ဇင်လင်း ● ပြည်သူ့ဆန် စားနေကြသူများ အကျင့်ပျက်ခြစားမှု ရှောင်ကြဉ်ပါ၊ မိမိတို့သိက္ခာကို ရိက္ခာနဲ့မလဲကြပါနဲ့

Image result for လာဘ် 
ဇင်လင်း ● ပြည်သူ့ဆန် စားနေကြသူများ အကျင့်ပျက်ခြစားမှု ရှောင်ကြဉ်ပါ၊
မိမိတို့သိက္ခာကို ရိက္ခာနဲ့မလဲကြပါနဲ့ 
(မိုးမခ) ဇွန် ၂၀၊ ၂၀၁၇


ယနေ့မြန်မာနိုင်ငံ အစိုးရအား စိန်ခေါ်နေသော ပြဿနာများ အတော်များများ ရှိနေသည်။ အထူးသဖြင့် နှစ်ပေါင်း ၇ဝ ခန့်ကြာပြီဖြစ်သည့် ပြည်တွင်းစစ် ရပ်စဲရေး၊ LDC အဆင့် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ရေး၊ မြစ်ဆုံဆည် ကိစ္စ၊ လက်ပံတောင်းတောင် ကိစ္စ၊ သိမ်းယူထားတဲ့ လယ်ယာမြေများ ပြန်ပေးရေး၊ မူးယစ်ဆေးဝါးကင်စင်ရေး၊ နိမ့်ကျနေတဲ့ ပညာရေး ကျန်းမာရေး ပြုပြင် ပြောင်းလဲရေး၊ အကျင့်ပျက် ခြစားမှု အဆိုးဆုံးနိုင်ငံများစာရင်းမှ လွတ်အောင် ကြိုးစားရေး၊ တရားဥပဒေ စိုးမိုးရေး၊ အလုပ်လက်မဲ့လျော့ကျရေး၊ အလုပ်အကိုင်အသစ်များ ဖန်တီးပေးရေး၊ လျှပ်စစ်နှင့် စွမ်းအင်အလုံအလောက် ထုတ်လုပ်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုဖိတ်ခေါ်နိုင်ရေး  အစရှိသဖြင့် ဦးထင်ကျော် အစိုးရ အနေဖြင့် တာဝန်ယူ ရင်ဆိုင်ဖြေရှင်းပေးရမည့် စိန်ခေါ်မှုများ တန်းစီလျှက်ရှိသည်ကို တွေ့ရသည်။

သမ္မတသစ် ဦးထင်ကျော်က ၂ဝ၁၆ မတ်လ ၂၁ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ - “မိမိအနေဖြင့် အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးရေး၊ အဂတိတရားကင်းစင်တဲ့ လူ့အသိုင်းအဝိုင်းဖော်ဆောင်ရေး၊ အမျိုးသားအကျိုးစီးပွားကို ရှေးရှုရေး၊ ပြည်သူ့ဘဏ္ဍာငွေများ ခြိုးခြံချွေတာရေးနဲ့ စွမ်းဆောင်ရည်ပြည့်ဝပြီး ကျစ်လျစ်ခိုင်မာတဲ့ ပြည်ထောင်စုအစိုးရ တစ်ရပ် ဖွဲ့စည်းနိုင်ရေးကို ဦးစားပေးဆောင်ရွက်ခြင်းဖြစ်ပါကြောင်း”..စသဖြင့် ရှင်းလင်း ပြောကြားသွားခဲ့သည်ကို သတိပြု မိသည်။  ထိုကဲ့သို့ပြောကြားခဲ့သည်ကိုထောက်ရှု၍ နိုင်ငံအတွက် အလားအလာကောင်းသည်ဟု ယူဆမိသည်။ သမ္မတ ဦး ထင်ကျော် အစိုးရလက်ထက်တွင် ကိုယ်ကျင့်တရားကောင်းပြီး မိမိအလုပ်တာဝန်ဝတ္တရားများကို လေးလေးစားစား ကြိုးစား အားထုတ် ဆောင်ရွက်သူများအား ချီးမြှင့် မြှောက်စားလိမ့်မည့် အရိပ်လက္ခဏာဟု ဆိုနိုင်သည်။

