မောင်လူရေး - ပန်းခြံခေတ်
(မိုးမခ) မေ ၂၇၊ ၂၀၁၇
ပင်ကြီး ပင်ငယ်များဖြင့် မှိုင်းညှို့ ဆိုင်းဆို့ သိုင်းကြို့နေသော မြို့လယ်က တောအုပ်ကလေးကို ပန်းခြံဟုခေါ်သည်။
ရွှေဘိုပန်းခြံ ...
ပန်းခြံထဲ ဝင်လိုက်သည်နှင့် ပလာဇာထဲရောက်သွားသလို အေးသွားသည်။ တဖြည်းဖြည်း စိမ့်လို့။ ကျုံးရေပြင်မှ ခိုးခိုးခစ်ခစ်သံလွင်လွင်နှင့် ပြေးဝင်လာသော လေပြည်ညှင်းသွဲ့သွဲ့သည် ဥသြငှက်ပျိုကို နွဲ့ဆိုအောင် စွဲဆောင်ပြီထင့်။ ကြည်နူးဘွယ် ခွန်းဆင့်သံသည် ပန်းခြံတခုလုံး စပီကာဘောက်လေးများ ချိပ်ဆွဲထားသလို နေရာအနှံ့မှာ ပေါ်ထွက်လာသည်။ အအေးအငြိမ်းဓာတ်နှင့် ငှက်မျိုးစုံ၏ ကျူးကျော်ညံ မြူးပျော်ဟန်များက အပြင်က နေအပူရော အတွင်းက လူမှုအပူအပင်အကြောင့်အကြများကို
ပါ တဖြည်းဖြည်း ပါးလျားပျောက်ကွယ်သွားစေသည်။
ကလေးငယ်လေးများက လိပ်ပြာလေးများနဲ့ ကစားလို့။ ရှဥ့်ကလေးများနဲ့ ပြေးလွှားလို့။
လူကြီးတချို့ အေးအေးလူလူ။ တချို့ ငူငူငေးငေး ဆွေးဆွေးလျလျ။ သူတို့ငယ်ရွယ်စဉ် မဆလခေတ် စစ်အုပ်ချုပ်ရေးခေတ် ကြံ့ခိုင်ရေးခေတ်က ပန်းခြံဆိုတာလေးကို ပြန်လည်မြင်ရောင် သွေးလေကြောင်နေသလားမသိ။
စာအုပ်လေးတွေဖတ်နေသည့် ငယ်ရွယ်မှုများ၊ ဖုန်း လက်တော့ပ်ကလေးများနဲ့ ဆော့ကစား လေ့လာသင်ကြားနေကြသော ပျိုရွယ်မှုများသည်လဲ ဟိုနား ဒီနား ခုံတန်းလျားလေးတွေပေါ် မြက်ခင်းစိမ်းစိမ်းတွေပေါ် ပန်းမျိုးစုံနှင့်အပြိုင် မြိုင်နန်းစံလို့။
ကျောင်းအသီးသီးက ကျောင်းဝတ်စုံအမျိုးမျိုးနှင့် ကျောင်းသားလေးတွေက ဗိုလ်ချုပ်ကြေးရုပ်နားတွင် ဗိုလ်ချုပ်တို့၏ ကျောင်းသားလှုပ်ရှားမှု လွတ်လပ်ရေးကြိုးပမ်းမှုတွေကို ရိုးပလေးလုပ်သူ လုပ်နေကြ။ ဟောပြောဆွေးနွေးနေကြ မေးကြမြန်းကြ မှတ်ကြသားကြနှင့် စိမ်းနေသောပန်းခြံသည် လန်းဆန်း စိုပြေလွန်းလှသည်။ ဗိုလ်ချုပ်နှင့် အာဇာနည်များ ခေါင်းဆောင်များ၏ လွတ်လပ်ရေးကြိုးပမ်းမှုပြခန်းများတွင်လည်း စူးစမ်းလေ့လာနေသော ကျောင်းသားတွေအပြည့်။ အခန်းတခုထဲတွင် ဗိုလ်ချုပ်သည် တက်တက်ကြွကြွ မိန့်ခွန်းမြွက်ကြားနေရာ နားထောင်နေသောကလေးများ၏ မျက်လုံးအရောင်များဖြင့် ခပ်မှောင်မှောင်အခန်းငယ်သည် တောက်ပနေသည်။ တိုင်းပြည်အတွက် ခေါင်းဆောင်ကောင်းမျိုးဆက်များကို တထိုင်တည်း တွေ့နေရသည်မှာ မင်္ဂလာ။
