ကျော်ထင် ● သိကြားပေါက်မှာကော ခိုလေးတွေ ရှိသေးရဲ့လား

ကျော်ထင် ● သိကြားပေါက်မှာကော ခိုလေးတွေ ရှိသေးရဲ့လား
(မိုးမခ) ဇွန် ၁၃၊ ၂၀၁၇

(၁)
ကျနော် အိမ်ပြန်ရောက်တော့ စတုတ္ထတန်းကျောင်းသား ကျနော့်သားက စာကျက်တုန်း။
တနေ့ကို ရေ ဘယ်လောက်သောက်ရမလဲ။
တနေ့ကို ရေ (၆) ခွက် သောက်သင့်ပါသည်။
အစားအစာများကို နေ့စဉ်မျှတစေရန်နှင့် လုံလောက်စေရန် အရွယ်အလိုက် ပမာဏတိုး၍ စားသင့်ပါသလား။
အစားအစာများကို နေ့စဉ်မျှတစေရန်နှင့် လုံလောက်စေရန် အရွယ်အလိုက် ပမာဏတိုး၍ စားသင့်ပါသည်။---- ဆိုတာတွေကို သားက ကျက်နေတာ။ ဘဝတွက်တာ ဘာသာရပ်တဲ့။

အဲ့ဒီမှာ နောက်ကျောပေးထားတဲ့သားကို နှုတ်မဆက်သေးဘဲ ကျနော် ထိုင်တွေးနေလိုက်တယ်။ ဒီဘ၀တွက် တာဆိုတာ တွေက ကျက်ရတာလား။ မှတ်ရမှာလား။ ကျက်လိုက်မှ မှတ်မိသွားမယ်ဆိုမှာလား။ အတန်းတွင်းနဲ့ အတန်းပြင်ပမှာ ဆရာ ကိုယ်တိုင်ဦးဆောင်ပြီး ကျင့်သုံးပြလိုက်ရရင်ကော မရဘူးလား။ ခုလိုသာ ၏၊ သည် မလွဲတွေ အာဂုံဆောင်နေရပုံနဲ့ဆို ဘဝတွက်တာဆိုတဲ့ ဘာသာရပ်ဟာ ကျနော်တို့ သားလေးတွေ၊ သမီးလေးတွေအတွက် ဝန်ထုပ်ကြီးတခု ဖြစ်နေတော့မယ် ထင်တာပဲ။

ဒီလိုဘာသာရပ်မျိုးကို ပေါ့ပေါ့ပါးပါးဖြစ်အောင် ဘယ်လိုကြံဆောင်ကြရင် ကောင်းမလဲ။ ဘဝတသက်တာလုံး အသုံးချနိုင်ဖို့ ဘယ်လို လုပ်ကြမတုန်း။  အလွတ်ကျက်ထုံးပဲ နှလုံးမူကြတော့မှာလား။ ဒါတွေကို ဂုရုတွေနဲ့တွေ့ရင် မေးကြည့်ချင်သေးတယ်။ ဂုရုကြီးများ ကြားတော်မူကြရင်လည်း စဉ်းစားပေးတော်မူကြပါဦး။ မလိုအပ်ဘဲ အာဂုံ ရွတ်နေရတယ်ဆိုရင် မခက်ပေဘူးလား။ အဲ့ဒီလိုသာ စာတွေတွေ့တိုင်း အလွတ်ကျက်ရတယ်ဆိုရင် စာတွေပိပြီး သူတို့ရဲ့ကလးဘဝတွေ ပျောက်ပျက်ကုန်တော့မှာပဲ။

ကလေးတွေ စာမြင်တိုင်း ကြောက်ကုန်ကြတော့မှာပေါ့။ ခုခေတ်မှာ တွေ့ရတဲ့ စာကြောက်လေးတွေဟာ အဲ့ဒီလို စာမြင်တိုင်းကျက်ရတဲ့စနစ်ဆိုးကြောင့်လည်း ဖြစ်ကုန်တာ တကြောင်းပါတယ်။ ခေတ်ပေါ် ဖျော်ဖြေရေး အသုံးအဆောင်တွေကိုချည်း လက်ညှိုထိုးလို့မရပါဘူး။  တကယ်တော့ စာကျက်ခန်းတွေက စာဖတ်ခန်းတွေကို လိုက်ကာချပစ်လိုက်တာကိုကော ထည့် တွက်ရမှာပါ။

