In China, a butterfly flaps its wings, leading to unpredictable changes in U.S. weather a few days later.
တရုတ်မှာ လိပ်ပြာတကောင် တောင်ပံခတ်လိုက်တာနဲ့ အမေရိကရဲ့ မိုးလေဝသဟာ နောက်ရက်အနည်းငယ်အတွင်းမှာ မခန့်မှန်းနိုင်အောင် ပြောင်းသွားတယ်။
ဒါကတော့ ၁၉၆၀ စောစောပိုင်းလောက်မှာ မိုးလေဝသပညာရှင် အက်ဒ်ဝပ်လောရန့် (Edward Lorenz) ပြောခဲ့တဲ့ စကားဖြစ်ပြီး လိပ်ပြာတောင်ပံအကျိုးဆက် (butterfly effect)လို့ လူသိများပါတယ်။ (နယူးမက်ဆီကိုမှာ လိပ်ပြာတောင်ပံ ခတ်တာနဲ့ တရုတ်မှာ ဟာရီကိန်းမုန်းတိုင်းကြီး ဖြစ်လာတယ်လို့လည်း မူကွဲရှိပါတယ်)
နယူတန်ဟာ သူ့ရဲ့နိယာမတွေနဲ့ ခေတ်သစ်ကမ္ဘာကြီးကို မွေးဖွားပေးလိုက်တယ်။ ခေတ်သစ်ကမ္ဘာကြီးတခုလုံးဟာ နယူတန်ရဲ့ နိယာမတွေအောက်မှာ စည်းကမ်းတကျ သေသေဝပ်ဝပ်နဲ့ လှပေချစ်စရာကောင်းနေတော့တယ်။ အရာအားလုံးဟာ စည်းမျဉ်းဥပဒေအတိုင်းပဲ လှုပ်ရှားကြတယ်။ စည်းမဖောက်ကြဘူး။ ဥပမာ ဘောလုံးလေးတလုံးကို ဘယ်လောက်ထောင့်နဲ့၊ စဦးအလျင်ဘယ်လောက်နဲ့ ပစ်လိုက်ရင် အဲဒီဘောလုံးလေး ဘယ်လမ်းကြောင်းနဲ့ သွားမယ်၊ ဘယ်လောက်ကြာအောင်သွားမယ်၊ ဘယ်နေရာမှာ ကျမလဲဆိုတာကို သေချာပေါက်တွက်လို့ရတယ်။ ဘောလုံးလေးဟာ နယူတန်ရဲ့ နိယာမတွေအောက်မှာ သေသေဝပ်ဝပ်ပါပဲ။
တိုတိုပြောရရင် လောကကြီးတခုလုံးဟာ ရူပနိယာမတွေအောက်မှာ ရိုးရှင်းခိုင်ခန့်နေပါတော့တယ်။ ကနဦးအခြေအနေတွေကို သိရင် ရှေ့ဘာဖြစ်မလဲဆိုတာ ဘုရားသခင်လို အတတ်ပြောနိုင်ပါပြီ။ ဒါမှမဟုတ် ရှေ့ဘာဖြစ်ချင်သလဲ၊ အဲဒီ့အတွက် ကနေဦးအခြေအနေ ဘာတွေဖြစ်ရမယ်ဆိုတာကို အတတ်ပြောနိုင်ပါပြီ။
နယူတန်ဟာ အလွန်ကျေနပ်စရာကောင်းတဲ့ အစွမ်းလည်း ထက်လှတဲ့ ခေတ်သစ်မက္ကင်းနစ်ဝါဒ (mechanism)ကို မွေးဖွားပေးလိုက်ပါတယ်။
