ဇင်လင်း ● အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးတို့အတွက် … လုံးဝ စစ်ရပ်စဲဖို့ လိုသည် …


ဇင်လင်း ● အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးတို့အတွက် … လုံးဝ စစ်ရပ်စဲဖို့ လိုသည် …
(မိုးမခ) ဇွန် ၁၆၊ ၂၀၁၇
.....
In war, whichever side may call itself the victor, there are no winners, but all are losers.
<Neville Chamberlain>
....

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေး ၆ ရက်ကြာကျင်းပ ပြီးစီးခဲ့ပြီဖြစ်သည်။ ညီလာခံတွင် ဆွေးနွေးခဲ့သည့် မူဝါဒဆိုင်ရာ အဆိုပြုချက်များအနက် ၃၇ ချက်ကို ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်း (၁) အဖြစ် ညီလာခံကိုယ်စားလှယ်များဖြစ်သည့် အစိုးရ၊ တပ်မတော်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များက သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြကြောင်း သတင်းတစ်ရပ် ထွက်ပေါ်လာခဲ့သည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးကို မေ ၂၄ ရက်မှ ၂၉ ရက်အထိ နေပြည်တော်တွင် ၆ ရက်ကြာ ပြုလုပ်ခဲ့သည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က အဆိုပြု တင်သွင်းလာသော မူဝါဒအဆိုပြုချက်များအပေါ် ကဏ္ဍအလိုက်၊ အစုအဖွဲ့အလိုက် ဆွေးနွေးပွဲများ အဆင့်ဆင့် ပြုလုပ်ကာ ရရှိလာသည့် အဆိုပြုချက်များကို ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်းအဖြစ် ရရှိခဲ့သည်ဟု မီဒီယာသတင်းများအရ သိရှိရသည်။

NLD အစိုးရ၏ ပဓါန ရည်မှန်းချက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်း ရေး ဖြစ်သည်။ NLD အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး လမ်းပြမြေပုံ ၇ ချက်ကို လေ့လာကြည့်ပါက ဒီမိုကရေစီနည်း မကျသော ဖွဲ့စည်းပုံကို ပြင်ဆင်မည်ဟု ကြေညာထားသည်။ ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မည် ဟု ပြည်သူလူထုအား ကတိပေးထားသည်။ ထို့ကြောင့် တိုင်းရင်းသားအားလုံး၏ သွေးစည်းညီညွတ်ရေးကို အထူးဂရုပြု စောင့်ထိန်းရမည်။ တိုင်းရင်းသား အချင်းချင်းအကြား လူမှုပဋိပက္ခများ လျော့ကျသွားစေရန် နိုင်ငံရေးနှင့်  စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ကွာဟချက်ကို အတတ်နိုင်ဆုံး ညီမျှလာစေရန် ညှိပေးရမည်။ ပြည်ထောင်စုအတွင်း နိုင်ငံရေးတည်ငြိမ်မှုနှင့် နိုင်ငံသားအခွင့်အရေးအာမခံချက်တို့ကို ဖန်တီးပေးနိုင်မှသာ လူမှုရေး စီးပွားရေးအရ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့် ရရှိလာ နိုင်မည်။  ပညာရေးနှင့် ကျန်းမာရေးအခွင့်အလမ်းများ တန်းတူခံစားခွင့် ရရှိနိုင်မည်။ သို့မှသာ တိုင်းရင်းသားအချင်းချင်း အကြား နားလည်မှုနှင့် ယုံကြည်မှုများ တိုးတက်ဖြစ်ထွန်းလာနိုင်ပြီး၊ မာနနှင့် အာဃာတများ လျှော့ချနိုင်မည် ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေး မတည်မငြိမ် ဖြစ်နေရခြင်းသည် နိုင်ငံရေး တည်ငြိမ်မှု မရှိခြင်းနှင့် တိုက်ရိုက် အချိုးကျ နေသည်။ တနည်းပြောရလျှင် ပြည်တွင်းစစ် မရပ်နိုင်ပါက တိုင်းရင်းသားစည်းလုံးညီညွတ်ရေး မရရှိနိုင်သဖြင့် ငြိမ်းချမ်းရေး လည်း အလှမ်းဝေးနေဦးမည်။ တိုင်းပြည် မငြိမ်းချမ်းသမျှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုလည်း နှေးကွေးလေးလံနေ ဦးမည် သာဖြစ်သည်။ တောမီးလောင် တောကြောင် လက်ခမောင်းခတ် ဆိုသကဲ့သို့ ပြည်တွင်းစစ် ဖြစ်နေသမျှ၊ မူးယစ် ဆေးဝါး ရောင်းဝယ်ဖေါက်ကားမှုကလည်း ဆက်လက်ကြီးထွားနေမည်ဖြစ်သည်။ ၎င်းအပြင် သစ်၊ ကျောက်စိမ်း အပါအဝင် ရွှေ၊ ငွေ၊ ခဲ စသည့် သယံဇာတ တရားမဝင် ရောင်းဝယ်နေမှုများ၊ လူကုန်ကူမှုနှင့် အခြား တရားမဝင် ဒုစရိုက် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးလာမည်ဖြစ်သည်။ သို့ဖြစ်၍ ဥပဒေနှင့် ဆန့်ကျင်သော လုပ်ငန်းများဆီမှ  ငွေမည်း ထုထည် ပမာဏ အများအပြား ပင်မစီးပွားရေး လည်ပတ်မှုဖြစ်စဉ်ထဲသို့  စီးဝင်နေမည်ဖြစ်သည်။ ၎င်း ငွေမည်းများကို ခဝါချရန် ဒုစရိုက်စီးပွားရေးသမား များက ကြိုးစားကြမည် ဖြစ်သည်။ ထို့ကြောင့် စီးပွားရေးဖွံ့ဖြိုးမှုနှုန်း(GDP) တိုးတက်ဖို့ထက် ငွေကြေးအဆမတန်ဖေါင်းပွမှု ဖြစ်ဖို့က ပိုပြီး သေချာသည်။


