မောင်ရင်ငတေ ● ကျောက်ဖရား သောင်ရင်းမှသည် မယ့်ခေါင်ဆီသို့ - အပိုင်း (၇)

မောင်ရင်ငတေ ● ကျောက်ဖရား သောင်ရင်းမှသည် မယ့်ခေါင်ဆီသို့ - အပိုင်း (၇)
(မြောက်ဖျားစွန်းက မယ့်ဆိုင်ဆီသို့)
(မိုးမခ) မေ ၁၈၊ ၂၀၁၇
 
 
Mueang Fang ရဲ့ မြူနှင်းဝေတဲ့ မနက်ခင်း (ဓါတ်ပုံ မရငတ)

ညက သိပ်စောစော မအိပ်လိုက်ဖြစ်ပေမယ့် မနက်ခင်း ဝေလီဝေလင်း ငါးနာရီခွဲသာသာမှာ အိပ်ယာကနေ ကြည်လင်စွာ နိုး လာပါတယ်။ ထုံးစံအတိုင်း ရေပုလင်းကိုရှာ တကျိုက်နှစ်ကျိုက်မော့သောက်၊ ခေါင်းရင်းက ခန်းဆီးစကိုအသာမ အိမ်ခေါင်မိုး တွေကို ကျော်ကြည့်လိုက်တော့ မြူနှင်းမှုန်တွေ ဆိုင်းနေတာကို တွေ့ရပါတယ်။ အဲဒါနဲ့ ရှေ့ခရီးမဆက်မီ အနီးအနားဘာရှိမလဲ လမ်းထလျှောက်ကြည့်ရင် ကောင်းမယ် စိတ်ကူးပေါက်မိပြီး အိပ်ယာထ ရေမိုးချိုးလို့၊ ဝတ်နေကျ အဝတ်တွေ ပြန်ကောက်ဝတ်၊ သိမ်းစရာ ရှိတာတွေ အပြီးသိမ်း၊ ကင်မရာကိုယူ လွယ်၊ တယ်လီဖုန်းကို ဂျင်းဘောင်းဘီ အိပ်ထဲ ထိုးထည့်လို့ တယောက်တည်း အောက်ဆင်းလာပါတယ်။ အင်ဖော်မေးရှင်း ကောင်တာကို ကြည့်လိုက်တော့ အိပ်ငိုက်နေတဲ့သူတောင် မတွေ့ရပါဘူး။


Fang "Wiang Fang" ("Wiang" is a Walled City) (ဓါတ်ပုံ မရငတ)

လမ်းပေါ်ရောက်တော့ မြူတွေ အုံ့ဆိုင်းမှိုင်းနေခြင်း သိပ်မရှိတော့ပါဘူး။ မောင်ရင်ငတေတို့ တည်းခိုဖြစ်တဲ့ ဟော်တယ်က စိတ်ကူးထဲက တဲအိမ်လေး မဟုတ်ပေမယ့် တည်းရာရပ်ကွက်ကတော့ တိတ်ဆိတ်အေးချမ်းပါတယ်။ လမ်းမထိပ် ရောက် တဲ့ထိ လူသူ သိပ်မတွေ့ရပါဘူး။ ဆွမ်းခံကြွလာတဲ့ ကိုရင် ပေါက်စ နှစ်ပါးရယ်၊ စက်ဘီးစီးလာသူ တဦးရယ်၊ ဆိုင်ကယ်တစီးစ နှစ်စီးစနဲ့ ကားတစီးနှစ်စီးကိုသာ တွေ့ရပါတယ်။ တည်းခိုရာ ရပ်ကွက်ကလည်း ဒီမြို့လေးရဲ့ ဝင်ဒါမီယာ ထင်ပါရဲ့။

လမ်းမထိပ်ရောက် မြို့လယ်စည်ကားရာ ထင်ရတဲ့ ဘယ်ဘက်ကိုကွေ့ တပြလောက် လျှောက်လာမိတော့ တချို့ဆိုင်လေးတွေ ဖွင့်ဖို့ ပြင်ဆင်ခင်းကျင်း နေတာကို တွေ့ရပါတယ်။ ရှေ့ဆက်လှမ်း ကြည့်လိုက်တော့ ထိုင်းတနိုင်လုံးမှာ အတက်ကြွဆုံးဘွဲ့ ပေးလို့ ရလောက်တဲ့ ဆဲဗန်းအလဲဗန်း ဆိုင်းဘုတ် တွေ့လိုက်ရလို့ ကော်ဖီကြမ်းပူပူတခွက်လောက် သောက်ချင်စိတ်ပေါက် လာ လို့ ဆဲဗန်းအလဲဗန်းဝင် ကော်ဖီတခွက်နဲ့ လမ်းသုံးဖို့ လိုရာ အတိုအထွာဝယ်ပြီး ဈေးဘက်ကို ဆက်လျှောက်လာခဲ့ပါတယ်။

 
မြို့လယ်ဈေးရဲ့ မနက်ခင်း (ဓါတ်ပုံ မရငတ)

ဈေးနားရောက်လာတော့ အလင်းရောင် ပိုများလာသလို လူတွေလည်း ပိုများလာပါပြီ၊ ဆိုင် ကြီးကြီးမားမားရယ်လို့ မတွေ့ရ ပါဘူး။ မရှိမဖြစ် ကွေ့တယို ခေါက်ဆွဲပြုတ်ဆိုင်လေးကတော့ ဈေးအလယ်က ရင်ပြင်မှာ ခင်းကျင်းလို့ နေလေရဲ့။

မြို့လယ်ခေါင် ဆိုပေမယ့် အထပ်မြင့်တိုက်တွေ မရှိ လူသူရှုပ်ထွေးမှုမရှိ ပကတိ အေးဆေးငြိမ်သက် တိတ်ဆိတ်တဲ့ မြို့က လေးပါ။ အေဒီ ခြောက်ရာစုကာလက Mueang Fang စော်ဘွားတွေ အုပ်ချုပ် ခဲ့ကြတယ်ဆိုတဲ့ ဒီမြို့ကလေးပေါ် ဒီကနေ့မှာ လူဦးရေ နှစ်ထောင့်ငါးရာကျော်သာ နေထိုင်ကြတာမို့  ဒီလို တိတ်ဆိတ်အေးချမ်းနေတာကတော့ သိပ်မဆန်းလှပါဘူး။ အေဒီ ၁၃ ရာစု နောက်ပိုင်းမှာတော့ LanNa Kingdom ခေါ် Kingdom of a Million Rice Fields ခေါ် ယွန်းပြည် ခေါ် ဇင်းမယ်ပြည်ကြီးရဲ့ မင်းနေပြည်တော်အဖြစ် ၁၂၇၅ ခုကနေ ၁၂၈၁ ခုနှစ်ထိ ခြောက်နှစ်တာမျှ ဖြစ်ဖူးခဲ့ပေမယ့်လည်း နောက် ပိုင်းမှာတော့ သာမန်တောသူတောင်သားတွေ နေထိုင်ရာ နယ်လေးတနယ် ဖြစ်ခဲ့တဲ့အတွက် ဒီလို အေးချမ်း စိမ်းလန်း စိုပြေတဲ့ သဘာဝတွေ များစွာ ကျန်နေသေးတာ ဖြစ်နိုင်ပါတယ်။

ဈေးအလွန် ဟိုနားဒီနား ခဏလျှောက်ကြည့် လမ်းဘေးအုတ်ခုံ တနေရာမှာ ခဏထိုင်လို့ ကော်ဖီပူပူ ကုန်အောင်မှုတ်သောက် နာရီတချက်ကြည့် တည်းခိုရာပြန်ဖို့ ဈေးဘက်ကိုပြန်လျှောက်လာပါတယ်။ ရှေ့ခရီးက ဆက်ရဦးမှာမို့ ကြာကြာ အချိန်ဖြုန်း ဖို့က မရပေဘူး မဟုတ်လား။


ဟိုနားဒီနား ဆယ်ဘတ်ကား (ဓါတ်ပုံ မရငတ)

ဈေးလမ်းကွေ့လွန်မှာ ဟိုငေးဒီကြည့်လုပ်ရင်း ကင်မရာတလုံးနဲ့ အလုပ်ရှုပ်နေတဲ့ မောင်ရင်ငတေကို ကားသမား တယောက် က ဘယ်သွားမလဲ လာမေးနေပါသေးတယ်။ သွားချင်စရာတွေ ရှိတယ်ဆိုပြီး ကတ်တလောက် တခု ထုတ်ပြလို့ ဆွယ်တရား ဟော နေပါသေးတယ်။ မောင်ရင်ငတေက လက်ခါပြလိုက်ပြီး စိတ်ထဲမှာတော့ မိုင်းတုံတို့ မိုင်းဆတ်တို့ဘက် သွားချင်တာဗျလို့ ပြောလိုက်မိပါတယ်။ အဲဒီ ကားဆရာ ထိုင်းယိုင် ရှမ်းကြီးကလည်း အဲဒါ ကျုပ် ဇာတိဗျလို့ ပြန်ပြောချင် ပြောမှာပေါ့နော်။

