(အတွေးအမြင်၊ ဇွန်လထုတ်) မိုးမခ၊ ဇွန် ၃၊ ၂၀၁၇
ဆရာစွမ်းကတော့ အသက် ၈၀ပြည့်အောင် ဖြတ်ကျော်နိုင်ခဲ့ပြီလို့ ဂုဏ်ယူတယ်။ အနှစ် ၈၀ လူတွေ ဘ၀တွေ အဖြစ်အပျက်တွေ သမိုင်းတွေကို မျက်မြင်သက်သေ အနုပညာသည်အဖြစ် သူ ဖြတ်သန်းရှင်သန်နိုင်ခဲ့ပြီပေါ့။ ဒါနဲ့ ဆရာဦးမိုးသူဆီ ဖုန်းဆက်တော့ … " ဟေ့ကောင် ငါက ရှေ့လ (မေလ) ဆိုရင် မောင်စွမ်းလို အသက် ၈၀ ပြည့်တော့မှာကွ။ ငါတို့က ၃၇ born တွေ အတူတူတွေ" လို့ အားပါးတရ ပြောပါတယ်။ သူတို့ ကျောင်းနေဘက်သူငယ်ချင်းတွေလည်း မရှိတဲ့သူ မရှိတော့ပါဘူး။ မသေလို့ ကျန်ရစ်သူတွေက အသက်ရှည်နေနိုင်သေးတာ လောကဓံကို ကြံ့ကြံ့ခံ ဖြတ်သန်း ကျော်လွှားနိုင်သေးတာ ၀မ်းမြောက် မုဒိတာ ပွားစရာ၊ ကိုယ့်ဆရာသမားတွေ သက်တော်ရှည် စာပေအနုပညာသည်တွေအဖြစ် ရင်းနှီးသိကျွမ်း ခင်မင်ခွင့်ရတာ ကျနော်တို့အတွက်လည်း ဂုဏ်ယူစရာပါ။ ဆရာဦးမိုးသူက အငယ်ဆုံးလားလို့မေးတော့ ဘကြီးမိုးက ငါထက်ငယ်တဲ့ ကောင်က ဇော်မြင့်လေ (ဆရာဇော်ဇော်အောင်) လို့ ဖြေပါတယ်။ ဆရာဇော်က တနှစ်က ကွယ်လွန်ခဲ့ပါပြီ။ မိုးမခရဲ့ ဆရာဦးတင်မိုးလည်း ကွယ်လွန်ခဲ့ပါပြီ။ ဆရာဦးသောင်း၊ ပြီးတော့ ဦးဝင်းတင်။ ပြီးတော့ ဆရာမောင်သာရတို့ အားလုံး သွားနှင့်ကြပြီ ဖြစ်ပါတယ်။ ကျနော်တို့မှာ လူကြီးတွေဆိုလို့ စွမ်းရယ် မိုးရယ်ပဲ ရင်းရင်းနှီးနှီး သူငယ်ချင်း ပေါင်းစရာ ကျန်တော့တာပါ။ သူတို့က ကလေးတွေ လူငယ်တွေ မျိုးဆက်သစ်တွေ ကျနော်တို့တွေနဲ့ အတူတူ ရပ်ကြ ခံစားကြ၊ နားလည်ပေးကြတာကိုး။
ဘကြီးမိုးကို သူ့မွေးနေ့အကြောင်း ပြောနေတာနဲ့ လူကြီးတွေကို ကျနော်လည်း မတ်လထဲ မွေးနေ့ပါလို့ မပြောလိုက်ရဘူး။ ကိုဘုန်းမော်တို့ မတ်လ ၁၃ ရက်နေ့မှာ ကျဆုံးပြီး နောက်တနေ့ မောင်ရစ်ကို မွေးတာပေါ့လို့တောင် မပြောလိုက်ရဘူး။ ဒါနဲ့ပဲ ဖုန်းပြန်ချပြီး စဉ်းစားခန်းဝင်မိတယ်။ မွေးနေ့မှာ ဘာများလိုချင်သလဲပေါ့။ ဘာဖြစ်ချင်သလဲပေါ့။ မိုးမခမီဒီယာလုပ်နေရသူ တောက်တိုမယ်ရအယ်ဒီတာဆိုတာ သူများမွေးနေ့တွေ သူများ သေနေ့တွေနဲ့ စခန်းသွားရသူပါ။ ကိုယ့်အကြောင်းကိုယ် စိတ်ဝင်စားမိတယ်ရယ် မရှိပါ။ ကိုယ့်မိသားစု မိဘ အသိုင်းအ၀ိုင်း သူငယ်ချင်းတွေအကြောင်းလည်း သိပ် အာရုံမရှိတတ်ပါ။ ခုကျမှ လူကြီးတွေက ၈၀တွေ ဘာတွေ ဖြစ်ကုန်တာ အထူးတတလည် အမှတ်တရဖြစ်မိ၊ ပြီးတော့ အသက် ၇၀ ကျော် ဒေါင်ဒေါင်မြည်တဲ့ မြန်မာပြည်ခေါင်းဆောင်ကြီး ဒေါ်စုကိုလည်း မျက်စိထဲ မြင်ယောင်မိ။ အသက် ၉၀ ပြည့် ဘဘဦးတင်ဦးတို့ မောင်နှံ ကိတ်မုန့်ခွဲကျွေးနေတဲ့ ဓာတ်ပုံလေးအကြောင်းလည်း သတိရလိုက်တော့ ရှင်သန်ခြင်းရဲ့ ကျက်သရေမင်္ဂလာနဲ့ မုဒိတာအရသာကို ခံစားမိပါတယ်။ အသက် ၆၀ နဲ့ အသက်စွန့်သွားရသူ ရှေ့နေအာဇာနည် ဦးကိုနီနဲ့ အချိန်မတိုင်မီ စွန့်လွှတ်ခဲ့ကြရသော ခေတ်အဆက်ဆက်က ဒီမိုကရေစီ သူရဲကောင်းတွေ အညတရတွေ သူတို့မိသားစုတွေအတွက်လည်း ကိုယ်ချင်းစာသော ဂရုဏာနဲ့ ၀မ်းနည်းမှုတွေကိုလည်း ခံစားလိုက်မိပြန်ပါတယ်။
မွေးနေ့ဆိုလို့ … ဘာဖြစ်ချင်သလဲ။ တလျောက်လုံး သေချာမတွေးခဲ့မိတဲ့ ဆန္ဒကတော့ ကိုယ့် မိဘတွေ ရှေ့ကို ဆထက်တံပိုးတိုးလို့ နှစ်ပေါင်းများစွာ အသက်ရှည် ကျန်းမာကြပါစေလို့ ဆုတောင်းမိတာပါ။ ဟုတ်တာပေါ့၊ ကျနော့်မိဘတွေ သည်အရွယ်အထိ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် နေခဲ့ပြီး ဆက်လက် နေနိုင်ကြပါစေလို့ ဆုတောင်းမိပါတယ်။ သားသမီးတွေလည်း မိဘ ဘိုးဘွားတွေနဲ့ ဆုံကြ စည်းကြ ပျော်ရွှင်နိုင်ကြပါစေလို့ တွေးမိပါတယ်။ ကျနော်တို့တတွေက ခေတ်အဆက်ဆက် မိသားစုတွေ မိဘသားသမီးတွေ သေကွဲ ရှင်ကွဲတွေနဲ့ အကြိမ်ကြိမ် ဖြတ်သန်းခဲ့ကြရတာမို့ သည်ခံစားချက်က ကိုယ်အသက်ကြီးလာလေလေ ဒါဟာ ဒုလ္လဗတရားဖြစ်တယ်ဆိုတာ သတိပြုမိလေလေ မို့ပါ။ ဒီတခါ အဖေတို့ အမေတို့နဲ့ တွေ့ရင်တော့ အေးအေးဆေးဆေး စကားလက်ဆုံ ထိုင်ပြီး ပြောလိုက်ပါဦးမယ်လို့ တွေးမိပါတယ်။ ကျနော့်မှာက စာပေမိဘဘိုးဘွားတွေနဲ့ အချိန်ပေးတာက ပိုများနေခဲ့တာမို့ သွေးသားရင်းမိဘတွေနဲ့တောင် အေးအေးလူလူ မထိုင်ဖြစ်ဘူးတာကို စဉ်းစားမိလို့ပါ။
