မင်းကိုနိုင် ● အကောင်းဆုံး လက်ဆောင်

မင်းကိုနိုင် ● အကောင်းဆုံး လက်ဆောင်
(မိုးမခ) ဇွန် ၁၀၊ ၂၀၁၇

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။ 
 
ကျနော်ငယ်စဉ် နို့မပြတ်နိုင်သေးခင် အမေကပြောသည်။ နို့ဖြတ်ရမယ်၊ အဲဒီအတွက် သားကို လက်ဆောင်ပြန်ပေးမယ်တဲ့။ ဘယ်လိုဟာမျိုးလည်းတော့ မပြော၊ သားကြိုက်မှာပါဟုတော့ အာမခံသည်။ ကျနော်လည်း အမေ့နို့ချိုအစား ကော်ဖီကိုသာ မဲ့ရှုံ့ရှုံ့သောက်ရတော့သည်။ များမကြာမီ ကျွန်တော်လိုချင်နေသော လက်ဆောင်ကို အနှီးပိတ်ထဲတွေ့ရတော့သည်။ ကျွန် တော်သေချာမှတ်မိတာ တစ်ခုရှိသည်။ လပေါင်းများစွာ ကြာသည်အထိ အမြဲတမ်း လက်မကလေးစုပ်ကာ တိတ်တဆိတ် နေတတ်သော၊ ကျနော်ချော့မြူလျှင် လက်ကလေးတစ်ဖက်မြှောက်တက် တုံ့ပြန်သော်လည်း ကျန်တစ်ဖက် လက်မကလေး စုပ်ကာ ပျော်နေတတ် သောညီမလေး။ ထိုကာလများက အမေပေးသမျှထဲ ကျနော့်အတွက် အကောင်းဆုံးလက်ဆောင် ဖြစ်ခဲ့ပါ၏။

လူတိုင်းလက်ဆောင်ရဖူးကြစမြဲ၊ အသင်လည်း ပါသည်။ မွေးနေ့လက်ဆောင်၊ အမှတ်တရလက်ဆောင်၊ ခရီးပြန်လက်ဆောင်၊ လက်ဆောင်တွေ များပါဘိ။ ထိုအထဲဘယ်လက်ဆောင်ကို အကြိုက်ဆုံးလဲ။ မှတ်မိသမျှထဲမှာကိုယ်ရဖူးတာဖြစ်စေ၊ သူတစ် ပါးရတာဖြစ်စေ အကောင်းဆုံးလက်ဆောင်ဆိုတာ ဘာဖြစ်မလဲ။

လက်ဆောင်ဆိုတာ လူ့ယဉ်ကျေးမှု တစ်မျိုးဖြစ်သည်မို့ ချစ်စရာကောင်းသော ဓလေ့ဟု ဆိုနိုင်ပါလိမ့်မည်။လုပ်ပိုင်ခွင့် အရှိန် အဝါရှိသူထံ မျှော်ကိုးမှုဖြင့်ပေးသော လာဘ်လာဘ တံစိုးလက်ဆောင်ဆိုတာမျိုးအား ယခုစာစု၌ မရည်ညွှန်းလိုပါ။ သန့်စင် သော လက်ဆောင်မျိုးကိုသာ ဆိုပါစို့။
#.......#........ #

