(မိုးမခ) ဇွန် ၂၀၊ ၂၀၁၇
အတွေးဟာ ကောက်ရိုးမျှင်တစ်စကို ဆွဲလို့
သောက်လက်စကော်ဖီ
မပီမသပြကွက်အချို့
အရောင်ဟာ မှိန်ဖျော့သွား အခန်းတွင်းဖွဲဖွဲကျလို့
ပွင့်နေတဲ့လရောင်
ဟနေတဲ့ပြတင်းမှန်အက်ကြောင်း
အလင်းဟာ ရိုးရာပျက်နရီအတိုင်း ဖိတ်စင်လို့
ဟောင်းနွမ်းတေးသွား
ပြယ်လွင့်တိမ်စိုင်တိမ်ခဲများ
အဆိပ်ဟာ မြားအမြှီးပေါ်မှာ လူးလို့
အသွားမဲ့ဓားချက်
အမည်မဲ့လူသားတယောက်
အရိပ်ဟာ ပိုးသားထောင်ချောက်ထဲမှာ ငြိလို့
ရပ်နေတဲ့အသံ
ငြိမ်နေတဲ့စကားလုံးတွေ
အသိဟာ တွင်းနက်ကြီးတွေဆီ ပြေးလို့လွှားလို့။ ။
သျှင်မျိုးငယ်