(မိုးမခ) ဇွန် ၂၄၊ ၂၀၁၇
ပြဿနာကို
မီးခွက်ထွန်းရှာတဲ့ ခေတ်ဟာကုန်သွားတော့
မီးခွက်ကို
ပြဿနာထွန်းရှာနေရတဲ့ ခေတ်ကိုရောက်လာတယ်။
ပြေပြေလည်လည်ပြောလေ
ပိုပြီးမပြေမလည်ဖြစ်နေတဲ့ ကမ္ဘာမှာ
တရာတန်တရွက်ကျပျောက်လို့ ငုံ့ရှာရင်
ဖုန်းစုတ်ကလေးပါ ကျပျောက်တာ မဆန်းတော့။
အိပ်မပျော်တဲ့ ညတွေကို
ကျေညက်အောင် မထွန်ယက်နိုင်တဲ့အခါ
လူကြီးလူကောင်းဆိုသူတို့ရဲ့ တိုက်နဲ့ကားကြီးတွေပေါ်မှာ
အိပ်မက်ဟာ ဖုန်မှုန့်ကလေးအဖြစ်တောင် မကပ်နိုင်ပါ။
ငွေထိုးရင်း လေလျော်ခံရတဲ့
စိတ်ကူးတွေထဲမှာလည်း
အဝတ်အစားတွေ မပြောင်ယောင်နိုင်တော့။
မဲမဲမြင်ရာကို ပစ်ရမယ်ဆိုရင်
မဖြောင့်တန်းတဲ့ စနစ်ကို ပစ်ချင်သလို
အောင့်နမ်းနေရတဲ့ အချစ်ကိုလည်း ပစ်ချင်တယ်
မကောင်းတဲ့ ချောင်းနဲ့
မစစ်တဲ့ မြစ်ကိုလည်း ပစ်ချင်ပေါ့။
ပင်လယ်ပြာရှာသော်လည်း
ကမ္ဘာအလီလီတိုင်သည်အထိ မတွေ့မိ။
ရှေ့ပြော နောက်ကြည့်နေရတဲ့ ခေတ်ဟာကုန်သွားတော့
ရှေ့ကြည့်ပြီး
နောက်ကြောင်းပြန်ပြောနေရတဲ့ ခေတ်ကိုရောက်လာတယ်။
မချစ်မနှစ်သက်သူတွေနဲ့
တခုံတည်းထိုင်စီးနေရတဲ့ ကမ္ဘာကြီးပေါ်က
အပြီးအပိုင်ခုန်ချလို့ရရင်
လူ့အဖြစ်ကနေ ဂငယ်ကွေ့ကွေ့ရင်း
အဝီစိမှာ ငရဲမင်းဆင်းလုပ်ချင်တယ်။
လိုက်လိုသူများ ဆင်းခဲ့ကြ
ငရဲမင်းဘဝဟာ
လူ့ဖြစ်ခြင်းထက်တော့ သာမှာသေချာတယ်။
ဆောင်းယွန်းလ
(ဇွန်လ ၂၁ရက်၊ ၂၀၁၇)