နှစ်ပေါင်း ၇ဝ နီးပါးကြာမြင့်နေခဲ့သည့် ပြည်တွင်းစစ်ကို မရပ်စဲနိုင်ခြင်းသည် စီးပွားရေးဆုတ်ယုတ်ရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်သည်။ အစိုးရက ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို ရည်မျှော်ကြိုးပမ်းနေပါလျှက် နိုင်ငံ့ကာကွယ်ရေးတာဝန်ကို ယူထားသည့် တပ်မတော်က ပြည်သူ့ဘဏ္ဍာငွေကို အလျှံပယ် သုံးစွဲကာ တိုင်းရင်းသား ဒေသများတွင် အဘယ်ကြောင့် စစ်ပွဲများဆက်လက်ဆင်နွှဲနေရသနည်း ဆိုသည့် မေးခွန်းကလည်း စစ်မရပ်စဲနိုင်သည့် အကြောင်းရင်းများတွင် ပါဝင်နေသည်။ နိုင်ငံတကာမြန်မာ့သတင်း (BNI) ၏ မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ် စောင့်ကြည့်ရေး (Myanmar Peace Monitor) အစီရင်ခံချက်အရ ၂ဝ၁၆ ခုနှစ်အတွင်း လက်နက်ကိုင် ပဋိပက္ခ အကြိမ်ရေ (၂၇၈)ကြိမ် ဖြစ်ပွားခဲ့ပြီး၊ စစ်ရေး ပဋိပက္ခများ ကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်သူ ဦးရေ ၃၈,၅ဝဝ နှင့်အထက် ရှိသည်ဟုဖေါ်ပြခဲ့သည်။ ၎င်း သတင်း အချက်အလက်များကို ထောက်ရှုပါက၊ ပြည်သူတို့၏ စိတ်မချမ်းမြေ့မှုများကို ဘက်အသီးသီးမှ စစ်ရေး တာဝန်ခံများနှင့် တကွ အစိုးရအဖွဲ့မှ အဆင့်ဆင့် တာဝန်ရှိသူတို့ နားလည်သိရှိလိမ့်မည် ထင်ပါသည်။

