မောင်မောင်စိုး ● ရခိုင်ပြည်နယ်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြဿနာ - အပိုင်း (၅)

မောင်မောင်စိုး ● ရခိုင်ပြည်နယ်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြဿနာ - အပိုင်း (၅)
(မိုးမခ) ဇွန် ၂၆၊ ၂၀၁၇
 
ရေမြေသနင်း ပိုင်စိုးသော ပြည့်ရှင်မင်းများနှင့် ရမ်းဗြဲကျွန်းသားများ ကြည့်မြင်ခံယူပုံ ကွာခြားသည်။ ရမ်းဗြဲကျွန်းသားများ ကကျွန်း ပေါ်တွင် မြေလွတ်မြေရိုင်းဆိုသည်မှာ  မရှိဟု ခံယူကြသည်။ ရွာသားတိုင်းသည် မိမိလယ် အနီးတောင်ခြေတောစပ် အား မိမိကျွဲနွား လွှတ်ကျောင်းရန် ပိုင်ဆိုင်ကြသည်ဟု အစဉ်အလာမှတ်ယူထားကြသည်။ အတန်ငယ်လှမ်းသော တောင် ကုန်းငယ်များအား ရွာပိုင်ဟု အသီးသီးသတ်မှတ်ထားကြသည်။ ထိုတောင်ကုန်းငယ်များရှိ တောများတွင် စီးပွားဖြစ်ရောင်းချ ရန်အတွက်မဟုတ်ဘဲ မိမိအိမ်အတွက်ဆိုလျင် ရွာမှအိမ်တိုင်း ခုတ်ယူသုံးစွဲခွင့်ရှိကြသည်။

အစိုးရကတော့ ဤသို့မှတ်ယူခြင်းမရှိဘဲ လျော်ကြေးပေးရန်မလိုအပ်သည့် နိုင်ငံတော်ပိုင် မြေလွတ်မြေရိုင်းများဟု သတ်မှတ် ကြသည်။

● လျော်ကြေးနှင့် အသက်မွေးဝမ်းကြောင်း
မြေယာလျော်ကြေးနှင့်ပတ်သက်လျင် ဒေသခံနှင့်များညှိနှိုင်းပြီး သင့်တော်သည့်ပေါက်ဈေးနှင့် ဒေသခံများလက်သို့ ပွင့် လင်းမြင်သာစွာ ရှင်းလင်းစွာပေးအပ်ရန်လိုအပ်သည်။ အဂတိလိုက်စားမှုနှုန်း မြင့်မားသည့် မြန်မာပြည်တွင် ထိုအချက် သည် လွန်စွာအရေးပါသည်။ အဂတိလိုက်စားသူဝန်ထမ်းများကြောင့် လျော်ကြေးငွေ တကယ်တမ်းရွာသားများထံသို့မရောက်မည်ကိုအထူးသတိပြု ရန်လိုအပ်သည်။

သို့သော် အထူးစဉ်းစားစရာလိုသည်မှာ လျော်ကြေးငွေနှင့် လုံလောက်ပါ၏လောဆိုသည့် ပြဿနာဖြစ်သည်။ အဓိက ထည့် သွင်းစဉ်းစားရမည်မှာ အသက်မွေးဝမ်းကြောင်းပြဿနာဖြစ်သည်။ ထို့ပြင် ဒေသခံတို့ အသက်မွေးဝမ်းကြောင်းနှင့် ဆက်စပ် နေသည့် နိုင်ငံတော်ပိုင်ဆိုသည့် တောများ တောင်များ မြစ်များချောင်းများနှင့်ဆိုင်သည့် ပြဿနာများကို သေချာစွာ ထည့် သွင်းစဉ်းစားရန် လိုအပ်ပါသည်။ မြစ်ဆုံ လက်ပတောင်းတောင်တို့မှ သင်ခန်းစာများကို ရယူကြရန်လိုအပ်သည်။

လယ်တကွက် ယာတကွက်သည် လယ်သမားများလက်တွင် ရှိနေသ၍ ဘိုးစဉ်ဘောင်ဆက် လက်ကမ်း၍ရသည်။ ဤလယ် ဤယာမှာ နှစ်စဉ် စိုက်ပျိုးထွန်ယက်၍ ဝင်ငွေရသည်။ ထိုလယ်ကွက် လျော်ကြေးဖြင့် သိမ်းယူခံလိုက်ရပြီဆိုပါက သူတို့၏ ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းနိုင်မှု နှစ်စဉ်ဝင်ငွေအပြင် သူတို့ကျွမ်းကျင်သည့် အသက်မွေးဝမ်းကြောင်းပါ စွန့်လွှတ် လိုက် ရပြီဖြစ်သည်။