ဒါပေမဲ့ သဘာဝဟာ လူသားတွေ ထင်သလောက် မရိုးရှင်းပါဘူး။ ဒါကို စပြီသတိပြုမိသူကတော့ ပြင်သစ်ပညာကျော် ပွိုင်ကာရေး Jules Henri Poincaré (1854-1912) ပါ။ (ပွိုင်ကားရေးဆိုတာ စွယ်စုံရသင်္ချာပညာရှင်၊ ရစ်လေတစ်ဗစ်တီကို တွေ့ဖို့ လက်တကမ်းပဲ လိုတော့တဲ့သူဟု မှတ်ချက်ချ ခံရသူ) သူက နေအဖွဲ့အစည့်ဟာ နယူတန်ရဲ့လူတွေ ထင်နေသလို ကြိုတင်ခန့်မှန်းလို့ မရဘူးလို့ စရိပ်မိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ့တုန်းကတော့ ဘယ်သူကမှ အလေးမထားခဲ့ပါဘူး။ လူတွေကလည်း မက္ကင်းနစ်ဝါဒရဲ့ အောက်မြင်မှုအောက်မှာ ကျေနပ်ယစ်မူးနေဆဲပါ။ ဒါပေမဲ့ မိုးလေဝသပညာရှင် လောရန့်က မိုးလေဝသကို ဘာလို့ ခန့်မှန်းလို့ မရသလဲဆိုတာကို ရိပ်မိသွားတဲ့အခါ မက္ကင်းနစ်ဝါဒဟာ အကန့်အသတ်နဲ့ပဲ သုံးလို့ရတဲ့ဝါဒဖြစ်ကြောင်း ထင်ရှားလာတော့တယ်။
1960 လောက်မှာ လောရန့်က မိုးလေဝသအတွက် model တခု တည်ဆောက်ပါတယ်။ သဘောက လေထုဖိအား၊ စိုထိုင်းဆ၊ လေထုအပူချိန်စတဲ့ ရာသီဥတုနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို ဆိုင်ရာဆိုင်ရာ အီကွေးရှင်းတွေထဲ ထည့်တွက်ပြီး နောင်လာမယ့် မိုးလေဝသကို ကြိုခန့်မှန်းနိုင်ဖို့ပါ။ (သူ့ model သာ အောင်မြင်သွားရင် ရေရှည်မိုးလေဝသကို အတိအကျနီးပါး ခန့်မှန်းနိုင်မှာပါ) တရက်မှာ လောရန့်ဟာ ဖြစ်စဉ်တခုကို သေချာအောင် ကွန်ပျူတာကို နှစ်ခါပြန်တွက်ခိုင်းလိုက်တယ်။ အဲဒီအခါ အတူတူထွက်လာရမယ့် ရလဒ်နှစ်ခုဟာ လုံးဝမတူတော့ကြောင်း အလန့်တကြားတွေ့လိုက်ရတယ်။ ဘယ်နဲ့ကြောင့်လဲ စေ့စေ့စပ်စပ်ပြန်စစ်ကြည့်တော့မှ အဖြေကို တွေ့ပါတယ်။
မတူရတာက ပထမနဲ့ ဒုတိယ အသွင်းဂဏန်း (input)တွေ မတူလို့ပါ။ ပထမတခါက 0.506127 ... အဲဒါကို ဒုတိယအကြိမ်ပြန်တွက်တော့ လောရန့်က 0.506 နဲ့ တွက်ခိုင်းမိတာပါ။ သူ့အနေနဲ့ 0.506127 နဲ့ 0.506 ကို (အပုံတသောင်းပုံတပုံလောက်ပဲ ကွာတာဆိုတော့) အတူတူပဲဆိုပြီး တွက်ခိုင်းလိုက်မိတာ ... ဒါပေမဲ့ ရလဒ်က အစပိုင်းမှာ တူမယောင်ဖြစ်နေပေမယ့် အချိန်ကြာလာလေလေ ဘာမှမဆိုင်အောင် တခြားစီဖြစ်သွားပါတော့တယ်။ (အောက်ကပုံကို ကြည့်ပါ) အစကနဦးမှာ နည်းနည်းလေးကွာတာနဲ့ ရလဒ်က (အချိန်ကြာလေလေ) မထင်လောက်အောင် ကွာသွားလေလေပါပဲ။ တနည်းအားဖြင့် အကျိုးရလဒ်ဟာ အစကနဦးအခြေအနေမှာ သိမ်သိမ်မွေ့မွေ့မီခိုနေပါတယ်။ အဲဒီ့သဘောကို ညွှန်းပြီး လောရန့်က butterfly effect လို့ ပြောခဲ့တာပါ။ ပညာရပ်လို sensitive dependence on initial conditions လို့ ခေါ်ပါတယ်။
