လင်းသက်ငြိမ် ● လူညံ့များရဲ့ ကဖေး

လင်းသက်ငြိမ် ● လူညံ့များရဲ့ ကဖေး
(မိုးမခ) ဇွန် ၁၉၊ ၂ဝ၁၇

ကမ္ဘာကြီးမှာ လူညံ့များအတွက် နေရာအများကြီးရှိမှန်း လူညံ့ သိခဲ့တာကြာပါပြီ။ လူညံ့တယောက်အတွက ညံ့ဖျင်းသော မ နက်စာသာ ပိုင်ဆိုင်ရမည်ဟု ဘုရားသခင် ပညတ်ထားခဲ့မထားခဲ့ကို မစဉ်းစားတတ်ခြင်းမှာ လူညံ့သည် လူညံ့တယောက် ဖြစ်ခြင်းကြောင့်သာ ဖြစ်ပါလိမ့်မည်။ လူညံ့တယောက်ဆိုသည့်စကားစုသည် စိတ်နှလုံးနှစ်မြို့ဖွယ်အခြင်းအရာမဟုတ်သည်ကို လူတိုင်းသိကြမည်ဖြစ်သော်လည်း လူညံ့သည် လူညံ့တယောက်သာဖြစ်ပါသည်။ လူညံ့တယောက်သည် ခပ်ညံ့ညံ့ မ နက်ခင်းများနှင့် ခပ်ညံ့ညံ့နေ့လည်ခင်းများသာမက ခပ်ညံ့ညံ့အိပ်ရာတခုကိုပါ ပိုင်ဆိုင်၏။ ခပ်ညံ့ညံ့ဦးထုပ်တလုံး ခေါင်း ပေါ်တင်ပြီး ခပ်ညံ့ညံ့အဝတ်အစားများကိုဝတ်ဆင်ရင်း ခပ်ညံ့ညံ့လမ်းများပေါ်လျှောက်လာရခြင်းသည် လူညံ့တယောက်ရဲ့ နိစ္စဓူဝတာဝန်များဖြစ်ပါသည်။ လူညံ့တယောက်အတွက် ညံ့ဖျင်းသော အလုပ်အကိုင်၊ နည်းပါးသော ငွေစကြေးစနဲ့ ညံ့ဖျင်း သောဟာသများကို ပိုင်သထားရခြင်းသည်ပင် လူညံ့တယောက်အတွက် ကမ္ဘာကြီး၏ကရုဏာအကုန်ပဲဖြစ်ပါလိမ့်မည်။

လူညံ့သည် စနေနေ့တွင် ညံ့လျှက်ရှိပြီး တနင်္ဂနွေ တနင်္လာ အင်္ဂါ ဗုဒ္ဓဟူး ကြာသပတေး သောကြာများမှာလည်း ညံ့လျှက်သား ဖစ်ပါသည်။ လူညံ့ရဲ့ပြက္ခဒိန်၌ ရက်ရာဇာမပါရှိပဲ။ တရော်ကင်ပွန်းယတြာများသည် လူညံ့ရဲ့တံခါးပေါက်များမဟုတ်ပါ။ လူညံ့ သည် တမင်တကာညံ့နေခြင်းမဟုတ်သလို စတန့်ထွင်ပြီးညံ့ပြနေခြင်းလည်းမဟုတ်ပဲ ပါရမီအရ ညံ့နေရခြင်းဖြစ်သည်ကို မည်သူသံသယရှိပါသနည်း။ ညံ့ဖျင်းသောပျော်ရွှင်မှုနှင့် လူညံ့နေထိုင်သည်။ ညံ့ဖျင်းသော ဒဏ်ရာအနာတရများသည် လူညံ့ ရဲ့ အမှတ်တံဆိပ်ဖြစ်သည်။ လူညံ့အတွက် သစ်ပင်ပေါ်ကသစ်ရွက်များ ကြွေကျနေကြသည်။ လူညံ့သည် တံမြက်စည်းတ ချောင်းနှင့် လှည်းကျင်းနေသည်။ သူစုပုံထားသည့် သစ်ရွက်များထက် ပိုညံ့ဖျင်းသောလူညံ့သည် အိတ်ခွံတခုထဲတော်သော သစ်ရွက်များကိုကြုံးထည့်နေသည်။ တော်သောသစ်ရွက်များကို တော်သောအမှိုက်များနှင့် ရောထည့်ကာ တော်သော အ မှိုက်ပုံကြီးဆီသို့ လူညံ့သွားပစ်ပေလိမ့်မည်။

