အောင်ကျော်သွင် ● ခက်ရာခက်ကြောင်း ခဲခဲယဉ်းယဉ်း တိုက်တဲ့လေ

 အောင်ကျော်သွင် ● ခက်ရာခက်ကြောင်း ခဲခဲယဉ်းယဉ်း တိုက်တဲ့လေ
(မိုးမခ) ဇွန် ၁၆၊ ၂၀၁၇

ခေတ်ကြီးတခုလုံးရယ်လို့
ပြောလို့မှ မသင့်တော်ပေါ့...

အချစ်ဦးနဲ့ လွဲဖူးတယ်
ဗိုလ်ပုံလယ်မှာ မရှိခိုးနိုးနဲ့
အကြည့် ခံခဲ့ရဖူးတယ်။

ဒီကောင်လေးမှာ အိမ်မက်မရှိပါဘူးကွာ ဆိုပြီး
သူငယ်ချင်းတို့ရဲ့ မိဘတွေက
အငြင်းခံခဲ့ရဖူးတယ်။

မီးဘေး ထင်ဘေးကြောင့်ဆိုပြီး
ခြံစည်းရိုးကို သုံးခါတိတိ ဆုတ်ပေးလိုက်ရတာကို
မြင်ခဲ့ရဖူးတယ်၊
နွေရာသီကျောင်းပိတ်ရက်တိုင်း
ဆော့ကစားနေကျ
ခြံထဲက ဝါးရုံအုပ်ကြီးတောင်
ငေါထွက်သွားလို့။

ငံပြာရည်ချက်နဲ့
ဗောစကိုင်းရွက်ပြုတ်စားပြီး
ကျောင်းတက်ခဲ့ရဖူးတယ်၊
တက်ဖူးတဲ့အတန်းမှာ
ကျောက်တံကျိုးဖူးတယ်။
ကျောက်သင်ပုန်းကျေမွသွားတာကို
ထိန်ချန်ခဲ့ဖူးတယ်။

အရွယ်ရောက်လာတော့
ဝတ်ချင်တယ် စားချင်တယ်
မိဘက နာရီတလုံးစာ
အချိန်မပေးနိုင်ခဲ့
ဒီအပေါ်မှာ
ကျေနပ်နေခဲ့ဖူးတယ်။

ငါ့အရွယ်နဲ့ ငါ့ကစားစရာဟာ
အိုးပုတ် ချိုးရုပ်လေးတွေ
မကတော့ဘူးတဲ့
ခြေဖျားထောက်ကြည့်မိတယ်...

ဒီအကောင်
ဖနှောင့်သံစူးသွားပြီတဲ့၊
ပြုံးကြည့်မိတော့ ခေတ်ဟာ
ဓာတ်ငွေ့ တွေနဲ့ ပြည့်သိပ်လို့

မိုး တစိုစိုရှိခဲ့
နွေမှာ ခြောက်ခမ်း
ဆောင်းဟာချမ်းမြပေါ့။

နှလုံးအခုန်
ရင် အစုံမှာ
ချောင်းဆိုးသလို တဟွတ်ဟွတ်နဲ့
ငတ်ပြီး ငေးမောကြည့်တော့
သွားလမ်းဟာ
ပိတ်ဆို့လို့နေပြန်တယ်။

အလိုဗျာ...
ဘယ်တဏှာကြောင့် တက်ကြွနေပါလိမ့် မအဝှာ
ကျွန်တော်၊ ခင်ဗျား ပိမိနေခဲ့ပေါ့...။  ။

အောင်ကျော်သွင်