မောင်မောင်စိုး ● ရခိုင်ပြည်နယ်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပြဿနာ - အပိုင်း (၁)

မောင်မောင်စိုး ● ရခိုင်ပြည်နယ်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပြဿနာ - အပိုင်း (၁)
(မိုးမခ) ဇွန် ၁၈၊ ၂၀၁၇

ယနေ့ ရခိုင်ပြည်နယ်တွင် အများဆုံးဝင်ရောက်နေပြီးဖြစ်သည့်ပြင် ဝင်ရောက်ရန် တာစူနေဆဲမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုများဟု ဆိုရမည်။ ကမ်းလွန်ရွှေသဘာဝဓါတ်ငွေ့လုပ်ကွက်မှ ဓါတ်ငွေ့တူးဖေါ်သည့်လုပ်ငန်းတွင် ကိုရီးယား အိန္ဒိယ စသည့်နိုင်ငံများ အစုရှယ်ရာပါဝင်ကြသော်လည်း ရခိုင်လူထုနှင့် ဗမာပြည်မလူထု၏အမြင်တွင် တရုတ်တို့ကိုသာ အာရုံစူးစိုက်ထားခြင်းခံရ သည်မှာလည်း တရုတ်တို့၏ ထူးခြားချက်ဟု ဆိုရပါမည်။

ထိုထူးခြားချက်ကို တရုတ်တို့ကောင်းစွာ သဘောပေါက်ရန်လိုအပ်ပေသည်။ ထိုသို့ တရုတ်တို့အား အာရုံစိုက်ခြင်း တရုတ် ရင်း နှီးမြှုပ်နှံများဆန့်ကျင်နေခြင်းသည် တရုတ်တို့အား လူမျိုးရေးအရ ဆန့်ကျင်ခြင်းတော့မဟုတ်ပေ။ အဓိကအားဖြင့် နိုင်ငံ ရေးအရ ယုံကြည်မှုကင်းမဲ့ခြင်းကြောင့် ဖြစ်သည်။ ၁၉၈၈ ခုနှစ် အရေးအခင်းအပြီး နဝတ စစ်အစိုးရတက်လာပြီးနောက်ပိုင်း
တရုတ်အစိုးရသည် စစ်အစိုးရနှင့်ပေါင်း စီးပွားရေးလုပ်ငန်းများလုပ်ခဲ့သည်။ တဖက်ကလည်း စစ်အစိုးရအား စစ်လက်နက် ပစ္စည်း ရောင်းချပေးခဲ့သည်။ နိုင်ငံရေးအရ ကုလသမဂ္ဂတွင် ဗီတိုအာဏာသုံး၍ မြန်မာစစ်အစိုးရအား ကျားကန်ပေးခဲ့သည်။