မူလတန်းလည်း စာကျက်ဝိုင်းတဲ့။ အလယ်တန်းလည်း စာကျက်ဝိုင်းတဲ့။ အထက်တန်းလည်း စာကျက်ဝိုင်းတဲ့။ ဒါကို စနစ် လို့ပြောရမှာလား။ စတန့်လို့ ပြောရမှာလား။ ဒီလိုစနစ်ပဲပြောပြော၊ စတန့်ပဲပြောပြော ဒီလိုမျိုး ကျင့်သုံးလိုက်တာဟာ စာ ဖတ်တဲ့မျိုးဆက်တွေအစား စာကျက်တဲ့မျိုးဆက်တွေနဲ့ အစားထိုးပစ်လိုက်သလိုပါပဲ။ အဲ့ဒီလိုအခြေအနေမျိုးမှာ ရသစာ ပေတွေ ပျောက်ကွယ်သွားတာလည်း မပြောနဲ့။ စနစ်က ရသစာပေ ထုထည်ကို ဖဲ့ထုတ်ပစ်လိုက်တာကိုး။ မျိုးဆက်တွေဟာ စာဆိုရင် သိမ်းကျုံးပြီးတော့ ကြောက်သွားကြတာ များတယ်။

ဘယ်လိုတွေထိ ဖြစ်ကုန်သလဲဆိုရင် တခါက - မဂ္ဂဇင်းဖတ်ဖူးတဲ့သူ လက်ညှိုးထောင်ပြပါဆိုတော့ အယောက် ခြောက်ဆယ် လောက်ထဲမှာ တယောက်လားတွေ့ ရတယ်။ အဲ့ဒီ့တယောက်ကို ဘယ်မဂ္ဂဇင်းဖတ်ဖူးလဲမေးတော့ Eleven တဲ့။ ကဲ - အဲ့လို ဖြေတာ။ ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ် အသက်အရွယ်ရှိတဲ့ကလေးတွေဟာ ဂျာနယ်မှန်း၊ မဂ္ဂဇင်းမှန်းတောင် မကွဲဘူးဆိုတာ တွေ့ရတယ်။

ပညာရေးစနစ်ကိုယ်တိုင်ကလည်း ဒါမျိုးနဲ့ပတ်သက်ပြီး ဘယ်မှာအားပေးအားမြှေက်ပြုပေးတာ ရှိလို့တုန်း။ အခုခေတ် အ ထက်တန်းကျောင်းအုပ်ကြီးတယောက်က “ငါတို့ကျောင်းမှာ ကျောင်းမဂ္ဂဇင်းထုတ်မယ်” ဆိုတာ မျိုးများ ပြောသံကြားဖူး လားဗျာ။ ကြားရတာကတော့ အောင်ချက်မြင့်မားရေးဆိုတဲ့ ဆီသည်မ လက်သုတ်ဝတ် စကားတွေပါပဲ။

အဲ့ဒီလိုစနစ်တခုရဲ့စက်ကွင်းထဲမှာ ကလေးဘဝလေးတွေ ပျောက်ကုန်တာ တွေ့ရတယ်။ ဆော့ချိန်၊ ကစားချိန် တွေဆိုတာ မရှိသလောက် နည်းကုန်တယ်။ တနေကုန်သွားတဲ့အထိ ကလေးတယောက်ဟာ မဆော့ မကစားလိုက်ရတာတွေ ရှိကုန် ကြပြီ။ ကျနော့်သားဆို ဒီနေ့တနေကုန် မဆော့ရသေးဘူးတဲ့။ ဘဝတွက်တာပြီးရင် ပထဝီကျန်သေးတယ်တဲ့။ သင်္ချာနဲ့ အင်္ဂ လိပ်ကတော့ ပြီးသွားပြီတဲ့။