မိတ်ဆွေတစ်ဦးက ပြောပြသည်။ အထက်အညာဒေသရှိ အာခေါင်ကွဲ နှုတ်ခမ်းကွဲ ကလေးများကို ခွဲစိတ်ပြုပြင်ပေးသည့်ဆရာဝန်ကြီးအကြောင်း။ ထို့အပြင် နောက်ထပ် ခွဲစိတ်ပြုပြင်ပေးရသော ကလေးများ ရှိသေးသည်။ မျက်ခုံးနှစ်ဖက်ကြားနှာယောင်ပေါ်ဖုဖောင်းထွက်နေသည့် ကလေးများပင်။ ထိုနှစ်မျိုးစလုံးသော ကလေးတို့ ခွဲစိတ်ပြုပြင်အပြီး နောက်ထပ် လက် ဆောင်ပေးဖို့ စဉ်းစားသည်တဲ့။ ကျနော်က အတွေးထဲ ကြားဖြတ်ဝင်မေးမိသည်။ ဆရာကြီးနှယ် အကောင်းဆုံးလက်ဆောင်က ပေးပြီးပြီလေ။ သူများနည်းတူ မျက်နှာမျိုးရအောင် ခွဲစိတ်ပြုပြင်ပေးပြီးပြီပဲ။ ဒီထက် ကောင်းတာရှိအုံးမလားဟူ၍။

မိတ်ဆွေက ဆက်ရှင်းပြသည်။

“ဆရာဝန်ကြီးက နောက်ထပ်လက်ဆောင်ပေးချင်သေးတာဗျ၊ သူတို့အတွက် ခွဲစိတ်ပြီးတာနဲ့ အသုံးတည့်မယ့် လက်ဆောင် ပေါ့ဗျာ” ဟူ၍ ကျနော့်အား စဉ်းစားခိုင်းသည်။

အရေးထဲ ကျနော်က ဝေးနေသေး၏။ အရုပ်တွေ မုန့်တွေ လျှောက်စဉ်းစားသည်ကိုး။ ကျနော်၏အကြံတုံးဉာဏ်တုံးအတွေးကို မိတ်ဆွေကပင် မီးထွန်းပြလိုက်သည်။

“ဒီလိုဗျာ နှုတ်ခမ်းကွဲကလေးတွေခမျာ အရင်က ရဲရဲတောင်မပြုံး မရယ်ဝံ့ဘူးလေ၊ ခုမှဖြစ်သွားတော့၊ ခွဲစိတ်ပြီး မိန်းကလေးတွေ အတွက် နှုတ်ခမ်းနီဆေးတောင့်လေးတွေပေးလိုက်တာ”

ဟုတ်လိုက်လေဟု ကျနော် အားတက်သရော ထောက်ခံမိသည်။ အကောင်းဆုံးလက်ဆောင်ပဲဟု ရေရွတ်မိပါသည်။

“ဒါနဲ့ ဟိုနှာယောင် ထိပ်ဖုခွဲရတဲ့ ကလေးတွေကျတော့ကော”

“နေကာမျက်မှန် တစ်လက်စီပေါ့ဗျာ”

“ဘယ်လိုဗျ”

“အို၊ သူတို့မှာ ဒီဖုရှိနေလို့ တစ်ခါမှ မျက်မှန်မတပ်ခဲ့ရဖူးလေ”

“သြော်… ဟုတ်သား၊ ဒါလည်း အကောင်းဆုံးလက်ဆောင်ပဲ”
#... # ....#

အကောင်းဆုံးလက်ဆောင်ဆိုတာ ဘယ်လိုဟာဖြစ်မလဲ၊ ကာယကံရှင်အတွက် ထိုအချိန်မှာ အသုံးအတည့်ဆုံးပစ္စည်းလား။ ဘဝမှာ အချိန်အကြာဆုံး အကျိုးရှိစေမည့်အရာမျိုးလား။ သန့်စင်သော လက်ဆောင်မွန်တွေ ပေးနေကြသည့် လူ့လောကထဲ ကျနော် စဉ်းစားနေမိပါသည်။ ကျနော့်ပတ်ဝန်းကျင်ကိုလည်း သတိထားကြည့်မိသည်။ အစားကြိုက်သူထံ အစားလက်ဆောင်၊ အဝတ်အစားအသုံးအဆောင်ကြိုက်သူအတွက် နာမည်ကြီး တံဆိပ်ပါသည့် လူသုံးကုန်များ၊ ဒီလိုဦးစားပေးစဉ်းစားလေ့ရှိကြသည်။မှားတယ်ဟုလည်း မဆိုနိုင်။ အကောင်းဆုံးလက်ဆောင်ဖြစ်ရဲ့လားဟု မေးချင်နေသည်။ ကျနော့်မိတ်ဆွေကတော့ ပြောသည်။ ကာယကံရှင်ကြိုက်တဲ့ဟာ ပေးတာပဲဗျာ၊ အကောင်းဆုံးဆိုတာ အတော်တွေးစရာကောင်းတဲ့ကိစ္စဟူ၍။
#....# ..... #