မျက်လုံးကတော့ ကားနောက် ခြေနင်းခုံပေါ်က အတွယ်အတာ သမားများကိုသာ အသာငေးနေမိပါ တယ်။ အခုနေများ အဲဒီလို စီးရရင်တော့ အသက်အရွယ်အရရော လက်ကြောမတင်းတော့တာရော အလေ့အကျင့်မရှိတော့တာရော စီးနိုင်မယ် မထင်တော့ပါဘူး။ ဟိုအရင် တခေတ်တခါတုန်းကတော့ လှည်းတန်း ဆူးလေခရီးကို အသွားအပြန် စီးခဲ့ဖူးတာ အကြိမ်ပေါင်း ထောင်ချီမက ရှိခဲ့ဖူးပါတယ်။

တည်းခိုရာ ပြန်ရောက်တော့ အတူ ခရီးသွားဖော်တွေက အားလုံးအဆင်သင့် ဖြစ်နေကြပါပြီ၊ အဲဒါနဲ့ မောင်ရင်ငတေလည်း အသင့်ပြင်ထားပြီးသား အိတ်တွေဆွဲချ အလကားတိုက်တဲ့ ကော်ဖီတခွက်ကို ထပ်ဖျော်ရင်း တည်းခိုခရှင်းဖို့ ငွေလက်ခံယူမယ့် ကောင်တာက မမလေးကို တအောင့်စောင့်နေရင်း ကော်ဖီသောက် ငွေရှင်း ကျောပိုးအိတ်လွယ် ကားပေါ်တက်လာခဲ့ပါတယ်။ တည်းခိုခ ခေါ်ပေးမှ လာ ယူပါတဲ့ ဒီလို ယုံကြည် စိတ်ချမှုမျိုးက မောင်ရင်ငတေတို့ မြို့ကြီးသား လူယဉ်ကျေးတွေ နေထိုင်ကြ ပါတဲ့ မြို့တော်ရွှေပါရီလို နေရာမျိုးတွေမှာ ရှားပါကုန် ဖြစ်ခဲ့တာ ကြာခဲ့ပါပြီ။

 
ဖန်း တောင်ကြားလွင်ပြင်မှ အထွက် (ဓါတ်ပုံ မရငတ)

ဒီကနေ့ မနက် နိုဝင်ဘာ ၁၇ ရက် မနက်က မောင်ရင်ငတေရဲ့ ၂၀၁၆ ထိုင်းခရီးစဉ် ပထမပတ်ခရီး ဒုတိယပိုင်းရဲ့ တတိယနေ့ မနက်ပါ။ မောင်ရင်ငတေရဲ့ ၂၀၁၆ နိုဝင်ဘာ ထိုင်းပြည် တလ ခရီးစဉ်မှာ အပိုင်းသုံးပိုင်း ပါရှိပါတယ်။

ပထမပိုင်း တပတ်
ဘီကေကေရောက်ပြီး မောင်ရင်ငတေ သွားချင်ရာ သွားမယ်လို့ ရည်ရွယ်ထားခဲ့တာပါ။

ဒုတိယပိုင်း နှစ်ပတ်
မတွေ့ရတာကြာပြီဖြစ်တဲ့ ဆွေတော်မျိုးတော်များနဲ့  တွေဆုံကြ စားသောက်ကြ သွားလာကြ ဖို့ပါ။

တတိယပိုင်း တပတ် ကတော့
ပါရီသို့ ပြန်တော်မူခြင်းမပြုမီ ဘီကေကေ အနီးအနား ဟိုနားဒီနားသွား နားနားနေနေနဲ့ နေဖို့ပါ။

၂၀၁၆ ထိုင်း အနောက်မြောက်ပိုင်းခရီးစဉ် ပထမပတ်ခရီး ဒုတိယပိုင်းရဲ့ တတိယနေ့ စတင်ပါပြီ။ ဦးတည်ရာက လန်နာ တို့ရဲ့မြေ (အခုတော့ ထိုင်းမြေပေါ့) မြောက်ဖျားစွန်းက မယ့်ဆိုင်ပါ။ အဲဒီကနေ နာမည်ကျော် ထိုင်း လာအိုနဲ့ ရွှေဖမာ့တို့ရဲ့ သုံးပွင့်ဆိုင်ဆုံချက် တြိဂံရွှေမြေဆီသို့ပါ။ မောင်ရင်ငတေ့ မိတ်ဆွေကြီး ကိုကျော်ကျော်ကတော့ ဘာလုပ်ချင်လဲ ဟိုဘက်ကမ်း တာချီလိတ်ဘက် ကူးချင်လား၊ လုပ်ချင်တာပြော ပြောပါတယ်။ မောင်ရင်ငတေကတော့ အင်းအဲ မလှုပ်မိပါ။ စိတ်ထဲမှာတော့ အခြေအနေပေါ်မူတည်ပြီး ကူးဖြစ်ရင်လည်း ကူးလိုက်တာပေါ့ တွေးပါတယ်။ မူလအစီအစဉ်ထဲမှာ မပါဝင်လေတော့ ကူးဖြစ် ခြင်း မကူးဖြစ်ခြင်းဟာ သိပ်အရေးမကြီးဘူးဆိုတဲ့ စိတ်က ရှိနေပြီးသားပါ။

ဒီလို ကူးသန်းနေကြသူတွေက နေ့စဉ်ဒုနဲ့ဒေးပါ။ လွန်ခဲ့တဲ့ဆယ်နှစ်ကျော် မပွင့်မလင်းခေတ်ကတော့ နိုင်ငံတကာရောက် ဒုက္ခသည်ဟောင်းများ ဒီလို ကူးခဲ့ကြတာပေါ့၊ အဲ ကူးခ လိုင်းကြေးကတော့ အခု ဒီခေတ်ထက် ဈေးပိုပေါက်ခဲ့တာပေါ့၊ ဒီက နေ့ကာလမှာတော့ အလကားနီးပါးမျှ ကူးလို့လွယ်နေပါပြီ။ အထာသိသောသူများအတွက် ခရီးစရိတ်လောက်သာ ကုန်ကျတော့ပါတယ်။ မောင်ရင်ငတေတော့ မယ့်ဆောက်မှာလည်း မကူးဖြစ်ခဲ့ မယ့်ဆိုင်မှာလည်း မကူးဖြစ်ခဲ့ပါ။ နောင်များ အခြေအနေပေးမယ် ဆိုလာခဲ့ရင်တော့ အတွေ့အကြုံ ဗဟုသုတရအောင် ကူးကြည့်ချင်မိပါသေးတယ်။

မနေ့က ၁၆ ရက်နေ့က လာခဲ့တဲ့လမ်းက မယ့်ဟောင်ဆောင်-ပိုင်-ချင်းမိုင်လမ်းဆုံ-ဖန်း လမ်းအမှတ် (၁၀၉၅) နဲ့ (၁၀၇) တို့ပါ။ ဒီကနေ့ သွားရမယ့် လမ်းက (၁၀၈၉) ကနေ Mae Chan မယ့်ချန်လမ်းဆုံ အထိ ပထမသွားရပါမယ်၊ (၁၀၈၉) လမ်း ပေါ်မှာ Mae Ai သို့ ၁၄၊ Thaton သို့ ၂၃ ကီလိုမီတာ Mae Chan သို့ ၈၅ ကီလိုမီတာ ဝေးပါတယ်။ အဲဒီကမှ မြောက်ဖျားစွန်းက မယ့်ဆိုင်ကို ခရီးဆက်ရမှာပါ။


 Ban Tha Ton ဘန်းထတွန် ရွာအဝင် (ဓါတ်ပုံ မရငတ)

Mae Ai ကျော်လာပြီး Tha Ton ရောက်ခါနီးထိ မြေပြန့်လမ်းတွေ ဖြစ်ပြီး မြင်ကွင်းတွေက သာမန်ပါ။ ဒါပေမယ့် ဘယ်ဘက် ခပ်ဝေးဝေးမှာ မြင်နေရတဲ့ တောင်တန်းတွေက တဖြေးဖြေးနဲ့ လမ်းအရှေ့ကို ရောက်လာနေသလိုပါ။ စိမ်းညို့မှိုင်းနေတဲ့ တောင်တန်းကြီးက ကားရှေ့မှာ ပိတ်ဆို့ကာဆီးနေသလို သာပါ။ တောင်ကြားမြေပြန့်ဒေသကနေ တောင်တန်းတွေနားသို့ ရောက်ရှိလာပြန်ပါပြီ။

