အောင်ကျော်သွင် ● ကုထုံးမရှိတဲ့ နေ့


အောင်ကျော်သွင် ● ကုထုံးမရှိတဲ့ နေ့
(မိုးမခ) မေ ၂၈၊ ၂၀၁၇

ငရဲသားတယောက်ပေါ့
လူးလားခတ်နေလေရဲ့
ဒယ်အိုးတွေကြားမှာ
ပူလောင် နိမ့်ပါးလို့…။

အဖြစ်မရှိတဲ့
ကောင်းကင်လို
ကျယ်ပြန့်သလောက် လိုရာမရောက်ခဲ့
ကိုယ့်စခန်းမှာ
ကိုယ့်ပန်းနဲ့ ကိုယ်
ကိုယ့်လမ်းနဲ့ ကိုယ်
ခြေသံဟာ ဖွဖွနဲ့ တိုးတိတ်ဝပ်တွားစွာ။

အတင့်ရဲရဲ
ဝင်ရောက်လာတဲ့ နေ့သစ်တိုင်းမှာ
လောင်မီးကျဖို့
လောင်ကျွမ်းတောက်ပဖို့
ခြောင်းခြောင်းထ ဒေါသတွေ
ငါ့ကို မင်းမူလှုပ်ခါရင်း
နစ်ဝင်စနေခြည်လို
ပျက်ပြယ်သွားမှာကိုလည်း
ငါ မလိုလား။

အပေါ်ယံ နာကျင်တတ်ရုံနဲ့
ပြည်တစိုစိုရှိခဲ့ အနာဟာ
ငါးရစ် တက်သလို အသားနုအထပ်ထပ်
အနားဖေးတွေ မို့မောက်ပြည့်လျှံ
ဖုထစ်ရောင်ကိုင်းလို့
ကုပ်ဖဲ့ခြစ်ရာ
မကျန်စေလိုတော့ပြီ။

လေရှူမယ်၊ လမ်းလျှောက်မယ်ဆိုပြီး
ကိုယ့်စိုက်ခင်းကို ကိုယ်ပြန်ငေးကြည့်မိတော့
လေးဒေါင့်ကျတဲ့မြင်ကွင်းဟာ
ငါ့ကိုယ့်ငါပြန်ပြီး အမြင်
ကျဉ်းမြောင်းကျပ်တည်း ပါးလျခြောက်မွဲ
သွေခမ်းလို့ရယ်
သြဇာလေးနက်ဖို့
မြေဆီဟာ အက်ကွဲထိတ်လန့်ခဲ့ပြီလေ။   ။


အောင်ကျော်သွင်