သို့ဖြစ်ရာ ဗမာပြည်လူထု ရခိုင်လူထုကြားတွင် တရုတ်တို့သည် သူတို့၏အကျိုးစီးပွားအတွက် အာဏာရှင်များနှင့် ပူးပေါင်း သူများဖြစ်ကြသည်။ အာဏာရှင်များကို ကာကွယ်ပေးကြသူများဖြစ်သည်။ လူထု၏ ဒီမိုကရေစီရေးနှင့်ပတ်သက်၍လည်း ကောင်း၊ လူအခွင့်အရေးနှင့်ပတ်သက်၍သော်လည်းကောင်း၊ လူထု၏အကျိုးစီးပွားနှင့်ပတ်သက်၍လည်းကောင်း၊ မျက် ကွယ်ပြုကာ အာဏာရှိသူများနှင့်သာ ပူးပေါင်း၍ စီးပွားရှာကြသူများ လူထုအကျိုးစီးပွားကို မျက်ကွယ်ပြုထားကြသူများအ ဖြစ် လူထုက မြင်ကြသည်။ ထို့ကြောင့် ရခိုင်ပြည်နယ်တွင်လည်း လာရောက်ရင်းနှီးမြှုပ်နှံကြသည့် တရုတ်ကုမ္ပဏီများအား ရခိုင်လူထုက အလေးထား အာရုံစိုက်နေကြခြင်းဖြစ်ပေသည်။ ထို့ပြင် အခြားတိုင်းရင်းသားပြည်နယ်တခုဖြစ်သော ကချင် ပြည်နယ်တွင် တရုတ်တို့တည်ဆောက်ရန်ကြံရွယ်သည့် မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍လည်း လူထုဆန့်ကျင်မှုဂယက်က ကြီးမားသည့်အပြင် မြစ်ဆုံစီမံကိန်း၌သာမက လက်ပတောင်းတောင်းကြေးနီစီမံကိန်းတွင်လည်း တရုတ်ကုမ္ပဏီတို့ လူထု ကြားတွင် နာမည်ကောင်းရရှိထားခြင်းမရှိပေ။ သို့ဖြစ်ရာ ရခိုင်တွင် လာရောက်လုပ်ကိုင်ရန်ကြံရွယ်နေသည့် လုပ်ကိုင်နေကြ သည့် တရုတ်အစိုးရကုမ္ပဏီကြီးများအနေနှင့် ဤအခြေအနေကို ကောင်းစွာ လေးလေးနက်နက် သဘောပေါက်ကြရန် လို အပ်သည်။

ဤအချက်ကို တရုတ်တို့သည်လည်း သဘောပေါက်ပုံရသည်။ ယခင် တရုတ်-မြန်မာချစ်ကြည်ရေးအသင်းအစီအစဉ်ဖြင့် ရာနှင့်ချီသော မြန်မာကျောင်းသားများအား တရုတ်ပြည်သို့ အတတ်ပညာဆိုင်ရာသင်တန်းကျောင်းများသို့ ၄ နှစ်ပညာတော်သင်စေလွှတ်ရေးအစီအစဉ်တခုအား မြန်မာပြည်ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ၂၀၁၅/၁၆ အတွင်းကဆောင်ရွက်ခဲ့ သည်ကိုတွေ့ရသည်။ အလားတူ လက်ရှိ မြန်မာပြည်ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်၏အစီအစဉ်ဖြင့် တ ရုတ် - မြန်မာချစ်ကြည်ရေး စာသင်ကျောင်းများဟူသည့်အမည်ဖြင့် မြန်မာပြည်ပညာရေးဝန်ကြီးဌာနသို့ စာသင်ကျောင်း ၁၃ ကျောင်းဆောက်လုပ်လှူ ဒါန်းသည့်အစီအစဉ်တရပ်ဆောင်ရွက်နေပြီး ယခုအခါ စာသင်ကျောင်း ၉ ကျောင်းဆောက်လုပ်လှူ ဒါန်းပြီးဖြစ်သည်။ လက်ရှိလုပ်ငန်းလုပ်နေသည့် တရုတ်ကုမ္ပဏီများကလည်း လူမှုရေးလုပ်ငန်းကို ခေါင်းစဉ်တခု ဘတ်ဂျက် တခုသတ်မှတ်၍ လုပ်ကိုင်နေသည်ကိုတွေ့ရသည်

တကယ်တမ်းအားဖြင့် ရခိုင်ကမ်းလွန်တွင် လာရောက်ရင်းနှီးမြှုပ်နှံနေသော အခြားနိုင်ငံတကာကုမ္ပဏီများစွာရှိပါသေးသည်။ စွမ်းအင်ကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် Stat Oil Myanmar Private Ltd နှင့် Conocophillips MyanmarE&P Pte.Ltd က ရခိုင်ကမ်းလွန်ဒေသ ရေနက်ပိုင်းလုပ်ကွက် AD 10 တွင် ရေနံနှင့်သဘာဝဓါတ်ငွေ့ ရှာဖွေရေး အတွက် အမေရိကန်ဒေါ်လာသန်း ၃၂၃.၆၅ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေသည်။