တကယ်လို့ လေထုဖိအားကို စတိုင်းတဲ့အချိန်မှာ လိပ်ပြာလေးတကောင်ကြောင့် ဖြစ်လာတဲ့ အပြောင်းအလဲလေးကို ထည့်မတွက်မိဘူးဆိုပါစို့။ ဒါဆို ကိန်းဂဏန်းဟာ နည်းနည်းလောက်တော့ ပြောင်းလဲသွားမှာပါပဲ။ ဒါဆို သေချာပါပြီ .. အချိန်ကြာလာလေလေ ရလဒ်နှစ်ခုဟာ ကွာလေလေပါပဲ။ (ပထမပိုင်းမှာ တူပါသေးတယ်၊ ကြာလာလေလေ မမူလေပါပဲ) ကျနော်တို့အနေနဲ့ ကနဦးအခြေအနေတွေကို အလွန့်အလွန်တိတိကျကျ ရမယ်ဆိုရင်တော့ မိုးလေဝသကို ရေရှည်ခန့်မှန်းနိုင်မှာပါ၊ ဒါပေမဲ့ အဲလိုရဖို့ကလည်း လုံးဝမဖြစ်နိုင်ပါဘူး။ [နောက် ကွမ်တမ်သီအိုရီရဲ့ မရေရာမှုစည်းမျဉ်း (uncertainty principle)ကလည်း အခြေအနေတခု၊ အရာဝတ္ထုတခုကို ဘယ်လိုမှ အပြည့်အဝ အတိအကျ မတိုင်းတာနိုင်ဘူးလို့ ယတိပြတ်ဆိုပါတယ်] ဒါ ... မိုးလေဝသကို ဘာလို့ ရေရှည်ခန့်မှန်းလို့ မရသလဲဆိုတာပါပဲ။ (နှစ်ရက်သုံးရက်လောက်တော့ ရပါတယ်)
တနည်းအားဖြင့် စနစ်တခု၊ ဖြစ်စဉ်တခုဟာ အဲလို ကနဦးအခြေအနေပေါ် အလွန်မီခိုနေပြီဆိုရင် ရေရှည်ဟောကိန်းထုတ်ဖို့ လုံးဝမဖြစ်နိုင်ပါဘူး။ အဲလိုအခြေအနေမျိုးကို ခေးအော့စ် (chaos)လို့ ခေါ်ပါတယ်။ ခေးအော့စ်ရဲ့ အဓိပ္ပာယ်က ကသောင်းကနင်း၊ ပရမ်းပတာလို့ အဓိပ္ပာယ်ရပါတယ်။ တကယ့်လောကကြီးဟာ နယူတန်တို့ပြောသလို မက္ကင်းနစ်နိယာမတွေအောက်မှာ သေသေဝပ်ဝပ်မနေဘဲ စိတ်ရူးပေါက်သလို ထထဖောက်ပါတယ်။ လက်တွေ့မှာလည်း ဘောလုံးရဲ့တည်နေရာကို ခန့်မှန်းသလို ခန့်မှန်းလို့ မရတဲ့ ကိစ္စတွေ အများကြီးဆိုတာ ထင်ထင်ရှားလာပါတယ်။ 1980 ကျော်မှာ ရူပနဲ့ ဇီဝစနစ်အများစုဟာ ခေးအော့စ်ဖြစ်တယ်ဆိုတဲ့ သက်သေပြချက်တွေ တသီကြီး ထွက်လာပါတော့တယ်။
ရာသီဥတုဟာ ခေးအော့စ်ပါ။ ဝဲဂယက်ဟာလည်း ခေးအော့စ်ပါ။ စတော့အိပ်ချိန်းဟာလည်း ခေးအော့စ်ပါ။ နှလုံးခုန်သံဟာလည်း ခေးအော့စ်ပါ။ ပြောရရင် ဓာတုဓာတ်ပြုခြင်းတွေကနေ ကြယ်စုကြီးတွေရဲ့ ရွေ့လျားမှုအထိ ခေးအော့စ်ပါ။ (Poincaré ထင်ခဲ့သလိုပဲ ကျနော်တို့ နေအဖွဲ့အစည်းဟာလည်း ခေးအော့စ်ပါ။ နောက်ပိုင်းမှာ စေတန် (စနေ)ဂြိုဟ်ရဲ့ လမင်းငယ် Hyperion ရဲ့ ရွေ့လျားမှုနဲ့ ပလူတိုရဲ့ နေပတ်လမ်းကြောင်းတို့ဟာ ခေးအော့်စ်ဖြစ်နေတယ်ဆိုတာကို ရှာတွေ့ခဲ့ပါတယ်) ဟုတ်ကဲ့ ... ကျနော်တို့ရဲ့လောကကြီးဟာ ခေးအော့စ်လောကကြီးပါ။
မက္ကင်းနစ်ဝါဒရဲ့အောင်မြင်မှုနဲ့ အားလုံးကို ထိန်းချုပ်ကိုင်တွယ်နိုင်တယ်လို့ မာန်တက်ခြေဖျားထောက်နေတဲ့ လူသားတွေရဲ့ ခြေဖဝါးဟာလည်း မြေနဲ့ ပြန်ကပ်သွားပါတယ်။
ခက်ပြီ ... ။ ဒါဆို လောကကြီးဟာ ထင်ရာစိုင်းလောကကြီးပေါ့ ... ဘာဆိုဘာမှ ခန့်မှန်းလို့ မရတဲ့၊ အစိုးမရတဲ့ လောကကြီးပေါ့။ ... အဲ .. အဲလိုလည်း မဟုတ်သေးဘူးတဲ့ဗျ။ ပရမ်းပတာဖြစ်နေပေမယ့် အထိမ်းအကွပ်ရှိတယ်တဲ့။ ဒါကိုလည်း လောရန့်ကပဲ ပြခဲ့ပါတယ်။ လောရန့်က သူ့ရဲ့ခေးအော့စ်ဖြစ်နေတဲ့ မိုးလေဝသကို 3 dimenssion နဲ့ (ထပ်ကျော့ ထပ်ကျော့) သရုပ်ဖော်ကြည့်တဲ့အခါ လိပ်ပြာပုံ အဆင်အကွက် (pattern)လေးတခုကို ရလာပါတော့တယ်။ (အောက်ကပုံ)
အဓိပ္ပာယ်က ဒီလိုပါ ... ခေးအော့စ်ဖြစ်နေတဲ့ အတွက်ကြောင့် ရလဒ်တွေကို ခန့်မှန်းလို့ မရပေမယ့် (ရလဒ်တွေက ပရမ်းပတာ ဖြစ်နေပေမယ့်) အဲလို ထွက်ချင်သလို ထွက်နေတဲ့ ရလဒ်တွေဟာ တကယ့်တကယ့် ပရမ်းပတာထွက်လာတာ မဟုတ်ဘဲ အဆင်အကွက်တခုမှာ ရှိနေပါတယ်တဲ့။ ပရမ်းပတာတော့ ပရမ်းပတာ ... ဒါပေမဲ့ စည်းလွတ်ဝါးလွတ် စည်းမဲ့ကမ်းမဲ့ မဟုတ်ပါဘူး၊ စည်းရှိပါတယ်တဲ့။
ဥပမာ ရာသီဥတုဆိုပါတော့။ တနှစ်အတွက် ရာသီဥတုကို ဘယ်လိုမှ မခန့်မှန်းနိုင်ပါဘူး။ ဒါပေမဲ့ နွေ၊ မိုး၊ ဆောင်းဆိုတဲ့ အကွက်အဆင်ရှိပါတယ်။ ဘယ်အချိန် မိုးဦးစကျမလဲ အတိအကျ မသိနိုင်ပေမယ့် နွေပြီးရင် မိုးလာမှာ သေချာပါတယ်။ ခေးအော့စ်ဆိုတာ အဲလိုသဘောပါပဲ။
