လင်းသက်ငြိမ် ● ဟင်းနှစ်တုံးရဲ့အရသာ

လင်းသက်ငြိမ် ● ဟင်းနှစ်တုံးရဲ့အရသာ
(မိုးမခ) ဇွန် ၅၊ ၂ဝ၁၇


လက်လုပ်လက်စားမိသားစုရဲ့ ထမင်းဝိုင်းသည် ဝေပုံကျစနစ်နဲ့ ဖြစ်သည်။ ငါးကြော်ဆို အဖေ့ကို နှစ်တုံးပေးပြီး အမေနဲ့ ကျနော်တို့ မောင်နှမတွေက တတုံးစီရပါသည်။ အမေကထမင်းဝိုင်းရဲ့ပဲ့ကိုင်ရှင်ဖြစ်လေတော့ ထမင်းလိုတိုင်း ဟင်းရည်လို တိုင်း အမေပဲထပြီး ခူးခပ်ရပါသည်။

အဖေကထမင်းစားတိုင်းဟင်းကို အကုန်မစားပဲ ညီမလေးပန်းကန်ထဲ ထည့်ပေးလေ့ရှိသည်။ အဖေထမင်းဝခါနီးချိန်တိုင်း အ မေက လက်ဆေးရေနဲ့ သောက်ရေခပ်ပေးတတ်ပါသည်။ အဖေ့ကို ဘာလို့ဟင်းနှစ်တုံးထည့်ပေးတာလဲလို့ အမေ့ကို ကျနော် တို့မေးတိုင်း သားတို့အဖေက အလုပ်ပင်ပန်းတယ်လေလို့ အမြဲပြောလေ့ရှိသည်။

အဖေက မီးရထားကုန်တင်ကုန်ချအလုပ်လုပ်ပါသည်။ အဖေသည် အတန်းပညာကောင်းစွာမသင်ခဲ့ရပဲ လေးတန်းနဲ့ထွက်ခဲ့သူ လည်းဖြစ်သည်။ အမေကတော့ ရှစ်တန်းအထိကျောင်း နေခဲ့ဖူးသူဖြစ်ပြီး အဖေနဲ့အမေကို နှစ်ဖက်မိဘတွေကသဘောမတူ ကြဘူးလို့လည်း အမေ မကြာခဏ ပြောဖူးပါသည်။ အဖေသည် အမေ့ကို အတော်ချစ်ကြောင်းတော့ ကျနော်တို့သိပါသည်။

အမေက ဈေးရောင်းမည်ပြောတိုင်း အဖေငြင်းဆန်လေ့ရှိသည်။ "မင်းက အားနာတာနဲ့ အတာနဲ့ အရင်းပြုတ်မှာပါ" ဆိုတဲ့ စကားက အဖေ့ရဲ့လက်သုံးစကား။ မိသားစုတစုမှာ လူတယောက်ရဲ့ ဝင်ငွေအနေအထားနဲ့ တောင့်တင်းခိုင်မာမှုမရှိတာတဲ့အကြောင်း ကျနော်သိနေခဲ့ပါသည်။

အဖေတယောက်တည်းမောင်းနှင်နေရတဲ့ မိသားစုစားဝတ်နေရေးဟာ မပိုလျှံခဲ့ပါ။ အလုပ်အဆင်မပြေတဲ့ရက်တွေဆက်လာတဲ့အခါ အဖေအရက်တွေသောက်ပြီး အိမ်ပြန်လာတဲ့ရက်တွေလည်း များလာခဲ့သည်။ အမေက အကြီးဆုံးသား ကျနော့်ကို မီးဖိုချောင်ကိစ္စတွေရင်ဖွင့်သည်။ ကျောင်းစရိတ်တွေ၊ အဖေနဲ့အဆင်မပြေမှုတွေကို ရင်ဖွင့်သည်။ အဖေနဲ့အမေ စကားများတဲ့ နေ့တွေဟာ ကျနော့်အတွက် အပြင်လူတွေနဲ့အဆက်အဆံမလုပ်ချင်တဲ့နေ့လည်းဖြစ်၏။ ညနေအဖေအိမ်ပြန်လာချိန်များ သည် ကျနော်တို့အတွက်ရင်သိမ့်ဖို ပြဇာတ်တခုလည်းဖြစ်၏။ အဆင်မပြေမှုများသည် မိသားစုတခုကို နေ့စဉ်နဲ့အမျှဒဏ်ရာ ရစေသည်။ ငွေရေးကြေးရေး အဆင်မပြေမှုသည် ရယ်သံတွေကိုမြှုပ်နှံရာဌာနဖြစ်ပြီး၊ သာယာခြင်းများကို အဝေးကြီးတွန်းရွေ့ တတ်တဲ့အကြောင်းတရားလည်း ဖြစ်ပါသည်။