တနည်းအားဖြင့် ရောက်ရခက်ခဲလှပါသော ရှမ်းရိုးမ သို့မဟုတ် ရှမ်းကုန်းပြင်မြင့် အရှေ့ဖျားဒေသသို့ ရောက်ရှိလာခြင်းပါ။ တကယ်တော့ ထိုင်းမြေမှာရှိတဲ့ Daen Lao တို့ Thanon Thong Chai Range တို့ ဆိုတာတွေက ရှမ်းကုန်းပြင်မြင့်ရဲ့ အစိတ်အပိုင်းတွေ သာပါ။ Kayah-Karen Mountains ကရင် တောင်တန်းတွေကလည်း ဒီ ရှမ်းရိုးမကမှ ဖြာဆင်းသွားတဲ့ တဆက်တစပ်တည်းသော တောင်တန်း တွေပါ။ ဒီဒေသတွင်းမှာ မူလထဲက နေထိုင်ကြတဲ့ ဒေသခံသားတွေလို့ ပြောရမယ့် ရှမ်း မုန်း လားဟူ လီဆူး အခါ ကရင် ကယား သူတို့တွေဟာ စာရွက်တွေပေါ် ရေးဆွဲ ပိုင်းခြားထားတဲ့ နယ်နမိတ်စည်း တွေကြောင့် ငါကတော့ ရှမ်း သူက ကရင် ငါက ရွှေပြည်တော်သား ဒီမောင်ကတော့ ထိုင်းနိုင်ငံသား ကဒ်ပြားစာရွက်တွေပေါ်မှာ ခွဲခြားသတ်မှတ် လာကြပေမယ့် သိပ်ပြီး သွေးဝေးကြတဲ့သူတွေ မဟုတ် ပါဘူး။ တကယ်တော့ အဲဒီ သွေးတွေက ရောခဲ့တာ ဒီသမိုင်း ရေးသူတွေ မမွေးခင်ကပါ။  ကြာခဲ့ပါပြီ။

ဒီ ခရီး လမ်းတလျှောက်လုံးလိုလိုက ထိုင်းမြေနဲ့ ဆက်စပ်နေတဲ့ ကရင် ကယား ရှမ်း နယ်မြေတွေပါ။ မယ့်ဆောက်နဲ့ မယ့်လတို့က ကရင်ပြည် မယ့်ဟောင်ဆောင်က ကယားပြည်နဲ့ ကပ်လျှက်တည်ရှိပြီး ဖန်းကနေ မယ့်ဆိုင်ကတော့ ရှမ်းပြည်နဲ့ ထိတွေ့နေတဲ့ ဒေသပါ။ Ban Tha Ton ဘန်းထတွန် ရွာဝင် ဆိုင်းဘုတ်လေးကိုမြင်ပြီး ဖတ်ကြည့်တော့ မွန်ပြည်နယ်ကသထုံနဲ့ စာလုံးပေါင်း တူနေတာကို သတိ ပြုမိလိုက်ပါတယ်။ ဘယ်လိုများ ဆက်စပ် ပတ်သက်နေသလဲတော့ မသိပါဘူး။


ဘန်းထတွန်ရွာလယ်က Maenam Kok ကော့မြစ်ကူး တံတား (ဓါတ်ပုံ မရငတ)

ဒီဘန်းထတွန်ရွာလေးကို Maenam Kok မြစ်က ရစ်ခွေစီးဆင်းသွားတာပါ။ မောင်ရင်ငတေတို့လည်း လှပတဲ့ မြစ်လေးနံ ဘေးမှာ မနက်စာနဲ့ ကော်ဖီလေးဘာလေးသောက်ရင်း ခဏထိုင်ကြမယ် စိတ်ကူးပေမယ့် အစဉ်မသင့်လို့ မထိုင်ဖြစ်ခဲ့တာ ကြောင့် ကော့မြစ်ရေ စီးဆင်းသွားတာကိုကြည့်ရင်း ကော့ရဲ့ သမိုင်းဒဏ္ဍာရီတွေကိုတွေးကြည့်ဖို့ အခွင့်အရေးတခု လက် လွတ်သွားခဲ့ရပါတယ်။ ကော့မြစ်ကတော့ သိပ်ကျယ်လှတဲ့ မြစ်တစင်းတော့ မဟုတ်ပါဘူး။ ဒီနယ်မြေမှာတော့ အလတ်တန်း စား မြစ်တစင်းသာပါ။ အရှည် ၂၈၅ ကီလိုမီတာ မိုင်နဲ့ဆို ၁၇၇ မိုင်သာ ရှည်လျှားတဲ့ မတိုမရှည် မြစ်တစင်းပါ။ ဒါပေမယ့် မြစ်သမိုင်းကတော့ ရှမ်းသမိုင်း လန်နာသမိုင်း ဇင်းမယ်သမိုင်းတွေနဲ့အတူ ရှည်လျှားလှပါတယ်။

ရှမ်းပြည်အရှေ့မြောက်စွန်းက Daen Lao ခေါ် Loi La Range ကုန်းပြင်မြင့်မှာ မြစ်ဖျား စတည်ခဲ့ပြီး ရွှေတြိဂံအလွန် အရှေ့နားမှာ မယ့်ခေါင်မြစ်ထဲ စီးဝင်သွားတာပါ။

Daen Lao ခေါ် Loi La Range လွိုင်လတောင်တန်းက ရုမ်းရိုးမခေါ် ရှမ်းကုန်းပြင်မြင့်ရဲ့ အရှေ့စွန်း ကျိုင်းတုံနဲ့ တရုတ် လာအို ထိုင်းနယ်စပ်အနီးမှာ တည်ရှိတဲ့ တောင်တန်းတွေကို ခေါ်တယ်လို့ ဆိုကြပါတယ်။ ဒီဒေသ National Road (NR4) လမ်းပေါ်မှာ ကျိုင်းတုံ မိုင်းဖြတ် တာချီလိတ်လောက်သာ လူသိများခဲ့ပါတယ်။ ဒီဒေသက တခြားသော နယ်မြေများ ဖြစ်ကြတဲ့ မိုင်းယန်း မိုင်းလား မိုင်းယောင်း မိုင်းဆတ် မိုင်းတုံ မိုင်းပန်တို့ ဆိုတာက သတင်းစာများပေါ်မှာသာ အတွေ့ရများပြီး ဘယ်ကဘယ်လို သွားလို့ရမှန်းမသိ လူသူအရောက်အပေါက်မရှိ သမိုင်းအမှောင်ချထားခံရတဲ့ နယ်မြေများအဖြစ်သာ မောင်ရင်ငတေတို့ ငယ်ဘဝ သိခဲ့ဖူး ကြားခဲ့ဖူးတာပါ။

အဲဒါအပြင် ဂူဂဲလ်မြေပုံပေါ်မှာ တွေ့ရှိရတဲ့ ပြဿနာက မြစ်အမည် ထိုင်းတွေအခေါ် Kok မြစ်ဆိုတာ မိုင်းဆတ် လေယာဉ်ကွင်း အရှေ့ဘက် NR49 လမ်းအမှတ် ၄၉ တလျှောက် နီးကပ်စွာ ဖြတ်သန်းစီး ဆင်းသွားတာကို တွေ့ရှိရပေမယ့် Kok ရဲ့ ရှမ်းအခေါ် ဖမာ့အခေါ်ကိုတော့ သဲကွဲစွာ မမြင်မတွေ့ရှိရ ခြင်းပါ။ လုံးဝကို မရေးထားတာလား မောင်ရင်ငတေ့ မျက်စေ့ရှန်းတာလားတော့ မသိပါဘူး။ ဒေသခံ လားဟူတွေ အီကောတွေ လီရှောတွေကကော Kok လိုပဲ ခေါ်ကြသလား တခြား ဘယ်လိုခေါ်ကြပါ သလဲ မောင်ရင်ငတေ သိချင်မိတာပါ။

အဲလိုမြေပုံပေါ်မှာ မှတ်သားထားတာမျိုး မတွေ့ရသလို အွန်လိုင်းစာတွေပေတွေထဲမှာလည်း ရှာတွေ့ ဖို့က မလွယ်ကူလှပါဘူး။ မောင်ရင်ငတေလည်း ဖတ်ချင်မိလို့ လက်လှမ်းမီသလောက် ရှာဖွေပေမယ့် မရှိသလောက်မို့ တွေ့သလောက်သာ ကိုးကားရေးဖို့ ရတာကြောင့် စိတ်တိုင်းမကျလှပါဘူး။

ရှာဖွေဖတ်ရှုတွေ့ရှိရတဲ့ Maenam Kok မြစ်လေးအကြောင်းက သိပ်ပြီးထူးထူးထွေထွေ မရှိလှပါဘူး။ မိုင်းဆတ်နယ်က တောင်ဘက်သို့ စီးဆင်း၊ နယ်စပ်စည်းကို ဖြတ်သန်း၊ အရှေ့ဘက် Ban Tha Ton ရွာ၊ ထို့နောက် ချင်းရိုင် မြောက်ဘက်ကနေ အရှေ့မြောက်အရပ်သို့ ပြောင်းပြန်စီးပြီး Chiang Saen အရှေ့ဘက်မှာ မယ့်ခေါင်မြစ်ကြီးထဲသို့ စီးဝင်သွားပါတယ်။ အဲဒီလောက်သာပါ။

