ဘာတေးလစ်တနာ – ၁၉၈၈ မှ ၂၀၁၁။ ပေါက်ဖေါ်လား ဖောက်သည်လား


ဘာတေးလစ်တနာ – ၁၉၈၈ မှ ၂၀၁၁။ ပေါက်ဖေါ်လား ဖောက်သည်လား
တရုပ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဗမာ(မြန်မာ)နိုင်ငံ – ဆွေမျိုးပေါက်ဖော် တင်မကသော (၆)

(သိန်းမြင့် ဘာသာပြန်)
မိုးမခ၊ ဇွန် ၇၊ ၂၀၁၇


ဒါပေမယ့် ဗကပ ရဲ့ အရေးပါမှုမှေးမှိန်သွားခြင်းဟာ တရုပ်ပြည် ရဲ့ မြန်မာ အပေါ်ဩဇာလွှမ်းနိုင်မှုကို ယတ္တိပြတ် မဖျက်ပစ်နိုင်ခဲ့ပါဘူး။

၁၉၈၈ခုနှစ် ရန်ကုန် က ပစ်ခတ်နှိမ်နင်းမှု( မူရင်းစကားလုံး massacre ) နဲ့ နောက်တနှစ် တိန်အာမင်ရင်ပြင် ပစ်ခတ်နှိမ်နင်းမှု များရဲ့ နောက်ဆက်တွဲ  အကျိုးဆက်များအရ၊ ဒီ အထီးကျန်ဖြစ်နေပြီး နိုင်ငံတကာက ရှုံ့ ချထားတဲ့ အိမ်နီးချင်းနိုင်ငံ နှစ်ခု ဟာ နောက်ပိုင်း နှစ်များမှာ တခု နဲ့ တခု ပိုမိုနီးစပ်သွားတာ အံဩစရာမလိုပါဘူး။

ရန်ကုန်ကစီမံကိန်းတခုမှာလာရောက်လုပ်ကိုင်ကြတဲ့ အင်ဂျင်နီယာအုပ်စု တစ်စု ကိုမိန့်ခွန်းချွေရာမှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးအဖွဲ့ ရဲ့ ခေါင်းဆောင်တစ်ဦးလည်းဖြစ် အာဏာပြင်းတဲ့ ထောက်လှန်းရေး
အကြီးအကဲလည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့် က တရုပ်မြန်မာ နှစ်နိုင်ငံကြားက ဒီထူးခြားလှတဲ့ ဆက်ဆံရေးပုံစံသစ် ကို ပထမဆုံး လူသိရှင်ကြားပြောခဲ့ပါတယ်။

"ပြီးခဲ့တဲ့ နှစ်ကမြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တာနဲ့ အလားတူအနှောက်အယှက်အဖြစ်မျိုး( မေ-ဇွန် ၁၉၈၉မှာ) တရုပ်ပြည်သူ့သမ္မတနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့အတွက် တရုပ်ပြည်သူ့ သမ္မတနိုင်ငံ ကပြည်သူများ အပေါ် မိမိ
တို့လည်း ကိုယ်ချင်းစာနာ မိပါကြောင်း။ "

သွေးစွန်းထားတဲ့ အာဏာရှင် နှစ်နိုင်ငံအကြား ဆက်ဆံရေး ရဲ့အရေးပါမှုဟာ ၁၉၈၉ အောက်တိုဘာ မှာ စစ်ခေါင်းဆောင် ၂၄ ယောက်ပါတဲ့ အဖွဲ့ တရုပ်ပြည်ကိုသွားရောက်အပြီးမှာ ပိုတိုးပွားလာခဲ့ပါတယ်။ ဒီအဖွဲ့ကို ဗိုလ်ချုပ် ကြီး သန်းရွှေ ကဦးဆောင်ပြီး ဒု ဗိုလ်ချုပ်ကြီးခင်ညွန့်၊  ကုန်သွယ်ရေးဝန်ကြီး ဗိုလ်မှုးကြီးဒေဗစ်အေဘယ်နဲ့  လေတပ် ရေတပ် စစ်ဦးစီးချုပ်များပါဝင်လိုက်သွားခဲ့ကြပါတယ်။ ဒီ ခရီးစဉ်ကနေ အလွန်များပြားတဲ့ စစ်လက်နက် အရောင်းအဝယ် သဘောတူညီမှု ရခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၁.၄ဘီလီယံ ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းများ ဗမာပြည်ကို ရောင်းပေးမယ်လို့
တရုပ်က ကတိပြု ပါတယ်။ ဒီ လက်နက်များမှာ ရပ်ရှား နိုင်ငံ MIG- 21 ပုံစံ တရုပ်F-7ဂျက်တိုက်လေယာဉ် အုပ်စုတစ်စု၊ ဟိုင်နန်အမျိုးအစား ကမ်းခြေစောင့် တိုက်ရေယာဉ် အနည်းဆုံး လေးစီး၊ အပေါ့စားတင့်ကား နဲ့ သံချပ်ကာကား ၁၀၀၊ လေယာဉ်ပစ်အမြောက်များ၊ ရော့ကက်များ၊ခဲယမ်းမီးကျောက် နဲ့ လက်နက်အငယ်စား အမြောက်အများနဲ့ စစ်တပ်သုံး ရေဒီယို ပစ္စည်းမျာ ပါဝင်ပါတယ်။