သူများတွေအတွက်တော့ ကျနော် မသိ၊ ကိုယ့်ဘာသာပြန်စဉ်းစားတော့ ငယ်ဘဝကရသော လက်ဆောင်များကိုသာ စွဲလမ်း ၏။ ထိုအရာများမှာ အသုံးအဆောင်ဟုမဆိုနိုင်သည့် အရာများဖြစ်မည်။ အစောဆုံး မှတ်မိသည်ကဆိုခဲ့သည့်အတိုင်း အမေ ပေးသော လက်ဆောင်။ နောက်တော့ ကလေးကဗျာ၊ ကလေးစာအုပ်များ၊ ဒါတွေကဘာတွေရသတုံးဆိုတော့ ကျနော် တို့အတွက် ကြည်နူးစိတ်လှုပ်ရှားစရာတွေ အများဆုံး ပါသည်။ဒီမှာတင် ကျနော်ကလေးဘဝက တနင်္ဂနွေ နေ့လယ်တိုင်း ရေဒီယိုမှ ထုတ်လွှင့်နေကျ ပုံပြင်လက်ဆောင်ဆိုသည့်အစီအစဉ်ကို ပြန်သတိရပါသည်။ ထောင့်ချိုးအကွယ်မှာမမျှော်လင့်ဘဲ ဘွားကနဲ ပြန်ဆုံရသည့် ငယ်သူငယ်ချင်းလိုပင်။

ကျနော်တို့ငယ်စဉ်က ကလေးသဘာဝပုံပြင် အလွန်ကြိုက်သည့် အရွယ်။ ရုပ်ဝတ္ထုများလည်း အလျှံပယ်ကြွယ်ဝသော ခေတ် မျိုးမဟုတ်၍ ထိုအစီအစဉ်ကို လက်မလွှတ်စတမ်း နားထောင်ခဲ့ရသည်။ "မောင်ညီမလေးတို့ရေ…" ဟု အစချီလျှင် ပျော်မ ဆုံးပြီ။ ထိုပုံပြင်တွေထဲမှာပင် ကျနော်တို့ဆင်ခြင်စရာ၊ သင်ယူစရာတွေ မြင်ခဲ့ရခဲ့ကြသည်။

ဆက်ပြီးတော့ သီချင်း၊ ကဗျာ၊ စာပန်းချီတွေအကြောင်း တွေးမိပါသည်။ သန့်စင်သော စိတ်ဖြင့် ကမ္ဘာမြေနှင့် လူသားသတ္တဝါ များကို ချစ်ခင်သော နှလုံးဖြင့် ရေးဖွဲ့ခဲ့ကြသောစာကဗျာ သီချင်းတွေမှာ လူအများအတွက် လက်ဆောင်တွေပဲမဟုတ်ပါလား။ ထိုအနုပညာ စာပေများမှရလိုက်သည့်စိတ်နှလုံး သဘောထားတွေကပင် ကျနော်တို့အတွက်အမြင်အတွေးတွေကို တည့် မတ်ပေးခဲ့၊ လောကကို မြတ်နိုးတွယ်တာစေအောင် သင်ပေးခဲ့သည်ဟု ယုံကြည်ပါသည်။ မြေနီလမ်းနံဘေး တွေ့နေကျ ပု ဏ္ဏားရိတ်ပန်းချုံလေးသည်ပင် စာကဗျာထဲတွင် ကမ္ဘာကြီးကို အလှပြင်ပေးနေသည့်ဖန်တီးရှင်ဖြစ်နေတတ်တာ ကျနော် သ တိပြုမိလာသည်။ ထိကရုန်းပင်လေးမှ အရွက်တွေ ထပ်လျက် ပိတ်သွားပုံမြင်ပြန်တော့ အိနြေ္ဒကြီးသော မိန်းမလှ မျက်လွှာ ချလိုက်သလို ကျနော်တို့ စိတ်ထဲခံစားတတ်လာသည်။ သဘာဝတရားက ပေးထားသော လက်ဆောင်တွေအပေါ် ကျွန်တော် တို့ အမှုမဲ့ အမှတ်မဲ့နေမိတာ ကြာပြီ၊ များပြီဟုဝန်ခံချင်သည်။

