ကျော်ကျော် (မြရည်စမ်း) ● ကျနော်သိသောနှင်းဆီ ...
(မိုးမခ) ဇွန် ၆၊ ၂၀၁၇
(မိုးမခ) ဇွန် ၆၊ ၂၀၁၇
မနက်ခင်းတွင် ဇနီးဖြစ်သူဈေးမှအပြန် နှင်းဆီပင်ငယ်လေးပါလာသည်။ တောင်ဆုပ်လောက်သာရှိမည့် အပင်ငယ်လေးသည် နှင်းဆီလေးတပွင့်ကို ပန်ဆင်ထားသည်။ ထိုအပင်ငယ်လေးကို မြေကျင်းလေးတူး၊ မြေဆွေးလေးထည့်ပြီး ရှင်သန်အောင်စိုက်ပျိုးဖို့ တာဝန်သည် ကျနော့်ထံရောက်လာသည်။ ရေကန်ဘေးနံဘေးမှာ ချထားခဲ့သော နှင်းဆီအိုးလေးကို သေချာကြည့် မိသည်။ မြေအိုးလေးထဲမှ နှင်းဆီပင်ငယ်လေးသည် တခုခုလိုနေသလို...။ သေချာအောင်ထပ်ကြည့်မိသည်။ သူ့တွင် အဆင်တန်ဆာချွတ်ယွင်းနေရှာသည်။ ရှိအပ်သည့်ဆူးကလေးများ နတ္ထိ။
ညနေစောင်းတွင် အနက်တတောင်နီးပါးရှိအောင် မြေကျင်းလေးတူးပြီး အိုးကလေးထဲမှာပါလာသော မြေပဲခွံအဆွေးလေးများနှင့် စပါးခွံလေးများကိုပါ တယုတယ။တပါတည်းထည့်ပေးထားလိုက်သည်။ သူတို့သည်လည်း ထိုနှင်းဆီပင်လေး ကြီးထွားရှင်သန်ရေးအတွက် တတပ်တအား အကျိုးပြုကြပေလိမ့်မည်။ လေထု၊ နေရောင်ခြည်နှင့် ရေဓာတ်ွက်ခဲ့နိုင်ပါဦးမည်လား။ မဖြစ်နိုင်တော့ပါ။ အင်မတန်သိမ်မွေ့၊ သည်းခံတတ်သည့် နှင်းဆီပင်လေးအဖြစ်သာ ကြီးပြင်းရတော့မည်။
ပူပူနွေးနွေးစိုက်ပျိုးထားသော နှင်းဆီပင်ငယ်လေးကို ရေလောင်းဖို့ပြင်နေစဉ်မှာပင် မိုးခြိမ်းသံကိုကျယ်လောင်စွာကြားရသည်။ မိုးသာရွာမည်ဆိုလျှင် ရေလောင်းစရာမလိုတော့...၊ သို့သော်...။
ခြိမ်းသာခြိမ်း၍မရွာသော မိုးအညာများစွာကို ကြုံခဲ့ဖူးပေါင်းများသဖြင့် ဖလားခွက်ကလေးဖြင့် ရေခပ်ကာ ညင်သာစွာလောင်းပေး လိုက်သည်။ ကျနော်စိတ်ပူသလိုတော့ မဟုတ်ပါ။ မိုးတကယ်ရွာခဲ့ပါသည်။သည်းသည်းမည်းမည်းနှင့် စာဖတ်ကောင်း၊ အတွေးကောင်းအောင်ပင် ထိုနေ့က မိုးရွာခဲ့သည်။
စာကြည့်စားပွဲလေးပေါ်မှ မဂ္ဂဇင်းဟောင်းလေးများကို လှန်လှောမွှေနှောက်နေမိသည့်အခါ လွန်ခဲ့သော ၂နှစ်နီးပါးက မဂ္ဂဇင်းဟောင်းလေး၏အဖွင့်ကဗျာတပုဒ်ကို တိုက်ဆိုင်စွာသွားတွေ့ပါ၏...။ 'တစ်ပွင့်တည်းနီရဲတဲ့နှင်းဆီ...',။
ထိုနှစ်ပိုင်းက သဘောကျလွန်း၍ မကြာခဏ ရွတ်ဖတ်မိပြီး အလွတ်နီးပါးပင်ရနေသော ကဗျာတပုဒ်။ အခုနှစ်ပိုင်းတွင် ထို ကဗျာလေးကို ကျနော်မေ့တေ့တေ့ဖြစ်နေခဲ့တာ အတော်ကြာပါပြီ။ ထိုနှစ်ပိုင်းတွင် "နှင်းဆီ" အကြောင်းဖွဲ့သီကြသော ကဗျာ စာဆိုတို့ များလှသည်။ အားလုံးကို မမှတ်မိတော့သော်လည်း ယခုကဗျာလေးကတော့ ရင်ထဲငြိတွယ်ခဲ့ဖူးပါသည်။ စာအုပ်လေးကို ပြန်ပိတ်ပြီး နောက်ထပ်တအုပ်ဆွဲယူကာ ရှေ့သို့ချထားမိသော်လည်း ထိုစာအုပ်မျက်နှာဖုံးမှာပင် နှင်းဆီက အထင်းသားလာပေါ်နေပြန်သည်။ ထိုနေ့ညက ကျနော်စာဆက်မဖတ်ဖြစ်တော့ပါ။ အတွေးများနောက်သာ လိုက်ပါနေခဲ့မိပါသည်။