ထို့ပြင် ထိုလယ်မြေတို့နှင့်ဆက်စပ်နေသည့် မြစ်ချောင်းများသည် သူတို့ဝမ်းစာအတွက်ဖြစ်စေ ဟင်းစားအတွက်ဖြစ်စေ ရှာဖွေနိုင်သည့် သဘာဝ တရားကပေးသည့် ပတ်ဝန်းကျင်ဖြစ်သည်။ အလားတူပင် တောတောင်များသည် သူတိ့အတွက် အလေ့ကျ တောဟင်းတောရွက်မှသည် တောကောင်ရှာဖွေခြင်း အိမ်ဆောက်ရန် သက်ငယ် သစ်ဝါးမှအစ ထင်းအဆုံး ထုတ်ယူနိုင်သည့် သဘာဝတရားကပေးသည့် ပတ်ဝန်းကျင်ဖြစ်သည်။ ဤတောတောရေမြေတို့သည် ပုဂ္ဂလိကပိုင်မဟုတ် နိုင်ငံတော်ပိုင် အစိုးရပိုင်ဖြစ်သသည်ဟု ဆိုသော်လည်း ပြည်သူလူထုလည်းပိုင်သည်ဆိုသည်ကို အသိမှတ်ပြု ရန်လိုပါသည်။

ထိုထက်မက လယ်ယာစိုက်ပျိုးရေး ရေလုပ်ငန်းတို့ကို မိရိုးဖလာကျွမ်းကျင်စွာလုပ်ကိုင်ခဲ့ကြသူများကို လျော်ကြေးငွေပေးရုံ မျှနှင့် သူတို့သည် အခြားအသက်မွေးဝမ်းကြောင်းတခုကို ပြောင်းလဲလုပ်ကိုင်ရန် ကျွမ်းကျင်မှု ရှိမည်မဟုတ်ပေ။ သူတို့၏ ကျွမ်းကျင်သည့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းပျောက်ပျက်သွားပါက ထိုသူတို့ ရေရှည်ရပ်တည်နိုင်ရန် မလွယ်ကူပေ။ ထို့အတူ နိုင်ငံတော်အစိုးရပိုင်သည်ဟု မည်သို့ပင်ဆိုသော်လည်း မဒေးကျွန်းရေလမ်းကြောင်း၌ ရေလုပ်ငန်းနှင့် အသက်မွေး ဝမ်းကြောင်းပြုသူများနှင့်ပတ်သက်၍လည်း မဖြစ်မနေ ထည့်သွင်းစဉ်းစားရပေမည်။

ပြီးခဲ့သော မြစ်ဆုံ လက်ပတောင်းတောင်နှင့်ကျောက်ဖြူ ဒေသတွင် တွေ့ရသောအတွေ့အကြုံ အရ မြေယာလျော်ကြေး ပေးခြင်း ရွာများအဖျက်ခံရပါက အိမ်အသစ်ဆောက်ပေးခြင်းတို့ ရှိသော်လည်း ထိုဒေသခံများ ပုံမှန်ဝင်ငွေရရှိသော အသက် မွေးဝမ်းကြောင်းလုပ်ငန်းတခု ထူထောင်ပေးခြင်းမရှိပေ။ ထို့ပြင် သဘာဝတောတောင်မြစ်ချောင်းများနှင့်ပတ်သက်၍ ဒေသခံ တို့ ရရှိခံစားနေသော အခွင့်အရေးများ ပြည့်စုံစွာ ထည့်သွင်းတွက်ချက်ခြင်းလည်း မပြု ခဲ့ပေ။ လက်ရှိအထူးစီးပွားရေးဇုံဥပဒေအရလည်း အထူးဇုံပြု လုပ်မည့်နေရာတွင် လူနေအိမ်ခြေ အဆောက်အအုံများ လယ်ယာဥယျာဉ်မြေခြံမြေများ သီးပင် စားပင်များ စိုက်ခင်းများရှိပါက ပြောင်းရွှေ့နေရာချထားရာတွင် မူလအဆင့်အတန်းထက် မနိမ့်ကျစေရန် ၎င်းတို့၏ အခြေခံ လိုအပ်ချက်များပြည့်စုံစေရန် ဆောင်ရွက်ပေးရမည်ဟူ၍သာ ယေဘုယျ ဖေါ်ပြထားရှိပါသည်။