အဲ ဒါပေမယ့် .. …..
Ban Tha Ton ရွာလေးနဲ့ Chiang Rai မြို့အကြားမှာ လှေတွေဖောင်တွေနဲ့ ကော့မြစ်ရိုးတလျှောက် ရေစုန်ရေဆန် ဇိမ်ခံကြဖို့ နိုးဆော် ကြော်ငြာတာတွေကိုတော့ အွန်လိုင်းပေါ် နေရာတကာ တွေ့နေရ တာက ကြာခဲ့ပါပြီ ဆိုရပါမယ်၊ လွန်ခဲ့သော အနှစ်သုံးဆယ်နီးပါး ၁၉၈၅ လွန်နှစ်များက ဒီနေရာတွေ အကြောင်း သိပ်မသိကြပေမယ့် အဲဒါမျိုးကိုမှ စိတ်ဝင်စားတဲ့ အနောက်တိုင်းသား တချို့တွေကြောင့် ဒီကနေ့မှာတော့ ပိုမို၍ လူသိများစ ပြုလာနေပါပြီ။

တကယ်တော့ ဒီ Maenam Kok ရယ်၊ ကော့ နဲ့ မယ့်ခေါင်တို့ ပေါင်းဆုံတည်ရာ Chiang Saen ခေါ် Ngoen Yang မြို့ဟောင်းရယ်၊ ၂၅ ဆက်မြောက် King of NgoenYang (1261-1292) နဲ့ ပထမဦး ဆုံးသော King of Lanna (1292-1311) ဇင်းမယ် လန်နာပြည် ဘုရင်ကြီး ဖြစ်ခဲ့သူ King Mangrai (1238-1311) မန်ဂ်ယိုင်ဘုရင်အကြောင်းရယ် ရှမ်းပြည်က စော်ဘွားတွေရဲ့ သမိုင်းကြောင်းတွေကို ဒီကနေ့ အဲဒီဒေသခံ လူသားတွေရဲ့ ရပ်တည်နေမှုတွေနဲ့ ဆက်စပ်ပြီးလေ့လာကြည့်မယ်ဆိုရင်တော့ အတော်လေး စိတ်ဝင်းစားဘွယ်ရာ အကြောင်းတွေ ဖြစ်လာနိုင်ပါတယ်။

မောင်ရင်ငတေကတော့ သာမန် ခရီးသွားသူသာ ဖြစ်သမို့ စိတ်ဝင်စားသော်ငြားလည်း အသေးစိတ် ကိုတော့ လက်လှမ်းမမီနိုင်တာမို့ လက်လှမ်းမီနိုင်တဲ့ တက္ကသိုလ်ပေါင်းစုံက ပီအိတ်ခ်ျဒီ ဆရာတွေရဲ့ လက်စွမ်းကိုသာ စောင့်မျှော် ဖတ်ရှုခွင့်ရချင်ပါသေးတယ်။

မန်ဂ်ယိုင်ဘွဲ့ခံ ကျိုင်းတုံစော်ဘွား မျိုးဆက်တွေကလည်း သက်ရှိထင်ရှားနဲ့ အရေးပါတဲ့နေရာတွေမှာ ရှိနေသေးသမို့ ဒီတော ဒီတောင်ကို ဖက်တွယ်နေဆဲ ဒီဒေသနဲ့ ဒီလူတွေအကြောင်း တစုံတရာထက် ပိုလေးနက်တဲ့ ရာဇဝင် မဟုတ်တဲ့ သမိုင်းစစ်စစ်တွေကို ပိုမိုကျယ်ပြန့်စွာ သိခွင့်ရဦးမယ်လို့ မျှော်မှန်း မိကြောင်းပါ ခင်ဗျား၊ ဒီဘဝ အသက်ရှည်ခဲ့တယ် ဆိုရင်ပေါ့။


Doi Mae Salong 43 KM (ဓါတ်ပုံ မရငတ)

အဲဒီလိုနဲ့ ကော့မြစ်ကူးတံတားနားမှာ တပတ်လည်ပတ်ပြီး ထိုင်စရာ ရှာမရလို့ မြို့ပြင်ဘက် ဆက်လို့ထွက်ခွာလာခဲ့ကြပါတယ်။ ဘာမဟုတ်တဲ့ အဲဒီကော့မြစ်ကူးတံတားနဲ့ ကော့မြစ်လေးရဲ့ စမ်းရေစီးသံအကြောင်းက မောင်ရင်ငတေ့ခေါင်းထဲ တောက်လျှောက် စီးမျောပါရှိ လာပါတယ်။

အဲဒီ တံတားထိပ်ကနေ မယ့်ချန်ကို ၆၂ ချင်းရိုင်ကို ၉၂ ကီလိုမီတာ ဝေးပါတယ်။ တံတားထိပ်ကနေ လှမ်းမြင်နေရတဲ့ မြူနှင်းတွေ တဝက်တပျက် ဖုံးလွှမ်း အုံ့ဆိုင်း မှိုင်းညို့နေတဲ့ တောင်တန်းမြင့်ကြီးကို ရှောင်ရှားဖို့လားမသိ ကားလမ်းက ညာဘက် အရှေ့ဘက်သို့ ချိုးကွေ့သွားပါတယ်။

နာမည်ကျော် Doi Mae Salong ကိုတော့ ၄၃ ကီလိုမီတာသာ ဝေးပါတယ်။ သာယာလှပပါတယ်လို့ နာမည်ကြီးလာတဲ့ ဒီ ဒွိုင်မယ့်ဆလောင်ကတော့ အတိတ်တချိန်က နာမည်ဆိုးတွေကို ဖျောက်ဖျက် နိုင်ဖို့ ကြိုးစားနေဆဲပါ။ နိုဝင်ဘာဆိုရင် Sunflowers နေကြာရိုင်းများနဲ့ လှပနေတတ်သလို ဂျန်နဝါရီ ဖေဖေါ်ဝါရီ ဆိုရင် Sakura Cherry ချယ်ရီပန်းများနဲ့ ဝေဆာနေတတ်တာကြောင့် လာရောက် လည် ပတ်သူတွေ များလာတယ်ဆိုတဲ့ ဒွိုင်မယ့်ဆလောင် တောင်တန်းတွေကိုတော့ အဝေးကနေ အဲဒီလို မျိုးသာ လှမ်းမြင်တွေ့ခွင့် ရနိုင်မှာပါ။ လမ်းကြောတွေက မကောင်းလှ၊ တကူးတက သွားရင်တောင်မှ အစစ်ဆေး အမေးမြန်းတွေ ထူတတ်တဲ့ ဒေသအဖြစ် အခုထိတိုင် နာမည်ကြီးနေဆဲပါ။ နေရာတကာ ချောင်ကြိုချောင်ကြားမကျန် ရောက်အောင်သွားတတ်ကြတဲ့ သူတို့လူဖြူတွေတောင်မှ ရောက်ဖူးသူ သိပ်မရှိလှသေးပါဘူး။ မောင်ရင်ငတေတို့အဆင့်ကတော့ သွားလမ်းသာလို့ လာလမ်းဖြောင့်တဲ့လမ်း အဆင့်လောက် ရွေးသွားရတဲ့ အခြေအနေမို့ အဲဒီဘက်ကို လမ်းကြောမသင့် မရောက်ဖြစ်ခဲ့ပါဘူး။

 
 
 
ร้านท่าตอนชมจันทร์ (Moon Restaurant) Ban Tha Ton (ဓါတ်ပုံ မရငတ)

Ban Tha Ton ရွာလေးကိုဖြတ်သန်း Kok မြစ်လေးကို ဖြတ်ကျော်ပြီး ဆယ့်ငါးမိနစ်မျှ မောင်းလာပြီး
တော့ ကားလမ်းနဘေးက အလွန်တရာ သာယာတဲ့ ဆိုင်ကလေးတဆိုင်မှာ မနက်စာ ဗိုက်ဖြည့်ရင်း ဝင်ထိုင်နားကြပါတယ်။ ဆိုင်ကတော့ တကယ့်ကို သာမန်ပါ။ ထိုင်းစတိုင်လ် ကော်ဖီရှော့ပ်လေးတော့ မပါမဖြစ် ပါရတာပေါ့၊ လမ်းနဘေးဆိုင်းဘုတ်မှာကိုက Noddle Soup ရပြီ၊ တပွဲ 30 Bahts ဘာညာ ရေးထားတာကို တွေ့လိုက်ရတော့ မောင်ရင်ငတေ့အကြိုက် ထိုင်းစာပေါ့၊ ထိုင်းမြောက်ပိုင်းက အစာ တွေက တောင်ပိုင်းထက် ပိုကောင်းတယ် ထင်ပါတယ်။ ဆိုင်ခြံဝန်းထဲကို ရောက်ရှိသွားတော့ ပိုမိုလို့ အကြိုက်တွေ့သွားပါတယ်။ စားစရာကြောင့်တော့ မဟုတ်ရပါဘူး။ သဘာဝကျတဲ့ အနေအထားတွေ တွေ့မြင်လိုက်ရလို့ပါ။ အိမ်ဆိုင်ငယ်လေးသာသာပေမယ့် ခြံကတော့ အတော်လေး ကျယ်ပါတယ်။

