ကိုသစ် (သီတဂူ) - ထူးမခြားနားနှင့် မြ၀တီမင်းကြီးဦးစ



ကိုသစ် (သီတဂူ) - ထူးမခြားနားနှင့် မြ၀တီမင်းကြီးဦးစ
(မိုးမခ) မေ ၄၊ ၂၀၁၇

လွန်ခဲ့သောအနှစ်နှစ်ဆယ်လောက်က အောင်မြင်ကျော်ကြားခဲ့သည့် အဆိုကျော်တို့ကို ယနေ့ခေတ်လူငယ်တွေ သိပ်မကျက်မိကြတော့။ လွန်ခဲ့သော ဆယ်နှစ်ခန့်က ဟိုလေးတကျော်ဖြစ်ခဲ့သည့် သီချင်းတပုဒ်ကို ဒီနေ့ခေတ်လူငယ်လေးတွေက သိပ်ပြီးနားရည်မ၀ကြတော့။ အပြောင်းအလဲမြန်လှသည့် ခေတ်ရဲ့သရုပ်ပင်ဖြစ်သည်။ စာအုပ်ထူထူကြီးတွေကို သိပ်မဖတ်ချင်ကြတော့။ ဆောင်းပါးရှည်ရှည်ကြီးတွေကို ဖတ်လိုသည့်အာသီသလည်း သိပ်မပြင်းထန်ကြပါလေတော့။ ခပ်သုတ်သုတ်သွား၊ ခပ်သုတ်သုတ် စား။ လူချင်းတွေ့လို့ပဲဖြစ်ဖြစ် ဖုံးဆက်ရင်ပဲဖြစ်ဖြစ် စကားတွေ လိုရင်းပြောလို့ အရင်ကလို တစ်ယောက်နဲ့တစ်ယောက် တမေ့တမော ဒိုင်ယာလော့ ကလေးတွေ ရှားပါးလာနေကြပြီဖြစ်သည်။ သို့သော် မြန်မာပြည်တွင် လွန်ခဲ့သော နှစ်ပေါင်း (၁၆၀)ကျော်က တေးရေးဆရာနှင့် တေးသီချင်းတပုဒ်က ယနေ့ထိတိုင် မရိုးနိုင်သေးပဲရှိနေသေးသည်ဟုဆိုက စာဖတ်သူအံ့သြသွားလိမ့်မည်ဟု ထင်ပါသည်။ ထိုသီချင်းကား ထူးမခြားနား သီချင်းပင်ဖြစ်သည်။ တေးရေးဆရာက မြ၀တီမင်းကြီးဦးစ။ ရှေးတုန်းကတော့ မြ၀တီဝန်ကြီးဦးစ ဟုခေါ်ပါသည်။ သူနှင့် ရင်းနှီးကျွမ်းဝင်ကြသူများက သူ့ကို စစ ဟု အမြတ်တနိုး ခေါ်ကြသည်။ မြတ်ဗုဒ္ဓ၏ ရောင်တော်ဖွင့်များကို ရေးသားစပ်ဆိုထားသည့် ထူးမခြားနားသီချင်းကို ဘာသာရေးပွဲများ၊ ဂုဏ်ပြုပူဇော်ပွဲ များတွင် ယနေ့အချိန်အထိ တခမ်းတနား သီဆိုနေကြဆဲပင်ဖြစ်သည်။