အထက်ပါအတိုင်း မြန်မာအစိုးရက ဒေသခံတို့နှင့် ပြည့်စုံစွာတွက်ချက်လုပ်ဆောင်သည့် အပြုအမူနှင့်အတွေ့အကြုံ မရှိ သော်လည်း လာရောက်မြှုပ်နှံသည့် တရုတ်အစိုးရနှင့်ကုမ္ပဏီတို့အနေနှင့် သူတို့တိုင်းပြည်တွင် ပြောင်းရွှေ့လူထုအတွက် စဉ်းစားလုပ်ကိုင်ပေးသည့် အတွေ့အကြုံ ရှိပါသည်။ တရုတ်ပြည်အတွေ့အကြုံအရ ဒေသခံတိုင်းရင်းသားရွာတရွာ လယ်မြေ များအပါအားလုံးသိမ်းဆည်း၍ မြို့သစ်ချဲ့ခြင်း အထူးဇုံပြုလုပ်ခြင်းပြုလုပ်ပါက လိုအပ်သည့် မြေယာလျော်ကြေးငွေပေးအပ် သည့်အပြင် ထိုသူများအတွက် ရေ မီး လမ်းတံတား ရေးဆိုးစနစ် မိလ္လာစနစ်သာမက ထိုသူများနှင့်သက်ဆိုင်သည့် ဘာသာ ရေးအဆောက်အအုံပါ ထည့်သွင်းတည်ဆောက်ထားသောမြို့သစ်တွင် လူနေရန် အဆောက်အုံတခု (ဝါ) လူနေတိုက်ခန်း တခုအပြင်အရောင်း အဝယ်ပြုလုပ်နိုင်ရန် တိုက်ခန်းတခန်းပေးသည်။ အရောင်းအဝယ်မလုပ်တတ်ပါက ငှါးရမ်း၍ ဝင်ငွေရ သည်။ ထို့ပြင် ထိုသူများအတွက် မြို့သစ်တွင် ဈေးတခုတည်ဆောက်ပေးပြီး ထိုဈေးကရသည့် ဈေးကောက်အား အုပ်ချုပ် ရေးပိုင်းကမယူဘဲ ထိုရွာမှအိမ်ထောင်စုများအား လစဉ်အချိုးကျ ခွဲဝေပေးသည်။ ထို့ပြင် အချို့နေရာများ၌ သိမ်းဆည်း သည့်နေရာတွင် ချောင်းငယ်လေးတခုပါလျင်ပင် ထိုသူတို့ ဘိုးစဉ်ဘောင်ဆက် ငါးရှာဖမ်းဆီးလာသည့်အတွက်သင့်လျော်သည့် လျော်ကြေးပေးသည်။ တရုတ်တို့သည် တရုတ်ပြည်တွင်းတိုင်းရင်းသားဒေသများတွင် ပြုလုပ်ပါက ပို၍ အလေးထား ဂရုပြု ဆောင်ရွက်လေ့ရှိသည်။ သို့ဖြစ်ရာ မူလထက်မြင့်မားသည့် လူမှုဘဝနှင့်နေထိုင်ရပြီး အသက်မွေးဝမ်းကြောင်းဝင်ငွေ နှင့်ပတ်သက်၍ မပူပင်ရ၍ ရွာမြေလယ်မြေသိမ်ဆည်း၍ ပြဿနာဖြစ်ပွားခြင်းကို ရှောင်ရှားနိုင်သည်။

သို့သော် မြန်မာနိုင်ငံတွင် ဤတာဝန်ကိုယူရမည်မှာ ပြည်ထောင်စုအစိုးရဖြစ်သည်။ ပြည်ထောင်စုကတိုက်ရိုက်စီမံခန့်ခွဲမှု အောက်တွင်ရှိ၍ ပြည်ထောင်စုအစိုးရတာဝန်ယူမှု သည်အဓိကကျသည်။ ပြီးခဲ့သောကာလများကိုကြည့်လျင် အစိုးရက တာဝန်ယူမှု ကလည်း မပြည့်ဝသည့်ပြင် အာဏာပိုင်အချို့နှင့်ခရိုနီများသာ အမြတ်ထုတ်သွားခဲ့ကြသည်။ ဒေသခံများကား ပြဿနာများကြားတွင် ရုန်းကန်နေရဆဲဖြစ်သည်။