အထူးသဖြင့် “အဂတိတရားကင်းစင်တဲ့ လူမှုအသိုင်းအဝိုင်းဖြစ်လာရေးကို ဦးတည်မယ်” ဆိုသည့် ရည်မှန်းချက်ကို သဘော ကျ အားရမိသည်။ ယနေ့ မြန်မာနိုင်ငံ တိုးတက်မှုကျဆင်းရသည့် အဓိကအကြောင်းရင်းများအနက် အဂတိလိုက်စားမှု အကျင့်ပျက် ခြစားမှု (Corruption & Kleptocracy) သည် အဆိုးဆုံးကိစ္စ ဖြစ်သည်။ အထက်တွင်ဆိုခဲ့သော သယံဇာတကိစ္စ၊ ဖွံ့ဖြိုးရေး စီမံကိန်းများကိစ္စ၊ မြေသိမ်းယာသိမ်းကိစ္စ၊ မူးယစ်ဆေးနှင့် ဘိန်းကုန်ကူးမှုအစရှိသော  အမှုကိစ္စများသည် အဂတိ လိုက် စားမှု အကျင့်ပျက် ခြစားမှုများနှင့် ခွဲမရအောင် ဆက်စပ်ယှက်နွယ်နေပေသည်။  ထို့ကြောင့်  သမ္မတသစ် ဦးထင်ကျော်က အဂတိတရားကင်းစင်သော လူ့အသိုင်းအဝိုင်းဖော်ဆောင်ရေး ဦးစားပေး ဆောင်ရွက်မည် ဟု အလေးအနက် ပြောကြားခဲ့စဉ်က မြန်မာနိုင်ငံရှေ့ရေးအတွက် အမှန်တကယ် အားတက် ဝမ်းမြောက် ဖြစ်မိသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည် တိုင်းပြည်နှင့် ပြည်သူလူထု၏ ဂုဏ်သိက္ခာကို ပြန်လည်ဆယ်ယူ မြှင့်တင်ရေးအတွက်လည်း အလွန် အရေးသည်။

ယခု ဇွန် ၁ဝ ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အကျင့်ပျက်ခြစားခြင်း၊ လုပ်ပိုင်ခွင့်ကို အလွဲသုံးစား ပြုခြင်း နှင့် လူမျိုးစွဲ၊ ပါတီစွဲ ထားခြင်းများ မပြုလုပ်ကြဘဲ၊ နိုင်ငံတော်အတွက် အပြန်အလှန်ပူးပေါင်း လက်တွဲ ဆောင်ရွက် ကြရန်လိုကြောင်း  ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲတွင် အလေးအနက်ထား တိုက်တွန်းမှာကြားခဲ့ကြောင်းကြားသိရသဖြင့် နိုင်ငံ့ရှေ့ရေးအတွက် သတင်းကောင်းဟု ဆိုရပေမည်။

ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက  ဇွန် ၁ဝ ရက်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များသည် ကိုယ့်အလုပ်ကို ပိုင်ပိုင်နိုင်နိုင်သိရန်လိုအပ်ပြီး တစ်ဖက်နှင့် တစ်ဖက် ဝင်ရောက်စွက်ဖက်ခြင်း၊ သြဇာယူခြင်းများ မပြုလုပ်ကြရန် မှာကြားသည်ဟု Daily Eleven သတင်းအရ သိရ သည်။ ထို့ပြင် အချင်းချင်းအကြား သူ့စည်း ကိုယ့်စည်း စည်းခြားကြရန်၊ စည်းမခြားသည့်အတွက် ပွတ်တိုက်မှုဖြစ်တတ်ပြီး အချင်းချင်း ပဋိပက္ခဖြစ်ကာ စည်းလုံးညီညွတ်မှုများ ပျက်ပြားနိုင်ကြောင်း ပြောကြားသည်။ အချင်းချင်း သင့်မြတ်မှုမရှိပါက၊ လွှတ်တော်အခြေယိုင်ပြီး ဒီမိုကရေစီခိုင်မာမှုမရှိနိုင်ကြောင်း၊ လွှတ်တော်သည် ဒီမိုကရေစီ၏ အခြေခံဖြစ်၍၊ လွှတ်တော် ဖွဲ့စည်းပြီးမှသာ အစိုးရအဖွဲ့ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်းနှင့် အခြေခံမှစတင်ကာ တစ်ဦးနှင့်တစ်ဦး နားလည်မှုမရှိလျှင် ဒီမိုကရေစီခိုင်မြဲရန် မလွယ်သည်ကို နားလည်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