၁၉၉၀မှာ မြန်မာဟာ တရုပ်ရဲ့အရှေ့တောင်အာရှ ဒေသ နိုင်ငံရေး နဲ့ စစ်ရေး အဓိကမဟာမိတ် ဖြစ်လာပါတယ်။ နယ်စပ်ကိုဖြတ်ပြီးလှိမ့် ဝင်လာနေတဲ့ တရုပ်စစ်လက်နက်များဟာ အလွန်အမင်း နာမည်ဆိုး ထွက်နေတဲ့ ရန်ကုန် စစ်အစိုးရ ရဲ့ အသက်ဆက်နိုင်ရေးအတွက် သေရေးရှင်ရေးတမျှ အရေးပါလှပါတယ်။ ၁၉၈၈ ဩဂုတ် မှာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး သဘောတူ စာချုပ် လက်မှတ်ထိုးပြီးနောက်မှာ၊ တရုပ်က ထုတ်လုပ်တဲ့ဈေးပေါ လူသုံးကုန်များ အတွက်အဓိက
နိုင်ငံခြားဈေး ကွက်ဟာ မြန်မာ ဖြစ်လာပြီး၊ တရုပ်ကတော့ မြန်မာ့ သစ်၊ သတ္တု ၊ ပင်လယ်စာ နဲ့ စိုက်ပျိုးရေး ထုတ်ကုန်များ အဓိက ဝယ်ယူတင်သွင်းသူ ဖြစ်လာပါတယ်။ ကမ္ဘာ့ ဘဏ်က လေ့လာဆန်းစစ်သူများရဲ့ အကြမ်းဖျင်း ခန့်မှန်းချက်များအရ ထိုအချိန်က တရုပ် မြန်မာနယ်စပ် ကနေ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ နီးပါး တန်ဖိုးရှိတဲ့ကုန်ပစ္စည်းများ ဖလည်ရောင်းဝယ်ခဲ့ကြတယ်ဆိုပါတယ်။ ဒါတောင် မြန်မာဘက်ခြမ်း ရွှေတြိဂံဒေသ က လာတဲ့ ( ကြီးထွား တိုးတက်နေတဲ့ )မူးယစ်ဆေးရောင်းဝယ်မှု ကို ထည့်မတွက်ထားပါဘူး။

ကုန်သွယ်မှု အပေါ်ထပ်လောင်းပြီး၊ မြန်မာရဲ့ ထိန်းသိမ်းပြုပြင်မှု ညံ့ဖျင်းလှတဲ့ ကားလမ်း၊ ရထားလမ်းများကို အဆင့်မြင့်ရာမှာ၊ တရုပ် က ပါဝင်ကူညီခဲ့တယ်ဆိုပါတယ်။ ၁၉၉၁ ခု နှောင်းပိုင်းမှာ တရုပ် ကျွမ်းကျင်သူများဟာ မြန်မာနိုင်ငံက အခြေခံအဆောက်အအုံ စီမံကိန်း တသီတတန်းကြီးမှာ ဝင်လုပ်နေကြပါပြီ။ ထိုနှစ်ထဲမှာပဲ တရုပ် စစ်အကြံပေးများ မြန်မာ သို့ ရောက်လာပြီး ၁၉၅၀ခုနှစ်ကတည်းက
စလို့ နိုင်ငံခြား စစ်အကြံပေးမရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ ပထမဦးဆုံးလာအခြေစိုက်တဲ့ စစ်အကြံပေး များ ဖြစ်လာပါတော့တယ်။ မြန်မာဟာ လက်တွေ့အားဖြင့် တရုပ်ရဲ့ ဖောက်သည် နိုင်ငံတခု ဖြစ်လာပါ
တယ်။ ဗကပများ တောင် စစ်မြေပြင်မှာ တိုက်ပွဲဆင်ခြင်းက တဆင့် တရုပ်အပေါ် မဆောင်ကျဉ်းပေးနိုင်ခဲ့တဲ့အလုပ်ကို၊ နိုင်ငံရေးအရ ချိနဲ့တဲ့အစိုးရတစ်ရပ်အပေါ် သံတမန်ကျွမ်းကျင်မှု၊ ဖွံဖြိုးတိုးတက်လာတဲ့ ကုန်သွယ်မှု စသည်များနဲ့ တရုပ်က အရယူနိုင်ခဲ့ပါတယ်။

