ဆလိုင်းမြတ်နိုးသူ ● ကဗျာဆရာ အောင်ဘညိုသို့ အမှတ်တရ

ဆလိုင်းမြတ်နိုးသူ ● ကဗျာဆရာ အောင်ဘညိုသို့ အမှတ်တရ
(မိုးမခ) ဇွန် ၁၂၊ ၂၀၁၇

ဆရာအောင်ဘညို ကွယ်လွန်သည်မှာ ၂ နှစ် ပြည့်ပြီ။ ဒီတော့ ကျနော်သိသော ဆရာအောင် ဘညို၏ရုပ်ပုံတချို့ ကို ရေးချင်နေမိသည်။ သို့သော် ဦးညိုနှင့် ကျနော့်ကြားတွင် အခြားသူများကဲ့သို့ ကြီးမားသော ပတ်သက်မှု ထူးထူးခြားခြားမရှိပါ။ (ဦးညိုဟု ကျနော် သုံးပါမည်)။ ကျနော်နှင့် ဦးညိုမှာ တဦးကိုတဦး သိရုံမျှသသိကြသည်။ ဦးညို၏အရွယ်မှာ ကျနော့်အဖေအရွယ်ဟုပြောရမည်လား အဘိုးအရွယ်ဟု ပြောရမည်လား မပြောတတ်ပါ။ ကျနော့်အဖေမှာ ၂၀၁၇ တွင် အသက် ၄၂ နှစ် ရှိပြီဖြစ်သည်။ ၁၉၆၁ ဇူလိုင် ၂၃ တွင် အဖဦး အောင်မြင့် အမိဒေါ်ကွန့်တို့မှ ဦးညိုကိုဖွားမြင်ခဲ့သည်ဟု ဖတ်ရသည်။

အောင်ဘညိုဟူသော ကလောင်အမည်ကို ကောင်းကင်မဂ္ဂဇင်းတွင် ကျနော်စတွေ့ခဲ့ရသည်ဟု မှတ်မိနေသည်။ ၂၀၁၂ ကာလများ ဖြစ်သည်။ ထိုအချိန်က ကျနော်သည် ပထမနှစ်ကျောင်းသား အဖြစ် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် တက်ရောက်နေခဲ့ပြီ ဖြစ်ပါသည်။ ကျောင်းစာကြည့်တိုက်တွင် လစဉ်ထုတ် ရနံ့သစ်မဂ္ဂဇင်းများ ရောက်နေတတ်သည်။(၂၀၁၂ ၂၀၁၃ ကာလများ ဖြစ်ပါမည်)။ ထိုမဂ္ဂဇင်းများနှင့် အချို့ ကဗျာစာအုပ်များတွင်လည်း ဦးညို၏ ကဗျာအချို့ကို ဖတ်ခဲ့ကြရသည်။ ဆလိုင်းဇုန်(ချဲလင်း) မင်းချောမြင့် ကျနော်တို့  အတူဖတ်ခဲ့ကြ ၊ ပြောဖြစ်ခဲ့ကြပါသည်။

၂၀၁၃ ရောက်သောအခါ ပုံနှိပ်မဂ္ဂဇင်းတချို့ တွင် ကျနော့်ကဗျာများ ဖော်ပြခံရပြီ ဖစ်သကဲ့သို့ ပျဉ်းမနားမှ ကဗျာဆရာကြီး မောင်သင်းခိုင်နှင့် မောင်ကြူးရင့်၊ မိုးကျော်အောင်၊ အိုအောင် သန်းဆွေမိုး(ကလော)၊ ခိုင်မြဲကျော်စွာ လှိုင်းထက်၊ အောင်နှင်းသစ်၊ မျိုးတေဇာမောင်၊ ချောဘသစ်၊ ဆောင်းချစ်ငြိမ်၊ သစ်ခါး .. စသည့်ကဗျာဆရာများနှင့်လည်း သိကျွမ်းခဲ့ရသည်။ ဂုဏ်ယူပျော်ရွှင်ခဲ့ရသည်။ (အလွန်နွေးထွေးသော ကဗျာဆရာများပါ)။ ကျောင်းပိတ်ရက်များတွင် ကျနော်သည် ရေဆင်း ပျဉ်းမနားကို ဘတ်စ်ကားစီး၍ ဆရာမိုးကျော်အောင်(ဦးမိုးကြီး) ၏ Rain cafe လေးသို့သွားပါသည်။ ဆိုင်ကောင်တာ ရှေ့ ခုံနှစ်လုံးဆက်ထားသော စားပွဲဝိုင်းကလေးမှာ ကဗျာဆရာများ အပိုင်သိမ်းပိုက်ထားကြသော ခုံကလေးဖြစ်ပါသည်။ ရံဖန်ရံခါ ဆရာဇော်ဝင်းကို လာတတ်သည်။ နယ်မှရောက်လာသော ကဗျာဆရာများ မြို့ နေကဗျာဆရာများဖြင့် ပြည့်နေ တတ်သော စားပွဲဝိုင်းကလေးဖြစ်သည်။ ဦးမိုးကြီးနှင့် အခြားဆရာများထံမှ ဦးညို၏ အကြောင်း ကို ကျနော် ကြားခဲ့ရပါသည်။ ရန်ကုန်တွင် ယခုနေကြောင်း၊ နှုတ်ခမ်းမွှေးကြီးအကြောင်း၊ လေးဖြူ၏ ပင်လယ်အော်သံဟူသော စကားလုံးအကြောင်း၊ ကမ်းလွန်လေ ကဗျာမဂ္ဂဇင်း အကြောင်း၊ ထို့နောက် အလယ်ရိုးမကဗျာဆုရခဲ့ကြောင်း( အိုစမာကဗျာဖြင့်) သူ့ကဗျာအချို့ သည် စသည် ဖြင့်။ ။ဦးညို၏ ရုပ်ပုံများ။