ဟိုတစ်နေ့က ပုဂံမြို့သစ်မှာကျနော်တွေ့ခဲ့သည်။ စာထီးကစာဗူးတောင်းသိုက်ကို တပင်တပန်းဆောက်ပြီး သူ့ချစ်သူငှက် မလေးကို ခေါ်ပြသည်တဲ့။ ကျနော်ကြည့်သော်စာဗူးတောင်းသိုက်က အောက်ဘက်မှသာ ဝင်လို့ရတာတွေ့ရသည်။ စာမက လေးက ထိုအပေါက်မှ ဝင်ကြည့်ခဲ့သည်ဟု အိမ်ရှင်ကပြောပြသည်။ ဝင်ကြည့်ပြီး သဘောကျမှထိုစာထီးကို လက်ခံကာ ဤအသိုက်မှာလာနေမှာဟုလည်းရှင်းပြပါ၏။
.
နားထောင်သူတွေက ကြားက ပူပန်ကြရသည်။ ငှက်မလေးက ဗိသုကာလက်ရာကို သဘောကျရဲ့လားဟု။ သို့မဟုတ်ချစ်သူ့ လက်ဆောင်ကို နှစ်သက်ရဲ့လားဟု။ မိတ်ဆွေတို့အတွက်တော့ ဘယ်လက်ဆောင်တွေကို တန်းဖိုးထား၍ဘယ်လက်ဆောင် က ဘဝမှာ အကြိုက်ဆုံးဖြစ်ခဲ့သည်ဆိုတာ ကျနော် မသိပါ။ အခါသင့်၍ ပြောပြမည်ဆိုလျှင် စိတ်အားသန် ကျနော် နားထောင် ချင်ပါသည်။

ကျနော်လည်း မိတ်ဆွေတွေနှင့် ကလေးများအတွက် လက်ဆောင်ကောင်းပေးချင်စိတ် အမြဲရှိသည့် အလျောက်စဉ်းစား ထားတာ ရှိပါသည်။ အခြားမဟုတ်ပါ။ ကျနော်နေ့စဉ်မြင်သမျှ၊ ကြားသမျှ ကောင်းနိုးရာ ပြန်ပြောပြသည့်စာများ ရေးကာစု၊ ပြီးတော့ စာအုပ်ကလေး ဘာလေးထုတ်ခြင်းဖြင့် လက်ဆောင်ပေးချင်ခြင်းမျိုးပဲ ဖြစ်ပါသည်။ ကျနော့် အတွေ့အကြုံအရ စာအုပ်ကောင်းများမှာ “အကောင်းဆုံးလက်ဆောင်" ဖြစ်နေတတ်သည်မို့ စာအုပ်ကောင်းများရလျှင် ကျွန်တော်လည်း လို ချင်ပါသည်။ သည်ထက်ကောင်းသည့် လက်ဆောင်ရှိလျှင်လည်း ကျနော့်ကို လက်တို့လိုက်ပါဦး။

#မင်းကိုနိုင်
[ပြည်သူ့အရေးဂျာနယ်၊ အပတ်စဉ်ဆောင်းပါးများမှ]