ကျော်ထင် ● သရက်သီးမှည့်တွေ ပေါလိုက်တာ

ကျော်ထင် ● သရက်သီးမှည့်တွေ ပေါလိုက်တာ
(မိုးမခ) ဇွန် ၂၂၊ ၂ဝ၁၇

“မြောက်စူးစူးကို သွားပါလား၊ ပဒေသာပင်တွေပေါက်ရောက်ရာ၊ အပြန်မှာ ကြုံရင် အဗ္ဗန္တရ သရက်သာယူခဲ့ပါ” ဆိုတာ စိုင်းထီးစိုင် ဆိုတာမဟုတ်လား။ သီချင်းစာသားတွေကိုတော့ သိပ်မမှတ်တော့ဘူး။ သီချင်းတွေနဲ့ဝေးနေတာကြာပြီ။ လမ်း သွားရင်းနဲ့ သီချင်းညည်းမယ့်စိတ်ပေါ်ရင်တောင် ဖျောက်ဖျက်ပစ်ပြီး မြင်တာမမြင်တာတွေအားလုံးကို မေတ္တာပို့ကြည့်ပစ် တာ။

ရွတ်တာချင်းအတူတူ ဒါက တေဇောမီးကို မတောက်စေဘူးလေ။ ဒီလိုရွတ်ဖို့ကျတော့ အစမှာ တော်တော်အား ထုတ်ရတယ်။ ရွတ်ဆိုဖို့လေးနေတတ်တယ်။ ရွတ်ဖြစ်အောင်ရွတ်လိုက်တဲ့အခါကျတော့ ရင်ထဲမှာ အေးအေးလေးနဲ့ ငြိမ့်ငြိမ့်လေး။ တကယ် ကို ငြိမ့်တဲ့ပီတိ။ အစကတော့ ခက်တာပေါ့လေ။ စိတ်ဆိုတာ မကောင်းမှုမှာ မွေ့လျော်ကြတာမဟုတ်လား။ ဘယ်လို ဖြစ်ဖြစ် မကောင်းတာတွေထဲကတော့ ကြိုးစားပြီးထွက်ရမှာပဲ။

ဒီအတွေးအမြင်နဲ့ပဲ သီချင်းတွေကိုမဆိုဖြစ်အောင် ကြိုးစားကြည့်တာ။ နောက် - ကြာတော့လည်း မဆိုဖြစ်တော့ ဘူး။ ခုဆို ဆိုခဲ့ဖူးတဲ့သီချင်းတွေတောင် မေ့တေ့တေ့ရယ်။ ဟိုတလောက စာလေးရေးချင်လို့ သူငယ်ချင်းကို မောင့်လပြည့်ဝန်းသီချင်း ပြန်ရွတ်ပြခိုင်းရဖူးတယ်။ မောင့်လပြည့်ဝန်းဆိုတာက လောပိတရေအားလျှပ်စစ်အကြောင်းနဲ့ပတ်သက်ပြီး စပ်ဆိုခဲ့တာတဲ့ လေ။ ကျနော်တို့ငယ်ငယ်ကတော့ အချစ်သီချင်းအဖြစ်နဲ့အော်ဆိုခဲ့ကြတာ။

အမှောင်ဆုံးညတွေတဲ့။ ချစ်၍ စွန့်သွားတဲ့မင်းကို၊ စွန့်၍ချစ်သွားမယ်လေတဲ့။ ဒီဝဋ်ကြွေး မကုန်ခမ်းသ၍လေတဲ့။ လည် စင်းခံဆပ်မယ်လေတဲ့။ နယ်လွန်ခြင်း ကမ္ဘာတဖက်မှာတဲ့။ သူတို့ဒေသကိုအခြေပြုသွားတဲ့ လျှပ်စစ်မီးဟာ သူတို့အတွက်ကျ တော့ အမှောင်ကိုပဲထားခဲ့ပြီး နယ်လွန်သွားတာ။ လျှပ်စစ်မီးဆိုတာကို သူတို့ရချင်ပေမယ့် မရခဲ့ဘူး။ တကယ်တော့ ဒီသီချင်း ဟာ စိုင်းထီးစိုင်ရဲ့ တကယ့်နာမည်ကြီးသီချင်း။ မာစတာပီး။ ကျနော်လည်း အကြိမ်ကြိမ်ဆိုခဲ့ဖူးတဲ့ သီချင်း။

ခုတော့ ဒီလိုဆိုခဲ့တာတောင် အသံတွေလည်း မရတော့ဘူး။ စာသားတွေကျတော့ ကပေါက်တိကပေါက်ချာ ဖြစ်နေပြီ။ ခုသီချင်းလည်း အဲ့ဒီ့ဝေးကွာခြင်းသီအိုရီမှာငြိနေလို့  ခေါင်းစဉ်တောင် မမှတ်မိတော့ဘူး။ စာသားတွေကလည်း နည်းနည်းနဲ့ များများ မှားချင်မှားမှာပဲ။