ဆိုင်လေးက ပြင်ဆင်တန်သရွေ့တော့ မွမ်းမံချယ်သ ထားပါတယ်။ ဒါပေမယ့် ခြံဝန်း အတွင်းပိုင်းသို့ ဝင်သွားတော့ နှစ်လိုဘွယ်ရာကောင်းပါတဲ့ တောသဘာဝတွေကို တွေ့လိုက်ရတာမို့ မောင်ရင်ငတေ အတော်လေး ကျေနပ်ခဲ့ရပါတယ်။ ပြင်သစ်ကြိုက်ထိုင်းအကြိုက် ကဖေးဆိုင်လေး ရှိပါတယ်။ ထိုင်လို့ ကောင်းတဲ့ တဲလေးတလုံးနှစ်လုံး ရှိတယ်။ လူများများလည်း လာဟန်မတူပါဘူး။ ခေါင်တဲ့နေရာကိုး။

ဟိုးအဝေး တောင်တန်းတွေထိ တမျှော်တခေါ်မြင်ရတဲ့ ရှုမျှော်ခင်းလည်း ရှိတယ်။ လေက တဖြူးဖြူး တိုက်နေတာတော့ မဟုတ်ပေမယ့် အေးမြသန့်ရှင်းလှတဲ့လေပါ။ တမေ့တမြော လောကကို မေ့ထား လွတ်လပ်တဲ့ လေကို လွတ်လပ်စွာ ရှုနိုင်ဖို့ နေရာကျယ်ကျယ်လည်း ရှိပါတယ်။

တွေ့မြင်လိုက်ရတာမှာ အကောင်းဆုံးကတော့ ရုတ်တရက်ရောက်လာသူများအတွက် တည်းခိုနိုင်ဖို့ စီစဉ် ပေးထားတာပါ။ တော်ရိလျော်ရိ တဲပုတ် ဘန်ဂလိုလေး နှစ်ခုပါ။ နောက်ထပ်တကြိမ် ဒီနေရာကို ရောက်လာမယ်ဆိုရင်တည်းခိုဖို့ ဆိုင်တည်ရာ ကို သေချာမှတ်ခဲ့ပါတယ်။ တကယ့်ကို မောင်ရင်ငတေ ကြိုက်တတ်ပါတဲ့ နှစ်လိုဘွယ်ရာ ပုံစံမျိုးပါ။ တခြားသူများတော့ ကြိုက်ချင်မှ ကြိုက်ပါလိမ့်မယ်။

ဒါပေမယ့် ဒီလို စီးပွားလုပ်ငန်းမျိုးတွေက တည်မြဲမှု သိပ် မသေချာလှပါဘူး။ နေ့မြင်ညပျောက် စီးပွား မျိုးပါ။ တပိုင်တနိုင်စီးပွား လုပ်ငန်းတွေသာပါ။ အခြေအနေကောင်းရင် ရောက်လာတတ်တဲ့ လက်ကြီးသမားတွေရဲ့ ဝါးမျိုမှုကို ခံရပြီး ပျောက်ကွယ် လွယ်ပါတယ်။ လုပ်ငန်းသေးသမားတွေ ဆိုတော့လည်း ပြိုင်ဆိုင်မှု အားကြီးလာရင် အရှုံးမပေးချင်လည်း ပေးရတတ်တာပါ။


Moon Home Stay တဲပုတ်ရိပ်သာ (ဓါတ်ပုံ မရငတ)

အချိန်သာရရင် တကယ်ကို တည်းခိုဖို့ကောင်းတဲ့ နေရာလေးပါ။ အဲဒီ တဲပုတ်ရိပ်သာလေးထဲ အသာ သွားချောင်းကြည့် လိုက်တော့ ခမ်းခမ်းနားနား ဘာတခုမှတော့ မတွေ့ရပါဘူး။ စောင် ခေါင်းအုံးတော့ လာတည်းမယ်ဆိုမှ ပေးဟန်တူပါတယ်။ ပန်ကာတောင်မှ ရှိမှ ရှိပါရဲ့လား မသိပါဘူး။ အေးမြခြောက် သွေ့တဲ့ အရပ်ဆိုတော့ လိုလည်း မလိုလောက်ပါဘူး။ အခန်းခနှုန်း ကလည်း တညအများဆုံး ပေးရမှ ထိုင်းဘတ် သုံးရာပေါ့၊ နိုင်ငံခြားသားမို့ အဖြူကောင်မို့ ကပ္ပလီ သွေးနှောလို့ ဈေးနှုန်းမတူ တာလည်း ရှိဟန် မတူပါဘူး။ ဘယ်သူတည်းတည်း တတန်းတစားထဲ ဖြစ်မှာပါ။ အဲ .. …. ခြင်ကိုက်မှာ ဘာညာ ကြောက် တတ်သူ ဆိုရင်တော့ ဒီလိုနေရာမျိုးနဲ့ အံမကိုက်လောက်ပါဘူး။

မောင်ရင်ငတေ့ အတွက်ကတော့ ရေရှိတယ် မီးရှိတယ်။ ဝိုင်ဖိုင်ရှိတယ်။ အိမ်သာ ရေချိုးခန်းပါတယ်။ အဲဒါဆို ရပါပြီ၊ ဈေးသက်သာမှုကတော့ မောင်ရင်ငတေ့ရဲ့ အကြိုက်ပေါ့၊ ကြွားသူဝါသူတွေကလည်း ဒီလို နေရာမျိုးကို ရွေးချယ်လိမ့်မယ် မထင်မိရတော့ နားလည်း အတော်အေးမယ့် နေရာပါ။ မျက်စေ့ အရှုပ်လည်း သက်သက်သာသာ ရှိမှာက သေချာလှပါတယ်။

ဘယ်လိုပဲပြောပြော အဲဒီနေရာမျိုးလေးတွေမှာ သုံးလေးငါးရက်တန်သည် နားအေးပါးအေး တည်းခို နေထိုင်ရင်း လောကကြီးရဲ့ သဘာဝကျကျ စည်းစိမ်ကို ခံစားကြည့်ခွင့် ရချင်ပါသေးတယ်။ အဲ ..…. တကယ်လို့များ နောက်မကြာခင် မောင်ရင်ငတေ ရောက်လာခဲ့သည် ဆိုပါက၊ ဒီပုံစံမျိုးလေးအတိုင်း Moon Home Stay နဲ့ Moon Restaurant လေးလည်း ရှိနေသေးမယ် ဆိုပါက ပေါ့နော်၊ မတော်တ ဆများ Moon ပိုင်ရှင်က လုပ်ငန်းတွေ အောင်မြင် ခြောက်ထပ်တိုက်ကြီးဆောက်၊ ကြယ်ခြောက်လုံးစံချိန် ရေကူးကန်တွေ မာဆတ်တွေ စပါးတွေ ကာစီနိုတွေထည့်၊ တောင့်တောင့်ဖြောင့်ဖြောင့် လှလှ ချောချော ခပ်လန်းလန်း လန်နာသူမလေးတွေနဲ့ ကြိုဆိုဧည့်ခံ နေရာချထားရေးတွေများ ဖြစ်နေမယ် ဆိုပါက ဆိုပါက ပေါ့နော်၊ မောင်ရင်ငတေလည်း စိတ်မကောင်းပါဘူးလို့သာ ဆိုရပါမယ် ခင်ဗျား။


Moon တဲပုတ်ရိပ်သာမှ မျက်စေ့ တဆုံး လှပသော မြင်ကွင်း (ဓါတ်ပုံ မရငတ)

မူလလက်ဟောင်း ဘိုင်အို သဘာဝ ခြံတွင်းဖြစ် အရွက်များရဲ့ လတ်ဆတ်မှုတွေနဲ့အတူ လက်ရာက လည်း ကောင်းလှတာကြောင့် စားရင်းနဲ့ မောင်ရင်ငတေတို့ မှတ်တမ်းတင် ဓါတ်ပုံရိုက် အချိန်ဖြုန်းခဲ့ တာ တနာရီကျော်မျှမက ကြာသွားပါတယ်။ အဲဒါနဲ့ မဖြစ်ချေဘူးဆိုပြီး ခရီးဆက်ဖို့ ပြင်ရပြန်ပါတယ်။