မြန်မာ့ သယံဇာတများကို တရုပ် စိတ်ဝင်စားတာ၊ ရယူသိုမှီးလိုတာမှန်ပေမယ့်၊ တကယ့် သယံဇာတ ကစားကွက်ကတော့ နောက်ပိုင်းမှ အဖေါ်အပေါင်းတွေနဲ့ရောက်လာတာပါ။ ၂၀၀၇ ဧပြီ၊ တရုပ်ဖွံဖြိုးတိုး
တက်ရေးနဲ့ သယံဇာတအရင်းအမြစ်ကော်မရှင် ဟာ စီမံကိန်းတခုကို အတည်ပြု လိုက်ပါတယ်။ တရုပ်ကုန်းတွင်းပိတ်ဒေသ ကို ကမ်းလွန်ပင်လယ် ရေနံသယံဇာတပစ္စည်းများတင်ပို့ရာမှာ မြန်မာ
နိုင်ငံရဲ့ ကျယ်ပြောတဲ့ အသုံးမချရသေးတဲ့ မြေနေရာများကိုဖြတ်ပြီး ရေနံ နဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မယ့် စီမံကိန်းပါပဲ။

၂၀၀၈ နိုဝင်ဘာမှာ အမေရိကန်ဒေါ်လာ ၁.၅ဘီလီယံ ကုန်ကျမယ့် ရေနံပိုက်လိုင်းနဲ့ ဒေါ်လာ၁.၀၄ဘီလီယံ ကုန်ကျမယ့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတည်ဆောက်ဖို့ သဘောတူပါတယ်။ မတ် ၂၀၀၉ မှာ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းတည်ဆောက်ဖို့ တရုပ် နဲ့ မြန်မာ သဘောတူစာချုပ်လက်မှတ်ရေးထိုးပြီး၊ဇွန် ၂၀၀၉ မှာ ရေနံစိမ်း တင်ပို့မယ့်ပိုက်လိုင်း အတွက် သဘောတူညီချက် လက်မှတ်ရေးထိုးပါတယ်။ ပိုက်လိုင်းစတင်ဆောက်လုပ်တဲ့ အခမ်းအနားကိုတော့ ၂၀၀၉ အောက်တိုဘာ ၃၁ ရက်မှာ မြန်မာ့ အနောက်ကမ်းခြေ မဒေး ကျွန်းမှာ ပြုလုပ်ခဲ့ပါတယ်။ ဘင်္ဂလားပင်လယ်အော်ကနေ တရုပ်ယူနန်ပြည်နယ် ခွေးမင် မြို့အထိ သွယ်တန်းထားတဲ့ ဓာတ်ငွေ့ ပိုက်လိုင်းကို ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့မှာ ဆုံးတဲ့ ရေနံပိုက်လိုင်း က ထပ်ပေါင်းမှာဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းဒေသက လောင်စာသွင်းကုန်များကို သယ်ဆောင်လာတဲ့ တရုပ်ရေနံတင်သင်္ဘောများဟာ သင်္ဘောအသွားအလာထူထပ်တဲ့ မလက္ကားရေလက်ကြားကို ရှောင်ကွင်းနိုင်ဖို့ ရည်ရွယ်ဆောက်လုပ်ထားတာပါ။

ဧပြီ ၂၀၁၀ မှာ တရုပ်က မြန်မာကို ဒေါ်လာ ၄.၂ဘီလီယံ တန်အတိုးမဲ့ချေးငွေကို နှစ်သုံးဆယ် ကာလအတွင်း ချေးသွားဖို့ သဘောတူခဲ့ပါတယ်။ ရေအားလျပ်စစ်စက်ရုံစိမံကိန်းများ၊ ကားလမ်း ရထားလမ်း တည် ဆောက်ရေးများ နဲ့ သတင်းနည်းပညာ တိုးတက်ရေးအတွက်ချေးပေးတာဖြစ်ပါတယ်။