အထူးသဖြင့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ဝင်များအနေဖြင့် မိမိတို့ရရှိထား သော အဆောင်အယောင်နှင့် လစာချီးမြှင့်ငွေတို့အပေါ် သာယာမနေကြရန်၊ မိမိတို့၏ အနာဂတ် ယုံကြည်ချက်ဖြစ်သည့်   ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအပေါ်၌ အလေးဂရုပြုရန်၊ ဒီမိုကရေစီရရှိပြီး နိုင်ငံတွင် အဘက်ဘက်မှ  အားလုံး ပြည့်စုံမှသာ ပျော်မွေ့ကြရန် စသဖြင့်လည်း မှာကြားသည်ဟု ဆိုသည်။ ၎င်း၏ မှာကြားချက်များသည် လက်ရှိအခြေအနေ တွင် သတိပေးသင့် ပေးထိုက်သောကြောင့် သတိပေးနှိုးဆော်ခဲ့ပုံရပေသည်။ လွှတ်တော်ကိုယ်စားလှယ်ဆိုသည်မှာ ပြည်သူလူထုက ယုံကြည်သဖြင့် ၎င်းတို့၏ လုပ်ပိုင်ခွင့် (Mandate) များကို စုပေါင်း အပ်နှင်းခံရသူဖြစ်သည်။ ပြည်သူလူထု အကြည်ညိုပျက်စေမည့် အပြောအဆို အကျင့်အကြံ အပြုအမူတို့ကို အထူးဂရုစိုက် ရှောင်ကြဉ်ကြရန် ဝတ္တရားရှိပေသည်။

ပြည်သူလူထု၏ အကျိုးစီးပွား ပျက်ပြားစေမည့် ကိစ္စများကို ဟန့်တားပယ်ဖျက်၍၊ ပြည်သူလူထုအတွက် အကျိုးဖြစ်စေမည့် ကိစ္စများ စီမံကိန်းများကို ကြံဆ ဖေါ်ဆောင်ခြင်းဖြင့် တိုင်းကျိုးပြည်ကျိုးထမ်းရွက်ကြရပေမည်။ မထောက်မညှာဆိုရလျှင် လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရဝန်ကြီးများအစရှိသူများသည် ပြည်သူ့ဆန်စားနေကြသူများဖြစ်ပေသည်။ ထို့ကြောင့် ပြည်သူ့ ကျေးဇူးသစ္စာကို စောင့်သိကြရပေမည်။ ပြည်သူချီးမြှင့်သော ငွေကြေးရိက္ခာကို စားသုံးနေကြသည့် အလျောက် ပြည်သူ့စားဝတ်နေရေးဘဝကို ကောင်းသည်ထက် ကောင်းအောင် မြှင့်တင်ဆောင်ရွက်ပေးကြရန် တာဝန်ရှိ ပေသည်။ ဒီမိုကရေစီကျင့်စဉ်အရ ပြည်သူ့ထံမှ ချီးမြှင့်သည့် ခံစားပိုင်ခွင့်များကို ရရှိထားပြီဖြစ်၍ ပြည်သူကို အလုပ် အကျွေးပြုရမည့် တာဝန်ရှိပေသည်။

ယခုတလောတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပတ်သက်သည့် ဝေဖန်ပြောဆိုမှုများ မကြာခန ပေါ်ထွက်လျှက်ရှိရာ ကိုယ်စားလှယ်များအနေဖြင့် မိမိကိုယ်ကို ပြန်လည်သုံးသပ် ပြင်ဆင်မှုများ လုပ်နေကြရမည် ဖြစ်သည်။   ယခု ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ မှာကြားသည့် စကားများသည်လည်း တိုင်းပြည်အကျိုး ပြည်သူ့အကျိုးကို မျက်နှာမူရန် အဓိကထား ပြောကြားသည်ကို တွေ့ရသည်။ ညီညွတ်ရေးစိတ်ဓါတ်အခြေခံဖြင့် ကိုယ်စားလှယ်အချင်းချင်း တိုင်တိုင်ပင်ပင် ညှိညှိ နှိုင်းနှိုင်း ပူးပေါင်းဆောင်ရွက်ကြရန် ပြောသည်ကိုလည်း တွေ့ရသည်။ မိမိအကျိုး၊ မိမိပါတီ၊ မိမိလူမျိုး အကျိုးတို့ထက် ပြည်လူထုအားလုံးပါဝင်သော တိုင်းပြည်အကျိုးကို အပြန်အလှန်ယုံကြည်မှုဖြင့် ပူးပေါင်ဆောင်ရွက်ရန် မှာကြားထားသည် မှာလည်း ဒီမိုကရေစီ ဖက်ဒရယ်ရည်မှန်းချက်နှင့် ဆီလျော်သည်ဟု ဆိုရပေမည်။

“တိုင်းပြည်အတွက်၊ ပြည်သူလူထုအတွက် အားလုံးစည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်တာ မဟုတ်ဘဲနဲ့ သူ့အဖွဲ့ငါ့အဖွဲ့ ရန်ဖြစ်နေမယ်၊ ခြေထိုးနေမယ်ဆိုရင် အဲဒါက ကိုယ့်ဟာ ကိုယ် တော့ ဟုတ်တယ်ထင်နေတယ်။ ကိုယ့်စိတ်ထဲမှာတော့ မှန်တယ်တော့ ထင်နေတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန် အလှန်နားလည်မှု၊ ယုံကြည်မှုပေးပါ။ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ပါ။ ဘယ်အဖွဲ့အစည်းနဲ့မဆို ဘယ်ပုဂ္ဂိုလ်နဲ့မဆို ဒီမိုကရေစီကျင့်စဉ်မှာ လူမျိုး၊ ဘာသာစွဲ၊ ဘာမှမရှိဘူး။ အားလုံးတိုင်းပြည်ကို မျက်နှာမူပြီးတော့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုမယ်။ တချို့က Mild Set ချိန်းချင်တယ်။ တချို့ကမချိန်းချင်သေးဘူး။ မချိန်းချင်တဲ့ပုဂ္ဂိုလ်နဲ့ ချိန်းချင်တဲ့လူတွေကလည်း အတူတူ လက်တွဲလုပ်လို့ရတာပဲ။ လိုရင်းကို တစ်ရက်နဲ့ရောက်မှာ။ နှစ်ရက်သုံးရက်နဲ့ ရောက်တာပေါ့။ ဘယ်ပုဂ္ဂိုလ် ပါတီ အတွက်မှ ပြောတာမဟုတ်ဘူး။ တိုင်းပြည်အပေါ်မှာ ပြည်သူလူထုအပေါ်မှာ စေတနာထားပြီးတော့ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ပေးပါ။ ဒါကိုအလေးအနက် ကျွန်တော်ပြောကြားလိုပါတယ။် ကျွန်တော်တို့ဟာ ဂုဏ်သိက္ခာအတွက် အလုပ်လုပ်တာ၊ ကိုယ်ရမယ့် အလွဲသုံးစားလုပ်တာတို့၊ အကျင့်ပျက်ခြစားတာတို့၊ အဲဒီရိက္ခာနဲ့မလဲပါနဲ့။ ကိုယ့်ရဲ့သိက္ခာကို တော့ ရိက္ခာနဲ့မလဲပါနဲ့” ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားထားသည်ဟု အလဲဗင်းမီဒီယာသတင်း၌ တွေ့ရသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များအား လုပ်ပိုင်ခွင့်ကို အလွဲသုံးစားမပြုလုပ်ရန် အထူးမှာကြားခဲ့ သည့် အချက်မှာ အလွန်အရေးကြီးပေသည်။ မြန်မာနိုင်ငံသည် နှစ်ပေါင်း ၅ဝ ကျော် အကြီးအကျယ် အဂတိလိုက်စားခဲ့ သော နိုင်ငံဖြစ်သည်။ သို့ဖြစ်၍ ယနေ့နိုင်ငံရေးအလှည့်အပြောင်းကာလ၌ ရာထူးရှိသူ တာဝန်ရှိသူများ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားမလုပ်ရေးမှာ တိုင်းပြည်အတွက် အလွန်အရေးကြီးသော ကိစ္စဖြစ်ပေသည်။ ခေါင်ကစ မိုးမလုံခဲ့သော စစ်အာဏာရှင်ခေတ် မြန်မာနိုင်ငံတွင် ခေါင်မိုးကိုလုံအောင် ဖာထေးဖို့ ဘယ်တုံးကမှ စိတ်ကူးရှိခဲ့ပုံမရပေ။ ရာထူး နေရာဌာန ပေးအပ်လိုက်လျှင် မိမိကို နယ်စားပယ်စားပေးလိုက်သည်ဟု ယူဆခဲ့ကြပြီး၊ ပြည်သူ့ဘဏ္ဍာငွေကြေး၊ ပြည်သူ့မြေယာ၊  ပြည်သူ့တိုက်တာအိုးအိမ်၊ ပြည်သူ့သယံဇာတ အစရှိသည် တို့ကို အရှက်အကြောက်ကင်းမဲ့စွာ ရသမျှ ကြုံးယူသွားခဲ့ကြ သည်မှာ အံ့သြစရာပင်ဖြစ်ရသည်။