ဒီဒေသက မြေပြန့်လွင်ပြင်နဲ့ တောင်တန်းတွေ မရောက်ခင်ကြားပါ။ လယ်ကွင်းတွေထက် ဥယျာဉ်ခြံ မြေတွေ ပိုပေါတဲ့ အရပ်ပါ။ သစ်သီးဝလံပန်းမန်တွေ ပိုဖြစ်ထွန်းဟန် တူပါတယ်။ လမ်းဘေးမှာလည်း ခြံထွက် လိမ္မော် သံပုရာ ကျွဲကော ရောင်းချနေတဲ့ ဆိုင်လေးတွေကို တွေ့ခဲ့ရတာ အများအပြားပါ။

ဒါပေမယ့် ဘာကြောင့်ရယ်မှန်းမသိ၊ လမ်းနဘေး ယိုင်ယိုင်ရွဲ့ရွဲ့ ဆိုင်တဲပုတ် အများစုက ဆိုင်အဖြစ် ခင်းကျင်းထားခြင်းမရှိ ဟာလာဟင်းလင်းသာ မြင်တွေ့ခဲ့ရပါတယ်။ သီးနှံမပေါ်သေးချိန်မလို့လား သို့ တည်းမဟုတ် ရောင်းမကောင်းလို့များလား၊ အရောင်းစာရေးသားသမီးလေးတွေက မြို့တက်စာသင် နေကြရသမို့ မအားလပ်ကြလေသလား ဝေခွဲမရခဲ့ပါဘူး။




လိမ္မော်ခြံနဲ့ အပန်းဖြေစခန်း (ဓါတ်ပုံ မရငတ)

အဲဒီလို မိသားတစု ခြံလုပ်ငန်း ပုံမှန်သမားတွေ ကြားမှာ ခြံကြီးဝန်းကြီး ဧကပေါင်းများစွာနဲ့ အချီကြီး လုပ်တဲ့သူတွေကိုလည်း တွေ့မြင်ရပါတယ်။ စနစ်တကျ နည်းပညာ အပြည့်အဝနဲ့ ခေတ်သစ် လိမ္မော် မျိုးနွယ်အသစ်တွေကို ဖော်ထုတ်နေသူများကိုလည်း တွေ့ရှိရပါတယ်။ တကယ့်ကို တခမ်းတနားကြီး လုပ်ကိုင်နေကြတာပါ။ လိမ္မော်ခြံနဲ့အတူ အပန်းဖြေစခန်း ဖွင့်ပြီး လေ့လာချင် သူများကို ဆွဲဆောင်နေကြတာကိုလည်း တွေ့မြင်ရပါတယ်။ ဘက်စုံ စီးပွားရေးပေါ့လေ၊ တပိုင်တနိုင် မိသားစုတွေ မျက်ရည် မကျဖို့ကိုတော့ သူတို့တတွေ မေ့ထားတန်မကောင်းပါဘူးလို့ တွေးမိရပါတယ်။ လုပ်ငန်းပိုင်ရှင်ကြီးရဲ့ ခြံဝ လူမြင်ကွင်းမှာ သွားလေသူ ဘုရင့် ပုံတူကြီးကို တခမ်းတနားနဲ့ စိုက်ထူထားတာမို့  ဘုရင်ကြီးရဲ့ လမ်းညွှန်ချက်တွေကို အလေးထား လိုက်နာလိမ့်မယ်လို့ ယူဆမိရကြောင်းပါ ခင်ဗျား၊ သွားလေသူ ဘုရင်ကြီး ခင်ဗျာ ခင်ဗျားတွေသာ များမလာစေချင်တာကတော့ မောင်ရင်ငတေ့ ဆန္ဒပါ။

ကိုယ်တိုင်စိုက် ကိုယ်တိုင်ပျိုး ကိုယ်တိုင် ရိတ်သိမ်းပြီးမှ ကိုယ်တိုင် မခံစားရရင်တော့ အဲဒီ အလုပ်ကို သာ လုပ်တတ် သူများ အတွက် တခြား ရွေးချယ်စရာ ဘာများ ရှိပါဦးမလဲ၊ စဉ်းစားစရာပါ။

အကြီးကြီးတွေ လုပ်သူတွေလည်း စီးပွားတက်စေချင်သလို အသေးလေးတွေသာ လုပ်နိုင်သူများကို လည်း စီးပွားမပျက်စေ ချင်တာပါ။ အကြီးကြီးတွေက တကမ္ဘာလုံး သိမ်းကျုံး လုပ်နိုင်ကြသူတွေ မို့လို့ စကြာဝဠာထိတိုင် တက်လုပ်နိုင်ရင်လည်း လုပ်ကြပါ။ အောင်မြင်ကြပါစေ၊ ဆုတောင်းပါရဲ့၊ တကယ်ပါ။ အသေးလေးတွေရဲ့ မရှိမဲ့ရှိမဲ့ စာခွက်ကိုတော့ လာမလုကြ စေလိုရင်းသာပါ ခင်ဗျာ။

တနာရီကြာ လိမ္မော်ပင်တွေကြားလျှောက်သွားရင်း မှတ်တမ်းတင်ချင်ရင် တယောက်ဘတ်သုံးဆယ် မျှသာ ကုန်ကျမှာမို့ တန်လှပါတယ်။ စားချင်စဖွယ် လိမ္မော်သီးကိုတော့ ခူးမစားပါနဲ့၊ ခြံရှေ့ကဆိုင်မှာ တဝကြီး သက်သက်သာသာ ဝယ်စားနိုင် ကြောင်းကိုလည်း သတိပေးထားပါတယ်။

ဘယ်လိုပြောပြော ဒီဒေသ ဘန်းထတွန်ရွာ ဝန်းကျင်ဒေသ ဖွင့်ဖြိုးမှု ညွှန်းကိန်းကတော့ အတော်မြင့် ၍ အားရစရာ ကောင်းလှပါတယ်တဲ့၊ အဲဒီ ညွှန်းကိန်းတွေရဲ့ နောက်ကွယ်က ကပ်လိုက်လာမယ့် အဖျက်အမှောင့်တွေကိုလည်း သတိပြုမိကြဖို့ လိုပါတယ်။ ဘာတခုမှ မပေးဘဲ အကုန်ယူသွားတတ် သူတွေ လူတွင်ကျယ်လုပ်တတ်တဲ့ လောကကြီးမှာ အယူရှိရင် အပေးရှိရမယ်ဆိုတဲ့ လောကနိယာမ ကိုတော့ မောင်ရင်ငတေ မပြောချင်ပါဘူး ခင်ဗျား။


၄၉ မိုင်းဆတ် လမ်းခွဲဆီသို့ (ဓါတ်ပုံ မရငတ)

အဲဒီ ခရိုဏီ ခြံကြီးကနေ ဆက်ထွက်လာပြီး တခဏမှာတော့ လမ်းဆုံတခုသို့ ရောက်လာပါတယ်။ သာမန် မြေကြီးလမ်း လမ်းခွဲလေး တခွဲသာပါ။ ဘယ်ဘက် တောင်တန်းတွေသို့ ဦးတည်နေပါတယ်။ ဒါကြောင့်မို့ မောင်ရင်ငတေလည်းစိတ်ဝင်စားသွားပြီး အမှတ်မထင် ဂူဂဲလ်မြေပုံ ကြည့်လိုက်မိတော့ ถนน แม่จัน-ฝาง Tambon Tha Ton တွေ့ပါတယ်။ ဘာရေးထားမှန်းမသိ နားမ လည်ပါဘူး။ အဲလမ်းဆုံ ဘယ်ဘက်မြေကြီးလမ်းကို ဆက်သွားကြည့်လိုက်မှ ရှင်းသွားပါတော့တယ်။

ဒီ မြေကြီးလမ်းငယ်လေးကနေ လေး ကီလိုမီတာလောက် ဘယ်ဘက်သို့ ဆက်သွားမယ် ဆိုခဲ့ရင် ရှမ်းပြည် မိုင်းဆတ်ကနေ လာတဲ့ National Road NR49 ၄၉ လမ်းမနဲ့ ဆုံတွေ့တဲ့ နယ်ခြား ဒေသပါ။ NR 49 ကတော့ မြေပုံပေါ်မှာက အဝါရောင်နဲ့ ထင်းထင်းကြီး ချယ်သထားပြီး လမ်းနံပတ်ပါ တပ်ထားတာမို့ အတော်လေး ထူးခြားလှ ပါတယ်ဆိုရမှာပါ။ ဒါပေမယ့် ဂူဂဲလ်မှာ မြင်တွေ့ရတဲ့ အနေအထားအရ ၄၉ လမ်းမဟာ မြေလမ်းသာ ဖြစ်ဖို့များပါတယ်။ ၄၉ လမ်းဆီသွားတဲ့ လမ်းခွဲကလည်း မြေကြီးလမ်း အဆင့်သာပါ။ မိုင်းဆတ်အထိ ၅၅ မိုင်သာဝေးပြီး ရှေ့ဆက်သွားမယ်ဆိုရင် မိုင်းတုံ မိုင်းပန် လင်းခေး လွယ်လင် တောင်ကြီးအထိမှ နောက်ထပ် မိုင် ၂၅၀ သာသာ ရှိပါတယ်။ လမ်းကောင်းရင် ငါးနာရီ ခြောက်နာရီ ခရီးပါ။