● အထူးစီးပွားရေးဇုံနှင့် ရခိုင်ပြည်နယ်
လက်ရှိ ရခိုင်ပြည်နယ်၌ ပြု လုပ်ရန်ရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင် တရုတ်က ထိပ်ဆုံးမှနေရာယူထားသည်။ OBOR ခေါ် ခေတ်သစ်ပိုးလမ်းမ စီမံကိန်းနှင့်ပတ်သက်၍ မြန်မာအစိုးရနှင့် နားလည်မှု စာချွန်လွှာကို ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၇ ခုနှစ် မေလ တရုတ်ပြည်ခရီးစဉ်အတွင်းရေးထိုးခဲ့ကြသည်။ လက်ရှိတွင်လည်း ကျောက်ဖြူ အထူးစီးပွားရေးဇုံနှင့် ပတ်သက်၍ သဘောတူညီချက်ရရှိထားပြီး ရေနက်ဆိပ်ကမ်းဆောက်လုပ်ရေးအတွက် ဆွေးနွေးညှိနှိုင်းဆဲဖြစ်သည်။

တတိုင်းပြည်လုံးနှင့်ဆိုင်သည့် စီးပွားရေးအကျိုးအမြတ်ပြဿနာ၊ လုပ်ငန်းတခုလုံးထိမ်းချုပ်ခွင့်နှင့် အချုပ်အခြာ အာဏာ ပြဿနာ၊ အလုပ်သမားခန့်ထားရေး လေ့ကျင့်ရေးပြဿနာနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်သည့်စက်ရုံများ မတည်ဆောက် နိုင်ရန် စိစစ်သည့်ပြဿနာတို့သည် အရေးကြီးသကဲ့သို့ ရခိုင်ပြည်နယ်ဒေသခံများအတွက် မည်သည့် အကျိုးခံစားမည်ဆိုသည်ကိုထည့်သွင်းစဉ်းစားတွက်ချက်ရန်လည်း အရေးကြီးသည်။ ဒေသခံတို့၏ လယ်မြေနှင့်သဘာဝ အသက်မွေး ဝမ်း ကြောင်းတို့ ထိခိုက်ခံထားရသည်။ စက်ရုံများမှ ဖြစ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးကိုလည်း တိုက်ရိုက်ခံစားရမည်မှာလည်း ဒေသခံများဖြစ်သည်။ လယ်မြေများ ၎င်းတို့မိရိုးဖလာ ရှာဖွေရှာဖွေစားသောက်နေသော မြစ်ချောင်းများ ဆုံးရှုံးသွားသည်မှာ ဒေသခံများဖြစ်သည်။ အသက်မွေးဝမ်းကြောင်း ဇာတိချက်မြှုပ်တို့ ပြောင်းလဲဆုံးရှုံးသွားသည်မှာ ဒေသခံတို့ဖြစ်သည်။ သို့ ဖြစ်၍ ဒေသခံတို့အတွက် မဖြစ်မနေ ထည့်သွင်းစဉ်းစားပေးရန် လိုအပ်သည်။

လက်ရှိဖွဲ့စည်းပုံဥပဒေအောက်တွင် ရခိုင်ပြည်နယ်သည် မိမိဒေသရှိ သယံဇာတများနှင့်ပတ်သက်၍ မည်သည့်ရာခိုင်နှုန်းရရှိရ မည်ကိုထည့်သွင်းရေး ဆွဲထားခြင်းမရှိပေ။ လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲကလည်း အဖြေထွက်ရန် မလွယ်ကူသေးပေ။ ဤသို့သောအခြေအနေအောက်တွင် ကျောက်ဖြူ အထူးစီးပွားဇုံက ရရှိမည့်အကျိုးအမြတ် ရာခိုင်နှုန်းမည်မျှအား ရခိုင်ပြည် နယ်အတွက်ဖြစ်သည်ဆိုသည်ကိုလည်းကောင်း၊ အထူးဇုံနှင့် တိုက်ရိုက်ပတ်သက်ပြီး ထိုအထူးဇုံကြောင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းပါထိခိုက်မည့် ဒေသခံတို့နှင့်ပတ်သက်၍ မည်သို့ အလုပ်အကိုင် အသက်မွေးဝမ်းကြောင်းလုပ်ငန်း ထူထောင် ပေးမည်ဆိုသည်ကိုပါ ပြည်ထောင်စုအစိုးရက တာဝန်ယူဖြေရှင်းပေးရန်လိုအပ်သည်။

