သူသူမေ (မော်ကျွန်း) ● လိမ့်နေသောကျောက်တုံးလေး
(မိုးမခ) ဇွန် ၂၀၊ ၂၀၁၇
(မိုးမခ) ဇွန် ၂၀၊ ၂၀၁၇
"လိမ့်နေသောကျောက်တုံးသည် မည်သည့် ရေညှိ ရေမှော်မျှ တင်ကျန်နိုင်မည်မဟုတ်"
မည်သူ၏အဆိုအမိန့်ဆိုသည်ကိုမူ မမှတ်မိတော့ပါ။ ငယ်စဉ်ကဖတ်မှတ်၍ ကြိုက်နှစ်သက်ခဲ့သဖြင့် ယခုကာလအထိပင် ဦးနှောက်တွင်သယ်ဆောင်လာခဲ့မိသည့် အဆိုအမိန့်လေးဟု ဆိုရမည်။ ထိုအဆိုအမိန့်အား စတင်သိကျွမ်းခဲ့သည်မှာ တက္က သိုလ်ဝင်တန်းပြီးစီး၍ အားလပ်နေချိန် ကျွန်မတို့မြို့လေး၏ စာကြည့်တိုက်သို့ခြေဦးတည့်မိစဉ်အစမှာပင် ဖြစ်သည်။ ကျွန်မ၏ အားလပ်ချိန်များတွင် ထိုစာကြည့်တိုက်ကလေး၏လေသာပြတင်းမှ လောကကို စိတ်ကူးဖြင့်တွေးကြည့်နေကျဖြစ်သည်။ ကျွန်မမှာ အိမ်တွင် အစ်မလတ်ဖြစ်သူ၏ စက်ချုပ်သည့်လုပ်ငန်းတွင် ကူလုပ်ရင်းနေရသူဖြစ်၍ အခြားသူများကဲ့သို့ ကျောင်း ပိတ်သည်နှင့်အပြင်တွင် အလုပ်ထွက် လုပ်ရန်မလိုသူလည်းဖြစ်သည်။ လောကဓံအား အရေးတကြီး ပြေးတွေ့ရန် မလိုသေးသောကာလဟု ဆိုရမည်။ သို့အတွက်လောကဓံဟူသော အတွေ့အကြုံသည် ကျွန်မအဖို့ ပါးလျားလွန်းသည့်အရာမျှဖြစ်သည်။ စာကြည့်တိုက်သည်သာ ကျွန်မ၏နားနေရာ ဇရပ်၊ စာကြည့်တိုက်မှ စာအုပ်ငှါးသူအန်တီမှာပင် ကျွန်မ၏ ပထမဆုံး အပြင်မိတ်ဆွေ ဖြစ်ပါသည်။ စာကြည့်တိုက်မှ ဝန်ထမ်းတချို့နှင့်လည်း ရင်းနှီးခဲ့ပြီး ထိုစာကြည့်တိုက်တွင် ကျွန်မအတွက် (ever smile) ဟူသောနာမည်ပြောင်ပင် ရရှိခဲ့ပါသေး၏။ ထိုစဉ်အခါက ကျွန်မမှာထိုစာကြည့်တိုက်မှ စာအုပ်များသာမဟုတ် အစ်မဖြစ်သူတာဝန်ကျရာ ကျောင်းစာကြည့်တိုက်မှ ယူလာသည့် စာအုပ်များပါ ဖတ်ဖြစ်ပါသည်။ ကိုယ်တိုင်လည်း ပိုက်ဆံရှိ လျှင် ရှိသလိုဝယ်ပါသည်။ ထိုမျှထိ စာအုပ်ကြိုက်မှန်းမသိ ကြိုက်နေမိပါ၏။