လူညံ့သည် အလုပ်အမျိုးမျိုးပြောင်းရွေ့လုပ်ကိုင်ခဲ့ပြီး လူညံ့အတွက် ညံ့ဖျင်းသောအလုပ်အကိုင်များ မရှားချေ။ အုတ်ခဲမျာ သည် လူညံ့သယ်ပိုးရန်ဖြစ်သည်။ သဲများ မဆလာများသည် လူညံ့အတွက်ဖြစ်သည်။ လက်ဖက်ရည်ဆိုင်စားပွဲထိုး၊ ဘီယာဆိုင်စားပွဲထိုးလုပ်ငန်းများသည် လူညံ့အတွက် သက်တောင့်သက်သာလုပ်ငန်းများဖြစ်ပြီး ကံကောင်းထောက်မစွာ စားပွဲထိုးခေါင်းဆောင်ဖြစ်ခဲ့ဖူးခြင်းသည်လည်း လူညံ့၏ကံကြမ္မာ အမြင့်ဘက်ရောက်ရှိနေသောခုနှစ်များပဲဖြစ်ပါသည်။ လူညံ့သည် လူညံ့ဖြစ်သည့်အလျှောက် ပညာရေးလည်းညံ့၏။ ညံ့ဖျင်းနည်းလမ်းညွှန်စာအုပ်ကို လူညံ့မဖတ်ဖူးပဲ ညံ့နေရခြင်းသည်ပင် လူ ညံ့၏အားသာချက်ပဲမဟုတ်လား။ လှေကားထစ်များစွာကို လူညံ့တက်ခဲ့ဖူးပါသည်။ ထိုလှေကားထစ်များသည် အဆင်းကော အတက်ပါပြုလုပ်လို့ရတော့ လူညံ့သည် လှေကားထစ်များပေါ်မှ ချွေးများယိုစီးလျှက် ပြန်ဆင်းလာခဲ့ရသည်။

လူညံ့တယောက်ဖို့အတွက် ဘယ်လိုကြိုးစားလာခဲ့ရသလဲလို့ လူညံ့ကိုသင်သွားမေးလျှင် ရိုးသားစွာပြုံးပြီး သူ့အလိုလိုညံ့ လာတော့လည်း ကျနော်ဘယ်လိုဖြေရမယ်မသိဘူးလို့ ဖြေလိမ့်မည်ဟု သင်ထင်လျှင်မှားလိမ့်မည်။

ကမ္ဘာကြီးသည်လူတော်တွေကြောင့်သာဒုက္ခရောက်ခဲ့ရကြောင်း ဒုတိယကမ္ဘာစစ်မှအစချီကာ မြန်မာနိုင်ငံရဲ့အာဏာရှင် ခေတ်အထိ ရှည်လျားညံ့ဖျင်းသော သူ၏ ကဘောက်တိ ကဘောက်ချာ ဒဿနများကို ဟောကြားပါလိမ့်မည်။ လူညံ့များသည် ရှားပါးမျိုးနွယ်ဖြစ်ပြီး ဥပမာ အသေးအမွှားကလေးကိုပြရလျှင် စာသင်ခန်းထဲမှာပင် လူညံ့တယောက်သည် အခြားကျောင်း သားများကို ဥပမာပြဆိုဆုံးမစရာဖြစ်နေတတ်သည်လို့ လူညံ့များ၏ ကောင်းခြင်း ဋီကာကို သူဖွင့်ပြမယ်ဆိုတာ မြေကြီးလက် ခတ်မလွဲ။ လူညံ့သည် မောင်မောင်ဇော်လတ်ရဲ့ ငါအသုံးမကျဘူးသီချင်းကိုကြိုက်သည်။ ခပ်ညံ့ညံ့ဆေးပေါ့လိပ်ကိုကြိုက် သည်။ တခါတရံ ခပ်ညံ့ညံ့အရက်ကိုလည်း သောက်တတ်သည်။