ဒီ့ထက်ရှင်းအောင် ပြောရရင် ရှုပ်ထွေးလှတဲ့ စနစ်၊ ပရမ်းပတာဖြစ်နေတယ်လို့ ထင်ရတဲ့ ဖြစ်စဉ်တွေမှာ စနစ်တခု ရှိတယ်ဆိုတာပါပဲ။ တနည်းအားဖြင့် အကန့်အသတ်တခု limit တခုတည်းမှာ လှုပ်ရှားနေခြင်းပါ။ ဒါပေမဲ့ ကာလရှည်ကြာမှ (long term ဖြစ်မှ) ထင်ရှားလာတဲ့ သဘောတော့ ရှိပါတယ်။ ဥပမာ ရာသီဥတုရဲ့ အကွက်အဆင်ကို ရဖို့အတွက် အနည်းဆုံး နှစ်နှစ်သုံးနှစ်တော့ လိုပါလိမ့်မယ်။ (ခြောက်လ တနှစ်နဲ့ ကြည့်လို့ကတော့ ဟာ ... ရာသီဥတုဆိုတာ ဘယ်လိုမှ ခန့်မှန်းလို့ မရတဲ့ ဖြစ်ချင်သလို ဖြစ်နေတယ်ဆို အရာကြီးပဲလို့သာ ကောက်ချက်ချမိမှာပါ၊ နှစ်နှစ်သုံးနှစ် စောင့်ကြည့်မှသာ နွေမိုးဆောင်းဆိုတဲ့ အကွက်အဆင်ကို ရိပ်မိမှာပါ)
ဒါကြောင့် ခေးအော့စ်ကို လို့ ပြောခြင်းပါ။
နောက် ခေးအော့စ်မှာ အရေးကြီးဆုံး အချက်တခု ကျန်ပါသေးတယ်။ အဲဒါကတော့ feedback ပါပဲ။ ခေးအော့စ်ဖြစ်တဲ့စနစ်တိုင်းမှာ feedback ရှိတယ်။ တနည်းအားဖြင့် feedback ရှိလို့လည်း ခေးအော့စ်ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ စနစ်တခုကို feedback ပေးလိုက်ပြီဆို အဲဒီ့ feedback ကြောင့် စနစ်ဟာ အနည်းနဲ့ အများပြောင်းသွားရပါတယ်။ feedback ပေးတာ ကြမ်းရင် စနစ်ရဲ့ ခေးအော့စ်ဖြစ်မှုဟာ သိသာသွားပါလိမ့်တယ်။ feedback ဟာ မသိသာလောက်ဘူး၊ ဒါမှမဟုတ် စနစ်ဟာ feedback ကို လိုက်လျောညီထွေ တုန့်ပြန်နိုင်တယ်ဆို ခေးအော့စ်ဖြစ်မှုဟာ မသိသာမှာ မဟုတ်ပါဘူး။
နောက်တမျိုးလှည့်ပြောရရင် စနစ်တခုဟာ feedback တွေကို လိုက်လျောညီထွေ တုန့်ပြန်နိုင်တယ်ဆို အဲ့ဒီစနစ်ဟာ အနည်းနဲ့အများ တည်ငြိမ်ပါလိမ့်မယ်။ ဥပမာ နိုင်ငံရေးစနစ်ထဲမှာ ဒီမိုကရေစီစနစ်က အကောင်းဆုံး (အတည်ငြိမ်ဆုံး) ဖြစ်နေတာဟာ အဲဒီစနစ်ဟာ ပြည်သူတွေဆီကလာတဲ့ feedback ကို အကောင်းဆုံး တုန့်ပြန်နိုင်လို့ပါပဲ။
ဒါပေမဲ့ feedback ဆိုတာ တမျိုးတည်းမဟုတ်ဘူး။ နယ်ပယ်ပေါင်းစုံက ဝင်မှာပါ။ ဆိုတော့ နိုင်ငံရေးမှာ တည်ငြိမ်ပေမယ့် စီးပွားရေး ဒါမှမဟုတ် လူမျိုးရေးကနေ feedback အကြီးကြီးဝင်လာရင် (ဥပမာ စီးပွားပျက်ကပ်လိုဟာမျိုး) နိုင်ငံရေးဟာ ဝုန်းခနဲ ခေးအော့စ်ဖြစ်သွားပါလိမ့်မယ်။