မြ၀တီမင်းကြီးဦးစကို မြန်မာသက္ကရာဇ် ၁၁၂၈-ခုနှစ်၊ သတင်းကျွတ်လပြည့်ကျော် (၁၀)ရက်၊ အင်္ဂါနေ့တွင် စစ်ကိုင်းမြို့အနောက်ဘက် မိကျောင်းတက်ချောင်းကျေးရွာတွင် မွေးဖွားခဲ့ပါသည်။ မိကျောင်းတက်ချောင်းရွာဆိုသည်မှာ ယခုစစ်ကိုင်းမြို့ အေးမြ၀တီ ရပ်ကွက်ပင်ဖြစ်သည်။ ဖခင်ဖြစ်သူက မြင်းစီတပ်သားကြီး ဦးပေါက်ကျော် ဖြစ်ပြီး မိခင်ဖြစ်သူမှာ အမတ်ကြီးဗညားကျန်းဒေါရဲ့မြေး ဒေါ်ငြိမ်းသာဖြစ်သည်။ မြ၀တီမင်းကြီးဦးစကို ဆင်ဖြူရှင်မင်းတရားကြီးလက်ထက် (၁၁၂၅-၁၁၃၈) တွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။

အသက်ခြောက်နှစ်သားအရွယ်တွင် ဖခင်ကြီးဆုံးပါးသွားခဲ့ပြီးနောက် အသက် တစ်ဆယ့်တစ်နှစ်အရွယ်တွင် အင်းဝမြို့ မဲထီးဆရာတော်ကြီးဦးပရမကျောင်းတွင် ရှင်သာမဏေပြု၍ စာပေသင်ကြားခဲ့သည်။

ရှင်လူထွက်ပြီးနောက် စစ်ကိုင်းမြို့ ပန်းတိမ်ဝန်ဟောင်းဦးညွှန့်၏သမီး မအေးနှင့် အိမ်ထောင်ကျလေသည်။ အသက် ၁၉-နှစ်တွင် ဇနီးမအေး ဆုံးပါးသွားသောအခါ ဆိုင်းဆရာကြီးဦးတုပ်ထံ၌ ကြေးဝိုင်းတီးသူဖြစ်လာခဲ့ပြီး ထို့နောက်တွင် အိမ်ရှေ့ဘုရား (ရွှေတောင်မင်း) ထံတွင် အမှုထမ်းသည်မှစ တီးကွက်၊ ကဗျာ ပျို့လင်္ကာများနှင့် ဇာတ်တေးသီချင်းများကို ရေးသားခြင်းဖြင့် ထင်ရှားကျော်ကြားလာခဲ့သူဖြစ်သည်။

၁၁၇၀-ခုနှစ်တွင် အိမ်ရှေ့မင်းနတ်ရွာစံသောအခါ မြေးတော်စစ်ကိုင်းမင်းက အိမ်ရှေ့ အရာကိုရသောအခါ ဦးစကို အိမ်ရှေ့သံဆင့်နှင့် လှေမှူးရာထူးခန့်လေသည်။ ထို့နောက် အိမ်ရှေ့အတွင်းဝင်ရာထူးရခဲ့ပြီး နေမျိုးဇေယျသူရဘွဲ့ကို ရရှိခဲ့သူဖြစ်သည်။

ဘိုးတော်မင်းတရားနတ်ရွာစံသောအခါ ဘကြီးတော်မင်း ခေါ် စစ်ကိုင်းမင်းက ထီးနန်းဆက်ခံပါသည်။ စစ်ကိုင်းမင်းလက်ထက်တွင် ဦးစကို အတွင်းဝန်ရာထူး ခန့်အပ်ပါသည်။ ထို့နောက် ဗိုလ်ချုပ်အဆင့်အတန်းနှင့် ညီမျှသော မဟာသီဟ သူရဘွဲ့ကို ရရှိခဲ့သည်။ ပဌမ အင်္ဂလိပ်မြန်မာစစ်ပွဲတွင် ဦးစကိုယ်တိုင် စစ်သူကြီး မဟာဗန္ဓုလနှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့သူဖြစ်သည်။

အမေရိကန် ခရစ်ယာန်သာသနာပြု ဆရာကြီးယုဒသန်သည် ဦးစနှင့် ရင်းနှီးကျွမ်းဝင်သူဖြစ်သည်။ ကာနယ်ဗာနေးနှင့် ဆရာကြီးယုဒသန်တို့က ဦးစကို ဥာဏ်ထက်မြက်သူ အမြော်အမြင်နှင့်ပြည့်စုံသူ ဥာဏ်အမြင်ကျယ်သူတစ်ယောက်အဖြစ် မှတ်တမ်းတင်ခဲ့ကြပါသည်။

