ဘာတေးလစ်တနာ - နောက်ဆုံးတော့ ပေါက်ဖော်ပါပဲ



ဘာတေးလစ်တနာ -  နောက်ဆုံးတော့ ပေါက်ဖော်ပါပဲ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့်မြန်မာ(ဗမာ) နိုင်ငံ -အပိုင်း ၁၀
(သိန်းမြင့် ဘာသာပြန်သည်) မိုးမခ၊ ဇွန် ၂၇၊ ၂၀၁၇

နိဂုံး သုံးသပ်ချက်

ဒီ ရှုထောင့်ကကြည့်ရင် "ပေါက်ဖေါ်" ဆိုတာ သင်္ကြန်အမြောက်ထက် နည်းနည်းလေးပဲ သာပါလိမ့်မယ်။ ဘေဂျင်း ဟာ ၁၉၆၀ခုနှစ်များကတည်း က မြန်မာနိုင်ငံ မှာ သူ ပြုစုပျိုးထောင်ခဲ့တဲ့ လုံခြုံစိတ်ချရတဲ့အနေအထားကို စွန့်လွှတ်မှာတော့ မဟုတ်ပါဘူး။ ထို့အတူပဲ သူ ခက်ခက်ခဲခဲ ရယူထားတဲ အိန္ဒိယ သမုဒ္ဒရာ သို ချဉ်းကပ်လမ်း ကိုလည်း တရုတ်က လွယ်လွယ်နဲ့ စွန့်လွှတ်မှာ မဟုတ်သလို ၊ဘေဂျင်း အတွက် မြန်မာရဲ့ ဗျူ ဟာမြောက်တည်ရှိနေမှု ကိုလည်း လျှော့တွက်လို့မရပါဘူး။ ကမ္ဘာ ရေနံသယ်ယူပို့ဆောင်မှုရဲ့ ၆၀ရာခိုင်နှုန်းဟာ အရှေ့အလယ်ပိုင်း ရေနံတွင်းတွေကနေ တရုပ်၊ ဂျပန်၊ နဲ့ အခြားဒေသတွင်းစီးပွားရေး တောင့်တင်းတဲ့ နိုင်ငံတွေဆီသွားရာလမ်းဖြစ်တဲ့ အိန္ဒိယ သမုဒ္ဒရာ ကိုဖြတ်သွားသလို ၊အာရှစက်မှုဖွံဖြိုးပြီး နိုင်ငံများနဲ့ ကျန်တဲ့ ကမ္ဘာတခုလုံး ဆီသွားတဲ့ ကုန်သေတ္တာတင်သင်္ဘော ၇၀ ရာနှုန်း ဟာလည်း အိန္ဒိယ သမုဒ္ဒရာ ကပဲဖြတ်ပါတယ်။ အတ္တလန္တိတ် သမုဒ္ဒရာကို ကုန်သင်္ဘော ဖြတ်သန်းသွားလာမှု ဟာလျော့ကျလာနေသလို ပစ္စဖိတ်သမုဒ္ဒရာ ကိုဖြတ်သန်းမှု ဟာလည်း တုန့်ဆိုင်းနေချိန်မှာ အိန္ဒိယသမုဒ္ဒရာဖြတ်ကုန်သွယ်မှုဟာ တိုးပွားလာနေပါတယ်။

အိန္ဒိယ သမုဒ္ဒရာ ရဲ့အနောက်ခြမ်း အထူးသဖြင့် အာဖရိကဦးချိုဒေသ တဝိုက်နဲ့ အရှေ့ဘက်က မလ္လက္ကား ရေလက်ကြား တဝိုက်ဟာ ပင်လယ်ဓားပြ များကျက်စားရာ၊ ဒေသတွင်း ပဋိပက္ခဖြစ်ပွားရာနေရာများသို့ အကြမ်းဖက်သမားများ လက်နက်တင်ပို့ရာ နေရာများဖြစ်နေပါတယ်။ ဒီဖြစ်ရပ်တွေက အမေရိကန်ပြည်ထောင်စု၊ ဩစတြေးလျား၊  အိန္ဒိယ နဲ့ ဂျပန်နိုင်ငံတွေကို ဒေသတွင်းပူးပေါင်းေ ဆာင်ရွက်မှု ပိုမို တင်းကြပ်ဖို့ဆော်ဩ နေပါတယ်။ မြန်မာ ဟာ ဒီသပွတ်အူအရှုပ်အထွေးရဲ့အလယ်မှာရောက်နေပြီး၊ ဒီတိုင်းပြည် အပေါ်သူ့ရဲ့ဩဇာ လွှမ်းမိုးမှုကို ထိန်းသိမ်းထားဖို့ တရုတ်က အစွမ်းကုန်ကြိုးစားနေပါတယ်။

မြေပြင် ပကတိအခြေအနေ များက မပြောင်းလဲပါဘူး။ တရုတ်က ဟိုမှာရှိနေပါတယ်။ အရှေ့မြောက်နယ်စပ် အကျော်လေးမှာပါ။ မြန်မာကဆက်ဆံရာမှာ ပိုသဘောတွေ့တဲ့ အနောက်နိုင်ငံများက အဝေးကြီးမှာပါ။ အနောက်နိုင်ငံများဟာမြန်မာ နိုင်ငံအတွင်း တရုတ်ရဲ့ ဆက်နွယ်မှုများလို နက်နက်ရှိုင်းရိုင်းလည်းမရှိသေးပါဘူး။
တရုတ်နဲ့ သူတို့နဲ့လည်းသူတို့ကိုယ်ပိုင် ဆက်နွယ်မှုတွေအပေးအယူတွေ ရှိနေကြတာပါ။ အနောက်နိုင်ငံများဟာ မြန်မာ အပေါ် တရုတ်ရဲ့ လွှမ်းမိုးမှု ကို တုန့်ပြန်နိုင်ကောင်း တုန့်ပြန်နိုင်ပါလိမ့်မယ်။ ပြည်တွင်းက စီးပွားရေးသမားအများစု ကလည်း ဒါကိုကြိုဆိုကြမှာပါ။  ဒါပေမယ့် ဒီလိုလုပ်ဖို့ဆိုတာ ဒီဒေသ မှာ တရုတ်က သူ့ရဲ့ဩဇာ အာဏာကို  ဘယ်လိုထူထောင်သွားသလဲဆိုတာ နားလည်ထားတဲ့ အခြေခံပေါ်မူတည်ပြီး သိမ်မွေ့နက်နဲ တဲ့ ချဉ်းကပ်မှု လိုပါတယ်။
စစ်မှန်တဲ့ အင်အားပေါ်အခြေခံပြီး လေးနက်တဲ့ဗျူ ဟာ နဲ့ အဆုံးထိ လုပ်ဆောင်နိုင်ဖို့လိုပါတယ် ။ နှစ်ဘက်လုံးရဲ့ အကျိုးစီးပွားနဲ့ လုပ်ဆောင်နိုင်စွမ်းများ အပေါ်  ဒီညီမျှခြေ ကိုပေါင်းကြည့်လိုက်ရင်၊  တရုတ် ရဲ့ ရေရှည်ကစားကွက်ကသာ မြန်မာ နဲ့ သူ့အိမ်နီးချင်းများအတွက် ပိုမိုဇွဲကောင်းကောင်းနဲ့ ဆက်လက်ရှိနေမယ့် စိန်ခေါ်မှု ဖြစ်ပုံရပါကြောင်း။

ဘာတေးလစ်တနာ
( ပြီးပါပြီ )