မမှားတာကတော့ အဗ္ဗန္တရသရက်။ ဟိမဝန္တာမှာရှိတဲ့သရက်။ ဒီသရက်သီးကို ငယ်ငယ်ကတည်းက စားချင်ခဲ့တာ။ အိမ်မှာ သီးတဲ့ ဆင်နှာမောင်းသီးကို အဗ္ဗန္တရသရက် လုပ်ပစ်လိုက်ဖူးတာ။ ရူးတာပဲပေါ့။ ရူးမယ်ဆိုလည်း ရူးချင်စရာလေ။ သရက် ပင်က မသီးဘူး။ ခုခေတ်လို အသီးအားတိုးဆေးတို့ ရွက်အားတိုးဆေးတို့ဆိုတာကလည်း ပေါ်မှ မပေါ်တာ။ ပင်စည် ဓားထစ် အဆင့်ပဲရှိသေးတာ။ သီးတော့လည်း တစ်နှစ်မှာ တလုံးတည်းပဲ သီးတာ။ သီးတဲ့နှစ်နဲ့ မသီးတဲ့နှစ်တွက်ရင် မသီးတဲ့နှစ်က ပိုများမယ်။

တကယ့်ကို ရှားရှားခက်ခက်သီးတာ။ အသီးက ကြီးကြီးရှည်ရှည်နဲ့။ အစေ့ပါးပါး။ အသားထူထူပါ။ စားကြည့်ရင်တော့ ချိုလှ မဟုတ်ပါဘူး။ ခပ်ပေါ့ပေါ့ရယ်။ ကျနော်တို့လို အညာမရောက် အောက်မကျသားတွေရဲ့ လျှာနဲ့ဆိုရင်တော့ တော်တော် အလှမ်းကွာတဲ့ အရသာမျိုးပါ။

အဲ့ဒါ တစ်နှစ်ကြီးက သရက်သီး သီးတဲ့နှစ်မှာ ရွမ်းပြင်း (ဝင်းပြင်း) မှာတင် ကျနော်တို့ကလေးတသိုက် ခူးစားပစ် လိုက်ကြ တယ်။ ရွမ်းပြင်းကျတော့ ဒီအသီးက စားလို့အကောင်းသားပါ။ အချဉ်သဘောနဲ့စားတာမှာ ချိုနေတာကြောင့်လည်း ဖြစ်ချင် ဖြစ်မှာပေါ့လေ။ အဲ့ဒီ့အသီးကို အဗ္ဗန္တရသရက်ဆိုပြီးတော့ စားလိုက်ကြတာ။ အပျော်အဖြစ်ပေါ့။ ကလေးဘဝတွေပဲ။

တကယ့်အဗ္ဗန္တရသရက်ဆိုတာကတော့ ဟိမဝန္တာသွားမှ တွေ့ရမှာ။ ဒါတောင် သေချာလှတာတော့ မဟုတ်ပါဘူး။ အဗ္ဗန္တရသရက်ဆိုတာ နတ်စားထိုက်တဲ့ သရက်။ ဝေဿဝဏ်နတ် ပိုင်စိုးတဲ့သရက်။ သံကွန်ခုနစ်ထပ်နဲ့ အတန့်တန့်ကာရံပြီး သီးတဲ့အသီး။ ဒါကလည်း ကျည်းကန်ရှင်ကြီးရဲ့ မေတ္တာစာမှာ ဖတ်ဖူးတာ။

သရက်သီးကြိုက်တော့ သရက်သီးဆို ဘာဖြစ်ဖြစ်စားခဲ့တာပါ။ ငယ်ငယ်တုန်းကဆိုရင်တော့ ချိုချိုချဉ်ချဉ် မရွေးပါဘူး။ သရက်သီးတွေခူး။ အညှာထိပ်ကို ကျောက်တုံးဖြစ်ဖြစ် ကျောက်တုံးလို အမာတခုခုမှာ ဖွာနေအောင်ထု လိုက်တာ၊ အစေး ပြောင်အောင်လို့လေ။ ဒီလိုလုပ်လိုက်ရင် ရေဆေးစရာ မလိုဘူး။ အစေးမပေါက်ဘူး။ ခေတ်နဲ့အညီပြောမယ်ဆိုရင်တော့ ရေမဆေးသရက်ပေါ့။ ငံပြာရည်မှာ ငရုတ်သီးမှုန့်ရောပြီး တို့စာကြတာ။

တခါတလေ ငါးပိစိမ်းစားတွေ ယူလာတာ။ တို့ချင်တဲ့သူ တို့ပေါ့။ ဗောဓိပင်ခြေရင်းမှာ ခြေဆင်းရင်းစားကြတာ။ ချွေးသိပ်ရင်း နေရိပ်ကိုခိုရင်းနဲ့ နွေလယ် နေ့ခင်းတွေမှာပေါ့။

