နေသွင် ● ကဗျာဆရာအိုရဲ့ နိုင်ငံတော်သစ်
(မိုးမခ) ဇွန် ၁၅၊ ၂၀၁၇
(မိုးမခ) ဇွန် ၁၅၊ ၂၀၁၇
ကျနော်ရဲ့သတင်းစာသမားဘဝအစ ပထမဆုံးအလုပ်သင်နေတဲ့အချိန်က ညလုံးပေါက် စာဖတ်ခဲ့တဲ့စာကြည့်တိုက်အမည်က မောင်အောင်ပွင့် စာကြည့်တိုက်။ အဲဒီအချိန်မှာ ဆရာဟာ ခေတ်ရဲ့ ထောင့်ချိုးတနေရာမှာ ခရီးလွန်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက် ၆ဝ ပြည့် မွေးနေ့ ဖယောင်းတိုင်ထွန်း ဆုတောင်းကြတော့လည်း ကျနော်ရွတ်ခဲ့တဲ့ကဗျာက ' ၁၂ ရက်မြောက် ညနေ' ဆိုတဲ့ ကဗျာတပုဒ်။ 'အဝေးလူ' ဆိုတဲ့ကလောင်နဲ့ ဆရာရေးခဲ့တယ်လို့ သိခဲ့ရပါတယ်။ တချိန်က အ လွတ်နီးနီးရခဲ့တဲ့ကဗျာကို အခုချိန်မှာ အပိုင်းအစပဲ မှတ်မိတော့လို့ ဆရာ့ကို လူကိုယ်တိုင်တွေ့တော့ မရွတ်ပြနိုင်တော့ပါဘူး။
'နိုင်ငံတော်သစ်ရဲ့ကောင်းကင်မှာ သံတော်ဦးတင် မော်ဖူးချင်လှပါတယ် အမေ' ဆိုတာကိုတော့ အားနာစမ်းဝါး ရွတ်ပြခဲ့ပါ တယ်။ 'သောင်ရင်းမြစ်ကမ်း ကားဖင်ထိုး ကျနော်တို့လူမျိုးတွေ အမှိုက်သွန်သလို သွန်ချခံနေရတယ် အမေ' ဆိုတာလည်း ပါတာပေါ့။ ဆရာ့လို ကမ္ဘာတခုဆီ အလည်ရောက်ဖူးသူတွေက ဆရာ့ကဗျာထဲကလို လရောင်ကို သောက်ရေခွက်ထဲ ဘယ်လိုသဲ့ယူရသလဲဆိုတာ ပြောပြကြတယ်။ တက္ကသိုလ်ကျောင်းသားဘဝမှာ ငါးရိုးနင်နေတဲ့ မြို့ပြလမင်းကို ခံစားမိခဲ့ကြတယ်။ ပြီးရင်တော့ ကျနော်တို့ ထူးအိမ်သင်ရဲ့ အမေ့အိမ်၊ မြို့ပြလရောင်တမ်းချင်းသီချင်းတွေကို ဆိုဖြစ်ကြတယ်။ ဆရာဟာ ခရီးလွန်နေဆဲ၊ နိုင်ငံတော်သစ်ရဲ့လရောင်ဟာလည်း တိမ်တွေကြားဖုံးကွယ်နေဆဲ။ လွန်ခဲ့တဲ့ရက်တွေက ဆရာ့ဆီက မေတ္တာနဲ့လူကြုံပါးလိုက်တဲ့ ဖိတ်စာ ရောက်လာတယ်။ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာပွဲတော်အဖွင့်မှာ ပြမယ့်ဇာတ်ကား ကို သွားကြည့်ဖို့ ဖြစ်ပါတယ်။
ဆရာ့အကြောင်း တစိတ်တပိုင်းပါဝင်တဲ့ BURMA STORYBOOK ဇာတ်ကားပြမှာမို့ ဆရာ့ကိုလည်း ပုသိမ်ကနေတက်လာဖို့ ဖိတ်ထားတယ်လို့ ရပါတယ်။ မိုးဖွဲနေပေမယ့် ဆူးလေနားက ရုပ်ရှင်ရုံထဲမှာ လူအပြည့်ပါပဲ။ ရုပ်ရှင်မပြခင် ရုပ်ရှင်ထဲမှာပါတဲ့ ကဗျာတွေကို နာမည်ကြီးကဗျာဆရာ ၂ ယောက်က မိတ်ဆက်ရွတ်ပြခဲ့ပေမယ့် ရှေ့ဆုံးတန်းနားမှာ ထိုင်နေတဲ့ဆရာက စင်ပေါ်မတက်နိုင်ရှာပါဘူး။ သေးသေးသွယ်သွယ်ကဗျာဆရာဟာ ခေတ်ရဲ့ဒဏ်ရာဒဏ်ချက်တွေကို မတန်တဆသယ်ပိုးထား လိုက်ပါပြီ။ ပြည်တွင်းစစ်ထဲမှာ အမေပျောက်ခဲ့တဲ့သားတယောက်ဟာ ဖခင်ဖြစ်လာတဲ့အခါ အဲဒီပြည်တွင်းစစ်ထဲကိုပဲ သူ့ သားကို ထည့်ပေးလိုက်ရပြန်ပါတယ်။