လူညံ့သည် သူ၏ညံ့ခြင်းကို ဘယ်အခါကမှ အပြစ်မြင်ခြင်းမရှိချေ။ လူညံ့ကို လူချစ်လူခင်များကြသည်မှာ သူက လူညံ့ဖြစ်   ခြင်းကြောင့်လည်း ပါမည်ထင်ပါသည်။ လူညံ့နှင့်လမ်းအတူလျှောက်လိုက်လျှင် တော်နေသောလူသည် ပိုမိုတော်၍သွားပြီး။နှိမ်ချလှောင်ပြောင်စရာ ဟာသတကောင်အဖြစ်လည်း အသုံးချ၍ရသည်မို့ လူညံ့ကို လက်ဖက်ရည်တိုက်၊ ဆေးလိပ်တိုက်၊အရက်တိုက်မည့်သူလည်း မရှား။ ဤသည်ကိုပင် လူညံ့၏အရည်အသွေးအဖြစ် လူညံ့ဂုဏ်ယူသည်။ လူညံ့သည် ဘယ်တုန်းကမှငွေထုပ်ကိုမကောက်ရဖူးပါ။ လူညံ့သည် ဘယ်မိတ်ဆွေရဲ့စောင်မမှုနဲ့မှလည်း တခါမှ တော်မသွားခဲ့ဖူးပါ။ ခပ်ညံ့ညံ့ ညနေခင်းလမ်းမများမှာ လူညံ့ရဲ့ယိမ်းထိုးသောခြေလှမ်းတွေရှိသည်။ အားလုံးတော်နေကြတဲ့ကမ္ဘာကြီးထဲ ငါတယောက် တည်း ညံ့တာဘာဖြစ်လဲ။ ခပ်ညံ့ညံ့အရက်တွေ ထွေလာတိုင်း ကြွေးကြော်လေ့ရှိတဲ့လူညံ့ရဲ့ ကြွေးကြော်သံသည် ရပ်ကွက် ထဲကခွေးများကို ထိုးဟောင်စေသည်။

လူတော်နှင့် လူညံ့ ဘယ်လိုကွာခြားမှုရှိသလဲဆိုတဲ့အကြောင်း သင်သေချာသိချင်လျှင် လူညံ့ကိုသွားပါ။ သင်ကိုယ်တိုင်ညံ့ ဖျင်းချင် စိတ်ပေါက်မသွားဖို့ကိုလည်း အထူးဂရုပြုပါလေ။ လူညံ့သည် သူ၏လူညံ့ဘဝကို ချစ်ခင်စွာပင် ခပ်ညံ့ညံ့ ဖြတ်သန်း၍ နေသည်မှာ သေချာပါသည်။ လူညံ့သည် သူ၏ဒဿနများဖြင့် လူညံ့အဖြစ်ကို ခိုင်မာနေခဲ့သည်။ လူညံ့သည် လူ့အဖွဲ့အ စည်း၏ အမှိုက်တစလား၊ သင်လုပ်နိုင်သောအရာတခုကို မလုပ်နိုင်သောသူကို လူညံ့လို့ တံဆိပ်ကပ်ခြင်းအမှုကို ဆင်ခြင်ရန် လူညံ့တွေရဲ့အရေးပါမှုကိုဆင်ခြင်ကြည့်ပါ။ လူညံ့သည် ငွေမပေးနိုင်၍ အဖမ်းခံရသော ဘောလုံးဒိုင်ဖြစ်ကောင်းဖြစ်နိုင်ပြီး၊ ကုန်ရှုံးခဲ့သူသူဌေးသားလည်း ဖြစ်နိုင်ပါသည်။ သူဌေးဝမ်းဗိုက်၌ သန္ဓေတည်ခွင့်မရခဲ့တဲ့ ဆင်းရဲသားတယောက်လည်း ဖြစ် နိုင်ပြီး အမှုရှုံးခဲ့တဲ့ ရှေ့နေတယောက်လည်းဖြစ်နိုင်သည်။ လူညံ့တယောက်အတွက် ကြေကွဲဝမ်းနည်းနေဖို့ အချိန်မရှိပါ။ လူ ညံ့၏ထမင်းတနပ်သည် လူညံ့ကိုယ်တိုင်လုပ်မှသာ ပေါ်ထွန်းလာခြင်းဖြစ်၏။