နောက် ဘာစဉ်းစားမိပြန်သလဲ ဆိုတော့ ကျနော့် အဖေအမေတွေ အခုလို ကျနော့်အရွယ်မှာ ဘယ်လိုများ နေခဲ့ပါလိမ့်လို့ပေါ့။ ကျနော်တို့ အသက် ၂၀ အရွယ်၊ မိဘတွေက ၄၀ ကျော် ၅၀ တန်း။ ကျနော်တို့တွေက အရေးတော်ပုံလှိုင်းတွေနောက် ကောက်ကောက်ပါအောင်လိုက်လို့ သူတို့ကို ထားခဲ့ကြရတဲ့ အချိန်တွေပါ။ အခု ကျနော်တို့က သူတို့အရွယ်တွေရောက်။ သူတို့က ၇၀ ကျော် ၈၀ တန်းအ၀င်။ သူတို့တွေနဲ့ မသေမပျောက် ကျနော်တို့တတွေ ပြန်ဆုံခွင့်ရတာ ကံထူးသူတွေပါ။ အခု သည်အချိန်မှာ ကျနော်တို့ သားသမီးတွေကကော ဘယ်တွေ ရောက်နေပါလိမ့်။ သူတို့လည်း မိဘရင်ခွင်ကနေ ထွက်ခွာလို့ ပညာရှာနေကြတယ်ဆိုတာ နှိုင်းယဉ်တွေးမိပြန်ပါတယ်။ သူတို့တွေ မတောင့်မတ မကြောင့်မကျ ပညာရှာနေခွင့်ရတာ သူတို့လည်း ကံထူးတာပါပဲနော်။ သူတို့တွေကို ကျနော်တို့တုန်းကလို သေကွဲ ရှင်ကွဲတွေ မခံစားစေချင်ပြန်ပါ။ ကလေးတွေနဲ့ မိဘတွေ အတူတကွ နေထိုင်ရစဉ်တုန်းမှာ ပဋိပက္ခတွေနဲ့ နေထိုင်ရတာထက် ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင်နေခွင့်ရကြတာကိုပဲ မင်္ဂလာ ကုသိုလ်တခုအဖြစ် ကြည်နူး ၀မ်းသာချင်မိပြန်ပါတော့တယ်။
ဒီလိုနဲ့ ရဲဘော်တွေ အကြောင်း တွေးမိပြန်ပါတယ်။ ကျနော်တို့မှာက ယုံကြည်ရာ လမ်းစဉ်တခုခုမှာ (ဥပမာ မိုးမခစာအုပ်လစဉ် ထွက်နိုင်ရေး ဖြစ်ဖြစ်) ရင်းနှီးကြ မြုပ်နှံကြဆိုတော့ ရဲဘော် ရဲဘက် မိုက်ဘော် မိုက်ဘက်တွေချည်းဆိုတော့ ကျနော်တို့မှာ အလာပ သလာပတွေ အလွန်နည်းတာကို မြင်မိပါတယ်။ ကိုယ်ရေးကိုယ်တာတွေ မပြောဖြစ်ဘဲ စာမူကိစ္စ သတင်းကိစ္စ အရေးအခင်းတွေပဲ အာရုံက ကျလွန်းနေတော့ ဟေ့လူ ခင်ဗျား နေကောင်းရဲ့လား၊ မိန်းမနဲ့ ရည်းစားနဲ့ သားသမီး မိဘနဲ့ အဆင်ပြေရဲ့လားတောင် အေးအေးလူလူ မမေးမိတတ်ပါဘူး။ ကိုယ့်ပုဂ္ဂိုလ်ရေး အတင်းအဖျင်းလေးတွေ ကိုယ်ကြိုက်တဲ့ မြန်မာအိုင်ဒေါ်တောင် ပြောမိရဲ့လားတောင် မသိပါ။ သားကြီးမောင်ဇေယျကို ဆိုရင် အသက်ဘယ်လောက် ရှိပြီလဲ မမေးဖူးဘူး။ မွေးနေ့ ဘယ်တော့လည်း မမေးဖူးဘူး။ သူ မုန့်ဟင်းခါးကြိုက်သလား၊ အုန်းနို့ခေါက်ဆွဲကြိုက်သလားတောင် မမေးမိပါ။ ကိုနောင်ကျော်တို့ ကာတွန်းဝင်းအောင်တို့ဆိုရင်လည်း ဘယ်သူက အိမ်ထောင်ကျနေပြီလဲတောင် မမေးမိဘူး ထင်ပါတယ်။ (နောက်တာပါ၊ ကိုဝင်းအောင်က အိမ်ထောင်ကျ၊ ကိုနောင်ကျော်က လူပျိုကြီး၊ စကားအဖြစ် ပြောတာပါ။ ဥပမာ) စာမရေးတာ ကြာပြီနော်နဲ့ နှုတ်ဆက်နေကျဆိုတော့ သည်တခါ ရဲဘော်တွေနဲ့ တွေ့ကြရင် သာမန်လူတွေလို စကားစမြီလေး ပြောတာမျိုး လုပ်ကြရမယ်လို့ ဆုံးဖြတ်မိပါတယ်။ ကိုရာဇာ နေကောင်းသွားပြီလား တခါမှ မမေးမိ၊ ကိုထွန်းဝင်းငြိမ်း ၀ိတ်လေး ဘာလေး ချဖို့ စိတ်မကူးဖူးလား မမေးမိ၊ မေးတော့ မေးရဦးမှာ ဖြစ်ပါတယ်။ ကိုဇာနည်ဝင်းတောင် ကလေး ၃ ယောက် ရနေသလားတောင် မမေးမိ။ အို …. လူမှုရေး ပျက်ကွက်တာတွေ အများကြီးပါလား။
သည်လိုနဲ့ ကျနော် ဖေ့စ်ဘွတ်ကို ကြည့်လိုက်တော့ ကျနော့် ကျောင်းနေဘက်သူငယ်ချင်းတွေက နံရံတွေမှာ လာရေးခြစ်ထားတာကို တွေ့ရပါတယ်။ အော် ကျနော်တို့မှာ မိသားစုတွေ သူငယ်ချင်းတွေကို မေ့နေကြတာ အတော်ကြာပါပြီ။ မနှစ်က အိမ်ပြန်တော့ သူငယ်ချင်းတွေကို အေးအေးလူလူတွေ့ဆုံ စကားပြောမိတော့မှ ကျနော်တို့မှာ အဲသည်လို အချုပ်အနှောင် အယူဝါဒ အစွဲအလန်း ကင်းတဲ့ သူငယ်ချင်းဆိုတဲ့ ဘ၀တွေနဲ့ ကင်းဝေးနေတာပါလားဆိုတာကို ပြန်သတိပြုမိပြန်ပါတယ်။ သူငယ်ချင်းဆိုသူတွေက အသက်ကြီးပြီး အိုမင်းမစွမ်း နာမကျန်းဖြစ်နေကြလည်းပဲ ဟိုတုန်းက ငယ်သူငယ်ချင်း သံယောဇဉ်နဲ့ ခင်ခင်မင်ခင် ရှိနေကြတာပါကလားဆိုတာကို တွေးမိပါတယ်။ ပြန်တွေးလိုက်တော့ ဆရာစွမ်းတို့ ဆရာတင်မိုးတို့ ဘကြီးမိုးတို့ဆိုတာ သူငယ်ချင်းလည်း သူငယ်ချင်း၊ စာပေရဲဘော်တွေလည်း ရဲဘော်တွေ၊ အတူမကွဲ လက်တွဲနိုင်ခဲ့ကြတဲ့ သံမဏိသက်ရှည် သူငယ်ချင်း ရဲဘော်တွေဆိုတာ အလွန်ကံထူးတာပါလားလို့ ၀မ်းမြောက်မိပြန်ပါတယ်။ ကျနော်တို့မှာက အခြားဖိစီးမှုတွေများလွန်းတော့ ဟိုတခါက အောင်ဒင်က သူငယ်ချင်း ကိုကိုကြီးအတွက် မွေးနေ့ထမင်းစားပွဲလုပ်တာ ၈၈ သူငယ်ချင်း ရဲဘော်တွေနဲ့ ဆုံပေမယ့် နိုင်ငံရေးဖိစီးမှုတွေကြောင့် ပျော်မိတယ် မထင်မိတာကို စဉ်းစားမိပါတယ်။ ပျော်တယ်ဆိုတာ သူငယ်ချင်းတွေက နောက်တာ ပြောင်တာ အမှတ်တရ ရှိကြတာ ပျော်စရာပါ။ အခုပဲ ကြည့်ပါဦး မဌေးစီက ကျနော့်မွေးနေ့အတွက် ဓာတ်ပုံတင်တာ ပင်လယ်ကမ်းခြေမှာ ကြက်ကြီးလည်လိမ်သလို ထိုင်နေတဲ့ ကျနော် နောက်ကျောပုံကို တင်ပါတယ်။ ပြီးတော့ ဆုတောင်းပေးပုံကလည်း စိတ်သွားတိုင်း ကိုယ်ပါ လိုရာဆန္̔ဒ ပြည့်ဝပါစေတဲ့။ ကြံကြံဖန်ဖန်။ သို့သော ပျော်စရာ ခံစားချက်ဖြစ်ပါတယ်။
ကဲ မွေးနေ့ဆိုတာ ပျော်စရာပါ။ ဆက်စပ်စဉ်းစားချင်တာတွေလည်း အများကြီးပါ။ မွေးနေ့မှာ ဘာမှတော့ သိပ် အများကြီး မလိုချင်ပါ။ ၀န်ထုပ်ဝန်ပိုးတွေက လုံလုံလောက်လောက် ရှိနေပြီးပါပြီ။ Subaru Outback တစီးလောက်တော့ တကိုယ်ကောင်းဆန်ဆန် လိုချင်ပါတယ်။ moon roof လေးနဲ့ပေါ့လေ။ သို့သော် တကယ်တန်းပြောရရင် မိဘတွေ နဲ့ ကိုယ့်အမွှာညီမလေးတို့ သည်ထက်ပိုပြီး ကျန်းမာ ပျော်ရွှင် နေကြစေချင်ပါတယ်။ ကိုယ့် မိသားစု ဇနီး၊ သမီးနဲ့လည်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေမြဲ ဖြတ်သန်းချင်ပါတယ်။ ရဲဘော်တွေ စာနယ်ဇင်းမိသားစုတွေနဲ့လည်း ပိုပြီး ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် နေဖို့ ပိုကြိုးစားပါ့မယ်။ ပြီးတော့ ငယ်သူငယ်ချင်းတွေ ကြီးသူငယ်ချင်းတွေနဲ့လည်း ငယ်ငယ်တုန်းက ဘ၀တွေလို မြင်ယောင်ပြီး ချစ်ခင်စွာ ဆက်နေနိုင်အောင်လည်း အားထုတ်ပါ့မယ်။ ဘာတွေ ဆက်ပြီး ရန်ဖြစ်နေဦးမှာလဲ။ အာဏာရှင်နဲ့ သူ့အုပ်စုတွေနဲ့ ဆက်ရန်ဖြစ်နေရဦးမှာမို့ ရန်သူတွေ ထပ်မလိုချင်တော့ပါ။ သူတို့နဲ့တင် အတော်လုံလောက်နေပါပြီ။ အသက်ကလည်း ကြီးလာတော့ သည်လောက်ဆို နေပျော်ပြီ ထင်ပါတယ်။

မတ် ၁၄၊ ၂၀၁၇