မောင်ဥက္ကလာ - မိုးကြီးလေကြီးအောက်
(မိုးမခ) ဇွန် ၂၊ ၂၀၁၇
တဝုန်းဝုန်း၊ တဒိုင်းဒိုင်း ရွာသွန်နေသော မိုးနဲ့အတူ လျှပ်စီးမိုးခြိမ်သံ တဂျိမ်းဂျိမ်းကြောင့် အသည်းငယ်သော ကျွန်ပ်မှာ မိုးလေနဲ့အတူ ပျောက်ကွယ်သွားတတ်တဲ့ လျှပ်စစ်မီးမဲ့ အမှောင်ကမ္ဘာထဲမှာ ရင်တလှပ်လှပ်နဲ့ မအိပ်နိုင်။ ဒါနဲ့ စကားစပ် ပြောရရင် သဘာဝဓါတ်ငွေ့၊ ရေနံစွမ်းအင် ပြည့်လျှံနေတဲ့ ဒီရွှေပြည်ကြီးမှာ လူဖြစ်ရတဲ့ အလွန်ကံကောင်းသော ရွှေပြည်သားတွေအဖို့ မရှိမဖြစ်ထားရှိရမည့်အရာမှာ မေတ္တာတရား* မဟုတ်ဘဲ မီးခြစ် နဲ့ ဖယောင်းတိုင် ဖြစ်လေသည်။ ဝန်ကြီးချုပ်ကြီးတောင် အဲ့ဂါတွေ မဆောင်ထားလို့ နိုင်ဂံဂျားဧည့်သည်များရှေ့ မှာ အမှောင်ထဲ မျက်နှာပျက်ခဲ့ရတယ် မဟုတ်လား။ (*ရွှေပြည်ကြီးမှာ မှန်မှန်ကန်ကန် မေတ္တာပွားတတ်ဖို့ကိုတော့ “လကောင်ကြီး” လို့ အော်နေသော အဖွဲ့က တာဝန်ယူ သင်ကြားပို့ချနေလား မသိ။)
ကျွန်ပ်လည်း ဒီလို မကြာခဏ ရုတ်ချည်းကျရောက်သွားတတ်တဲ့ အမှောင်ကမ္ဘာကြီးထဲမှာ ဖယောင်းတိုင်မီး အားကိုးနဲ့ ကြောက်စိတ်ကို ကြိုးစားဖယ်ရှားပြီး ဆန့်မိတဲ့အတွေးက ကံကောင်းတယ်ဆိုရမလား - မြေစာပင် ရွှေပြည်သားတွေ ကံကြမ္မာ သူတို့လက်ထဲ၊ သူတို့လက်နက်အောက်၊ သူတို့အကျိုးစီးပွား အတွက်အချက်ပေါ်မှာ ရှိနေတယ်ဆိုတဲ့ အချိုးတွေ၊ အပြောတွေနဲ့ ဒုတိယအကြိမ်မြောက် ဆရာ့ဆရာကြီးတွေ တွေ့ဆုံပွဲ၊ စားပွဲသောက်ပွဲ “ငါမှန် နင်မှား” စာတမ်းဖတ်ပွဲ၊ စကားစစ်ထိုးပွဲ၊ ငြင်းခုန်ပွဲကြီး မိုးကြီးလေကြီးတဝုန်းဝုန်း၊ တရုန်းရုန်းနဲ့ ပြီးသွားခဲ့ပြန်ပြီ။ လက်နက်တန်းခိုးနဲ့ မင်းဖြစ်ကြီးပွားကြတဲ့ ဒီတိုင်းဌာနေမှာ လက်နက်ကိုင်တွေ မာန်ကြွ၊ ဂတုံးပေါ်ထိပ်ကွက် အားပြိုင်ကြတာ ဘာဆန်းလဲလို့ မပြောဝံ့။ ရွှေပြည်သားတွေအဖို့ ဒီနေ့အထိ သနားစရာ ငြိမ်းချမ်းရေးဂျိုငှက်ကတော့ ဒီမိုးဒီလေ ဒီအရပ်မှာ ခိုနားရာမဲ့ တဝဲလည်လည် ပျံနေဆဲ။
ကြောက်ကြောက်နဲ့ ဆက်ပြောရရင် မရေတွက်နိုင်တဲ့ ဗရမ်းဗတာ လက်နက်ကိုင်တွေ အားပြိုင်စစ်ခင်းနေတဲ့ ဒီတိုင်းဌာနေမှာ သေနတ်သံတွေ၊ ဗုံးသံတွေ ကွယ်ပျောက်ဖို့ ဝေးစွ၊ တရားဥပဒေ စိုးမိုးရေး ကင်းမဲ့နေတဲ့ မြို့ ရွာလူထုကြားမှာ လက်နက်ရှိ၊ ငွေရှိ၊ လက်မည်းကြီးတွေ အားကိုးမြှောက်ပင့်မှုနဲ့ လူသတ်သမား၊ ဘုရားသူခိုးအားပေး သင်္ကန်းခြုံထားသူတွေရဲ့  အမုန်းတရားစစ်ပွဲ ဟောပြောတပ်လှန့်သံတွေက ကြောက်စရာလန့်စရာ - ဂျိုငှက်တောင် ဘုရားကြိုဘုရားကြားမှာ ခိုဖြူခိုပြာတွေလို ညည်းချင်းချ ငိုကျွေးနေရ။
ဘယ်ဂလိုပဲဖြစ်ဖြစ် မိုးလုံလေလုံ၊ လုံခြုံမှုအပြည့်ရှိတဲ့ (ဘယ်လောက်လုံခြုံသလဲဆို ရှေ့ နေကြီးကိုသတ်ဖို့ နောက်ကွယ်က ကြိုးကိုင်ခဲ့တဲ့ ဗိုလ်ပြုတ် လူသတ်သမားဆို အဲဒီမြို့ တော်ကြီးမှာ အေးအေးဆေးဆေး လုံလုံခြုံခြုံ) နေပူတော်မှာ စားကောင်းသောက်ကောင်းစား၊ ငိုက်မြည်းမူးဝေပြီးတော့ ခွဲရေးတွဲရေး၊ ပေးယူရေး၊ ရယူရေး၊ ဥမကွဲဖို့ သိုက်မပျက်ဖို့တွေကို အကြိမ်ကြိမ် ဆွေးနွေးနေကြသူတွေ ဟိုတောကြိုတောင်ကြား မိုးကြီးလေကြီးအောက်မှာ လက်နက်ကိုင်သူတွေဘေး ရှောင်ပြေးပုန်းအောင်းနေကြတဲ့ စစ်ဘေးဒုက္ခသည်များကို သတိမရ။ စာနာစိတ်ကင်းမဲ့စွာနဲ့ ကိုယ်ကျိုးစီးပွားဖြစ် သွေးချောင်းစီး စစ်ပွဲလူသတ်ပွဲတွေကို ရပ်တန့်ဖို့ အဖြေမရှိသေး။
အခုတော့ ဒုတိယအကြိမ် ဘာဘာညာညာ အချက်တွေ သဘောတူသူတွေ၊ မတူတဲ့လူတွေ ဆူဆူပူပူနဲ့ တဂျိမ်းဂျိမ်း တဒိုင်းဒိုင်း ပြန်ချကြဖို့ ပြန်ကြကုန်လေပြီ။ ဟိုပဝေသဏီ “ဗမာအစ တကောင်းက” နေ ဒီနေ့အထိ “တကောင်နဲ့တကောင် ကိုက်ကြပက်ကြနဲ့ ရေအိုင်လုကြတဲ့ ခြင်္သေ့ နဲ့ တောဝက် ငမိုက်သားတွေလို မဟာသာကီနွယ်လို့ ကြွားဝါပြောကြတဲ့ ရွှေပြည်သားတွေလည်း ကိုက်မဆုံးမိုက်မဆုံး ရှုံးလိုက်ကြတာ တရုတ် (လင်းတ)ကြီးကို သောက်သောက်လဲ ဖြစ်နေပေါ့။
အဲ့ဂလို မှောင်ကြီးမည်းကြီးထဲ တောင်တွေးမြောက်တွေး အတွေးကောင်းတုန်း အခန်းထောင့်မှာ မီးပြန်လာရင် များစွာသော ကျူရှင်ကျောင်း အိမ်စာတွေ တပုံတပင်ကြီးလုပ်ရမယ်လို့ ဗြစ်တောက်ဗြစ်တောက် ညည်းနေတဲ့ ကိုးတန်းကျောင်းသူကြီး ဖြစ်နေပေမယ့် ပြင်ပဗဟုသုတ လေ့လာဖို့အချိန်မရှိသော မြေးငယ်မက “အဘိုးလေး … နေ့လယ်က သတင်းမှာပြောသွားတဲ့ ‘ဥမကွဲ သိုက်မပျက်’ ဆိုတာ ဘာလဲလို့” ကောက်ကာငင်ကာ မေးလိုက်တော့ ဆရာကြီးလေသံနဲ့ ကျွန်ပ်အဖြေမှာ “ဥမကွဲ သိုက်မပျက်” ဆိုတာ ငှက်ဥနှိုက် ခိုးသူတွေရဲ့ စကား ဖြစ်တယ်။ ငှက်သိုက်ထဲက ဥတွေကို နှိုက်ယူခိုးယူတဲ့အခါ ဥတွေကို မကွဲမရှ၊ ငှက်သိုက်ကို ပုံမပျက် လုပ်ဖို့ (ပုံပျက်သွားခဲ့ရင်တော့ ဘုန်းမော်ရွှေလို ပြန်ပေးရတာပေါ့)။ ဒါမှ ငှက်တွေက အဲဒီ မပျက်သွားတဲ့အသိုက်ထဲမှာ ဆက်ပြီး ဥတွေအု့ကြ၊ ငှက်ဥနှိုက်သူက ဆက်ယူနိုင်တာပေါ့လို့ ရှင်းပြလိုက်တော့ မြေးမလေးက ရှုပ်နေတဲ့သူ့ရဲ့  ဦးခေါင်းလေးကို တဗြစ်ဗြစ်ကုတ်ကာ ရူပဗေဒ (Physics) လား၊ ဓါတုဗေဒ (Chemistry) လား မသိ၊ အလွန်နားလည်ရခက်သော အသံထွက်နဲ့ အင်္ဂလိပ်စာကို အသံမစဲပဋ္ဌာန်းရွတ်သလို အော်ဖတ်တော့တယ်။
ကဲ ရှိစေတော့။ မီးပြန်လာမှ ဒီအရေမရ အဖတ်မရ ကြောက်စိတ် အတွေးတွေ ရပ်မယ်ထင်တယ်။ အခုတော့ မီးပုံမှန်လာ၊ အမှောင်ထဲက လွတ်မြောက်ဖို့ ဆုတောင်းပြီး အိပ်တာကောင်းပါတယ်။ တနိုင်ငံလုံး အပစ်ရပ်တာထက်လွယ်တဲ့ တနိုင်ငံလုံး မီးမှန်မှန်လာရေးကို အစိုးရကြီး လုပ်နိုင်ရင် ပြည်သူတွေဘဝ ပိုငြိမ်းချမ်းမှာ သေချာပါတယ်။
ဂွတ်နိုက်…