(၂)
 ကျနော့်မှာ သားလေးကိုကြည့်ရင်း သနားနေတာ။ ကျနော်တို့တုန်းကတော့ ဒီလိုကြီးတွေ မဟုတ်ပါဘူး။ ဆော့ချိန်တွေလည်း ရပါ့။ ကစားချိန်တွေလည်း ရှိပါ့။ ဘယ်လောက်ထိအောင် ဆော့ကစားကြသလဲဆိုရင် ညဆယ့်တစ်နာရီခွဲတဲ့ထိ အိမ်မှာ မရှိကြပါဘူး။ ဘုရားဝန်းကြီးထဲမှာ ကျနော်တို့သူငယ်ချင်းတွေ အတူတူရှိနေကြတာ။ ဘုရားဝန်းကြီးက ကျနော်တို့အိမ်နောက် မှာ ရှိတာ။ လမ်းလေးပဲခြားတယ်။

အဲ့ဒီ့လမ်းလေးကလည်း ထူးခြားတယ်။ နွေနဲ့ဆောင်းမှာဆို တကယ့်လမ်းကလေး။ မိုးတွင်းတွေမှာဆိုရင်တော့ ချောင်း ဖြစ်ဖြစ်သွားတတ်တယ်။  ချောင်းဆိုပေမယ့် ရေက အနက်ကြီး မဟုတ်ပါဘူး။ မိုး သိပ်ကြီးမှ ကျနော်တို့ ဒူး ဆစ်လောက်ရှိတာ။ ချောင်းထဲကို ဖြတ်ရတာပျော်တယ်။ ချောင်းထဲမှာ ရေကူးတယ်။ ဝမ်းလျားလေးမှောက်ပြီး မြေကြီးကို လက်နဲ့ယက်ပြီးသွား ရတာကို ရေကူးတတ်ပြီ ထင်ကြတယ်။

အဲ့ဒီချောင်းလေးကို ဖြတ်ပြီးရင် သူငယ်ချင်းတွေရှိတဲ့ ရဲဝန်ထမ်းတန်လျားရှိတယ်။ သူငယ်ချင်း အဖေတွေ၊ အစ်ကိုတွေက ရဲတွေ။ သူတို့နဲ့ပေါင်းပြီး လသာသာညတွေမှာ ဘုရားဝန်းထဲ ဝင်ဆော့ကြတယ်။ ခိုလေးတွေ ဖမ်းကြတယ်။ ခိုလေးတွေက ဘုရားစောင်းတန်းပေါ်မှာ အိပ်ကြတာ။သူ တို့ကို သိကြားပေါက်ကနေ ဝင်ဝင်ဖမ်းရတာ။

သိကြားပေါက်ဆိုတာက ပြာသာဒ်တွေမှာ ဖောက်ထားတဲ့ အပေါက်ပါ။ တတိယဘုံအဆင့်မှာ ဖောက်လေ့ ရှိ တယ်။ မင်းဘုန်း ပေါက်လို့လည်း ခေါ်တာ ကြားဖူးတယ်။ ကျနော်ကတော့ တခါမှ မဖမ်းဖူးဘူးပါဘူး။ သူငယ်ချင်း တွေ ဖမ်းပေးတဲ့ ခိုလေးတွေ ကိုပဲ ယူတာ။ ဂေါ့ခို ဖြူဖြူလေးတွေကို ပိုကြိုက်ပေမယ့် သိကြားပေါက်က ဝင်ဖမ်းလို့  ရတဲ့ခိုလေးတွေထဲမှာ ဂေါ့ခိုလေးတွေ မပါဘူး။ မီးခိုရောင်ခိုလေးတွေက ပိုများတယ်။ ခိုလေးတွေကို အိမ်မှာ အများကြီးမွေးချင်တာ။ ခိုဖြူ၊ ခိုပြာအိမ်လေးတွေ ဆောက်ထားလို့ ခိုတွေအများကြီးပိုင်တဲ့ ကောင်လေးလေ။