လူညံ့ကိုညံ့ကြောင်း သက်သေထင်ရှားစေခြင်းသည် လူတော်များအတွက် အဘယ်အဖိုးအခကို ရရှိနိုင်ပါသနည်း။ လူညံ့၏ ပုခုံးထက်မှာ လူတော်များရဲ့ဖိနပ်များ နစ်ဝင်နေသည်။ လက်ရေး လက်သား ညံ့ညံ့နဲ့ရေးသားထားတဲ့ လူညံ့၏ဒိုင်ယာရီထဲ တွင် ညံ့ဖျင်းခွင့်ရသောနေ့ရက်များကို ကျေးဇူးတင်ကြောင်းပါရှိပါသည်။ လူညံ့ရဲ့အိမ်ရှေ့တွင် လူညံ့စိုက်ပျိုးထားတဲ့ ဗာဒံပင် တပင်လည်း ရှိ၏။ ဗာဒံပင်၏အရိပ်သည် မညံ့ဖျင်းကြောင်း ဘယ်သူကမှ အရေးတယူလုပ်ပြောဆိုခြင်းအမှုကို မပြုကြပါ။ လူညံ့သည် ညံ့ဖျင်းသောလမ်းမများပေါ်သို့ ခပ်ညံ့ညံ့ဦးထုပ်ကိုဆောင်း၍ ခပ်ညံ့ညံ့အဝတ်အစားများကိုဝတ်ဆင်ကာ ခပ်ညံ့ ညံ့ ငွေစကြေးစများကို ရယူရန်အလို့ငှာ  ခပ်ညံ့ညံ့လုပ်ငန်းခွင်သို့ ဝင်ရောက်သွားသည်။ လူတော်များရဲ့ အားလပ်ချိန် ဟာသ တပုဒ်အဖြစ် သို့မဟုတ် ကဲ့ရဲ့အပြစ်တင်ရန်အတွက် ကမ္ဘာကြီးကို လူညံ့တွေ အဆက်မပြတ်ကျရောက်လာပါဦးမည်။

အိပ်မက်ညံ့ညံ့များ၊  စိတ်ကူးညံ့ညံ့များနှင့် လူညံ့။ ခပ်ညံ့ညံ့ပျော်ရွှင်မှု၊ ခပ်ညံ့ညံ့ရယ်သံများနှင့် လူညံ့။ ခပ်ညံ့ညံ့ အရည်အချင်း တွေက ဘဝအဆက်ဆက် အထုံပါရမီပါခဲ့သလို လူညံ့။ လူညံ့မှာ ခပ်ညံ့ညံ့မိတ်ဆွေတွေလည်း ရှိပါတယ်။ ခပ်ညံ့ညံ့ အပန်း ဖြေနည်း၊ ခပ်ညံ့ညံ့ ဒဿန၊ ခပ်ညံ့ညံ့ ဘဝနေနည်းများနှင့် ခပ်ညံ့ညံ့နာရီတွေလည်းရှိပါသည်။ လူညံ့သည် လူညံ့ဖြစ် နေရုံနှင့် ကျေနပ်နေလို့မရသေးချေ။ ဆက်၍ညံ့ရန် ကိစ္စအမြောက်အမြားကျန်ရှိနေပါသေးသည်။ ထို့ကြောင့် ပို၍ညံ့ရန်အတွက် လုံ့လ ပြုနေရသည်။ ပို၍ညံ့ရန်ပြုလုပ်သောကိစ္စရပ်များသည် မတော်တဆ အောင်မြင်သွားခဲ့သည့်အခါကာလသည် လူညံ့ကျရှုံး သော ကစားပွဲတပွဲဖြစ်ပေလိမ့်မည်။ ထိုကာလမျိုး၌ လူညံ့သည် ခပ်ညံ့ညံ့ပျော်ရွှင်ခြင်းများကိုပင် ပိုင်ဆိုင်ခြင်းမရှိတော့သည့် လူညံ့ဖြစ်သွားလေတော့၏။ ညံ့သောညသည် မိုးမလင်းနိုင်။ ညံ့ဖျင်းသောအိပ်ရာထက် လူညံ့ လူးလှိမ့်။ မနက်ခင်းသည် လူ ညံ့ကို ညံ့ဖျင်းစွာကြိုဆိုနေမည်မှာ မုချ။