အလားတူပင် Woodside Energy Myanmar Pte.Ltd နှင့် BG Exploration & Production Myanmar Ltd တို့ပူးပေါင်းပြီး ရခိုင်ကမ်းလွန်တွင် ရေနံနှင့် သဘာဝဓါတ်ငွေ့ ရှာဖွေရေးအတွက် အမေရိကန်ဒေါ်လာ၂၉၀.၁ သန်း ရင်းနှီးမြှုပ်နှံလုပ်ကိုင် လျက်ရှိသည်။

၂၀၁၆/၁၇ အတွင်း ရခိုင်ပြည်နယ်အတွင်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုအနေဖြင့် စွမ်းအင်ကဏ္ဏ၌ ရင်းနှီးမြှုပ်နှံမှု ၂၇ ခု၊ သတ္တု တူးဖေါ်ရေးလုပ်ငန်းတခုနှင့် အခြားလုပ်ငန်းတခု စုစုပေါင်း ၂၉ ခုတွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀၂၅၉.၄၈၃ သန်းရင်းနှီးမြှုပ်နှံလျက်ရှိသည်ဟု ဆိုပါသည်။

သို့ဖြစ်ရာ အဓိက ရခိုင်ကမ်းလွန်ရေနံနှင့်သဘာဝဓါတ်ငွေ့ ရှာဖွေရေးလုပ်ငန်းတွင် တရုတ်တို့သာမက အခြားနိုင်ငံများမှလည်း များစွာရင်းနှီးမြှုပ်နှံလျက်ရှိသည်ဟု ဆိုရမည်။ သို့သော် ထိုကုမ္ပဏီအများစုသည် ကမ်းလွန် ပင်လယ်ပြင်အတွင်း၌သာ ရှိနေ သေးပြီး ဒေသခံလူထုနှင့် ထိပ်တိုက်ဆက်စပ်မှုမရှိသေးဘဲ တရုတ်ကုမ္ပဏီတို့သာ ဒေသခံတို့နှင့်ဆက်စပ်နေ၍ ရခိုင်ဒေသ ခံတို့အဖို့ တရုတ်တို့အပေါ် ပို၍အာရုံစိုက်နေသည်ဟု ဆိုရပါမည်။ သို့သော် ရခိုင်ဒေသခံတို့နှင့် ထိတွေ့နေသော ကိုရီးယား ဒေဝူးကုမ္ပဏီသည် တရုတ် ကုမ္ပဏီကဲ့သို့ လူထုအာရုံစိုက်ခြင်းမခံရပေ။

● ရွှေသဘာဝဓါတ်ငွေ့လုပ်ငန်း
ရခိုင်ပြည်နယ် ကမ်းလွန်တွင် ရေနံနှင့်သဘာဝဓါတ်ငွေ့ရှာဖွေရေးလုပ်ငန်းသည် ရခိုင်တွင် ရှေးဦးရောက်ရှိလာသော နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။ လက်ရှိ ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းတွင် ရွှေ၊ ရွှေဖြူနှင့် မြကမ်းလွန်လုပ်ကွက်များပါရှိပြီး ကမ်း လွန်လုပ်ကွက် A1 နှင့် A3 တို့တွင်ဖြစ်သည်။ အဆိုပါလုပ်ကွက်များသည် စစ်တွေ အနောက်ဖက် ဘင်္ဂလားပင်လယ်အော် အတွင်း၌ တည်ရှိသည်။ အဆိုပါလုပ်ကွက်အား POSCO subsidairy DAEWOO International မှ ခေါင်းဆောင်ပြီး ကုမ္ပဏီ ၆ ခုပါဝင်သည်။ ၎င်းကုမ္ပဏီများမှာ ကိုရီးယားမှ DAEWOO International ၊ MyanmarOil and Gas Enterprise (MOGE)၊ Oil and Gas Corporation (ONGC)Videsh ၊ Gas Authority of India (GAIL) ၊ Korea Gas Corporation KOGAS နှင့် China National Prtroleum Corporation (CNPC) တို့ဖြစ်ကြသည်။