ဒီလမ်းဆုံ ၄၉ လမ်းဆုံက ဖန်းမြို့ကနေ ၃၃ ကီလိုမီတာသာ ဝေးပါတယ်။ အဲဒါပေမယ့် ဒီမြေလမ်းကို တကယ်လည်း မြေပုံထဲဆက်သွား ကြည့်လိုက်တော့ Google Street View နဲ့ ဆက်သွားလို့ကို မရတော့ပါဘူး။ မြွေလိမ်မြွေကောက် မြေသားလမ်းမမှုန်ပြပြကိုသာ တွေ့ရှိရပါတော့တယ်။ နယ်စပ်လမ်းအဆုံးမှာတော့ တောင်ကတုံးသုံးလေးခုကို ဟိုဘက်ခြမ်းဒီဘက်ခြမ်း ဘော်ဒါလိုင်းကပ်လျှက်မှာ တွေ့ မြင်ရပါတယ်။ အိမ်တန်းလျား သုံးလေးခုနဲ့ တောင်ကတုံးတွေသာပါ။

ဒီ လမ်းငယ်ကို သာမန်မြေကြီးလမ်း ခပ်ဆိုးဆိုးအဖြစ် တွေ့လိုက်တာ ဖြစ်ပေမယ့် အဲဒါက တချိန်ချိန် ကာလတခုမှာ နိုင်ငံ တနိုင်ငံသို့ ကူးတဲ့ လမ်းတလမ်း ဖြစ်လာနိုင်တယ် မဟုတ်လား၊ မောင်ရင်ငတေ ကလည်း အဲဒါမျိုးဆို မရည်မရ အဖတ်မရပေ မယ့် တော်တော်စိတ်ဝင်စားမိတတ်တာကိုး၊ ဒါကြောင့် အချိန်ပေးလို့ ဂူဂဲလ်ထဲ ဖင်ပြန်ခေါင်းပြန် အသည်းအသန် ရှာဖွေမိပေ မယ့် အချိန်တွေသာ ကုန်ခဲ့ရပါတယ်။ ဒီ လမ်းလေးအကြောင်းကတော့ စစ်ခိုးစစ်ရိပ်တွေကလွဲလို့ တခြား အဖြေမရှိ နတ္တိသာပါ။


Road to Doi Mae Salong (ဓါတ်ပုံ မရငတ)                   

In 2017 "Santikhiri" or "Hill of Peace" or "Little Switzerland"
In 1967, "In These Mountains, the Only Money is Opium Poppies"

အဲဒီ တောင်ကတုံးတွေဆီ သွားတဲ့ လမ်းဆုံ ကျော်ဖြတ်လာပြီး သိပ်မကြာခင်မှာဘဲ အသစ်စက်စက် ခင်းထားတဲ့ နိုင်လွန် ကတ္တရာ မည်းပြောင်ပြောင် လမ်းပိုင်းကို ရောက်ရှိလာတာပါ။ တောင်တန်းတခု ဆီသို့အစပျိုး တောင်ကြားမြေပြန့်လွင်ပြင်ကနေ ခွဲထွက်လာတဲ့ လမ်းပိုင်းပါ။ Ban Tha Ton ရွာငယ် လေးနဲ့ ရွာနီးချုပ်စပ်ဒေသကို လူတွေစိတ်ဝင်စားမှု များပြားလာခြင်းရဲ့ သင်္ကေတလို့ ပြောမယ်ဆိုရင် ရနိုင်လောက်ပါတယ်။ ကားအသွားအလာ သိပ်များများ မတွေ့ခဲ့ရပါဘူး။

ပတ်ဝန်းကျင် မြင်ကွင်းကတော့ သိသိသာသာကြီးကို ပြောင်းလဲ၍ သွားပါတယ်။ ကားပြူတင်းမှန်ကို ခဏချ ဖွင့်ကြည့်မိလိုက် တော့ ပြင်ပလေ အေးစိမ့်စိမ့်ကို သိသာစွာ ခံစားလိုက် ရပါတယ်။ ခင်းပြီးခါစ လမ်းရဲ့ ဘေးနှစ်ဘက်အရှေ့ဘက် ဘယ်ကို ကြည့်ကြည့် တောင်တန်းတွေက ပတ်ချာဝိုင်းနေတာကို တွေ့ရပါတယ်။ နာမည်ကျော် မယ့်ဆလောင် တောင်တန်း နယ်မြေ ကို ရောက်လာခဲ့ပြီပေါ့၊

"Doi Mae Salong" တောင်တန်း နယ်မြေပါ။ တောင်ထိပ်ကတော့ ပေ ၄၅၀၀ သာ ရှိတာမို့လို့ သိပ် ပြီးတော့ မမြင့်လှပါဘူး။ ဒီ တောင်စဉ်တောင်တန်းတွေကို ရောက်ရှိ ဖြတ်သန်းဖို့က အရင်ခေတ်တွေတုန်းကတော့ ခက်ခဲချင်ခက်ခဲခဲ့ပါလိမ့်မယ်၊ ဒီကနေ့ ခေတ်အတိုင်းအတာနဲ့တော့ ခက်ခဲလှပေတယ် မဆိုနိုင်တော့ပါဘူး။ ဒီနယ်မြေနဲ့ အနီးစပ်ဆုံး မိုင်းတုံ မိုင်းဆတ် မိုင်း ပန်တို့လောက် သွားရေးလာရေး မခက်ခဲလှပါဘူး။ အဲဒါကြောင့် စနစ်တွေပြောင်း ခေတ်တွေပြောင်း စီမံကိန်းတွေ ပြောင်း လာတဲ့ ဒီက နေ့ ခရီးသွားခေတ်မှာ ထိုင်းတပြည်လုံးရဲ့ အသာယာဆုံးနယ်မြေ အဖြစ် သတ်မှတ်ခံ လာနေပါပြီ။

ဟိုးအရင်တခေတ်ကတော့ တရုတ်ပြည်ကြီးကနေ မော်စီတုံး မောင်းထုတ်လိုက်လို့ စစ်ရှုံး ထွက်ပြေးလာခဲ့ကြရတဲ့ နာမည်ကျော် Kuomintang ကေအမ်တီလက်နက်ကိုင်တွေ၊ မောင်ရင်ငတေတို့ ကျောင်းသားဘဝက လေးစားခဲ့ရ ပါတဲ့ ဘိန်းဘုရင်ကြီး Chang Chi-fu (၁၉၃၄-၂၀၀၇) ခိုအောင်း နေထိုင်ခဲ့ဖူးရာ နယ်မြေတွေလို့ ဆို တော့ စိတ်ဝင်တစား အလေးထား မိတာပေါ့၊ သူ့ရဲ့လူသိများတဲ့ နာမည်ကိုတော့ မပြောတော့ပါဘူး။ အနောက်တိုင်းသား တချို့ကတော့ သူ့ကို စစ်ဘုရင် ဘိန်းဘုရင်ကြီး သမုတ်တာပေါ့၊ တကယ်တော့ သူဟာ ငြိမ်းချမ်းရေး လိုလားသူပါ။ ငြိမ်းချမ်းရေးနဲ့ ပါမစ်လဲဖို့ ရှေးဦးမစွ တီထွင်ခဲ့သူ တယောက်ပေါ့၊ အခုတော့ သူသွားခဲ့တာ ကြာပါပြီ၊ ဒါပေမယ့် သူရဲ့ ဈေးကွက်ဟောင်းတွေက ကျန်ရစ်နေဆဲပါတဲ့။


Doi Mae Salong (ဓါတ်ပုံ မရငတ)

In 1967, "In These Mountains, the Only Money is Opium Poppies"

တိုင်ဝမ်မြေသို့ မရောက်ပါဘဲ  အဲနယ်မြေကို ရောက်ရှိလာတဲ့ စစ်ပြေးဒုက္ခသည် စစ်ဗိုလ်ချုပ်ဟောင်း တယောက်က လွန်ခဲ့တဲ့ အနှစ် ငါးဆယ်နီးပါးက အဲဒီလို စကားမျိုး ပြောခဲ့ဖူးပါတယ်။