လူညံ့သည် ကားတစီးမှမပိုင်ရခြင်းကို ဝမ်းမနည်း။ လူညံ့သည် မျက်မှန်အကောင်းစားတလက် မဝယ်နိုင်ခြင်းကိုလည်း ဝမ်း မနည်း။ အကောင်းစားအရက်နှင့် ကြက်သားကြော်သည်လည်း လူညံ့အတွက် လွမ်းလောက်စရာမရှိချေ။ မြင့်သောသစ်ပင်များသည်လေတိုက်ခံရသလို နှိမ့်သောမြက်ပင်များတွင်လည်း ဖိနပ်ရာများထင်ကျန်နေလေသည်။ လူညံ့သည် သူ၏ ညံ့ ဖျင်းခြင်း ကိုယ်ရည်ကိုယ်သွေးကို လူတွေလှောင်ပြောင်ကြမည်ကို တခါမှစိုးထိတ်ခြင်းမရှိခဲ့ပေမယ့် လူညံ့အဖြစ်ကပါ လျှော ကျပေးရမည့်အခြေအနေတရပ်ကို လူညံ့ရင်မဆိုင်ရဲပေ။ ခေါင်းကိုငိုက်စိုက်ထားရင်း ပူဆွေးစွာလူညံ့လျှောက်လာသည်။ လူညံ့အဖြစ်ကို သူဘယ်လိုဆက်လက်ထိန်းသိမ်းရမလဲဆိုသည့်အတွေးသည် သူ့ခေါင်းကို တူနဲ့အဆက်မပြတ်ထုနေ၏။ လူညံ့ရဲ့ခြေလှမ်းများသည် သူ၏ ခပ်ညံ့ညံ့အလုပ်ဖက်ကိုဦးတည်နေသော်လည်း လူညံ့ရဲ့စိတ်သည် သူ့ညံ့ဖျင်းရေး ပရိုဂရမ် ကိုသာ တွေးခေါ်နေလေသည်။ တွေးရင်းလျှောက်လာသည့် သူ့ခြေလှမ်းများသည် သူမရောက်ဖူးတဲ့လမ်းကြားထဲသို့ ဆိုက် ရောက်လာခဲ့တော့သည်။

`လူညံ့များရဲ့ကဖေး´ လက်ဖက်ရည်ဆိုင်ရဲ့ဆိုင်းဘုတ်တခုကို အံ့အားသင့်စရာ လူညံ့တွေ့လိုက်ရ၏။ ထိတ်ခနဲ လှုပ်သွား သောရင်ကိုဖိရင်း လက်ဖက်ရည်ဆိုင်ထဲသို့ လူညံ့ဝင်လိုက်ပြီး ယိုင်နှဲ့နေတဲ့စားပွဲတခုံတွင် သူဝင်ထိုင်လိုက်မိသည်။ ဆိုင်ထဲရှိ ဘယ်သူတဦးတယောက်ကမှ သူ့ကိုငဲ့မကြည့်ကြ။ စားပွဲထိုးကလေးတယောက်ရောက်လာသည်။