ယခုပြုလုပ်ခဲ့သည့် ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံ ဒုတိယအစည်းအဝေးတွင် နိုင်ငံရေးကဏ္ဍမှ မူဝါဒအဆိုပြုချက် အချက် ၂ဝ ရှိသည့်အနက် သဘောတူချက် ၁၂ ချက်၊ စီးပွားရေးကဏ္ဍမှ မူဝါဒ အဆိုပြုချက် ၁၁ ချက်၊ လူမှုရေးကဏ္ဍမှ မူဝါဒ အဆိုပြု ချက် ၄ ချက်၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍမှ မူဝါဒအဆိုပြုချက် ၁ဝ ချက် စုစုပေါင်း မူဝါဒ အဆိုပြု ချက် ၃၇ ချက်ကို သဘောတူခဲ့ခြင်းဖြစ်ကြောင်း Daily Eleven သတင်း၌ ဖေါ်ပြသည်။ အဆိုပါ သဘောတူညီချက်များ သည် NCA စာချုပ် အပိုဒ် ၂ဝ (င) အရ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁) အဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးတွင် အစုအဖွဲ့ အသီးသီး၏ ခေါင်းဆောင်များနှင့် အသိသက်သေများက လက်မှတ်ရေး ထိုးခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးသို့ အစိုးရ အကြီးအကဲများ၊ အစိုးရ ကိုယ်စား လှယ်များ၊ တပ်မတော် အကြီးအကဲများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ၊ DKBA အဖွဲ့နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ညီလာခံကိုယ်စားလှယ် ၇ဝဝ တက်ရောက်ခဲ့ပြီး အခြားနိုင်ငံရေး လေ့လာစောင့်ကြည့်သူများနှင့် အရပ်ဘက်လူမှု အဖွဲ့ အစည်းများမှ လေ့လာသူ ၁၂ဝ ကျော် တက်ရောက်ခဲ့သည်ဟု သတင်းများတွင်တွေ့ရသည်။

ထို့ပြင် ညီလာခံပထမနေ့ဖြစ်သည့် မေ ၂၄ ရက်တွင် NCA လက်မှတ်ရေးထိုးမှု မရှိသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ဖြစ်သည့် 'ဝ' လက်နက်ကိုင်အဖွဲ့ UWSA ၊ ကချင်လက်နက်ကိုင်အဖွဲ့ KIA ၊ ရှမ်းလက်နက်ကိုင်အဖွဲ့ SSPP ၊ မိုင်းလား လက်နက်ကိုင်အဖွဲ့ NDAA ၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ၊ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့က အစိုးရ၏ အထူးဖိတ်ကြားသူများအဖြစ် တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ နိုင်ငံရေး လမ်းပြမြေပုံအဆင့် (၄) အရ ကျင်းပခြင်းဖြစ်ပြီး ယခုပြုလုပ်သည့် ‘တတိယအကြိမ်ညီလာခံ’  ‘၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေး’ တွင် ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်းတစ်ရပ်အား သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ သည်။ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံ အစည်းအဝေး၌ ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်းအဖြစ် လက်မှတ် ရေးထိုးနိုင်ခဲ့သော သဘောတူညီချက်များသည် အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည် ထောင်စုပေါ်ထွန်းရေးတို့အတွက် အရေးကြီးသည့် ခြေလှမ်းဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က အစည်အဝေးနောက်ဆုံးနေ့ အပိတ်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ - ရာစုပင်လုံ ဒုတိယအကြိမ် အစည်အဝေးနောက်ဆုံးနေ့ အပိတ်မိန့်ခွန်းတွင် ညီလာခံရလဒ်အဖြစ် သဘောတူ ညီချက်အချို့ ရရှိခဲ့ခြင်းနှင့် စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ဆိုခဲ့သည်။