ထို့ကြောင့်လည်း သဘာဝဓါတ်ငွေ့လုပ်ကွက်မှ ဓါတ်ငွေ့အား ပိုက်လိုင်းသွယ်တန်း၍ ရမ်းဗြဲကျွန်းပေါ်သို့ ကျောက်ဖြူ မြို့အနီးမှ ကုန်းပေါ်သို့သွယ်တန်းယူပြီး OGT ခေါ် Offshore Gas Terminal အထိ အဆိုပါ ကုမ္ပဏီ ၆ ခု ရှယ်ရာပါဝင်သည့် ကုမ္ပဏီကြီးမှ တာဝန်ယူခဲ့သည်။

ထိုအဆိုပါကမ်းလွန် ရွှေသဘာဝဓါတ်ငွေအား ဝယ်ယူသည်မှာ CNPC မှ ဖြစ်သည်။ ကမ်းလွန်မှထုတ်လုပ်သော ဓါတ်ငွေ့ ပိုက်လိုင်းကို ကျောက်ဖြူမြို့အနီးရှိ Offshore Gas Terminal (OGT) သို့ ပင်လယ်ကြမ်းပြင်အတိုင်း သယ်ယူလာပြီး ထိုမှ တဆင့် တရုတ်ပြည်သို့ ပို့လွှတ်သည်။ အဆိုပါ ဓါတ်ငွေ့ပိုက်လိုင်းနှင့်ပတ်သက်၍ မြန်မာ့ MOGE နှင့် တရုတ် CNPC တို့ ပူးတွဲလုပ်ဆောင်သည်။ ၂၀၀၄ ရွှေသဘာဝဓါတ်ငွေ့တွေ့ရှိပြီး ၂၀၀၈ နှစ်ကုန်ပိုင်းတွင် တရုတ်တို့က ဓါတ်ငွေ့ဝယ်ယူရန် အနှစ် ၃၀ စာချုပ် ချုပ်ဆိုခဲ့ပြီးနောက် သဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းပေါ်လာခဲ့ခြင်းဖြစ်သည်။

လက်ရှိ မဒေးကျွန်းရှိ Gas Terminal တွင် CNPC နှင့် MOGE တို့ ပူးပေါင်းလုပ်ဆောင်နေသည်ဟု ဆိုသည်။ လက်ရှိတွင် မဒေးကျွန်းပေါ်ရှိ ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းပြီးစီးသွားပြီဖြစ်၍ အိန္ဒိယကုမ္ပဏီမှာ မဒေးကျွန်းမှ ပြန်လည်ထွက်ခွာ သွားပြီဖြစ်၍ လက်ရှိ မဒေးကျွန်း၌ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသော နိုင်ငံခြားကုမ္ပဏီမှာ တရုတ်အစိုးရပိုင် CNPC ကုမ္ပဏီသာ ရှိပေတော့သည်။ ကိုရီယား အိန္ဒိယ တရုတ်နှင့်မြန်မာအစိုးရပိုင် MOGE အပါ ကုမ္ပဏီ ၆ ခု၏ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေမှုမှာ ကမ်းလွန်သဘာဝလုပ်ကွက်နှင့် ကျောက်ဖြူအနီးရှိ OGT တို့ဖြစ်သည်ဟု ပိုင်းခြားတွေ့ရှိနိုင်သည်။