`ပေါ့ဆိမ့် တခွက်ချပေး ညီလေး´
`ဒီဆိုင်မှာ လက်ဖက်ရည်တမျိုးပဲရတယ်အစ်ကို´

`ဟေ´
`အဲ့ဒါဆိုလည်း ရတဲ့လက်ဖက်ရည်ပဲပေးကွာ´

။အတော်ဟုတ်တဲ့လက်ဖက်ရည်ဆိုင်ပဲ။ ဒါမျိုးဖြစ်ရမှာ။ လူညံ့များရဲ့ကဖေးဆိုတာ ဒါမျိုးမှ  စားပွဲပေါ်က ယင်ကောင်တွေကို လက်နဲ့ယမ်းရင်း လူညံ့တွေးပြီးကျေနပ်နေမိသည်။ ဆိုင်ထဲကိုဝေ့ကြည့်မိတော့ အားလုံးခေါင်းငိုက်စိုက်ချလို့ စကားသံမရှိ။ အရယ်အပြုံးမရှိ။ အတော်ထူးဆန်းတဲ့ လက်ဖက်ရည်ဆိုင်ပဲ။ စားပွဲထိုးလေး လာချပေးတဲ့လက်ဖက်ရည်ကိုမော့သောက်မိ သည်။

`ဖြီး´

သူ့တသက်နဲ့တကိုယ် ဒီလောက်ညံ့ဖျင်းတဲ့လက်ဖက်ရည်ကို မသောက်ဖူးခဲ့ပါ။

`ဘာဖြစ်တာလဲအစ်ကို´

တိတ်ဆိတ်နေသောဆိုင်ကလေးတွင် သူ့အသံကကျယ်လောင်သွား၍ထင်သည် စားပွဲထိုးကလေးကလာမေးသည်။

`မင်းတို့ဆိုင်က လက်ဖက်ရည် ကောင်းကောင်းမဖျော်တတ်ဘူးလား ညံ့လိုက်တဲ့လက်ဖက်ရည်ကွာ´

ဒေါသကြောင့် ကျယ်လောင်သွားတဲ့သူ့အသံမှာ ဆိုင်ကလူတွေအားလုံး သူ့ကိုဝိုင်းကြည့်နေကြသည်။ စားပွဲထိုးကလေးက ဆိုင်အပြင်ရှိ ဆိုင်းဘုတ်ကိုလက်ညိုးထိုးပြလိုက်ပြီး တဆက်တည်း ကောင်တာနားကဆိုင်းဘုတ်သေးသေးလေးတခုကိုပါ အသံထွက်ဖတ်ပြသည်။

`လူညံ့များအတွက်သက်သက်သာ ကိုယ့်ကိုယ်ကိုတော်သည်ဟု အထင်ရှိသူများမလာရ´
`ဟေ´

`အစ်ကိုပြန်လိုက်ပါတော့ အစ်ကို့ရဲ့အပြုအမူဟာ ဆိုင်ထဲကလူညံ့တွေအားလုံးကို သိက္ခာချရာကျပါတယ်´

စားပွဲထိုးကလေးက သူ့စကားအဆုံးလက်ဖက်ရည်ခွက်ကိုသိမ်းပြီး ဆောင့်ဆောင့်အောင့်အောင့် ထွက်သွားလေတော့သည်။ ဆိုင်ထဲကလူတွေရဲ့အကြည့်များမှာ သူ့ကို မနှစ်မြို့တာ သေချာနေလေပြီ။ ခေါင်းကိုခါယမ်းပြီး လူညံ့ထွက်လာခဲ့သည် သူ့ရပ် ကွက်ထဲက သူ့ကိုလူရာမသွင်းတဲ့အပေါက်မျိုးချိုးတဲ့သူ့မိတ်ဆွေတချို့ကို တရက်ရက်တော့ လူညံ့များရဲ့ကဖေးဆီ မရောက် ရောက်အောင်ခေါ်လာပြဦးမည်ဆိုတဲ့အတွေးများနှင့် သူ့ခြေလှမ်းများသည် တက်ကြွ၍နေလေသည်။