စောစောက နန်းတော်ဘက်ရောက်တုန်းကလဲ ဦးအောင်ဇေယျအကြောင်း၊ ကုန်းဘောင်ဆက်တည်ထောင်ပုံအကြောင်း၊ စစ်သူကြီးတွေအကြောင်း၊ စစ်လမ်းခရီးတွေအကြောင်း၊ စစ်ဆင် စစ်ပြင်ပုံတွေအကြောင်း၊ ရွှေဘိုမြို့ပြတည်ဆောက်ပုံတွေအကြောင်း၊ တတိယမြန်မာနိုင်ငံတော်ကြီးကို ထူထောင်ပုံတွေအကြောင်း လေ့လာနေကြသည်မှာ အားရဖွယ်။ ခေတ်ကြီးတခေတ် နိုင်ငံကြီးတခုကို ခမ်းခမ်းနားနားတည်ထောင်ခဲ့သော ကိုယ့်မြို့ဇာတိသွေးနှင့် နွေးလက်နေသော မျက်နှာလေးများတွင် ရွှေဘိုကို မြတ်နိုးစိတ်သန် ဆက်လက်တည်ထောင်ဖန်ဆင်းကြမည့် အဓိဋ္ဌာန်ပန်းများပွင့်နေပေသည်။
ပန်းမာလ်တွေအပြည့်နှင့် ပန်းခြံတွင်းမှာ လက်ဝဲသုန္ဒရအမတ်ကြီးရုပ်ထုနှင့် သူ့ရဲ့ နိုင်ကျဉ်းဘဝပေးစာများကလည်း လွမ်းတဖွယ်။ အဲဒီနားမှာ ဟိုတုန်းက ရွှေဘိုသစ်ကို ရမ်းရော် မှန်းမျှော်ကြည့်နေသူတွေအပြည့်။
ကျုံးရေပြင်တွင် လှေလှော်နေကြသည့် ယိုး ယီးလေးသံများကလည်း အပူတလျှံလျှံနေမင်းကိုပါ လက်ဆွဲခေါ်နေသယောင်။ ငါးမျှားသူတွေလဲ စည်ကား။ တမြို့လုံးကို ကျုံးတွေနဲ့ ပတ်ထားတဲ့မြို့လို့ အမြဲဂုဏ်ယူနေတတ်သော မြို့သူမြို့သားများရော အဝေးက ဧည့်များပါ မြို့ပတ်လှေစီးနေကြသည်။ မြို့တွင်း လှေအပျော်စီးလုပ်ငန်းသည် မြို့၏ မီးခိုးမထွက် သဘာဝပတ်ဝန်းကျင်မပျက် ဝင်ငွေအရဆုံးလုပ်ငန်းဖြစ်သည်။ ယင်းလုပ်ငန်းကို အကြောင်းပြု၍ လှေထောင်သူများ လှေထိုးသားများ ရေပေါ်ဆိုင်များ စသည်ဖြင့် အလုပ်အကိုင်လဲ ပေါများလှသည်။ တချို့လဲ လှေမစီးကြ။ ကျုံးတလျှောက် တမြို့လုံး လမ်းလျှောက်ကြသည်။ လမ်းဘေးဆိုင်ကလေးများမှာ ရိုးရာအစားအစာတွေ စားရင်း နားရင်း ပွားရင်း သွားကြသည်။
စေတီတော်ကျုံးဘက်ရောက်လျှင် မဟာနန္ဒာကန်တော်ကို လမ်းလျှောက်သွားကြသည်။ ကန်ရိပ်တွင်မှေးမှိတ်၍ ကြာမျိုးငါးပါးအနံ့ကို ရှူရှိုက်ပြီး ယောဂလုပ်ကြသည်။ တရားထိုင်ကြသည်။ ကြာသင်းနံ့ရှူရင်း မန်ကျည်းရိပ်မှာ မှေးမှိတ်ကြသည်။ မျက်စိတဆုံးကြာတောကြီးထဲတွင် ကြာခူးထွက်ကြသည်။ အနီးပတ်လည်က ထန်းတောများတွင် ထန်းရည်သောက်ကြ၊ ငါးကန်လေးများနှင့်တွဲထားသည့် ငါးကြော် ငါးကင်တဲများတွင်လည်း စားကြ နားကြ ကစားကြ။
ဤကန်တော်ဘက်တွင်လည်း နိုင်ငံတကာခရီးသွားများနှင့် ဖွေးဖွေးလှုပ်။
မောင်လူရေး
(Photo credit - http://auniquelifenote.blogspot.com/2012/05/httpwikimyanmar_29.html)