မင်းကိုနိုင် ● လဝန်းမျက်နှာ ကြည့်တိုင်းသာ
(မိုးမခ) ဇွန် ၅၊ ၂ဝ၁၇
(မိုးမခ) ဇွန် ၅၊ ၂ဝ၁၇
ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူသည်။
`ငါအခု ဇာတ်လမ်းတွေကို မခံစားချင်တော့ဘူး။ ဒါကြောင့် ဝတ္ထုတွေကို မဖတ်တော့တာ´
ကျနော် မျက်လုံးလှန်ကြည့်သည်တွင် သူမက `ဘာလဲ ဝတ္ထုဆိုတာ ဇာတ်လမ်းနဲ့ဖွဲ့ထားတာမဟုတ်လို့ ဘာလဲ၊ ငါ့ကိုပြန်ပြောပါဦး´ ဟု မေးခွန်းထုတ်သည်။
ကျနော် မဖြေဘဲ `နင်က ဘာတွေဖတ်ချင်လို့လဲ´ ဟုသာ တိုးတိုးပြန်ပြောမေးရာ သူမ ခေတ္တစဉ်းစားသည်။ ပြီးမှ ...
`ကြီးကျယ်တယ်လို့တော့ မထင်နဲ့ဟာ။ ခရီးတစ်ခုပေါ့ ဘယ်လိုသွားရလဲဆိုတဲ့ ခရီးသွားနည်းမျိုးပေါ့။ ဒါကိုပဲ စိတ်ဝင်စား တယ်၊ ငါဆိုလိုတာ နင်နားလည်မှာပါ´
ကျနော် ခေါင်းယမ်းလျက် ပြုံးပြလိုက်ပြီး `ငါ ရိုးရိုးပဲ နားလည်တယ်။ ဒေသန္တရ ဗဟုသုတတွေလား၊ ကမ္ဘာလှည့်ဆောင်းပါးတွေလား ´
သူမ ကျနော့်ကို မခိုးမခန့်အပြုံးဖြင့် လှည့်ကြည့်သည်။
`နင် အဲဒီလိုမညစ်နဲ့လေ၊ နင် အဲဒီလောက်မတုံးဘူးဆိုတာ ငါယုံလို့ နင့်ကို အားကိုးတကြီးရင်ဖွင့်တာ၊ နင် ငါ့အပေါ် မလေး နက်ဘူး၊ ဝမ်းနည်းစရာပဲ´ ဟု သူ စိတ်ပျက်လက်ပျက် ပြောပါသည်။
`လေးနက်သူတွေဆိုတာ ခံစားရစမြဲလေ။ နင်အခု ခံစားနေလို့မှ မဖြစ်တာ။ သိပ်မောနေတဲ့သူကို... စေတနာနဲ့ ကိုယ်က ရေအေးတစ်ခွက် တိုက်မယ်ဆိုရင်တောင် အခန့်မသင့်ရင် ရေနင်တတ် သည်းတတ်တာပဲ'
ကျနော့်စကားအပေါ် သူကျေနပ်သော်လည်း ခံစားမူတစ်ခု ရသွားခြင်းအပေါ် နာကျင်မူပြေပျောက်ဟန်မတူပါ။ ကျေးဇူးပြုပြီး ငါလေးနက်တာတွေ လိုက်ပြီး လေးနက်ပေးစမ်းပါဟာဟု စကားပြန်စပြီး ကျနော့်မျက်နှာကို မှန်ပြင်တခုလို သူကြည့်နေသည်။ ပြီးမှ တိုးလျသောလေသံဖြင့် ...
`ငါ့မှာ ဒီအခွင့်အရေးမျိုး နင့်ဆီကလွဲလို့ ဘယ်သူ့ဆီကရမှာလဲ နင်ပြောပါဦး´
ကျနော် အတတ်နိုင်ဆုံးပြုံးကာ ...
`စိတ်ချပါ မိမိုး၊ အခုလို ပြန်ဆုံချိန်မှာ ဘဝကို မေးခွန်းတွေထုတ်ပြီး ဖြေကြည့်ကြမယ်၊ မတူတာတွေလည်း ရှိမယ်ပေါ့။ တခြားတော့ မတတ်နိုင်သာတာ ရှိမယ်၊ သေချာတာကတော့ ဒဏ်ရာကိုယ်စီနဲ့ ပြန်ဆုံချိန်မှာ မိမိုးရေ ဘယ်နာသွားသေးလဲလို့တော့ ငါ မေးနိုင်ပါသေးတယ်ဟာ၊ ယုံပါ´
သူမ မျက်နှာသည် အနည်ထိုင်သွားသော ရေတစ်ခွက်လို ကြည်လင်လာပါသည်။
[၂ဝ၁၇ မေလထုတ် သရဖူ မဂ္ဂဇင်း၊ အခန်းဆက် ဝတ္ထုရှည် "လဝန်းမျက်နှာ ကြည့်တိုင်းသာ" အခန်း ၁၊ ပထမစာမျက်နှာ]
သရုပ်ဖော်ပန်းချီကို ခံစားမူအပြည့်ဖြင့် ဆွဲပေးသော ဆရာမျိုးမြင့်အား ကျေးဇူးတင်လျှက်။
#မင်းကိုနိုင်