------------
ကျနော်ငယ်ငယ်တုန်းက မေမြို့သို့အသွား ကားခေါင်မိုးပေါ်မှနေ၍ လမ်းနံဘေးရှုခင်းများကို ကြည့်ငေးရတာ အတော်သဘောကျသည်။ ထို့ထက်ပို၍ သဘောကျတာရှိသေးသည်။
မျက်နှာချင်းဆိုင်မှ ပန်းများအပြည့်တင်ထားသော ပန်းကားများဆင်းလာလျှင် သဘောကျလွန်း၍ သမင်လည်ပြန်ငေးမိသည်မှာ ထိုကားကွေ့သွားသည်အထိ။
နှင်းဆီနီနီရဲရဲများ အပြည့်အမောက်နှင့်ဟိုင်းလတ်ကားလေးတစင်းကို အခုအချိန်ထိမျက်စိထဲတွင် မြင်နေမိသေးသည်။
နှစ်ပေါင်းလေးဆယ်နီးပါးအချိန်အထိ အကွေ့လေးတခုမှ ဘွားခနဲထွက်ချလာသော ထိုကားလေးကို ထိုနေရာရောက်တိုင်း ပြန်သတိရနေမိသည်။ ထိုစဉ်က နှင်းဆီသည် ဆူးတွေနှင့်ဖြစ်ပေလိမ့်မည်။
--------
လေးတန်းကျောင်းသားဘ၀က သူများအိမ်သို့ တီဗီသွားကြည့်ကြသည်။ အပြန်တွင် အစ်မတ၀မ်းကွဲက လမ်းနံဘေးခြံတခြံမှာ ပွင့်နေသော နှင်းဆီနီနီရဲရဲတပွင့်ကို ခူးခိုင်းသည်။ ကျနော်ခူးဖို့လှမ်းလိုက်ရာ နှင်းဆီပွင့်ထံမရောက်မီ ဆူးစူးခံရသည်။ ထပ်မံ မကြိုးစားဖြစ်တော့။ 'နောက်နေ့တော့ ကတ်ကြေးယူလာအုံးမယ်' ဟု တေးထားဖြစ်တာ သတိရနေသေးသည်။ သို့သော် တကူးတကကိစ္စပေမို့ မလုပ်ဖြစ်တော့။ ထိုစဉ်က နှင်းဆီတွင် ဆူးတွေက သိပ်ထက်လွန်းပါ၏။
----------------
ကျနော်လူငယ်ဘဝက နှင်းဆီနှင့်ပတ်သက်သော သီချင်းအတော်များများကို နှစ်သက်စွာနားထောင်ခဲ့ဖူးသည်။ ဦးမြတ်လေးရဲ့ မခင်နှင်းဆီသီချင်းတွေကို နှစ်သက်သလို လွမ်းမိုးရဲ့  မခင်နှင်းဆီကိုလည်း ကြိုက်ခဲ့ပါသည်။ တူးတူးနဲ့  ဇော်ဝင်းရှိန် ရဲ့ သီချင်းတွေကို လည်းမလွတ်တမ်းနားထောင်ခဲ့ဖူးသည်။ နှင်းဆီနှင့်ပတ်သက်လျှင် ကဗျာစာဆိုတို့ ဖွဲ့လည်းဖွဲ့သီနိုင်လွန်းသည်ဟု ထင်မိသည်။ မည်သို့ပင် ဖွဲ့စေကာမူ သူ၏ထက်မြည့်ချွန်မြသော ဆူးအကြောင်းကတော့ မလွတ်ခဲ့ဟု ထင်မိပါသည်။
---------------
နှင်းဆီကို အမျိုးမျိုးပမာပြုတင်စားကြသည်။ တပွင့်ဆိုဘယ်သို့၊ နှစ်ပွင့်ဆိုဘယ်ပုံ၊ ကိုးရာကိုးဆယ့်ကိုးပွင့်ဆိုလျှင် ဘယ့်နှယ်....စသဖြင့်ရေးကြသလို သူ၏အရောင်နှင့်ပတ်သက်ပြီးလည်း နိမိတ်ပုံအမျိုးမျိုး အယူအဆအထွေထွေ ခွဲခြားကြပြန်သေးသည်။ ကျနော်ကတော့ ကိုးရာကိုးဆယ့်ကိုးပွင့်သော နှင်းဆီနှင့် နီနီထွေးထွေး၊ ရဲရဲရင့်ရင့် အရောင်ကို နှစ်သက်မိပါသည်။ တခုလည်းဇီဇာကြောင်ပါရစေ...။ ထိုနှင်းဆီနီနီရဲတွင် ဆူးကလေးများလည်း ကိုယ်ပိုင်အဖြစ်ပါစေချင်သေးသည်။ ဆူးများသင်ဖြတ်၍ စံနစ်တကျထုပ်ပိုးထား သည့် အမှတ်တရလက်ဆောင်ပေးနှင်းဆီပွင့်မျိုးကျတော့ ကျနော်သဘောမကျတတ်။ တခြားသူတို့ ပြုသမျှခံရှာလေသော နှင်းဆီကိုပင် ကျနော့်မှာအားမလို အားမရ။