၂၀၁၃ နိုဝင်ဘာလတွင် ကမ်းလွန်လေ ကဗျာနှင့်ကဗျာဆိုင်ရာစုစည်းမှု (ကဗျာမဂ္ဂဇင်း) အမှတ် ၂ ထွက်လာသည်။ စီစဉ်သူ ၂ ဦးမှာ အောင်ဘညို၊ ရိုးမြေ။ အဖုံးပန်းချီ ငြိမ်းချမ်းဆု။ အတွင်းပန်းချီ မှာ မုတ်သုန်ဖြစ်သည်။ စာအုပ်ကလေးမှာ အဝါရောင်ကလေးဖြစ်ပြီး။ စာအုပ်ကျောဖုံးတွင် ခေတ်စမ်းစာဆို ဆရာကြီးမင်းသုဝဏ်၏ ကိုယ်ရေးအကျဉ်းကို ဖော်ပြထားသည်။ စာအုပ်ပါ ကဏ္ဍများမှာလည်း စုံလှပါသည်။ ကဗျာ။ ကဗျာရှည်၊ ကဗျာဆာင်းပါး၊ ခံစားမှုဆောင်းပါး၊ နိုင်ငံတကာကဗျာ၊ ခေတ်စမ်းစာဆို သပြေညို။ စသည့်စသည့် ကဏ္ဍများ။

ထိုစာအုပ်မှ စီစဉ်သူ့စကား ကို ပြန်လည်ဖော်ပြလိုပါသည်။ ထိုစကားထဲတွင် ဦးညို၏ခံယူချက် စေတနာသမိုင်းတို့ကိုလည်း မြင်တွေ့နိုင်သည်။

စီစဉ်သူ့စကား (ကမ်းလွန်းလေ ကဗျာမဂ္ဂဇင်း/ အမှတ် ၂ / ၂၀၁၃ နိုဝင်ဘာ မှ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ မြန်မာပြည် တပြည်လုံးအုန်းအုန်းခြိမ့်ခြိမ့် မဲအပြတ်နိုင် အောင်ပွဲခံပြီးနောက် တစ်နှစ် ၁၉၉၁ ခုနှစ်မှာ " ကမ်းလွန်လေ ကဗျာမဂ္ဂဇင်း" ကို မွေးဖွားခဲ့ခြင်း ဖြစ်သည်။ " ကမ်းလွန်လေကဗျာမဂ္ဂဇင်း" သည် ကဗျာလောကအတွက် အုပ်တစ်ချပ် သဲတစ်ပွင့် အဖြစ် ထွန်းသစ်ရခြင်း ဖြစ်သည်။" ကမ်းလွန်လေကဗျာမဂ္ဂဇင်း ( ၂ ) " ကို စာပေကင်ပေတိုင်မှ ဆိုင်းငံ့ဆိုသောစကားနှင့် "ကမ်းလွန်လေ " ရပ်ဆိုင်းသွားရသည်။ ယခု အရပ်သား အစိုးရ နည်း နည်းလေး ထင်သာမြင်သာ လွတ်လပ်ခွင့်လေးရခိုက် " ကမ်းလွန်လေ အမှတ် ( ၂ ) " ကို စီစဉ် ရခြင်း ဖြစ်သည်။ "ကမ်းလွန်လေ အမှတ် (၁) " နှင့် " အမှတ် (၂) "လည်း ၂၂ နှစ် ကြာညောင်း သွားခဲ့သည်။