ကျောက်ဖြူမှ တရုတ်ပြည် ရွှေလီအထိ သဘာဝဓါတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရေးနှင့် ပို့လွှတ်ခြင်းလုပ်ငန်းများကို မြန်မာ အစိုးရပိုင် MOGE မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းနှင့်တွဲ၍ တရုတ်အစိုးရပိုင် CNPC က အဓိက လုပ်ဆောင်လျက် ရှိပေသည်။ ၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင် တရုတ်မြန်မာသဘောတူညီချက်အရ အမေရိကန်ဒေါ်လာ ၁.၀၄ ဘီလျံတန်ဖိုး ရှိသဘာဝဓါတ်ငွေ့ပိုက်လိုင်းတည်ဆောက်ခဲ့သည်။ သဘာဝဓါတ်ငွေ့ပိုက်လိုင်းသည် ကျောက်ဖြူမှ တရုတ်ပြည်အထိ ၄၇၉ မိုင် (၇၇၁ ကီလိုမိုင်) ရှည်လျားသည်။ သဘာဝဓါတ်ငွေ့ပိုက်လိုင်းသည် ၂၀၁၃ ဇွန် ၁၂ ရက်တွင် ပြီးစီးပြီး ဓါတ်ငွေ့ပို့လွှတ်မှု ကို ၂၀၁၃ခုနှစ် အောက်တိုဘာ ၂၁ ရက်တွင် စတင်ခဲ့သည်။

ထို ရွှေ သဘာဝဓါတ်ငွေ့လုပ်ငန်းမှ တနှစ်လျှင် သဘာဝဓါတ်ငွေ့ ၁၂ ဘီလီလျံ ကုဗပေ ပို့ဆောင်နိုင်ပြီး ရောင်းရငွေနှင့် ပတ်သက်၍ တစ်ကုဗမီတာ ယူနစ်လျှင် အမေရိကန်ဒေါ်လာ ၇.၇၂ ဒေါ်လာနှုန်းဖြင့် ရွှေဂက်စ် လှုပ်ရှားမှုအဖွဲ့၏ တွက်ချက် ထားမှုအရ မြန်မာနိုင်ငံအနေနှင့် နှစ်စဉ် အမေရိကန် ဒေါ်လာ ၁.၈၇ ဘီလျံခန့် နှစ် ၃၀ ရရှိမည်ဟု ဆိုပါသည်။ ထို့ပြင် မြန် မာပြည်အတွက် ထိုသဘာဝဓါတ်ငွေ့ပိုက်လိုင်းမှ နေ့စဉ် ကုဗပေ သန်း ၁၀၀ ဝယ်ယူခွင့်ရယူထားပြီး ကျောက်ဖြူကျောက်ဆည် တောင်သာတို့တွင် စက်ရုံ ၃ ရုံ တည်ဆောက်၍ လျှပ်စစ်ထုတ်ယူလျှက်ရှိသည်။

အဆိုပါ သဘာဝဓါတ်ငွေ့ခွဲတမ်း ကုဗသန်း ၁၀၀ ခွဲတမ်းမှ ထုတ်ယူသုံးစွဲမှုမှာ ကျောက်ဖြူ သဘာဝဓါတ်ငွေ့ထုတ်ယူရေးခွဲရုံမှ တရက်လျှင် သဘာဝဓါတ်ငွေ့ ကုဗမီတာ ၅ သိန်း ၈ သောင်း၊ မန္တလေးထုတ်ယူရေးခွဲရုံမှ တရက်လျှင် ကုဗမီတာ ၇ သိန်း ၄ သောင်း၊ တောင်သာထုတ်ယူရေးခွဲရုံမှ တရက်လျှင် ကုဗမီတာတသန်း၊ ရေနံချောင်းထုတ်ယူရေးခွဲရုံမှ တရက်လျှင် ကုဗမီ တာ ငါးသောင်းခြောက်ထောင် ထုတ်ယူသုံးစွဲနေသည်။