ကျနော်မြတ်နိုးသော မြန်မာအမျိုးသမီးစာရေးဆရာမတဦး ရှိခဲ့ဖူးသည်။ သူသည်လည်း နှင်းဆီကို အလွန်ချစ်မြတ်နိုးသည်ဟု ကြားဖူးခဲ့သည်။ ထိုနှင်းဆီသည် အဝါလား၊ အဖြူလား...သို့မဟုတ် အနီပေလား ကျနော်မသိ...။ ကျနော်က သူ့ကို နှင်းဆီချစ်၍ ရသ စာပေကောင်းများဖွဲ့သီတတ်သော စာရေးဆရာမတဦးအဖြစ် မှတ်မှတ်ထင်ထင် စွဲနစ်ခဲ့ဖူးသည်။ ယခုတော့ ကွယ်လွန်တာအတော်ပင်ကြာခဲ့ပါပြီ။ တခါတရံတော့လည်း ဆရာမချစ်သော နှင်းဆီသည် ဆူးကလေးများပါသော နှင်းဆီဖြစ်ပါစေ ဟူ၍တော့ စဉ်းစားဆုတောင်းဖူး သည် ထင်ပါ၏။
------------
အခုတလောတွင် မတွေးသင့်မတွေးအပ်ဟု အများက ယူဆကြမည်လားဟု မဆိုနိုင်သော အတွေးလေးတခုကို မကြာခဏတွေးမိသည်။ နှင်းဆီနှင့်ပတ်သက်၍သာ ဖြစ်ပါသည်။
-------------
ကျနော်သာ အခွန်ကောက်ခံသူတဦးဖြစ်ခဲ့ပါက ဆူးမဲ့နှင်းဆီစိုက်ပျိုးသူများကို အခွန်အတုပ် ကြီးကြီးကောက်ပစ်မည်။ နှင်းဆီနှင့်ပတ်သက်ပြီး ခေါင်းစဉ်အမျိုးမျိုးတပ်ကာအခွန်ဆောင်ခိုင်းလိုက်မည်။ သို့ဆိုလျှင် ရေရှည်၌ စီးပွားရေးတွက်ခြေမကိုက်သည်ဖြစ်၍ ဆူးမဲ့နှင်းဆီစိုက်ပျိုးခြင်းကို သူတို့ရပ်တန့်ကြရပေမည်။ ကျနော်ချစ်သော သဘာဝကျကျနှင်းဆီ ပြန်လည်ဦးမော့လာနိုင်သည်...။
"နှင်းဆီဆိုမှတော့
ဝီရဆူးတော့ရှိတာပေါ့
မခူးတတ်ရင် စူးလိမ့်မယ်"
ကဗျာလေး တပိုင်းတစ ရင်ထဲရောက်လာပြန်သည်။
---------------
ကျနော်ငယ်ငယ်က ဆူးနှင့်နှင်းဆီကို ခြွေယူရန်အတွက် ကတ်ကြေးယူသွားဖို့  စဉ်းစားခဲ့ဖူးသည်။ သို့သော် တကူးတကန့် ပေမို့ မခူးဖြစ်တော့...။ သူ့မှာသာ ဆူးမရှိလျှင် ထိုနေ့ညကတည်းက ခြွေမိခဲ့ဦးမည်၊
ကျနော်စိုက်ပျိုးထားခဲ့သော နှင်းဆီပင်လေးတွင် ဇီဝနည်းပညာဖြင့် ဆူးများကို သုတ်သင်ခံခဲ့ရပြီး ဖြစ်ပါသည်။ သူ ပွင့်လျှင်အလွယ်တကူ ခူးဆွတ်ကြပေဦးမည်။ အစကတည်းက ယဉ်သကို ကိစ္စပေမို့ ကျနော်လည်း မစွမ်းသာပါ။
နှင်းဆီကို ချစ်မိသော ကျနော်အတွက် တခုသာ တတ်နိုင်သည်။ သူ့ဘေးတွင် အပြိုင်းအရိုင်းထကာ သူ့လည်မျိုညှစ်ကြမည့် မြက်ပင်ခြုံနွယ်များကို တတ်စွမ်းသရွေ့ ရှင်းလင်းပေးရုံမျှသာ...။ ။
ကျော်ကျော် (မြရည်စမ်း)