ယခုအဝေးရောက် အွန်လိုင်း ပညာရေး ဖြင့် ဘွဲ့တွေယူနိုင်ကြပြီ။ အငြင်းပွားဖွယ် အရည်အသွေးမမီ အဝေးသင် ပညာရေးတချို့ရှိသော်လည်း ဒါဟာ အကောင်အထည်ဖော်သူတွေ၏အစွမ်းအစပေါ်သာ မူတည်ပါသည်ဟု ဆိုလိုပါသည်။
.
လူ့သမိုင်းတိုးတက်မှုဆိုသည်မှာ အားနည်းချက်၊ လိုအပ်ချက်ရှိနေသော အခြေအနေတစ်ရပ်ထဲတွင် တစ်စုံတစ်ရာ ဖြစ်အောင်အလုပ်လုပ်နေခြင်း၊ ကြိုးစားနေခြင်း မဟုတ်။ ပိုကောင်းသည့်အခင်းအကျင်းဖြစ်အောင် ပြောင်းလဲနိုင်သူတို့၏ သမိုင်းသာဖြစ်ကြောင်းတွေ့ရပါသည်။
.
လောက၏ လမ်းများပေါ် ကလေးသူငယ်များနှင့် လူငယ်များအားမတ်တတ်စမ်း လမ်းလျှောက်သင်ပြီး သကာလ၊ ဘယ်ကိုသွား၍ဘာတွေယူ၊ ဘာတွေလုပ်မည်ကို ညွှန်ပြကြသည့်အခါတိုင်းလေယာဉ်ပျံတွေကို ကျွန်တော် မြင်ယောင်စမြဲ ဖြစ်ပါသည်။ ကုန်းကြောင်း၊ ရေကြောင်းလောက်နှင့် မရောင့်ရဲ လေထဲအထိ ခရီးနှင်။ ကျား/မ ခွဲခြားမဆက်ဆံဘဲ အခွင့်အရေး တန်းတူပေး။ လူတစ်ဦး၏ အခွင့်အရေးက အများပတ်ဝန်းကျင်ကို မထိခိုက်စေရ စသဖြင့် အစပြုပြီး တွေးစရာ၊ မြင်စရာ များစွာ ပေးနေသည်။ ဆက်တွေး ဆက်ကြည့်လျှင် ပေါ်လာ မြင်လာမှာ များစွာကျန်သေးသည်ဟုလည်း ယုံကြည်မိပါသည်။

ကောင်းကင်ပြာထဲတွင် တိမ်တွေကို အပေါ်စီးမှကြည့်ကာ ခရီးနှင်ရတိုင်း ရှိသမျှအခြေအနေကိုပိုကောင်းအောင်၊ ပိုသာ အောင် ဖန်တီးရန် တွေးခေါ်အားထုတ်ခဲ့ကြသော လူသားနွယ်ဝင်တစ်ယောက် ဖြစ်ရခြင်းအပေါ် မိမိကိုယ်ကို ယုံကြည်မှု မြင့် လာသည်ဟုလည်း ခံစားရပါသည် ခင်ဗျား။
.
#မင်းကိုနိုင်
( ပြည်သူ့အရေးဂျာနယ်၊ အတွဲ ၃ ၊ အမှတ် ၁၂၈ )