ဖမ်းထားတဲ့ခိုလေးတွေ အိမ်မှာမြဲအောင်လို့ဆီးဖြူဖန်ခါးသီးလေးတွေ ရေစိမ်တိုက်တယ်။ ခိုလေးတွေအတွက်တော့ ဝိုင်ဖြစ် နေမလား။ ဝိုင်ကို စွဲလန်းပြီး အိမ်မှာမြဲတယ်တဲ့။ ကျနော့်ကို သူငယ်ချင်းတွေဖမ်းပေးတဲ့ ခိုလေးတွေကတော့ ခိုအိမ်လေးပိတ် ထားတုန်းခဏပဲ အိမ်မှာရှိနေတာပါ။ ဝိုင်တွေလည်း သောက်ရဲ့နဲ့ သူတို့က ကျနော့်အိမ်မှာ ကြာကြာမနေကြဘူး။ ကျနော့် ခိုအိမ်လေးတွေက သိကြားပေါက်တွေရှိတဲ့ ပြာသာဒ်ကြီးလောက် မလွတ်လပ်ကြလို့ ဖြစ်မယ်ထင်တယ်။ သူတို့ကလည်း သူတို့သဘာဝကို မက်ကြမှာပေါ့။ ကျနော်က ခိုလေးတွေကြိုက်တဲ့ ခိုသဘာဝတွေကိုမှ မဖန်တီးပေးနိုင်တာကို။

ကလေးဆိုတာမှာလည်း သူတို့သဘာဝနဲ့သူတို့ရှိတာ။ အဲ့ဒီ့သဘာဝက အမြဲတမ်း ဆော့ကစားချင်ကြတာ မဟုတ်လား။ ခု တော့ ဒီသဘာဝတရားကို ကျနော်တို့က ကျောခိုင်းထားသလိုများ ဖြစ်နေသလား။ အဲ့ဒီလိုထင်တိုင်း ကျနော် မောမောသွား တယ်။ သားကို ဆော့ကစားနေစေချင်ပါသေးတယ်။ သူ့ကို လူကြီးဖြစ်ခွင့် မြန်မြန်မပေးချင်သေးဘူး။ နုနယ်တဲ့ဘဝလေးကို ယှဉ်ပြိုင်တဲ့လောကကြီးထဲ သူ့ဘဝရှေ့ရေးအတွက်ဆိုတဲ့အကြောင်း ပြချက်လေးတခုနဲ့ ပစ်ချ မပစ်ရက်ဘူး။ ကျနော့်သားကို ခိုလေးတွေအိမ်မှာမြဲအောင်လုပ်သလို အတ္တဝိုင်တွေ မတိုက်ရက်ဘူး။

နောက်နေ့မိုးလင်းတော့ ခိုလေးတွေမရှိလို့ ဝမ်းနည်းနေတဲ့ကျနော့်ကို၊ သူငယ်ချင်းတွေနဲ့ နောက်ထပ် လသာညတွေမှာ ထပ် ဖမ်းခိုင်းဖို့ စိတ်ကူးနေတဲ့ကျနော့်ကို ဖေဖေက ခိုလေးတွေ သနားပါတယ်သားရယ်။ သူတို့ သဘာဝအတိုင်း နေကြပါစေ။ သား ဘယ်လောက်ကျွေးကျွေး၊ သား ဘာတွေပဲတိုက်တိုက် သူတို့ ကတော့ သူတို့သဘာဝလေးနဲ့ပဲ သူတို့ဖြတ်သန်းချင်တာပေါ့။ သဘာဝကို မဖျက်ဆီးကောင်းဘူးသား ရဲ့.. တဲ့။

(၃)
ခုကော… ကလေးတွေရဲ့သဘာဝကိုမဖျက်ဆီးပါနဲ့လို့ ဘယ်သူပြောမလဲ။ သိကြားပေါက်ထဲမှာ ခိုလေးတွေမှ ရှိနေသေးရဲ့ လား။ သူတို့ ဆီးဖြူဖန်ခါးဝိုင်တွေ သောက်နေကြတယ်ဆိုရင် ခက်ရချည်ရဲ့။

ကျော်ထင်