မိသားစုအခြေယိုင်နဲ့နေတဲ့အချိန်တွေမှာ ပိုက်ဆံရှာဖို့အကြောင်းတွေပဲ ကျနော့်ခေါင်းထဲနေရာယူထားသည်။ ဆယ်တန်း အောင်ပြီး အလုပ်အကိုင်မရှိသူတွေ အများကြီးပဲတို့၊ စာကရေးတတ်ဖတ်ရင် ပြီးတာပဲ အလုပ်တစ်ခုခု ဝင်လုပ်တာက ဘဝ အတွက်အာမခံချက်ရှိတယ်တို့ စသည့် ပတ်ဝန်းကျင်ရဲ့အသံတွေက ကျနော့်ကိုကျောင်းထွက်ဖို့ တွန်းအားဖြစ်လာခဲ့သည်။ ကျနော်ကျောင်းထွက်တော့မယ်လို့ပြောတဲ့နေ့က အဖေနဲ့ အမေမျက်နှာကို ကျနော် အခုထိမှတ်မိနေဆဲပါပဲ။ အဖေက မင်း ဆက်နေပါကွာလို့ ခပ်တိုးတိုးပြောသည်။ အမေကခေါင်းကိုငုံ့ထားပြီး မျက်ရည်ဝဲနေသည်။ ကျနော်လည်း မျက်ရည်တွေနဲ့ဖြစ် ပါသည်။ အိမ်နားက ပန်းရံဆရာဆီမှာ အလုပ်ဝင်ဖို့လည်း အမေပြောခဲ့ပြီးသားဆိုတာ ကျနော်သိပါသည်။ မိသားစုမီးဖိုချောင်မှ ဟာနေတဲ့နေရာကို ကျနော်ထိုးဖြည့်ပေးလိုက်ဖို့ သေချာပြီးသွားပါပြီ။

အလုပ်စဝင်တဲ့နေ့ ။ ကိုယ့်ကိုယ်ကို ရှေ့တန်းထွက်မယ့် စစ်သားတယောက်လိုခံစားရသည်။ အမေက ကျနော့်ကိုပြင်ဆင်ပေးပြီး သတိပေးစကားတွေ တဖွဖွမှာကြားနေသည်။ ညီလေးနဲ့ ညီမလေးသည်  ကျနော့်ကိုပြူးကြောင်စွာ ငေးကြည့်နေကြသည်။ အလုပ်ထဲကနေ ကျောင်းနဲ့သူငယ်ချင်းတွေကိုလွမ်းရခြင်းသည် စူးနင့်သောခံစားချက်တစ်ခုဖြစ်ပါသည်။ ကျောင်းဝတ်စုံက လေးသည် ဘိလပ်မြေများနဲ့ ပေကျံနေသည်။

အလုပ်စဝင်တဲ့နေ့သည် ကျနော်တို့ထမင်းဝိုင်းကလေး၏ အပြောင်းအလဲကာလဖြစ်ပါသည်။ အမေက အဖေ့ပန်းကန်ထဲ ဟင်းနှစ်တုံး ထည့်ပေးအပြီး ကျနော့်ပန်းကန်ထဲကိုလည်း ဟင်းနှစ်တုံးထည့်ပေးသည်။ ကျနော့်ညီလေးနဲ့ညီမလေးက ကျ နော့်ကို အားကျသလို ငေးကြည့်နေကြသည်။ ဟင်းနှစ်တုံးသည် မျက်ရည်ကျစေသော အရသာကိုပေးတတ်မှန်း သူတို့ သိနိုင်စွမ်း မရှိကြသေးပါ။