ကျွန်မ၏မိသားစုတွင် အမေသည် ကျွန်မတို့၏နောင်ရေးအတွက် ရွှေစုရသည်ကိုကြိုက်နှစ်သက်သူဖြစ်ပြီး အစ်မအကြီးဆုံးမှာ ဓာတ်ပုံရိုက်ရသည်ကို ကြိုက်နှစ်သက်သူဖြစ်သည်။ အစ်မကြီး တက္ကသိုလ်တက်စဉ်ကမူ အခြားအရာများအား တိုင်းထွာချွေတာလွန်းသော်လည်း ဓာတ်ပုံရိုက်ရမည်ဆိုလျှင် မည်မျှပင်ကုန်စေ မမှုသူဖြစ်သည်။
အစ်မလတ်မှာတော့ အလုပ်လည်းအပင်ပန်းခံလုပ်မည် သုံးမည်စားမည်ဟူသော စိတ်ဓာတ်မျိုးဖြစ်သည်။ အိမ်တွင် အစ်မလတ်သည် အလုပ်အား မနားမနေ ဇွဲနပဲကြီးစွာ လုပ်တတ်သူဖြစ်သည်။ အစ်ကိုဖြစ်သူမှာတော့ ယောက်ျားလေးဖြစ်၍ စက်ပစ္စည်းပိုင်းဆိုင်ရာ ကလိရသည်၊ တီထွင်ရသည်များအား ဝါသနာထုံသူဖြစ်သည်။ ကျွန်မမှာမူ အထက်တွင်ဆိုခဲ့သည့်အတိုင်း စာအုပ်စာပေနှင့်ပတ်သက်၍ ဝါသနာထုံသူ ဖြစ်ပါသည်။ ကျွန်မသည် စိတ်ကူးဖြင့် မိသားစုငါးယောက်စု၍ ဈေးဝယ်ထွက်ကြည့်မိသည်။ ထိုသို့ဆိုလျှင် အမေသည် ရွှေဆိုင်သို့ဝင်၍၊ အစ်မကြီးသည် ဓာတ်ပုံရိုက်ရန် ပိုစ့်ပေးနေပြီး၊ အစ်မလတ်မှာ အလုပ်အတွက် အသုံးတည့်မည့် ပစ္စည်းဆိုင်တွင်ရောက်နေမည်ဖြစ်ပြီး အစ်ကိုမှာမူ စက်ကိရိယာပစ္စည်းဆိုင်တွင် အလုပ်များ နေပေမည်။ ကျွန်မကတော့ စာအုပ်ဆိုင်သို့သာ ဝင်မည့်သူဖြစ်သည်။ မိသားစုတွင် ကျွန်မသည်စာအုပ်အဝယ်ဆုံးသူ၊ စာဖတ်အများဆုံးသူဖြစ်ပြီး အမှားအများဆုံးသူလည်းဖြစ်ပါသည်။
ကျွန်မသည် ဘဝတွင် ဆုံးဖြတ်ချက်အမှားများ၊ ဝေခွဲရခက်မှုများ မသေချာမရေရာမှုများနှင့် ဘဝ၏သက်တမ်းတဝက်အထိ နယ်ပယ်များစွာမှ ပထမအဆင့်ပေါင်းများစွာသို့လျှောက်လှမ်းရင်း ဆင်ခြေများစွာဖြင့် လိမ့်နေသော ကျောက်တုံးတစ်တုံးဖြစ်ခဲ့ဖူး၏။ နေရာတစ်ခု အလုပ်တစ်ခု တွင် ဇောက်ချလုပ်ကိုင်ခြင်းမရှိဘဲ ကောင်းနိုးနိုးဖြင့် ပြောင်းရင်း ပြောင်းရင်း မည်သည့် အလုပ်မှ အဖတ်မတင်ဘဲ ကြီးလာသောအသက်သာ အဖတ်တင်ခဲ့လေသည်။
အလုပ်တခုနှင့် တခုချိန်းတိုင်းပင် ကျွန်မအတွက် ကောင်းမွန်လှပသည့်ဆင်ခြေတစ်ခု အမြဲအဆင်သင့်ရှိမြဲပင်ဖြစ်သည်။ ကျွန်မသည် ထိုဆင်ခြေများနှင့် မိမိကိုယ် မိမိ လှည့်စား၏။ အိမ်ရှိမိသားစုဝင်များအား စကားလုံးကြီးများနှင့် ကိုင်ပေါက်၏။ ဤသည်မှာ အလုပ်တစ်ခုပြောင်းတိုင်း ပြုလုပ်နေကျဓမ္မတာလိုပင် ဖြစ်နေပါသည်။
ယခင် ကျွန်မတို့ခေတ်တွင် တက္ကသိုလ်ဝင်တန်းအား မည်မျှအရေးပါသည်ဖြစ်ကြောင်း လေးနက်စေရန် ဘဝ၏တဆစ်ချိုးဟု ဆိုခဲ့ကြပါသည်။
ကျွန်မမှာ ထိုတဆစ်အားသင်ကြားရေးစနစ် တော်သင့်ညံ့ မှတ်ချက်ပေးသည့်ခေတ်တွင် အတန်းတွင်း (သင့်) အနေအထား ဖြင့်ပင် ချိုးခဲ့ပါသည်။ အမှတ်စာရင်းအရမူ ညံ့ဟု ဆိုရမည်။ မည်သို့ဆိုစေ တကွေ့အား ချိုးခဲ့ပါပြီ။ ဆယ်တန်းအောင်အောင်ချင်းပင် ရန်ကုန်တွင် ကွန်ပျူတာသင်တန်းသွားတက်ဖြစ်၏။ ထိုစဉ်က ကွန်ပျူတာသင်တန်းဆိုသည်အား မည်သို့မည်ပုံ သိရှိပြီး ပူဆာတတ်ခဲ့သည်မသိ၊ အိမ်မှာလည်း စီးပွားရေးကောင်းသည့်အိမ်မဟုတ်ပါဘဲ ရန်ကုန်တွင်သွားတက်စေခဲ့သည်ကို ယခုပြန်စဉ်းစားမိသည့်အခါမှ အံ့သြရပါသည်။
ကွန်ပျူတာသင်တန်းမှာမူ စာမေးပွဲစစ်သည့်အခါ ပထမဆုရသူအား နောက်တဆင့်တက်ရန် သင်တန်းကြေး အခမဲ့ဖြစ်ပြီး ဒုတိယဆု၊ တတိယဆုရပါက တဝက်ကြေးသာပေးရမည်ဖြစ်သည်။ ကျွန်မမှာ တတိယဆုရ၍ တဝက်ကြေးဖြင့် ဆက်တက်ခွင့်ရပါသည်။ သို့သော် ဆက်မတက်ဖြစ်ဘဲ ပထမတထစ်ဖြင့်ပင် ထိုနယ်ပယ်မှ ထွက်ခွာလိုက်ပါသည်။
ထိုမှပြန်လာပြီးသည့်အခါ အသိအရာရှိကြီးဦးလေးတယောက်အကူအညီဖြင့် ဋ္ဌာနဆိုင်ရာရုံးတခုတွင် ပြာတာဝင်လုပ်ဖြစ်ပါသေးသည်။ ထိုအသိဦးလေးမှ ကျွန်မအား အတည်ဝန်ထမ်းဖြစ်သည်အထိ ကူညီပေးရန်ဆန္ဒ ရှိပါသည်။ ကျွန်မမှာ ထိုဋ္ဌာန တွင်လည်း တနေ့မှနှစ်နေ့သွားရသည်အား မသွားချင်တော့သဖြင့် ဆင်ခြေမျိုးစုံပေးကာ မလုပ်နိုင်တော့ကြောင်း ပြော၍ ထွက်ခဲ့ပြန်ပါသည်။ နောက်ပိုင်းတွင် ဘွဲ့ရသည့်အခါ အိမ်ရှိ အမေ အစ်မများမှာကျောင်းဆရာမများသာ ဖြစ်ကြသော်လည်း ဆရာမအလုပ်မှာ မြင်နေတွေ့နေကျဖြစ်၍ အမျိုးအမည်ရိုးသည်ဟုမြင်ကာ မလုပ်ခဲ့ဘဲ ရှေ့နေအလုပ်၊interviewer အလုပ်၊ စီးကွင့်ထိုး၊ ဖယောင်းလှီး မိုထုတ်ဖြင့် လုပ်ငန်းတမျိုးလျှင် တနှစ်သာသာခန့် လုပ်လိုက်ပြောင်းလိုက် ဋ္ဌာနဆိုင်ရာအလုပ်နှင့် အပြင်အလုပ်၊ ရန်ကုန်နှင့် မော်ကျွန်း၊ ဘောင်းဘီဝတ်နှင့် လုံချည်ဝတ် ပြောင်းလိုက် ရွှေ့လိုက်ဖြင့် အချိန်များကုန်လာဖြစ်ခဲ့ပါဖြစ်သည်။ ထိုအချိန်တွင် ကျွန်မနှင့် သက်တူရွယ်တူ အပေါင်းအသင်းများမှာ ဆိုင်ရာဆိုင်ရာလုပ်ငန်းများတွင် အခြေကျနေကြပြီးလည်းဖြစ်သည်။ မိမိကိုယ်မိမိကြည့်ရင်း (ဒါဝင်) ၏ သီအိုရီကို သတိရမိပါသည်။ (ဒါဝင်) သည် ထိုသီအိုရီကို ကျွန်မတဦးအတွက်သာ ထုတ်နုတ်သွားလေသလားပင် ထင်မိသည်။
ယခုနောက်ဆုံးတွင်မှ ဟိုခုန်ဒီခုန်ကူးရသည်အား ကိုယ့်ကိုယ်ကို စိတ်ပျက်လာသည်နှင့် တထိုင်တည်း တည်တည်ငြိမ်ငြိမ်ဖြစ်ရန် ဆရာမပြန်လျှောက်ပါတော့သည်။ သို့ဖြင့် နိုင်ငံရေးလှည့်ကွက်ကင်းစွာပင် ကျွန်မ၏ တကိုယ်တော်အရေးအတွက် ဘောင်းဘီဝတ်မှ လုံချည်ဝတ်သို့ ချိန်းရပြန်ပါသည်။ ကျွန်မသည် ဘဝတွင် ဘောင်းဘီနှင့် လုံချည်ချိန်းရင်း လောကကွင်း ပတ်လည်ရှိ လှေကားထစ်များ၏ ပထမအထစ်များတွင် မြွေလိမ်မြွေကောက် အဆင်းအတက်လုပ်နေသူနှင့် တူလှသည်။ စာအုပ်များမှ ထုတ်နုတ်ပေးလိုက်သည့် အသိပညာသည်လည်း ကျွန်မ၏အသုံးချမှုတွင် နက်နဲကျယ်ပြောသည့် ဆင်ခြေများ အဖြစ် အသုံးကျသွားသည်လား ပြောရမလိုပင်ဖြစ်နေခဲ့၏။
ကျွန်မမှာ နယ်ပယ်များစွာသို့ အားရစွာလိမ့်နေခဲ့ရာမှ ယခုအချိန်တွင်တော့ ကျွန်မတဖြစ်လဲ ကျောက်တုံးလေးသည် ကျောင်း ဆရာမတည်းဟူသော အရပ်တွင် ငြိမ်သက်၍နေပါသည်။ နှစ်ပေါင်းများစွာ နှလုံးသွင်းဆင်ခြင်မှုကင်းစွာ ဦးနှောက်တွင် စွဲ မြဲကြိုက်နှစ်သက်လာခဲ့သည့် အဆိုအမိန့်လေးအား အနှစ်သာရရှိရှိ ရေရွတ်မိပါသည်။ ဤသို့ဆိုပြန်တော့လည်း မိမိသည် တည်ငြိမ်နေသောကျောက်တုံးလေးသဖွယ်ပင်တည်း...။