ဒါပေမယ့် ဒီကနေ့ခေတ် မောင်ရင်ငတေတို့ ရောက်ဖူးတဲ့ အချိန်မှာတော့ ဒီ "Doi Mae Salong" တောင်တန်းနယ်မြေကို အနောက်တိုင်းသားတွေရဲ့ ဘလောက်ဂ်စာမျက်နှာ တွေမှာ အာဆီယံမြေရဲ့ "Little Switzerland" လို့ ခေါ်ဝေါ်သူက ခေါ်ဝေါ်နေကြပြီ ဖြစ်ပါတယ်။ ဒေသဆိုင်ရာ ထိုင်းအုပ်ချုပ်ရေး အာဏာပိုင်တွေကတော့ "Santikhiri " သို့မဟုတ် "Hill of Peace" ဆိုပြီး အမည်ခပ်လှလှ ပေးထားပေမယ့် ရပ်ကွက်ထဲက လူသားများကတော့ Santikhiri ဆန်ထိခီရီ ဆိုတာထက် ခေါ်နေကျ ရိုးရိုးကြီးဖြစ်တဲ့ Mae Salong မယ့်ဆလောင် လို့သာ ခေါ်ကောင်းနေဆဲပါ။

Kuomintang ကေအမ်တီ လက်နက်ကိုင် အငြိမ်းစား တွေလည်း ရာမ (ကိုး) ဘုရင်ကြီး ကောင်းမှုနဲ့ ထိုင်းနိုင်ငံသားတွေ ဖြစ်ကုန် ကြပါပြီ၊ လက်နက်စွန့် ဘိန်းစွန့်နဲ့ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင် စားသောက် နေကြပါပြီ၊ အဲဒီ မယ့်ဆလောင် တောင်တန်းတောင်ကုန်း တောင်စောင်းတွေမှာလည်း Thé Oolong ခေါ် Wulong ခေါ် «Black Dragon Tea» ဥူလောင် လက်ဘက် စိုက်ခင်းစိမ်းတွေနဲ့ တောတောင်စိမ်းစိမ်းတွေကို အားဖြည့်အလှဆင် ပေးနေပါပြီ။

ခွန်ထိုင်းတို့ကတော့ အဲဒီလို သမိုင်း အဆွေးအမြေ့တွေကို လျှော်ဖွတ်ဆေးကြောရင်း Mae Salong မော်ကွန်း သမိုင်းသစ် ရေးထိုးဖို့ ကြိုးစားလာခဲ့ကြတာပါ။ မောင်ရင်ငတေတို့ရဲ့ ရွှေပြည်ကြီးမှာလည်း ကွမ်းမထွေးရ မြက်ခင်းပေါ်မနင်းရ ဘာမလုပ်ရညာမလုပ်ရ ဒို့အရေးတာဝန်ဆိုင်းဘုတ်တွေ များများ မတွေ့ရှိရဖို့ကို ကြိုးပမ်းဆောင်ရွက်နေကြပြီလို့ ကြားရဖတ်ရပါတယ်။ အောင်မြင်ကြပါစေလို့ ဒီနေရာ ကနေ မောင်ရင်ငတေ ဆုတောင်းသမှု ပြုလိုက်ရကြောင်းပါ ခင်ဗျား။

 
ဒွိုင်မယ့်ဆလောင်-မယ့်ဆိုင်-ချင်းဆန်-ချင်းရိုင် လမ်းဆုံ (ဓါတ်ပုံ မရငတ)

အဲဒီလိုနဲ့ ကားလမ်းက တဖြေးဖြေးနဲ့ တောင်အောက် မြေပြင်ဆီသို့ ပြန်လည် ရောက်ရှိ လာပြန်ပါပြီ၊ ဒွိုင်မယ့်ဆလောင်-မယ့်ဆိုင်-ချင်းဆန်-ချင်းရိုင်လမ်းဆုံလမ်းခွသို့ ရောက်ရှိလာပါပြီ၊ တနည်းအားဖြင့် Chiang Saen ချင်းဆန် လမ်းဆုံပါ။ မောင်ရင်ငတေတို့က အဲဒီ လမ်းဆုံမှာ မယ့်ဆိုင် မြို့ဘက်ဆီသို့ ဦးတည် ဆက်လက် ထွက်ခွာလာခဲ့ ကြပါတယ်။

နာမည်ကျော် ဘိန်းဘုရင်ဟောင်းကြီး တထီးတနန်းနဲ့ နေသွားဖူးပါတယ် ဆိုတဲ့ ရွာကလေးကိုလည်း ဒီ လမ်းဆုံကနေ သွားရင် သိပ်မဝေးလှပါဘူးတဲ့၊ အဲဒီ Ban Hin Taek သို့မဟုတ် Ban Thoet Thai ရွာငယ်လေးဘက်ကိုတော့ လမ်းကြောက မတဲ့လို့ မောင်ရင်ငတေတို့ မသွားနိုင်ခဲ့ပါဘူး။ ခေါင်လည်း ခေါင်လှသလို သီးသန့် အချိန်ပေးမှသာလျှင် အစဉ်ပြေနိုင်မှာကြောင့် နောက်တခေါက် အတွက်သာ ရောက်အောင်သွားဖို့ လျာထားခဲ့ ရပါတယ်။ အဲဒီ ရွာအလယ်က Opium Warlord သို့မဟုတ် Shan Freedom Fighter ခေါ်တဲ့ Zhang Qifu ရဲ့ KhunSa Old Camp သို့တည်းမဟုတ် ခွန်ဆာပြတိုက် ဆီကိုတော့ အစဉ်ပြေမယ်ဆိုရင် ကြုံကြိုက်မယ် ဆိုရင်ပေါ့ သွားရောက် လေ့လာချင်မိပါသေးတယ်။ Prince of Death သို့မဟုတ် Prince of Darkness အကြောင်း သမိုင်းကလည်း ဒီနယ်မြေဒေသမှာ အတော်ကို လွှမ်းမိုးကြီးစိုးခဲ့တယ် မဟုတ်ပါလား၊ ဒီထက် ပို သိချင်ကြရင်တော့ ဆက်ဖတ်ကြပါရန်။

http://www.gt-rider.com/se-asia-motorcycling/threads/prince-of-death-road-trip khun-sa-memorial.2683/

ထိုင်းမြောက်ပိုင်းရဲ့ သွားရအခက်ဆုံးဒေသကို စုံစေ့အောင် မသွားဖြစ်ခဲ့ပေမယ့် ဒီလောက် ရောက်ခဲ့ ရတာကိုက ကျေနပ်စရာ ပါ။ ရှမ်းကုန်းပြင်မြင့်ရဲ့ အရှေ့ဘက် အဝေးမြင်ကွင်းတွေကို တွေ့မြင်ခဲ့ရတာ အတော်စိတ်ကြည်နူးစရာ ကောင်းလှပါတယ်။ ဥရောပရဲ့ သာယာလှပပါပေတယ်ဆိုတဲ့ ဆွစ်ဇာလန် အရှုံးပေးရလောက်တဲ့ မြင်ကွင်းတွေက ဘယ်နေရာတွေမှာ သာပါသလဲ တွေးယှဉ်ကြည့်လိုက်တော့ သဘာဝတိုင်း ပိုမိုကျန်ရှိနေသေးပြီး ဈေးနှုန်းသက်သာ လူတွေကလည်း ယဉ်ကျေးချိုသာမှု ပိုမိုကြ ပါသေးတယ်လို့ ထင်မိရကြောင်းပါ ခင်ဗျာ။

အခု Chiang Saen ချင်းဆန်လမ်းဆုံကနေ ရှေ့ဆက်သွားရမယ့် လမ်းပိုင်းကတော့ ချင်းမိုင်ချင်းရိုင် မယ့်ဆိုင်သို့ လာရောက် လည်ပတ်ကြသူ ခရီးသွားကြသူများ အရောက်များ အရောက်လွယ်ကြပါတဲ့ လမ်းပိုင်းတွေပါ။ ဘာသာစကားပေါင်းစုံနဲ့ ရေးထားပြီးသားတွေ အများအပြား ရှိပြီးသားမို့ အလွယ်နဲ့ ရှာဖွေချင်ပါက ဖတ်ရှု နိုင်ပါတယ်။ မောင်ရင်ငတေကတော့ ကိုယ်ထင်တာ ကိုယ်မြင်တာကို ရေးတာ မို့လို့ အမြင်မတိုက်ဆိုင်တာတွေ ပါခဲ့ပါက ပါခဲ့တယ်လို့သာ မှတ်ယူကြပါ ခင်ဗျာ။

ကျောက်ဖရား သောင်ရင်းမှသည် မယ့်ခေါင်ဆီသို့ စာစု (၇)  (မြောက်ဖျားစွန်းက မယ့်ဆိုင်ဆီသို့) စာစုကို ဒီနေရာမှာ ရပ် နားပြီး (မယ့်ဆိုင်-မြောက်ဖျားစွန်းကမြို့) အကြောင်း ဆက်ပါဦးမယ် ခင်ဗျား ...။

အားလုံးကို ကျေးဇူးအထူးတင်လျှက်
မောင်ရင်တေ
၁၇၁၁၂၀၁၆-၀၂၀၂၂၀၁၇