အရွယ်ရလာတော့ သရက်သီးစိမ်းတွေကို ငယ်ငယ်ကလို မရူးသွပ်တာ့ပါဘူး။ ငယ်ငယ်တုန်က ဘယ်လောက်များ ရူးလိုက် သလဲဆိုရင် နွေမှာ ရန်ကုန်ရောက်ပြီဆိုရင် စပြီးဝယ်စားတာက သရက်ပေါင်းပဲ။ တမှောင်မှောင်နဲ့  နှာသံလေးပေါက်နေတဲ့ မောင်းလေးကို တီးပြီးရောင်းကြတာ။ အဲ့ဒီ့အသံကလည်း ရန်ကုန်ရောက်မှာ ကြားရတာပါ။ ကျနော်တို့ဆီမှာ မရှိဘူး။

ခုတော့ ထမင်းစားတဲ့အခါ တို့စရာ၊မြှုပ်စရာအဖြစ်နဲ့ပဲ တို့ကာပင့်ကာပဲ စားတော့တယ်။ အသက်ကြီးမှကြိုက်တာက သရက် သီးမှည့် ချိုချိုအေးအေးလေးတွေ။ ထမင်းစားပြီးရင်ပဲဖြစ်ဖြစ်၊ နေ့လယ် အိပ်ရာနိုးပဲဖြစ်ဖြစ်၊ သရက်သီးမှည့် ချိုချိုအေးအေး လေးတွေစားရတာဟာ ဆက်ရက်မင်း စည်းစိမ်ပဲလေ။ အရင်တုန်းကတော့ မန္တလေးရင်ကွဲ။ မချစ်စု။

ခုတော့ အကြိုက်ဆုံးသရက်သီးပြောပါဆို စိန်တစ်လုံး သရက်ပါပဲ။ ချိုတယ်။ လေးတယ်။ အနံ့ကော အရသာကောကို ကြိုက် တာ။ ဒါပေမဲ့ သူကဈေးကြီးတယ်။ တစ်လုံးကို ငါးရာ၊ ခြောက်ရာ ရောင်းတာရှိတယ်။ ငွေဈေးတွေ ဒီလောက်မဖောင်းပွခင် တုန်းကတော့ ငါးရာဖိုး နှစ်လုံး၊ နည်းနည်းသေးရင် သုံးလုံးရတယ်။ ရေဆင်းစိုက်ပျိုးရေးခြံတွေကနေ မှာစားရတာ။

မနှစ်ကတော့ စိန်တစ်လုံးတွေ တော်တော်ပေါတယ်။ ဈေးကော၊ပစ္စည်းကောကို ပေါတာ။ တစ်လုံးကို တစ်ရာ့ငါး ဆယ်၊ နှစ်ရာလောက်ပဲရှိတယ်။ အလုံးလည်းကြီးတယ်။ အရောင်လည်း လှသလိုပဲ။ အချိုဓာတ်လည်း ကဲကဲ ရဲရဲပဲ။ မိန်းမက မပြတ်တမ်းဝယ်လာပေးလို့ အိမ်မှာ စိန်တစ်လုံးမပြတ်ဘူး။ ထမင်းစားပြီးရင် စိန်တစ်လုံးနဲ့ အချိုတဲ။ ည အိပ်ခါနီးဆာလာ ရင်လည်း စိန်တစ်လုံးပဲ။ နေ့လယ်အဆာပြေလည်း ဒါပဲ။

ဘယ်လောက်စားသလဲဆို အပူတွေတောင် ကန်တယ်။ ကန်ရင်လည်း ကန်ပါစေ။ ရာသီစာကို စာညီပြီးလည်း စားတာလေ။ ကြိုက်ကလည်း ကြိုက်သကိုး။ ပေါကလည်း ပေါ။ ကျန်တဲ့အသီးတွေ မပေါရင်နေပါစေ။ စိန်တစ်လုံးသရက်တွေကိုတော့ ပေါစေချင်တယ်။ ဝဝစားရရင် ကျေနပ်တယ်။ မနှစ်ကဆို စိန်တစ်လုံးတွေပေါတာ ဒီပါးစပ်ကြီး အသိဆုံး။

ဒါပေမဲ့ ဒီပါးစပ်ကြီး မသိတာတခုက ခုမှသိတယ်။ မနှစ်က စိန်တစ်လုံးတွေ ဘာလို့ပေါသလဲဆိုတာ။ စိန်တစ်လုံးတွေ ဘာလို့ တဝကြီးစားလိုက်ရတယ်ဆိုတာ။ ခုမ သတင်းတွေဖတ်ပြီးသိတာ။ ပြည်ပက မဝယ်လို့တဲ့။ ဒါကြောင့် နယ်စပ်ကနေ ပြန်သယ် လာပြီး ဗမာပြည်မှာပဲ ပြန်ရောင်းကြလို့တဲ့။

ဘာပဲဖြစ်ဖြစ်လေ ဒီနှစ် စိန်တစ်လုံးတွေ ပေါပါစေ။
 
ကျော်ထင်