' နှင်းတွေ သိပ်သိပ်သည်းသည်း ကျနေလျှင် ပဲပင်လေးတွေ အညှောက် မထွက်နိုင်ဘူး' ဆိုသော ဘားတော့ဗရက်ကဗျာကို အမှတ်ရမိသည် သြော် မုန်တိုင်း နှင်းရိုင်းနှင့် ကျနော်တို့ ရဲ့ နှစ် ၅၀ အမှောင်ခေတ်ကြီးပါကလား။ " မိုက်မလင်းနိုင်ဘူး " ဆိုတဲ့ ကဗျာတစကို သတိရမိသည်။ ဒီမိုကရေစီဆိုတာ နားခါးတဲ့ လုံးဝမကြားချင်တဲ့ လူကြီးမင်းများ ဒီမိုကရေစီ လို့ လက်သီး လက်မောင်းတန်းပြီး ကြွေးကြော်နေချိန်မှာ " ကမ်းလွန်လေ ကဗျာမဂ္ဂဇင်း အမှတ် (၂) ကို စီစဉ် ရခြင်းဖြစ်သည် ။ခေတ်ပေါ်ကဗျာသည် အမိမဲ့အဖမဲ့ မဟုတ်။ ခေတ်ပေါ်ကဗျာသည် ခေတ်စမ်း သပြေညိုမှ စီးဆင်းခဲ့ခြင်း ဖြစ်သည်။ ထိုကျေးဇူးကို အခါခါအောက်မေ့ အကြိမ်ကြိမ် ဦးညွှတ် ဂုဏ်ပြုရင်း " ကမ်းလွန်လေ ကဗျာမဂ္ဂဇင်း အမှတ် (၂) " ကို တင်ဆက်လိုက်ပါသည်။

စီစဉ်သူများ
2013 November 1 , Friday

ဦးညို၏ ကဗျာတပုဒ်ကို (ခေတ်ရနံ့ မဂ္ဂဇင်းမှ) လက်ရေးဖြင့် ကူးရေးကာ သိမ်းဆည်းခဲ့ ရွတ်ဖတ်ဆိုခဲ့ဖူးပါသည်။ ပြန်လည်ဖော်ပြပါမည်။

"ကဗျာထဲက သူရဲကောင်း"
.......
ရွာဦးကျောင်းမှာ
ရေတွင်း တူးတုန်းက
မင်း မပါဘူး။

ငါတို့လယ်တွေ ပျိုးကြဲတုန်းက
မင်း မပါဘူး။

လွင်တီးခေါင်တွေ
သစ်ပင်စိုက်တုန်းက
မင်း မပါဘူး။

ခုတော့ မင်းက
ဗိုလ်ချုပ် နဲ့ လည်ပင်းဖက်ကြီးသလို
သခင်ဗဟိန်းနဲ့ဂွေပဲ အတူ လှိမ့်ခဲ့သလို
သခင်သန်းထွန်းနဲ့ မီးဝင်မီးထွက် လိုလို
ဟိုချီမင်းက မင်းဘကြီးလိုလို
မင်းကဗျာတွေ ဖတ်ရတာ
အသက်ရှူကျပ်ပြီး မနေတတ်ဘူး။

သြော်...
သြော်...
သြော်...
မင်း ကဗျာတွေက ဘာလိုလို...။
-
အောင်ဘညို
ရနံ့ သစ်မဂ္ဂဇင်း
ဇူလိုင်လ ၂၀၁၃

FB ပေါ်မှ လည်းကောင်း ပျဉ်းမနား ရန်ကုန် မန္တလေး တောင်ငူမှလည်းကောင်း ကျနော့်တွင် ကဗျာဆရာ စာရေးဆရာမိတ်ဆွေများ ရှိလာခဲ့သည်။ ထိုသို့ရင်းနှီးရသောကဗျာဆရာများတွင် တောင်ငူမှ ရဟန်းကဗျာဆရာ ရန်လင်းအောင် ကဗျာဆရာအောင်လွန်းမြိုင်တို့လည်း ပါသည်။ ကျနော်သည် ကျောင်းပိတ်ရက်နေ့တနေ့တွင် တောင်ငူမြို့ သို့ သွားရောက်ခဲ့ပါသည်။ တောင်ငူမြို့နေ ဦးဇင်းရန်လင်းအောင် ဦးသီ(အောင်လွန်းမြိုင်) တို့ထံ သွားရောက်လည်ပတ်ခဲ့ ခြင်းဖြစ်သည်။ ဦးဇင်းတို့ထံမှ ဦးညို၏ပုံရိပ်တချို့ကိုသိခဲ့ရပြီး ဦးညို၏အမေသည်လည်း တောင်ငူတွင်နေသည်ဟု ကြားခဲ့ရသည်။