“ပထမဆုံးအနေနဲ့ ပြောချင်တာကတော့ ဒီကနေ့ လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ သဘောတူညီချက်တွေဟာ အမျိုးသား ရင်ကြား စေ့ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး လမ်းကြီးအပေါ် လျှောက်လှမ်းလိုက်တဲ့ အရေးကြီးတဲ့ခြေလှမ်းကြီးဖြစ်ပါတယ်၊ ဒီခြေလှမ်းလှမ်းနိုင်ဖို့ သဘောတူညီချက်တွေကို လွယ်လွယ်ကူကူရရှိခဲ့တာတော့ မဟုတ်ပါဘူး၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ စိတ်ဓါတ်ကျစရာတွေ စိတ်တက်ကြွ စရာတွေ ကျော်ဖြတ်ပြီးမှ အခုလိုရရှိခဲ့တာ ဖြစ်ပါ တယ်။ သဘောထားကွဲလွဲမှုတွေ၊ ရှုမြင်ချက်ကွာခြားမှုတွေ အမျိုးမျိုး ရှိခဲ့ကြပေမယ့်လည်း ဘုံတူညီတဲ့ သဘောထား အမြင် တွေ ဖြစ်လာအောင် ဆွေးနွေးငြင်းခုန် ညှိနှိုင်းနိုင်ခဲ့ကြတာဟာ အင်မတန်မှ အားတက်ဖွယ်ရာ ကောင်းလှပါတယ်။ တွေ့ဆုံ ဆွေးနွေးခြင်းမှတစ်ဆင့် အနာဂတ် မျိုးဆက်သစ်တွေအတွက် အရေးကြီးလှတဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ် အခြေခံ အုတ်မြစ် တည်ဆောက်တဲ့ လုပ်ငန်းစဉ်ကို စတင်နိုင်ခဲ့တာဖြစ်တဲ့ အတွက်လည်း ဂုဏ်ယူဖွယ်ရာ ကောင်းလှပါတယ်။ တိုင်းရင်းသား ပြည်သူတွေ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ရတဲ့ ငြိမ်းချမ်းရေးအိပ်မက်ဟာ ပထမဆုံးအနေနဲ့ ကောက်ကြောင်းတွေ စတင် ရေးဆွဲနိုင်ခဲ့ပါပြီလို့ ပြောနိုင်ပါတယ်။”

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့ ဘယ်အထိလျှောက်ရဦးမည် မသိနိုင်သေးကြောင်း၊ နေ့စဉ် နေ့တိုင်း စွန့်စားမှုများကို ရင်ဆိုင်နေရသည့် မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးရရှိရန် ဘယ်လိုစွန့်စားမှုမျိုးကိုမဆို ကြောက်ရွံ့ နောက်တွန့်မနေသင့်ကြောင်း၊ ကမ္ဘာကြီးက မိမိတို့နိုင်ငံကို စောင့်နေမှာ မဟုတ်ကြောင်း၊ နိုင်ငံတကာ တိုးတက်ပြောင်းလဲ မှုများက မိမိတို့ ပြည်ထောင်စု၏ မျိုးဆက်သစ်ကို စောင့်ဆိုင်းငဲ့ညှာနေမည် မဟုတ်ကြောင်း၊  မိမိတို့ ယနေ့စိုက်ပျိုးသမျှ အသီးအပွင့်များကို နောင်လာနောက်သားများ ခံစားကြရမှာ ဖြစ်ကြောင်း၊ နောင်နောက်သားများ၏ လက်ထဲတွင် မိမိတို့ နိုင်ငံကို ထားခဲ့ရမှာဖြစ်ကြောင်း၊ ပြည်တွင်းစစ်နှင့်အတူ ထားခဲ့ကြမည်လားဟု စဉ်းစားကြဖို့လိုကြောင်း၊ မိမိတို့လက်ထက် တွင် စွန့်လွှတ် စွန့်စား၍ ချလိုက်သည့် အုတ်မြစ်အပေါ်တွင် နောင်လာမည့် သား၊ သမီး၊ မြေး၊ မြစ်များက ခိုင်မာ တင့်တယ်သော နိုင်ငံတော်ကြီးကို ဆက်လက်တည်ဆောက်၊ မွန်းမံသွားကြစေလိုကြောင်း၊  ယခု ညီလာခံကြီးတွင် ပါဝင်မလာကြသေးသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကိုလည်း အတူတစ်ကွ ပူးပေါင်း လက်တွဲကာ သမိုင်း တွင်ကျန်ခဲ့မည့် လုပ်ငန်းစဉ်ကြီး၌ ပါဝင်ကြရန် အလေးအနက် ဖိတ်ခေါ်ပါကြောင်း စသဖြင့် ပြောကြားသွားသည်။