ကျန်းမာရေးဆိုလည်း အဲလိုပါပဲ။ ဇီဝရုပ်ကြီးက တော်ရုံတန်ရုံ feedback မျိုးကို လိုက်လျောညီထွေ တုန့်ပြန်နိုင်ပါတယ်။ ဒါပေမဲ့ ကံ၊ စိတ်၊ ဥတု၊ အဟာရ .. တခုခုကနေ feedback အကြီးကြီးဝင်ခဲ့ရင် ကျန်းမာရေးကလည်း ခေးအော့စ်ဖြစ်သွားပါလိမ့်မယ်။
ဟုတ်ကဲ့ ... ပြောချင်တာက အရာအားလုံးဟာ ပြုပြင်ခံနေရပါတယ်။ (feedback တွေ ဝင်လာတယ်၊ ဝင်လာတဲ့ feedback ကို တုန့်ပြန်ရတယ်လို့ ပြောချင်တာပါ) အဲလိုကြောင့်လည်း အရာအားလုံးဟာ ခေးအော့စ်ဖြစ်လာရပါတယ်။ တချို့က သိသိသာသာ၊ တချို့က မသိမသာ ... ။
ဒါကြောင့်လည်း အရာအားလုံးဟာ အစိုးမရတဲ့သဘော (အနတ္တသဘော)ကို ဆောင်လာကြတယ်။
ဒါပေမဲ့ အဲလိုအစိုးမရတောင် သူလိုက်နာတဲ့ အကွက်အဆင်ရှိနေပါတယ်။ အဲဒါကတော့ အကျိုးနဲ့အကြောင်းဆိုတဲ့ နိယာမကြီးပါ။ ဒါ သဘာဝရဲ့ အကွက်အဆင်ပါပဲ။
ဥပမာ လူ့ဘဝဆိုတာ feedback ပေါင်းစုံကို တုန့်ပြန်ရတဲ့ စနစ်ကြီးပါ။ ဒါကြောင့်လည်း ဘဝဆိုတာကြီးဟာ ခေးအော့စ်ဖြစ်နေပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ခေးအော့စ်ဖြစ်ဖြစ် ... ကမ္မနိယာမဆိုတဲ့ အကွက်အဆင်ကိုတော့ ဘယ်လိုမှ မကျော်နိုင်ပါဘူး။
ဒါပေမဲ့ ... လူသားတွေနဲ့ ပတ်သက်လို့ အရေးကြီးဆုံး (တကယ့်အရေးအကြီးဆုံး) အရာတခု ကျန်ပါတယ်။ အဲဒါကတော့ ကျနော်တို့ဘဝအတွက် feedback ကို ကျနော်တို့ ကိုယ်တိုင် စိတ်ကြိုက်ပေးလို့ရတာပါပဲ။ ကမ္မနိယာမကို မလွန်နိုင်တာတော့ မှန်တယ်။ ဒါပေမဲ့ feedback က ကျနော်တို့ လက်ထဲမှာပါ။
ဘဝကြီးက အစိုးမရတာ မှန်ပါတယ်။ ဒါပေမဲ့ အကောင်းဆုံးဘဝတွေဖြစ်ဖို့ ကြမ္မာ feedback ကောင်းကောင်းပေးဖို့က ကျနော်တို့လက်ထဲမှာပဲ ရှိနေပါတယ်။
အကောင်းဆုံးသော Feedback ကိုသာ ပေးနိုင်ခဲ့ရင်ဖြင့် .............. ။
မင်းခိုင်
မေ ၂၃၊ ၂၀၁၇
[ခေးအော့စ်အကြောင်း စိတ်ဝင်စားစရာကောင်းသောကြောင့် ဉာဏ်မီသလောက် မိတ်ဆက်ပါသည်။ အမှားအယွင်းတိမ်းပါးမှုများ ရှိပါက ဝေဖန်ထောက်ပြကြပါကုန်]