ဒီလို ကြီးထွားလာတဲ့ ပူးပေါင်းဆောင်ရွက်မှုများက အမျိုးသားရေးစိတ်ပြင်းထန်တဲ့ မြန်မာ စစ်အရာရှိများအကြားမှာ စိတ်မသက်မသာမှုများ နက်နက်ရှိုင်းရှိုင်း ဖြစ်ကြပါတယ်။ သူတို့အထဲ ကအများစုမှာ တရုပ်ကျောထောက်နောက်ခံပြု ခဲ့တဲ့ ဗကပ နဲ့ တိုက်ခဲ့ရတဲ့ အမှတ်တရ တွေ လတ်ဆတ်နေကြတုန်းမို့ပါပဲ။ ဒီတင်းမာမှုများဟာ မကြာခဏ ပေါက်ထွက်လာပြီး တပ်တွင်း အာဏာပြိုင်ပွဲများ လို့ ထင်မြင် ရပေမယ့် တရုပ်ရဲ့ ဩဇာအာဏာအပေါ်အငြင်းပွားမှုနဲ့သာ ငြိမ်သက်
သွားလေ့ရှိပါတယ်။

၂၀၀၄ အောက်တိုဘာ မှာတော့ တရုပ်အပေါ်ပထမဆုံး ထိုးနှက်ချက်ပေါ်ပေါက်လာပါတယ်။ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်နေတဲ့ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဒု ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို အစိုးရအဖွဲ့အတွင်း အာဏာသိမ်းပြီး ဖြုတ်ချလိုက်တဲ့ အဖြစ်ပါ။ ဗမာပြည်ကသူတို့ရဲ့လူ ဖယ်ရှားခံရတဲ့ သတင်းကို ကြားစက တရုပ်တွေဟာ ယုံတောင်မယုံကြပါဘူး။ သန်းရွှေ နဲ့ အခြား စစ်ဗိုလ်ချုပ်များဟာ တရုပ် မြန်မာ ဆက်ဆံရေးမှာ အဓိကကျတဲ့ ပုဂ္ဂိုလ်တစ်ဦး ကို ဆန့်ကျင်ဖယ်ရှားရဲကြတယ်ပေါ့။ ဒါပေမယ့် ဒီဖြစ်ရပ်အပေါ် နှစ်ဘက်လုံး ကထိန်းထိန်းသိမ်းသိမ်း ရှိကြပြီး၊ နှစ်ဘက် ဆက်ဆံရေးဟာလည်း ပုံမှန် ပြန်ဖြစ်သွားပုံရပါတယ်။

 နောက်တစ်ကြိမ် ၂၀၀၉ခုနှစ်မှာ ဘေဂျင်း ကို ကြိုအသိပေးခြင်းမရှိပဲ မြန်မာစစ်တပ်ဟာ အရှေ့မြောက်ဒေသ က ပြည်နယ်မဲ့ လက်နက်ကိုင်အုပ်စုဖြစ်တဲ့ ကိုးကန့် တပ် ကိုဝင်တိုက်ပါတယ်။
နယ်စပ်နှစ်ဘက်လုံးမှာရှိတဲ့ ပြည်သူ ၃သောင်းလောက်ဟာ နေရပ်ကို စွန့်ခွာ ထွက်ပြေးရပါတယ်။ သူတို့ အားလုံးဟာ တရုပ်က ယာယီဒုက္ခသည်စခန်းများမှာ နောက်ဆုံး သွားနေရပါတယ်။ဗမာ စစ်တပ်
ရဲ့ နည်းဗျူ ဟာများနဲ့ပါတ်သက်လို့ သူ့ရဲ့ စိတ်မကျေနပ်မှု ကိုဘေဂျင်းက ပြသခဲ့ပေမယ့်၊ နိုင်ငံရေး ဘောင်အပြင်ဘက်က အခြားနည်းနဲ့ အရေးယူခြင်းများ လုံးဝမလုပ်ခဲ့ပါဘူး။နောက်တကြိမ် တရုပ်ခေါင်း
ဆောင်များ တအံ့တဩ စိတ်မသက်မသာ ဖြစ်ခဲ့ရတာကတော့ ဦးသိန်းစိန် ရဲ့ အစိုးရသစ် က မြန်မာပြည်မြောက်ဖျား ကတရုပ် ရင်းနှီးစိုက်ထုတ်လုပ်ကိုင်နေတဲ့မြစ်ဆုံစီမံကိန်းကို ရွှေ့ဆိုင်းကြောင်း
ကြေငြာလိုက်တဲ့အချိန်ပါ။ ဒီတကြိမ်မှာတော့ တရုပ်ဟာ မြန်မာ နဲ့ အမေရိကန်ပြည်ထောင်စုကြားက ဖူးပွင့်စဆက်ဆံရေးအပါအဝင် သူ့ရဲ့ ဩဇာဆုံးရှုံးနိုင်တဲ့ ကိစ္စများကို မသိကျိုးကျွံ ပြုမထားနိုင်
ကြောင်း အခြားသတိပေးချက်များနဲ့ပြသလာပါတော့တယ်။

( ဆက်လက်ဖေါ်ပြပါမည် )