ဝိဇ္ဇာ အတတ်၊ သိပ္ပံအတတ်ပညာရပ်များတွင် ဥရောပတိုက်သားများသည် မြန်မာတို့ ထက် ကျွမ်းကျင်တတ်မြောက်ကြသောကြောင့် ထိုပညာရပ်များကို မြန်မာနိုင်ငံတွင် သင်ကြားပေးစေချင်ပါသည်ဟု အကြံပြုခဲ့သူမှာ ဦးစပင်ဖြစ်ကြောင်း ဆရာယုဒသန် ရေးသည့် အတိုင်ပင်ခံစာတမ်းတွင် ဖော်ပြထားလေသည်။

မြ၀တီမင်းကြီးဦးစသည် ဒေ၀နာဂရီအက္ခရာကို ရေးတတ်သည်။ ဟင်ဒီစကားကိုလည်း ပြောတတ်သည်။ ခရစ်ယာန်ဓမ္မသီချင်းတွေကို သီဆိုတတ်ပြီး ကသည်းစကားကိုလည်း ပြောတတ်သူဖြစ်သည်။ ၁၁၉၀-ခုနှစ်တွင် မြ၀တီမြို့ကို စားရသောကြောင့် မြ၀တီဝန်ကြီး ဖြစ်လာခဲ့သည်။ မြ၀တီမြို့ဆိုသည်မှာ ယခု ကော့ကရိတ် မြ၀တီမြို့ မဟုတ်။ ဦးစအပိုင်စားရသော မြ၀တီကား သရက်ခရိုင် ကမ္မမြို့နယ်ထဲတွင် ပါဝင်သည့် မြို့တမြို့ ဖြစ်သည်။ ဗြိတိသျှလက်ထက်တွင် မြ၀တီမြို့ကား ကျေးရွာအဆင့်သို့ ရောက်သွား လေသည်။

ကာနယ်ဗာနေး၏ မှတ်တမ်းအရ ၀န်ကြီးဦးစ၏ ဒုတိယအိမ်ထောင်မှာ ဟံသာဝတီ ဘုရင်၏ မြေးတော်တဥင်္ီးဖြစ်သည်ဟု သိရသည်။ သမီးများရှိကြောင်း ကိုလည်း က၀ိရတနာကျမ်းက ဆိုပါသည်။ အိန္ဒိယဘုရင်ခံချုပ်က ကဘော် ချိုင့်ဝှမ်းဒေသကို မဏိပူရစော်ဘွား ဂမ္ဗီယာဆင်းကို ပေးမည်ဆိုသောအခါ ၀န်ကြီးဦးစက အပြင်းအထန် ကန့်ကွက်ခဲ့သောကြောင့် ယနေ့ ကဘော်ချိုင့်ဝှမ်းဒေသကို မြန်မာတို့ ပိုင်ဆိုင်နေခြင်း ပင်ဖြစ်သည်။ နန်တွင်းသူ နန်းတွင်းသားများက ဦးစကို စစ ဟု အမြတ်တနိုး ခေါ်ကြလေသည်။