ရေဆင်းပြန်ရောက်ပြီး တလလား နှစ်လအကြာလား မမှတ်မိတော့။

တောင်ငူရှိ ဦးဇင်းမှ ဖုန်းဆက်လာပါသည်။ ဦးညို တောင်ငူရောက်နေကြောင်း ဆလိုင်း ကဗျာတွေ ကြိုက်တယ်ဟု ပြောကြောင်း ဖုန်းဆက်ပေးပါသည်။ ပျော်ခဲ့ရသည်။ ဦးညို ရန်ကုန် မပြန်မီ တောင်ငူအရောက်သွားမည်မှန်းထားသော်လည်း ကျောင်းစာများနှင့်လုံးနေရ၍ မသွား ဖြစ်တော့ပါ။ ကမ်းလွန်လေကဗျာမဂ္ဂဇင်း အမှတ် ၃ ဆက်ထွက်မည်ဆိုသဖြင့် ကဗျာပို့ခဲ့ပါသေးသည်။ သို့သော် အမှတ် ၃ ထွက်သည် မကြားရတော့။

နှစ်စဉ် မတ်လ ၂၁ မှာ အလယ်ရိုးမကဗျာဆုပေးပွဲနှင့် ကဗျာဆရာကြီးမောင်သင်းခိုင်၏မွေးနေ့ ပွဲဖြစ်သည်။ နှစ်စဉ် မတ် ၂၁ တွင် တက္ကသိုလ် နောက်ဆုံးစာမေးပွဲကြီးဖြေဆိုကြရသောကြောင့် ထိုပွဲသို့ ကျနော်မတက်ဖြစ်ပါ။ သို့သော် ၂၀၁၅ မတ် ၂၁ တွင်မူ ကျနော် ပျဉ်းမနားရောက် ဖြစ်ပါသည်။ ဆုပေးပွဲမမီသော်လည်း ဆရာမောင်းသင်းခိုင်၏ မွေးနေ့ပွဲကိုမီပါသည်။ ထိုနေ့က ဆရာမောင်သင်းခိုင်၏ အိမ်အောက်တွင် ကဗျာဆရာများအားလုံး ဝိုင်းဖွဲ့ကြသည်။ အပြင်၌ တခါမျှ မတွေ့ဖူးသော်လည်း ဦးညို၏ဓာတ်ပုံတချို့ကို မူ FB ပေါ်မှ တဆင့် တွေ့ဖူးပါသည်။

ထိုနေ့က ကျနော် တွေ့ချင်နေသော ဦးညိုကို ပထမဆုံးအကြိမ် တွေ့လိုက်ရသည်။ (နောက်ဆုံး အကြိမ်ဖြစ်မည်ဟု လုံးဝ မမျှော်လင့်ထားပါ)။ ဦးညိုသည် ကျနော့်ကို ဆလိုင်းလားဟု ပြောကာ အားပါးတရ လက်ဆွဲနှုတ်ဆက်ပါသည်။ ထိုင်နေရာမှ လက်ကိုမဖြုတ်သေးဘဲ ကျေနာ့်ကို ကြည့်ကာ ဦးညို ပြုံးနေသည်။ စကားတော့ ထပ်မပြောတော့။ မောနေပုံရသည်လား။ မပြောတတ်။ နေက အလွန်ပူသည်ကိုး။

နှုတ်ဆက်သူများနှင့် ရှုပ်နေသည်။ စကားပြောသံများ။ ရယ်သံများ။ ကျနော်လည်း ဦးညိုအား နှုတ်ဆက်ကာ ပြန်ထွက်ခဲ့သည်။
လူများ ဆူညံသံများ ပြွတ်ကြပ်နေသည့်နေရာများတွင် ကျနော် ကြာကြာမနေတတ်ပါ။ ခေါင်းမူးတတ်၍ ဖြစ်ပါသည် ။မတ်လ၏ နွေနေ့လည်ခင်းမှာ ပူလှပါသည်။