လုပ်နည်းလုပ်ဟန်များမှာလည်း လာဘ်ရမှ အလုပ်လုပ်ကြတော့သည်။ ထိပ်ပိုင်းခေါင်းဆောင်များ အကျင့်ပျက်ခြစားခြင်းမှ တဆင့်ပြီးတဆင့် အောက်ဆုံး ရုံးအကူအထိ လာဘ်ပေးမှ အလုပ်လုပ်ကြတော့သည်။ အဂတိလိုက်စားမှုသံသရာထဲတွင် သာယာနေကြတော့သည်။ ထို့ကြောင့် အမှုထမ်း အရာထမ်းအားလုံးလိုလိုမှာ လာဘ်ပေးမှ ဝန်ဆောင်မှုရမည်ဆိုသော အသိမျိုး ခေါင်းထဲ၌ စွဲနေကြတော့သည်။ လာဘ်စားမှုကို မွေးရာပါ အခွင့်အရေးပမာ မှတ်ထင်နေကြသော အမှုထမ်း/ အရာထမ်းများကို မည်သို့ပြုပြင်ပြောင်းလဲမည်နည်းဆိုသည့် ပြ ဿနာကို လက်ရှိ အစိုးရအဖွဲ့က အထူးစဉ်းစားရန်လိုပေ သည်။ မြန်မာနိုင်ငံသည် အဂတိလိုက်စားမှု၊ အကျင့်ပျက်မှုအဆိုးဆုံး နိုင်ငံစာရင်းထဲတွင်ပါလျှက်ရှိသည်။ နိုင်ငံပေါင်း ၁၇၆ နိုင်ငံအနက် မြန်မာသည် အဆင့် ၁၃၆ တွင် ရှိသည်ဟု Transparency International ၏ Corruption Perceptions Index  တွင် သတ်မှတ်ထားသည်။ ယခင်စစ်အစိုးရများခေတ်က ထိုထက်မက အဆင့်နိမ့်ကျပေသည်။