ထုတ်လုပ်နေသော သဘာဝဓါတ်အားပမာဏများမှာ ကျောက်ဖြူမြို့နယ်တွင် V Power ကုမ္ပဏီမှ ၆၀ MW (၉၀ MW ထိ ထုတ်လုပ်နိုင်သည်ဟုဆို) ထုတ်လုပ်သည့် စက်ရုံ ၁ ရုံ၊ တောင်သာမြို့နယ်တွင် V Power ကုမ္ပဏီမှ ၁၃၃ MW ထုတ်လုပ် သည့်စက်ရုံ ၁ ရုံနှင့် Agrico ကုမ္ပဏီမှ ၉၀ MW ထုတ်လုပ်သည့် စက်ရုံ ၁ ရုံ၊ ကျောက်ဆည်မြို့နယ်တွင် ၈၀ MW ထုတ်လုပ် သည့်စက်ရုံ ၁ ရုံ တည်ဆောက်ပြီးစီး၍ အသုံးပြုနေပြီဖြစ်၍ တောင်သာမြို့နယ်တွင် Semp Corp က တည်ဆောက်နေဆဲ ၂၂၅ MW စက်ရုံ ၁ ရုံရှိပြီး ရွှေသဘာဝဓါတ်ငွေ့သုံးစွဲထုတ်လုပ်သည့် စက်ရုံများထဲတွင် အကြီးဆုံးဖြစ်သည်။ ထိုစက်ရုံသည် ၂၀၁၈ ခုနှစ် မေလတွင် ပြီးစီးမည်ဟု သိရသည်။

● ရေနက်ဆိပ်ကမ်းနှင့် ရေနံပိုက်လိုင်း
ရခိုင်ကမ်းလွန်မှ ထွက်ရှိသော သဘာဝဓါတ်ငွေ့အား ရောင်းချနိုင်ရန် သဘာဝဓါတ်ငွေ့လိုင်းသွယ်တန်းခြင်းသည် သဘာ ဝကျသည်ဟု ဆိုနိုင်သည်။ သို့သော် ရေနံပိုက်လိုင်းသွယ်တန်းခြင်းနှင့် ရေနံတင်သင်္ဘောဆိုက်ကပ်နိုင်အောင် ဆိပ်ကမ်း ဆောက်လုပ်ခွင့်ပြုခြင်းသည် တရုတ်တို့၏ အကျိုးစီးပွားအတွက် ရခိုင်ဒေသတွင် ရင်းနှီးမြှုပ်နှံမှုပေးခြင်းသက်သက်ဖြစ် သည်။ အဆိုပါရေနံသည် ရခိုင်ဒေသထွက်ပစ္စည်းမဟုတ်ပေ။ အရှေ့အလယ်ပိုင်းဒေသရှိ ရေနံထွက်နိုင်ငံများမှ ဝယ်ယူလာ သောရေနံများအား တရုတ်တို့ ပင်လယ်ပြင်အား တကွေ့တပတ်ဖြတ်၍ သယ်ဆောင်စရာမလိုဘဲ ဖြတ်သန်းပို့ဆောင်နိုင်ရန်ခွင့်ပြု ပေးခဲ့ခြင်းဖြစ်သည်။

တရုတ်တို့အတွက် သဘာဝဓါတ်ငွေ့ပိုက်လိုင်းနှင့်အတူ ရေနံပိုက်လိုင်းပါ တပါတည်းသွယ်တန်းခွင့်ရသဖြင့် တည်ဆောက် ရေး စားရိတ် ပိုက်လိုင်းဖြတ်သန်းရာ နယ်မြေတလျောက် မြေယာလျော်ကြေးပေးရာတွင်လည်း သက်သာခဲ့သည်။ ထို့ပြင် ဤသို့ရေနံပိုက်လိုင်း ဖြတ်သန်းခွင့်ပေးခြင်းအတွက် မြန်မာဖက်က ထပ်မံ၍ မဒေးကျွန်းတွင် ရေနံတန်ချိန်သိန်းချီ တင်ဆောင် နိုင်သည့် ရေနံ တင်သင်္ဘော များ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတခုဆောက်လုပ်ခွင့် ပြု ခဲ့ရသည်။ မြန်မာပင်လယ်ရေပိုင်နက်အပြင် ပင်လယ်မှ မဒေးကျွန်းသို့ဝင်ရောက်သည့် ကျောက်ဖြူမြစ် သံစိုက်မြစ် ရေလမ်းကြောင်းအား ထိုပင်လယ်ကူးရေနံတင် သင်္ဘောကြီးများ ဝင်ရောက်ခွင့်ပေးခဲ့ရသည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင် တရုတ်မြန်မာသဘောတူညီချက်အရ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီလျံ တန်ဖိုးရှိ ရေနံပိုက် လိုင်းအား သဘာဝဓါတ်ငွေ့ပိုက်လိုင်းနှင့်အတူ တည်ဆောက်ခဲ့သည်။ ရေနံပိုက်လိုင်းမှာ ၂၀၁၄ ခုနှစ် သြဂုတ်လအတွင်း ပြီးစီးခဲ့သည်။ ရေနံပို့ဆောင်ခြင်းကို ၂၀၁၇ မေလ ၂ ရက်နေ့တွင် ရေနံ စတင်ပို့လွှတ်ခဲ့သည်။