ရံဖန်ရံခါတွင် ဦးညိုကဗျာအချို့ ကိုဖတ်ရသည်။ ဦးညိုနှင့်လည်း ဆုံရဦးမည်ဟုပင် ထင်ခဲ့ပါသည်။ သို့သော် မျှော်လင့်မထားပါ။ Fb ပေါ်တွင် ဦးညို ကွယ်လွန်ကြောင်းသတင်း တက်လာသည်။ အစက မယုံ။

သို့သော် ဦးညိုကွယ်လွန်သွားသည်မှာ သေချာနေပြီ။ Fb ပေါ်တွင် ဦးညို၏ နာရေး ဓာတ်ပုံများတက်လာသည်။ ဝမ်းနည်းကြသည်။ ပူဆွေးကြသည်။ ဦးညိုပုံနှင့် ပရိုဖိုလ်များ။ ဦးညိုကို ချစ်ခင်သော သူများ။ သေမင်းသည် အကောင်းကြိုက်သည်ဟု ပြောကြသည်။ သေမင်းကို လိုက်လျောပေးဖို့လိုသည်ဟု လည်း ပြောကြသည်။ မပြောတတ်ပါ။ သို့သော် စောသေးသည်ဟု ကျေန်ာကတော့ နှမြောမိသည်။ ဦးညို၏ နာရေးသို့  ကျနော်မသွားဖြစ်ပါ။ SRP များ ကျောင်းစာများနှင့်အတူ ခရီးဝေသွားရန် လုံးဝမဖြစ်နိုင်သောကြောင့်ဖြစ်သည်။ ဦးညို ကွယ်လွန်ခြင်း တနှစ်ပြည့်အဖြစ် နှစ်ကာလများစာပေမှ ဦးညိုကဗျာစာအုပ် (တောမီး) မြန်မာ - Eng နှစ်ဘာသာဖြင့် ထွက်လာသည်။ စာအုပ်၏ နောက်ဆုံးစာမျက်နှာတွင် ပိတောက်ပွင့်သစ် မဂ္ဂဇင်းနှင့် လှိုင်းသစ်မဂ္ဂဇင်းတွင်ဖော်ပြခဲ့သော ဦးညို၏ စကားပြေတချို့ ပါသည်။ ဦးညို၏ ဖြတ်သနှ်းုများ တစေ့တစောင်းကိုတွေ့ရသည်။ " မျဉ်းဖြောင့်များရဲ့ရနံ့ " စကားပြေတွင် ဦးညိုက ဤသို့ ရေးခဲ့သည်။
" ခေတ်ပေါ် ကဗျာကို ယုံတယ်။
ခေတ်ပြိုင် ကဗျာရေးဖော်တွေကို ယုံတယ်။
ဘာပဲဖြစ်ဖြစ် အသစ်ဆိုတာ ခေတ်ရဲ့ရင်ခုန်သံပါ။
ကျနော်တို့ တတွေရဲ့အသန့်စင်ဆုံး ရယ်မောသံဟာ ကနေ့ ကဗျာပါပဲ"

အောင်ဘညို
ပိတောက်ပွင့်သစ်မဂ္ဂဇင်း
မေ ၁၉၉၁

ဦးညို တယောက် ကဗျာတွေ ရေးနေသလား။ ကဗျာဆရာအဖြစ် ပြန်လည် မွေးဖွားမှာလား။ ကျနော်မသိပါ။ ကျနော်သိတာကတော့ ဦးညိုသည် ခေတ်ပေါ်ကဗျာကို ယုံကြည်ခဲ့သည်။ ခေတ်ပေါ်ကဗျာလမ်းကြောင်းပေါ်တွင် ရဲရဲရင့်ရင့် လျှောက်လှမ်းခဲ့သည်။ မတရားမှုကို အာဏာရှင်ကို ဆန့်ကျင်ခဲ့သော ရှုတ်ချခဲ့သောအနုပညာရှင်များတွင် ဦးညိုပါသည်။ ဦးညိုသည် ပြည်သူထဲက ပြည်သူတဦးဖြစ်ပြီး ပြည်သူကို ချစ်သော ကဗျာဆရာဖြစ်သည်။ မြန်မာခေတ်ပေါ်ကဗျာတွင် ဦးညို (အောင်ဘညို)၏ကျေးဇူးရှိသည်ဟု ကျနော် ယုံကြည်ပါသည်။
-
ဆလိုင်းမြတ်နိုးသူ
၂၀၁၇