'ကျောင်းသားတပ်မတော်ဆိုတဲ့စကားလုံးကို ကျနော်မခံစားနိုင်ဘူးဗျာ' လို့ ကဗျာဆရာအိုက ညည်းညူရှာတယ်။ 'တကယ်တော့ ကျောင်းသားဆိုတာ စာသင်ခန်းထဲရှိနေရမှာကို ဘယ်နှယ့်'။ ပြောနေရင်း ကဗျာဆရာ မျက်ရည်မဆည်နိုင်တော့။ ကျနော်စိတ်မကောင်းဖြစ်မိတဲ့တခြားကိစ္စက ရုပ်ရှင်မပြခင်မှာ ရွတ်တဲ့ကဗျာတွေနဲ့ဆိုင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ကြယ်နီတံ ဆိပ်ပါတဲ့ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားတဲ့ ဆရာအောင်ချိ့မ့်ရဲ့ကဗျာ၊ ဆရာသုခမိန်လှိုင်ရဲ့ အမှောင်အကြောင်း ဖွဲ့ထား တဲ့ ကဗျာတွေနောက်ကို ကျနော် မလိုက်ပါချင်ပါဘူး။ မခံစားချင်ပါဘူး။
ကျနော်တို့ ဖြတ်သန်းနေတဲ့နှစ်တွေမှာ ဒီကဗျာတွေ ဝိညာဉ်မဲ့သွားစေချင်ပါတယ်။ ဒါပေမဲ့ တခန်းလုံး လှိုက်လှဲစွာတိတ်ဆိတ်ရင်း ကဗျာဆုံးတိုင်း လက်ခုပ်သံတွေ ပွင့်ထွက်လာပုံဟာ တကယ်တော့ ကြောက်စရာပါ။ ရုပ်ရှင်ထဲမှာ အမှောင်ခေတ်ကို ဖြတ်လာသူတယောက်က 'အခုလည်း ကျနော်တို့ အမှောင်ခေတ်ထဲပြန်ပြီး ခုတ်မောင်းနေသလိုခံစားရတယ်' လို့ ပြောသွား တာလည်း ကြားလိုက်မိပါတယ်။
တကယ်တော့ Burma Storybook ဆိုတဲ့ ဇာတ်ကားကို ကျနော်ဒီထက်မျှော်လင့်ချင်ပါတယ်။ အတိတ်အကြောင်း များများ စားစား မပြောတဲ့ဇာတ်လမ်းဟာ တကယ်ဆို ပျော်စရာတွေအတိ ဖြစ်မနေသင့်ဘူးလားလို့ ကျနော်စဉ်းစားကြည့်ပါတယ်။ ဒါပေမဲ့ ဒဏ်ရာတွေအပြည့်နဲ့ ရှင်သန်နေရတဲ့ဘဝတွေ အကြောင်းကို နှေးကွေးလေးစွာပြသွားပုံဟာ စိတ်မရှည်ချင်စရာပါပဲ။ ဇာတ်လမ်းအပိတ်မှာ ဒဏ်ရာတွေနဲ့ ကဗျာဆရာဟာ မြစ်ကမ်းနားမှာ ဘယ်တော့မှ ပြန်မကောင်းလာနိုင်တော့တဲ့ သူ့ခြေ လက်တွေကို လှုပ်ရှားလေ့ကျင့်နေရှာပါတယ်။ ဒါဆိုရင် 'မြန်မာပုံပြင်စာအုပ် 'ရုပ်ရှင်က ပေးချင်တဲ့သတင်းစကားက ဘာပါလဲ။ အပြန်လမ်းမှာ ကျနော်မစဉ်းစားဘဲ မနေနိုင်ပါဘူး။ ကောင်းကင်သစ်လရောင်ဟာ ငါးရိုးနင်နေသလား။ ကဗျာဆရာကို ကျနော် မေးကြည့်ချင်ပါတယ်။
နေသွင်