ရေနံပိုက်လိုင်းမှ တရက်လျင် ၂၄၀၀၀၀ စည် တနှစ်လျင် တန်ချိန် ၁၃ သန်း ပို့ဆောင်နိုင်သည်ဟု ဆိုသည်။(တည်ဆောက် ရာတွင် တန်ချိန် ၂၂ သန်းခန့် ပို့ဆောင်နိုင်ရန် ရည်ရွယ်တည်ဆောက်ခဲ့သည်ဟု ဆိုသည်) ရေနံပို့ဆောင် ဖြတ်သန်းခအနေနှင့် တတန်လျင် ၁ ဒေါ်လာနှုန်းနှင့် တနှစ်လျှင် ဒေါ်လာ ၁၃.၆ သန်း မြန်မာပြည်က ရရှိမည်ဟုဆိုသည်။ ထိုပြင် ပိုက်လိုင်းဖြတ် သန်းခအဖြစ် တနှစ်လျင် ဒေါ်လာ ၆.၀၉ သန်းအပြင် ရေနံစိမ်းပို့ဆောင်ခ တတန်လျှင် ၃၁.၅၆ ဒေါ်လာမှ မြန်မာပြည် MOGE ထည့်ဝင်အချိုးအတိုင်း ရရှိမည်ဟု ဆိုပါသည်။ ထို့ပြင် အဆိုပါရေနံပိုက်လိုင်းမှ ပို့ဆောင်သည့် ရေနံပမာဏ၏ ၁၀% ခန့်ကို (တန်ချိန် ၂ သန်းခန့်ကို) နှစ်စဉ် မြန်မာနိုင်ငံက ဝယ်ယူသုံးစွဲနိုင်မည်ဟုဆိုပါသည်။

သို့သော် ရေနံတင်ဆိပ်ခံဆောက်လုပ်ခွင့်ပြုခြင်း အသုံးပြုခြင်း၊ ရေကြောင်း အသုံးပြုခြင်းတို့အတွက် မြန်မာဖက်မှ မည်မျှ ရသည်ဆိုသည်ကို ဖေါ်ပြခြင်းမတွေ့ရပါ။ လက်ရှိဖေါ်ပြထားသော ကိန်းဂဏန်းများအရ တနှစ်လျှင် ရေနံတန်ချိန် အနည်းဆုံး တန်ချိန် ၁၃ သန်းခန့်ပို့လွှတ်မည်ဟုဆိုရာ ရေနံတန်ချိန် တသိန်းတင်ဆောင်နိုင်သည့် ရေနံတင်သင်္ဘော အစီး ၁၃၀ ခန့် နှစ်စဉ် မြန်မာ့ရေလမ်းကြောင်းအတွင်း ဝင်ထွက်တော့မည်ဖြစ်သည်။