နိုင်ငံတည်ဆောက်ခြင်းလုပ်ငန်းဆိုသည်မှာ အဆုံးမရှိသော လုပ်ငန်းစဉ်ဖြစ်၍ တစ်ဆင့်ပြီးသည်နှင့် နောက်တစ်ဆင့်ကို စရမည်ဖြစ်ကြောင်း၊ ဤ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ ၂၁-ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးမှတဆင့်  မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရှာပုံတော် လမ်းကြောင်းပေါ်၌ နောက်တစ်လှမ်း လှမ်းတက်ခဲ့ပြီဟုလည်း ဒေါ်အောင်ဆန်းစုကြည်  က ဆိုခဲ့ပြီး၊ ယခု အစည်းအဝေးပြီးဆုံးခြင်းသည် ငြိမ်းချမ်းသော ဖယ်ဒရယ် ပြည်ထောင်စုဆီသို့ ဦးတည်လိုက်သည့်  နောက် ခြေတစ်လှမ်း၏ အစကို သတ်မှတ်လိုက်ခြင်း ဖြစ်သည်ဟုလည်း ပြောကြားခဲ့ပါသည်။

သို့သော်လည်း အခြားတစ်ဖက်တွင် “နိုင်ငံတော်၏ နယ်မြေအပိုင်းအခြားဟူသမျှ နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက် ရ” ဆိုသည့် အချက်နှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းရာတွင် အဖြေ မရရှိ သောကြာင့် ယင်းအချက်ကို ယခု ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၌ တင်သွင်းနိုင်တော့မည်မဟုတ်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောကြားခဲ့ကြောင်း လွတ်လပ်တဲ့အာရှအသံသတင်းက ဖေါ်ပြခဲ့သည်။ ခွဲမထွက်ရဆိုသည့် အချက်ကို တိုင်းရင်သားလက်နက်ကိုင် အဖွဲ့အစည်းများဘက်က လက်ရှိအချိန်တွင်  မထည့်သွင်းစေ လို သောကြောင့် သဘောတူညီမှု မရခဲ့ကြောင်း ဦးဇော်ဌေး က ဆိုသည်။