သာယာဝတီမင်းသည် ဘကြီးတော်ဘုရားကို နန်းချပြီးနောက် နန်းတက်လာသောအခါ ဦးစတို့လူစုကို ထောင်သွင်းအကျဉ်းချလိုက်ပါတော့သည်။ ထို့အပြင် စလင်းမြို့စားနှင့် ဦးစအပါအ၀င် အခြားသော အကျဉ်းသားများကို ဆေးဖြူသုတ်ထားသော ယောက်မ များကို ကိုယ်စီကိုင်စေပြီး စစ်ကိုင်းမြို့အတွင်း လှည့်လည်ပြသခြင်းကို ခံခဲ့ရသည်။ သဘောမှာ တိုင်းပြည်ဆူပူအောင် ယောက်မကဲ့သို့ မွှေကြသူများဟူသော သဘောပင်ဖြစ်သည်။ ထို့နောက် အသက် ၇၃-နှစ်အရွယ်ရှိ ၀န်ကြီးဦးစကို သာယာဝတီမင်းက အလုပ်ကြမ်းနှင့် ထောင်ဒဏ်ချမှတ်လိုက်ပါသည်။ အကျဉ်းသား အဖြစ် နှစ်နှစ်နေပြီးနောက် ဦးစ ထောင်ကလွတ်လာသည်။ မြ၀တီမင်းကြီးဦးစသည် ဘုန်းတော်ဘွံ့၊ ပတ်ပျိုး၊ တျာချင်း၊ လယ်ထွန်မင်္ဂလသီချင်း၊ နတ်ယိုင်သံ၊ စသည်ဖြင့် သီချင်းအမျိုးအမည်ပေါင်းများစွာကို ရေးသားခဲ့သည်။ ယနေ့အချိန်ထိ အထင်ရှားဆုံး ဖြစ်နေသည့် သီချင်းမှာ ထူးမခြားနားသီချင်းပင်ဖြစ်သည်။ ထူမခြားနားသည် ဘုန်းတော်ဘွဲ့ သီချင်းခံဖြစ်သည်။ ထူးမခြားနားသီချင်းဟုပဲ ဆိုကြပါစို့။ ထူးမခြားနား သီချင်းကို ဘကြီးတော်လက်ထက် အင်းဝမြိုကတွင် စံနေစဉ် တနေ့သော ညီလာခံအချိန်မှာနန်းတော်ရှိ စွယ်တော်ဘုရားမှ ရောင်ခြည်တော် လွှတ်သည် ဟုဆိုပါသည်။ ထိုအကြောင်းကို အမတ်ကြီးမဟာဓမ္မသင်္ကြံ ဘွဲ့ခံ မောင်းထောင် ဆရာကြီးဦးမြတ်နေနှင့် တိုင်ပင်ပြီး ရေးသားဆက်သွင်းစေဟူသော အမိန့်တော်ကြောင့် မြ၀တီမင်းကြီးဦးစက ထူးမခြားနားသီချင်းကို ရေးစပ်ခဲ့ခြင်းဖြစ် သည်။ မြ၀တီမင်းကြီးဦးစသည် ဗရင်ဂျီဓမ္မသီချင်းသံတစ်ခုခုကို အတုယူပြီး ဤဘုန်းတော်ဘွဲ့ခံ ထူးမခြားနားသီချင်းကို ရေးသားပုံရသည်ဟု သူထင်ကြောင်း ကာနယ်ဗားနေးက ဆိုပါသည်။ သို့သော် ဒါက သူ၏ မှန်းဆချက်တစ်ခုသာဖြစ်ပါသည်။ မြ၀တီမင်းကြီး ဦးစသည် ဆင်ဖြူရှင်မင်းတရားကြီးလက်ထက်မှ မင်းတုန်းမင်းတရားကြီး လက်ထက် တိုင် မင်းရှစ်ဆက်ကို သီမီလိုက်သော စာဆိုကျော်ကြီးဖြစ်သည်။

မြ၀တီမင်းကြီးဦးစသည် ၁၂၁၄-ခုနှစ် အသက် (၈၆)နှစ်အရွယ်တွင် ရွှေဘိုမြို့၌ ကွယ်လွန်ခဲ့ပါသည်။

(အကျယ်သိလိုပါက မြန်မာ့စွယ်စုံကျမ်း အတွဲ (၃) ကို ဖတ်ပါ။)

ကိုသစ် (သီတဂူ)
၅၊၁၊၂၀၁၇