ထို့ကြောင့် မြန်မာနိုင်ငံ ဘက်ပေါင်းစုံ ဖွံ့ဖြိုးမှု နိမ့်ကျ ဆင်းရဲမွဲတေရသည့် အဓိက အကြောင်းရင်းများထဲတွင် အကျင့်ပျက် ခြစားမှု Corruption လည်းပါဝင်သည်။ အထူးသဖြင့် တရားစီရင်ရေးအပါအဝင် အစိုးရယန္တရားအတွင်း အဂတိလိုက်စားမှု အကျင့်ပျက်ခြစားမှုသည် အဆိုးဆုံးကိစ္စ ဖြစ်သည်။ နိုင်ငံတော်၏ စာရိတ္တမဏ္ဍိုင် ကြံ့ခိုင်ရေးအတွက် တရားရုံးများ၏ အဂတိလိုက်စားမှုကို စံနမူနာထား၍ တိုက်ဖျက်သင့်သည်။ ဤကိစ္စသည် ကောင်းမွန် သန့်ရှင်းသော အစိုးရတစ်ရပ် ပေါ်ထွန်းရေးနှင့်လည်း ဆက်စပ်နေသဖြင့် ဥပဒေပြုလွှတ်တော်အဆင့်ဆင့်က ဆက်လက် ထောက်ခံ အတည်ပြုပေးသင့် သည်။ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့များလည်း နိုင်ငံတကာစံများနှင့်အညီ စနစ်တကျ ဖွဲ့စည်း၍ မျက်နှာကြီးငယ် မလိုက်ဘဲ အရေးယူနိုင်ရန် တိကျခိုင်မာသော ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်ကြချိန် ရောက်ပေပြီ။ ပြည်သူ့ ဝန်ထမ်းများ ဖြစ်ကြသော အစိုးရအရာရှိများအတွက် စည်းမျဉ်း စည်းကမ်းများ စနစ်တကျ သတ်မှတ်ကာ လာဘ်ပေးလာဘ်ယူမှု လျော့နည်းပပျောက်ရေး ဆောင်ရွက်ကြရန်လိုပါသည်။

သုတေသီအချို့၏ အဆိုအရ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် လာဘ်ပေးလာဘ်ယူမှုများကို ပြန်လည်သုံးသပ်ကြည့်ရှုပါက  အစိုးရပိုင်းနှင့်  ဒေသဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်၏ လာဘ်စားမှုများရှိသကဲ့သို့၊ စီမံကိန်းလုပ်ငန်းများရရှိရန် လုပ်ငန်း ရှင်ကြီးများက အာဏာပိုင်အဆင့်ဆင့်နှင့် ဝန်ထမ်းများအား လာဘ်ထိုးခြင်းများ ရှိခဲ့သည် ဟုဆိုသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် လုပ်ငန်းရှင်ကြီးများ အခွန်ရှောင်နေသည့် ကိစ္စများအပါအဝင် ငွေကြေးခဝါချနေသည့် လုပ်ငန်းများကိုပါ စိစစ်အရေးယူသင့်ကြောင်း ထောက်ပြမှုများလည်း ရှိခဲ့သည်။ အဂတိလိုက်စားမှုဆိုသည်မှာ လူ့အဖွဲ့အစည်းအတွင်း တနည်းမဟုတ် တနည်းဖြင့် ဆက်လက် ခြေကုတ်ယူနေတတ်သည်ဖြစ်၍ အစိုးရအဖွဲ့အသီးသီးနှင့် လွှတ်တော် အသီးသီး က နိုးနိုးကြားကြား သတိရှိရှိ စဉ်ဆက်မပြတ် တိုက်ဖျက်ရန် စီစဉ်မှသာ  နိုင်ငံတော်ကို ဘက်စုံတိုးတက်ရေးအတွက် အထောက်အကူ ဖြစ်စေလိမ့်မည် ဖြစ်ပါသည်။

အစိုးရအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်မည်ဟု ဆုံးဖြတ်ချက်ချမှတ်ပြီးပါက စားပွဲပေါ်တွင် ဆုံးဖြတ်၊ စာရွက်ပေါ်တွင် မှတ်တမ်းတင်၊ သတင်းစာ မျက်နှာဖုံးတွင် သတင်းဖေါ်ပြရုံမျှနှင့် လုံလောက်မည် မဟုတ်ပါ။ တာဝန်ရှိ အစိုးရအဖွဲ့က ခိုင်မာ ပြတ်သားသည့် နိုင်ငံရေးသန္နိဋ္ဌာန် ချမှတ်ပြီး သူ့လူကိုယ့်လူ မခွဲခြားဘဲ၊ မျက်နှာကြီးငယ် မခွဲခြားဘဲ၊ ဘက်လိုက်မှု ကင်းရှင်စွာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မတီ တစ်ခုဖွဲ့ပေးရမည်ဖြစ်သည်။ ၎င်း ကော်မတီဝင်များ သည်လည်း အခြေခ့အားဖြင့် ကိုယ်ကျင့်သီလကောင်းသူများ ဖြစ်ရန်လိုသည်။ ကော်မတီက လိုအပ်လျှင် မည်သူ့ကိုမဆို စုံစမ်း စစ်ဆေးခွင့် ရရှိဖို့လည်း လိုသည်။ အစိုးရတစ်ရပ် အဂတိလိုက်မှု ကင်းရှင်းရေးအတွက် ခေါင်ကစ အမိုးလုံရမှာ ဖြစ်သည်။ အစိုးရ ယန္တရားအတွင်း တာဝန်ထမ်းဆောင် နေကြသူအားလုံး ဥပဒေ စည်းမျဉ်း စည်းကမ်း လိုက်နာကြဖို့လိုသည်။ အထူး သဖြင့် လုပ်ပိုင်ခွင့်ရှိသူ ခေါင်းဆောင်ပိုင်းက ကိုယ်ကျင့် သီလမပျက်ဖို့၊ သန့်သန့်ရှင်းရှင်း ဆုံးဖြတ် လုပ်ကိုင်ကြဖို့ လိုသည်။ သို့မှသာ အုပ်ချုပ်ရေး ယန္တရား အဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်နေကြသော အစိုးရအမှုထမ်း အရာထမ်း များ အဖို့လည်း စံနမူနာယူစရာ ဖြစ်မည်။ အာဏာအလွဲသုံးမှုများ ဖြစ်လာခဲ့လျှင်လည်း ကျောသားရင်သား မခွဲခြားဘဲ ဥပဒေ စည်းမျဉ်း စည်းကမ်းအတိုင်း တိတိကျကျ အားမနာတမ်း အရေးယူဖို့ လိုသည်။ ဤနည်းအားဖြင့် ဆောင်ရွက်နိုင် မှသာ မြန်မာနိုင်ငံတွင် ‘အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ’ အသက်ဝင်နိုင်မည်။ လာဘ်ပေးလာဘ်ယူအကျင့်ဆိုးကို  စနစ်တကျ ထိန်းချုပ်နိုင်မည်။ ထိုကဲ့သို့ အားမနာတမ်း အဂတိကင်းကင်း အရေးယူကိုင်တွယ်မှသာ ‘လွတ်လပ်သည့် တရားစီရင်ရေးစနစ်’ လည်း ပေါ်ထွန်းလာဖွယ်ရာရှိပြီး၊ ‘တရားဥပဒေစိုးမိုးရေး’ လည်း ပြန်လည်ဦးမော့လာနိုင်လိမ့်မည် ဖြစ်ပေသည်။ အရေးအကြီးဆုံး အချက်မှာ ပြည်သူ့ဆန်စားနေကြသူများအနေဖြင့် မိမိတို့၏ ကိုယ်ကျင့်သိက္ခာကို မိမိတို့ကိုယ်တိုင် တန်ဖိုးထား လေးစားကြရန် ဖြစ်သည်။ သိက္ခာကို ရိက္ခာနှင့် လဲမစားမိကြပါစေနဲ့ဟု အထူးတိုက်တွန်းနှိုးဆော်အပ်ပါသည်။