ယင်း အချက်နှင့် ပတ်သက်၍ ညီလာခံ အစည်းအဝေးအတွင်း၌သာမက ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီအစည်းအဝေးမှာပါ ဆွေးနွေးခဲ့ကြသော်လည်း ညှိနှိုင်းမရရှိခဲ့ဟု သိရသည်။ နိုင်ငံရေးကဏ္ဍတွင် ဆွေးနွေးခဲ့သည့် ၂၁ ချက် အနက် ၁၂ ချက်ကို သဘောတူ ညှိနှိုင်းနိုင်ခဲ့ကြောင်း ဦးဇော်ဌေးက ဆိုသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ အစည်းအဝေး၏ နိုင်ငံရေးကဏ္ဍ ဆွေးနွေးမှုတွင်ပါဝင်သည့် “နိုင်ငံတော်၏ နယ်အမြေအပိုင်းအခြားဟူသမျှ နိုင်ငံတော်မှ မည်သည့်အခါမှခွဲမထွက်ရ” ဆိုသော အချက်ကို မထည့်သင့် ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ နိုင်ငံတော်၏ နယ်မြေ အပိုင်းအခြားဟူသမျှ နိုင်ငံတော်မှမည်သည့်အခါမှ ခွဲမထွက်ရဆိုသည့် အချက်သည် ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်၊ ပင်လုံစိတ်ဓာတ် စသည်တို့နှင့် လုံးဝဆန့်ကျင်နေကြောင်း၊ လွတ်လပ်ရေး ဖခင်ဖြစ်သူ ဗိုလ်ချုပ် အောင်ဆန်း၏ ပြည်ထောင်စုမူနှင့် ဆန့်ကျင်နေသဖြင့်၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ပျက်ပြားစေ နိုင်ကြောင်း လည်း SNLD ပါတီ၏ ကြေညာချက်တွင် ဖေါ်ပြထားသည်ဟု RFA မြန်မာသတင်း၌ ဖေါ်ပြထားသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ ပြည်တွင်းစစ်သည် လွတ်လပ်ရေးနှင့် ဖွားဖက်တော်ဟုပင် ဆိုနိုင်သည်။ နောက်နှစ်ဆိုလျှင် ပြည်တွင်းစစ် နှစ်ပေါင်း ၇ဝ ပြည့်တော့မည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများအပြား ပျောက်ကွယ်ခဲ့ကြပြီးဖြစ်သကဲ့သို့ အဖွဲ့သစ် အများအပြားလည်း ပေါ်ထွက်ခဲ့သည်။ ဤ ဆယ်စုနှစ် များစွာအတွင်း တပ်ဖွဲ့အသီးသီးမှ စစ်သည်များ၊ နေရာဒေသ အသီး သီးမှ အပြစ်မဲ့ ပြည်သူပြည်သားများ၊ သိန်းဂဏန်းမျှမက သန်းဂဏန်းနီးနီး သေကြေပျက်စီးခဲ့ရပြီ။ အိုးအိမ်မြေယာ ပစ္စည်းဥစ္စာ တန်ဖိုးအားဖြင့်လည်း ကုဋေကုဋာမျှမက ဆုံးရှုံးခဲ့ရပြီ။ အမှန်ဆိုရလျှင် ယခု ငြိမ်းချမ်းရေးညီလာခံသည် တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး (NCA) သဘောတူချက်အပေါ် အခြေခံပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ခွဲရေး တွဲရေးထက် လုံးဝစစ် ရပ်စဲရေး (Comprehensive Ceasefire) က ပိုအရေးကြီးသည်။

တိုင်းပြည်လူထုမှာ စစ်စရိတ် ထောင်းသဖြင့် ဆင်းရဲမွဲတေမှုနွံထဲ နစ်နေရသည်ကို စစ်ခေါင်းဆောင်တို့သတိပြုမိကြဖို့ကောင်း သည်။ ထို့ကြောင့် ပြည်သူလူထုမျှော်လင့်တောင့်တနေသည်က မိမိအိုးအိမ် မြေယာပေါ်တွင် အေးအေးချမ်းချမ်း လုပ်ကိုင် စားသောက် နေထိုင်လိုကြခြင်း ဖြစ်သည်။ အကြောက်တရားကင်းကင်း အေးချမ်းစွာ အိပ်စက်နားနေလိုကြသည်။ သို့ဖြစ်၍ ပြည်သူတို့အဖို့ စစ်ပွဲများ အမြန်ရပ်ရေးက ပဓါနကိစ္စဖြစ်သည်။ ခွဲရေးတွဲရေးက နောင်လာမည့် ဆွေးနွေးပွဲ အဆင့်ဆင့်တွင် ဆက်လက်ညှိနှိုင်းနိုင်သည်။ လိုအပ်လျှင် ပြည်နယ်အလိုက် လူထုဆန္ဒခံယူပွဲများလုပ်မည်ဆိုလျှင်လည်း နောက်မကျ သေး။ ထို့ကြောင့် နောင်နောက်သားများကို ပြည်တွင်းစစ် အမွေပေးခဲ့ကြမည်လား၊ သို့မဟုတ် ငြိမ်းချမ်းရေးအမွေ ပေးခဲ့ကြမည်လား ဆိုသည်ကို အလေးအနက် စဉ်းစားဆုံးဖြတ်ကြဖို့ လိုနေပြီဟု ထင်ပါသည်။


Photo credit : Asian Correspondent