(မိုးမခ) ဇွန် ၅၊ ၂၀၁၇
မြစ်ကိုဆန်တက်ရင်
ဗိုက်ကြီးမကြီး လဲလျောင်းနေတာတွေ့မယ်။
ဆံပင်တွေဖြန့်ခင်းထားတဲ့လမ်းမှာ
သွေးအလူးလူးနဲ့ အလောင်းတွေ
ရိက္ခာလာသယ်တဲ့အရပ်သားတွေ
တိမ်မီးခိုးလို လွင့်ပြယ်ဖူးတာပေါ့။
တခါက
လမ်းပျောက်နေတဲ့
ပုရွက်ဆိတ်လူတို့
ရေဒါထဲဖဲ့ထွက်သွား
မြင်မြင်သမျှငှက်ပျောပင်
တောဝက်သားလို့ ပြောပြောပြီး
ဟိုတယ်စာလို စားခဲ့ဖူးတယ်။
ငှက်ဖျားတက်နေတဲ့နေ့မှာ
ကယောင်ကတမ်း ကြိုးချည်ထား
ကျနော်သေတော့မလားမေးရင်း
ဟေ့ ရှေ့မှာ လူသံကြားတယ်
ခြုံထဲခေါင်းတိုးဝင်ကြ။
ခုမှ တကယ်သေနိုင်တာပြန်တွေးတော့
ကျနော့်ကိုယ်ကထွက်နေတာ
သေးတွေလား
ချွေးတွေလား
တိတ်ဆိတ်နေပုံ ခြောက်ချားစရာပါပဲ။
အခြေနေကောင်းတယ်
အခြေနေကောင်းတယ်
စကားတီးတိုးလက်ဆင့်ကမ်း
ကျနော့်အသံတွေ လေးပင်ဖူးတယ်။
ကိုယ်ထမ်းထားတာ
လူတွေစားတဲ့အစာပဲ
ခင်ဗျား ဂရုစိုက်ပါ
ခဏခဏပြော
ဖက်နဲ့ထုတ်ထားတာ
လူ့အသက်မဟုတ်ဘူး။
မိုးသည်သည်းထဲ ရန်သူက
တခုမက ဝိုင်းနေတယ်
မီးရောင်မမြင်စေနဲ့
ရေလောင်ထားတဲ့ ထင်းစ
မီးချလို့မရမှန်း သိသိ
မိုးရေထဲ ချွေးပြန်ဖူးတာ
သည်တခါမကတော့ဘူး။
ရွာက
တအိမ်ထောင်နှစ်ရာစု
ဝိုင်းကူပေးလိုက်တဲ့ငွေစ
မိသားစုမငတ်ရုံ
ကျနော့်အသက်လည်း
လုံမယ်မထင်ပင်မယ့်
မနက်ဖန်တွေက ရှည်လျားတယ်။
မိုင်းနင်းတာ
ဆွဲမိုင်း ဆွဲမိုင်း
ရုပ်ရှင်ထဲရွှေဘလို ဒိုင်ဗင်ထိုးချ
ဘယ်လိုကျကျ
ခေါင်းငုံ့ခေါင်းငုံ့
ကျည်ဆံလေချွန်တတ်တာ
ကျနော် ကြုံဖူးပြီ။
ပြတ်နေတဲ့ခြေထောက်အပိုင်းအစ
ကျကျနနကိုင်ရင်း
သွေးရူးသွေးတန်းနဲ့လူတွေ
ရင်ဘတ်ကို လက်နဲ့ဖိ
ကျနော့်ကို ကယ်ကြပါအုံးဗျာ။
ထမ်းစင်လုပ်ဖို့ ဝါးခုတ်
သွေးတိတ်ဂါထာမန်းမနေနဲ့တော့
စောင်စနဲ့သေချာထုတ်
ရောက်ဖို့ သုံးရက်လောက် လျှောက်ရမယ်
ကံမ္မသကာဆိုတာ
သည်နေ့လေးပါပဲ။
ဗိုက်ကြီးမတောင်တန်းကြီးတော့
မသိရှာပါဘူး
ခင်ဗျားဗိုက်ကို နင်းပြီး
ကျနော်တို့အသက်ကို
ထမင်းနဲ့လဲဘူးတဲ့အကြောင်း
ကျနော် လာပြီးပြောချင်သေးတယ်။ ။
သင်းရည်လွင်
(ဗိုက်ကြီးမတောင် ။ ။ စစ်တောင်းမြစ်အရှေ့ဘက်ရှိ အဝေးကြည့်တွင် ကိုယ်ဝန်ဆောင်တဦး ပက်လက်အိပ်နေဟန်သဏ္ဌာန်ရှိ တောင်)
လွန်ခဲ့သော ၁၀ နှစ်ခန့်အထိ ထိုဒေသအနီးအနားကျေးရွာများမှာ စစ်ကြောင်းများ ရိက္ခာနှင့် ခဲယမ်းမီးကျောက်များ သယ်ယူ ရန်အတွက် ငွေ (သို့) လုပ်အားပေး (ပေါ်တာ) လိုက်ရသည့် အဖြစ်အပျက်ကို ရေးဖွဲ့သည်။)