သဘာဝဓါတ်ငွေ့ပိုက်လိုင်းသဘောတူညီချက်အား ၂၀၀၈ ခုနှစ် နိုဝင်ဘာတွင်ရရှိခဲ့ပြီး ထိုတည်ဆောက်မှု သဘောတူညီချက် လက်မှတ်ရေးထိုးမှုအား ၂၀၀၉ ခုနှစ် မတ်လမှာ ပြုလုပ်ခဲ့ပါသည်။ ၂၀၀၉ ခုနှစ် ဇွန်လမှာ ရေနံပိုက်လိုင်းတည်ဆောက်ရေးသဘောတူညီချက် ရရှိခဲ့ပြီး ပိုက်လိုင်းစတင်တည်ဆောက်သည့်အခန်းအနားကိုအား ၂၀၀၉ ခုနှစ် အောက်တိုဘာ ၃၁ ရက် နေ့တွင် မဒေးကျွန်း၌ ပြုလုပ်ခဲ့ပါသည်။ နောက်ဆက်တွဲအနေနှင့် တရုတ်မြန်မာဆက်ဆံရေးတွင် မြင်ရသည်မှာ ၂၀၁၀ ဧပြီ လတွင် တရုတ်အစိုးရက မြန်မာနိုင်ငံကို နှစ် ၃၀ အတွင်း အမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံတန်ချေးငွေ ထုတ်ချေးရန် သ ဘောတူခဲ့သည်။ ထိုချေးငွေများကို မြန်မာက ရေအားလျှပ်စစ်စက်ရုံစီမံကိန်းများ ၊ ကားလမ်း ရထားလမ်းတည်ဆောက်ရေးများ သတင်းနည်းပညာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အသုံးပြုမည်ဟု ဆိုပါသည်။ အထက်ပါ အတိုးမဲ့ချေးငွေဆိုင်ရာ သ ဘောတူညီချက်သည် ရေနံပိုက်လိုင်းတည်ဆောက်ရေး သဘောတူညီချက်၏နောက်ဆက်တွဲ သဘောတူညီချက် ဖြစ်ပုံရ သည်ဟု ခန့်မှန်းသုံးသပ်ရပါသည်။

ရေနံပိုက်လိုင်းတည်ဆောက်ပြီးစီး၍ ရေနံစမ်းသပ်ပို့လွှတ်ခြင်းကို ၂၀၁၅ ခုနှစ်အတွင်းက ပြုလုပ်ခဲ့ပါသည်။ ၂၄၊ ၁၊ ၂၀၁၅ တွင် မဒေးကျွန်းသို့ရေနံတင်သင်္ဘော Xin Run Yang ဆိုက်ကပ်ပြီး ရေနံစမ်းသပ် ပို့လွှတ်ခဲ့သည်။ တရားဝင် ရေနံပို့လွှတ်ရေး သဘောတူညီချက်ကို သမတဦးထင်ကျော်၏ ၂၀၁၇ ဧပြီလ တရုတ်ပြည်ခရီးစဉ်တွင် ချုပ်ဆိုနိုင်ခဲ့သည်။ ၉ ၄၊ ၂၀၁၇  တွင်ရေနံတင်သင်္ဘော United Dynamic ဆိုက်ကပ်ပြီး ရေနံပို့လွှတ်ခြင်းကို၂၀၁၇ ခုနှစ် မေလ ၂ ရက်နေ့က စတင်ပြု လုပ်ခဲ့သည်။ မြန်မာ တရုတ်ပိုက်လိုင်း စီမံကိန်း နမ့်ခမ်း (တရုတ်မြန်မာနယ်စပ်သို့) ၂၀၁၇ ဧပြီ ၁၉ ရက်နေ့တွင် ရောက်ရှိပြီး ၁၇ ရက်ခန့်ကြာမြင့်ခဲ့သည်။ ထို့နောက် ရေနံတင်သင်္ဘောများ မဒေးကျွန်းသို့ ဆက်တိုက်ဆိုက်ကပ်လာရာ ၂၀၁၇ မေလမှစ၍ ယခုအချိန်ထိ ၆ စီး ဆက်လက်ဝင်ရောက်ခဲ့သည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး

ဆရာမောင်မောင်စိုး၏ လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။ (ဧရာဝတီမြန်မာပိုင်း၌လည်း ၁၇၊ ၆၊ ၂၀၁၇ ရက်နေ့စွဲဖြင့် ဖော်ပြပြီးဖြစ်သည်။)


Photo credit : www.news.cn