ထို့အတူ တရုတ်ရင်းနှီးမြှုပ်နှံသူများသည်လည်း မြန်မာပြည်၏ ပြည်နယ်များတွင် လာရောက်ရင်းနှီးမြှုပ်နှံကြပါက ပြည်နယ် များ၏ အခြေအနေကို နားလည်သဘောပေါက်ကြရန်လိုသည်။ မြန်မာပြည်၏ ပြည်နယ်တိုင်းလို တိုင်းရင်းသားလိုလိုသည် မြန်မာအစိုးရနှင့် တပ်မတော်အား ပုန်ကန်တိုက်ခိုက်နေသည်မှာ နှစ် ၇၀ ခန့်ရှိပြီဖြစ်သည်။ ပြည်နယ်တိုင်းတွင် တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ရေးတို့နှင့်ပတ်သက်၍ သဘောတူညီချက်မရနိုင်သေး။ အငြင်းပွားနေဆဲသာ ရှိသေး သည်။ ပြည်နယ်များရှိ တိုင်းရင်းသားတို့၏ မကြေနပ်ချက်များက များပြားဆဲဖြစ်သည်။ သူတို့၏ပြည်နယ်သူတို့၏ လူမျိုးသူတို့ ၏ဒေသအတွက် အကျိုးခံစားခွင့်မရပါက နည်းမျိုးစုံနှင့်ကန့်ကွက်နေမည်သာဖြစ်ပေသည်။ တရုတ်တို့အနေနှင့် ပြည်ထောင်စု အစိုးရအပြင် ဒေသခံများအား အကျိုးအမြတ်ခွဲဝေပေးမည်ဟုဆိုကြသော်လည်း လက်တွေ့ကျသည့် မြန်မာပြည်ဥပဒေများ အရ ဤသို့ခွဲဝေပေးရန် ဥပဒေမရှိပေ။

ထို့ပြင် တရုတ်တို့အနေနှင့် ပြည်ထောင်စုအစိုးရနှင့်သဘောတူညီချက်ရပြီးပြီဆိုသည့်အချက်တွင် သာရပ်ခံနေပြီး သူတို့၏ တာဝန်ယူမှု တာဝန်ခံမှုအပိုင်းကိုမပြသပါက ဆန့်ကျင်ကန့်ကွက်မှုများ ပြဿနာများကို အတောမသတ်ရင်ဆိုင်နေရပေမည်။ ထို့ပြင် တရုတ်တို့အနေနှင့် ဒေသလူမှု စီးပွားဖွံ့ဖြိုးမှုနှင့်ပတ်သက်၍ အလေးထားမှု စိစစ်မှု ကြပ်မတ်မှုများကို ဂရုတစိုက် လုပ်ကိုင်မှသာ ငွေကုန်ရကြိုးနပ်ပေလိမ့်မည်။ သို့သော် မြန်မာပြည်၏ တိုင်းရင်းသားပြဿနာ မပြေလည်သ၍ ပြဿနာက တော့ ရှိနေဦးမည်ဖြစ်သည်။ ထို့ပြင် လုပ်ငန်းတခုလုံးအရ တရုတ်တို့အသာစီးရယူရန်နှင့် အမြတ်အများစု ရယူရန်ကြိုးစားမှု များရှိနေပါကလည်း ရခိုင်တွင်မကဘဲ ပြည်မရှိ လူထုဆန့်ကျင်မှု ပါခံရပေလိမ့်မည်။

ရခိုင်ပြည်သို့ လာရောက်ကြမည့် လာရောက်ပြီးဖြစ်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား မျှတစွာခွဲဝေသုံးစွဲနိုင်ပါက စီးပွား ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသည့် ရခိုင်ပြည်နယ် နှင့်ဒေသခံပြည်သူများဘဝကို မြှင့်တင်နိုင်ပြီး ရခိုင်ပြည်နယ်ရှိ နိုင်ငံအ ရေးအကြပ်အတည်းကို ကျော်လွှားနိုင်စွမ်း ရှိပေလိမ့်မည်။ သို့မဟုတ်ဘဲ ခွဲဝေမှု မမျှတပါက ပို၍ မကျေနပ်မှုကြီးထွားပြီး နိုင်ငံရေးအကြပ်အတည်းပို၍ ကြီးမားစေလိမ့်မည်။ လက်ရှိအနေအထားကိုကြည့်လျှင် နိုင်ငံရေးအကြပ်အတည်းကို ကျော် လွှားနိုင်မည့် အလားအလာက နည်းပါးနေဆဲဟု သုံးသပ်ရပါသည်။

ပြီးပါပြီ။
မောင်မောင်စိုး

(ဆရာမောင်မောင်စိုး လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူခြင်းဖြစ်ပြီး ဧရာဝတီမြန်မာပိုင်းတွင် ၂၁၊ ၆၊ ၂၀၁၇ ရက်နေ့က ဖော်ပြပြီး ဖြစ်သည်။)


Photo credit : Asia Times