ခင်ဇော်မိုး ● အပူလှိုင်းအားကြီးသော ဇုန်တနေရာ
(မိုးမခ) ဇွန် ၃၊ ၂၀၁၇
(မိုးမခ) ဇွန် ၃၊ ၂၀၁၇
အပူသံလျှပ်တွေက လေထုထဲမှာမီးညွှန့်မီးတောက်များလို တရိပ်ရိပ်တက်နေသည်။ မေလသည် အပူပြင်းဆုံးကာလလည်း ဖြစ်၏။ လမ်းတလျှောက် ဝဲယာမှသစ်ပင်ငယ်များသည်လည်း အရိုးကျဲကျဲ၊ သွားချဲချဲနှင့်လူရိုးစုများရပ်နေသလား အောက်မေ့ရသည်။ တချို့သစ်ပင်များကလည်း ပုရစ်ဖူးသစ်ရွက်လေးများ ခေါင်းပြူ နေကြလေပြီ။ လေပူများက တကိုယ်လုံးကို ပွတ်တိုက်ဆွဲနေ၏။ ဒီလိုနေပူပြင်းပြင်းမှာ မိုင်နှစ်ဆယ်ကျော်ဝေးသောခရီးကို ဆိုင်ကယ်စီးပြီးသွားရသည်မှာ အမှန်တကယ်ပင်ပန်းသည့်အလုပ်လည်းဖြစ်သည်။ ကွေ့ပတ်လိမ်လည်နေသည့်လမ်းနှင့် တသားတည်းကျအောင် မောင်းနှင်နေရသည်မှာ ငယ်ငယ်က ပုရွက်ဆိတ်ကြောင်း လိုက်ကြရသလို။ တခါတလေ ခက်ခဲသည်။ လက်ညှိုးကလေးဖြင့်ထောက်ကာလိုက်သော ပုရွက်ဆိတ်ကြောင်းက လွဲချော်ပါမူ ဒူးငါးချက်ခေါက်ခံရမည်ထက်မပို။ ယခုလိမ်လည်ကွေ့ဝိုက်သော လမ်းကိုချော်သွားပါက သေလေမလား။ ကျိုးသွားလေမလား။ တခုမဟုတ် တခုသေချာပြီးသား။ ကတ္တရာစေးသုတ်လိမ်းထားသော လမ်းကလည်း နေအပူရှိန်ကြောင့် ကားဘီး၊ ဆိုင်ကယ်ဘီးများ ဗျစ်ဗျစ်စုတ်အောင်ပင် မြည်နေသည်။ တချို့ကုန်တင်ကားကြီးတွေ မောင်း သွားလျှင် ကားဘီးရာများက အစင်းလိုက်ထင်ကျန်နေရစ်သည်။ တင်းမာနေသည့်လမ်းကလည်း ထက်ခြမ်းကွဲသွားတော့ မည့် အလား။ သွားနေကျလမ်းဖြစ်သောကြောင့် ဘယ်နေရာမှာ ချိုင့်ရှိမရှိကိုလည်း အလွတ်ရနေပြီ။ သို့သော် ဘယ်နေရာမှာ ကားကြီးကားငယ် ဘွားခနဲတွေ့မည်ကို မသိနိုင်။ ထို့ကြောင့် ဖြေးဖြေးမှန်မှန်သာ မောင်းရသည်။
အရင်က အခုလောက်ထိ ကားမရှုပ်။ အခုတော့ လက်ပံတောင်းစီမံကိန်းထဲမှ ကားကြီးများကလည်း သတ်မှတ်မြေမှာသာမက လမ်းမပေါ် ရထားတွဲများလို တွေ့ရသည်။ ပြတ်သည်မရှိ။ အရင်လတွေထဲကပဲ စီမံကိန်းဆိုင်ရာကားတွေ လယ်ယာတွေထဲ ဖြတ်မောင်းကြတာနှင့် ပတ်သက်ပြီးလည်း အဓိကရုဏ်းဖြစ်ပွားခဲ့သေးသည်။ အရင်ကတော့ ဒီလမ်းဘေးဘီတွေမှာ ယာခင်း တွေရှိခဲ့သည်။ သစ်ရိပ်ဝါးရိပ်ရံနံ့ ရှိသည်။ တောသူတောင်သားတို့၏ ချွေးနံ့၊ ထွန်ယက်နေသော ယာခင်း၏မြေသင်းနံ့များဖြင့် ချစ်စရာကောင်းခဲ့သည်။ လယ်ခင်း ယာခင်းနှင့် ပနံရသော တဘူးဘူး၊ တပဲပဲနွားမြည်သံများလည်း ထုံမွှန်းနေခဲ့ဖူးသည်။ လမ်းဘေးဘီတွေမှာ သိုးတွေဆိတ်တွေနှင့်အတူ လေးခွလောက်စာလွယ်အိတ်များဖြင့် ကလေးငယ်များကိုလည်း တွေ့ရ တတ် သည်။ နွားဖြူ နွားဝါ အရောင်စုံဖြင့် နှင်တံ တမြှောက်မြှောက် တက်တခေါက်ခေါက် မမောမပန်း ထွန်ယက်နေသော တောသူတောင်သားတွေ၏အရိပ်များသည် အခုတော့ လွင့်ပြယ်သွားခဲ့လေပြီ။ မိုးထဲလေထဲ အားတခဲခဲ စိုက်ခဲ့ကြသည် ယာခင်းသီးနှံပင်တွေ အားလုံးအာဏာတခုအောက် သေဆုံးသွားခဲ့လေပြီ။ နေလာရာ မျက်နှာမူနေတတ်သည့် ရှူမငြီးနေကြာ ပန်း ခင်းကြီးတွေ ဘယ်များငိုနေမည်မသိတော့။ တခေါ်တမျှော် ဟီးနေသော ပြောင်းခင်းတွေဆီ ကော်ဇောပျံတွေလို ဝဲပျံလာတတ်သည့် ဇရက် (ဆက်ရက်)၊ စာကလေး၊ ကျေးအုပ်တွေ ဘယ်အရပ်ကို ခိုမှီးတော့သည့်မသိ။
အခုတော့ လမ်းဘေး ဝဲ ယာနှစ်ဖက် ဘယ်ကိုကြည့်ကြည့် ထိပ်ကွက်ထားသည့် တောင်ကတုံးတွေ၊ မျက်စိတဆုံး ပြေး မလွတ်နိုင်သော မြေသားရဲရဲတွေက တောင်တွေထဲကယိုသည့်သွေးတွေလို။ အဲ့ဒီအရာတွေက ဖြတ်သွားဖြတ်လာရင်း မျက်လုံးထဲလာဟပ်နေသော မြင်ကွင်းသက်သက်။ အဲ့ဒီစည်းရိုးအတွင်းတွေထဲ ၊ ကျွံနေသည့်နယ်နိမိတ်ထဲ ကျမ ဘယ်တော့ မှ စေ့စေ့ မကြည့်ရဲခဲ့ပါ။ ကြည့်ဖို့အားအင်တွေလည်း မရှိခဲ့။ အဲ့ဒီပြုန်းနေသည့် တောတွေ၊ ကောနေသည့်ယာတွေအနားရောက်သည်နှင့် ကျမတကိုယ်လုံး အင်အားတွေဆုတ်ယုတ်သွားတတ်သည်။ ဆိုင်ကယ်ဦးထုပ်မှန်ကာအောက်က ကျမမျက်နှာသည်လည်း သွေးစုပ်ခံရသလို ဖြူဖတ်ဖြူရော် ဖြစ်နေပါလိမ့်မည်။ အဲ့ဒီဘေးကိုရောက်တိုင်း ကျမကိုယ်ကျမ ယုံကြည့်ချက်မရှိခဲ့။ အားငယ်စိတ်တွေ ၊ သိမ်ငယ်မှုတွေ၊ ခံပြင်းမှုတွေ၊ ရွံရှာမှုတွေနှင့်အတူ ရှက်လို့မဆုံးတော့ပေ။ နှမြောတသသစိတ်က ဝေဒနာလူးထားသည့် အဆိပ်မြားစိုက်ဝင်ခံနေရသလို။ ကလေး ၊လူကြ်ီးမရွေး အဲဒီမြားထိမှန်ခဲ့လိမ့်မည်။ အဲ့ဒီခံစားမှုတွေက ဒေသခံလူတိုင်းမိခံရသည့် မိုးခါးပါပဲ။ အဲ့ဒီခံစားနာကြင်မှုက အဲ့ဒီဇုန်ကလေးအနား ဖြတ်သွားဖြတ်လာပြုမိတိုင်း မလွှဲမရှောင်နိုင်သော အရာတစ်ခုဖြစ်သည်။
ဒီတောညှို့ညှို့ တောင်တန်းဟာ ဒီဝန်းကျင်အနီးနားကလူတွေအတွက် ဂုဏ်ယူစရာ၊ အားထားရာ၊ မှီသင်းစရာသာမက ပြည်သူအားလုံး အတွက်လည်း ဂုဏ်ယူစရာဒေသဝန်းကျင်ကလေး ဖြစ်၏။ ဒီတောတောင်ကလေးကိုမှီ၍ မျှစ်ချိုးသူရှိမည်။ အင်ဥကောက်သူရှိမည်။ ဟင်းရွက်ခူးသူရှိမည်။ ထင်ခြောက်ခွေသူရှိမည်။ ဒီတောဒီတောင်ကို ခိုမှီးနေကြရသည့် တိရစ္ဆာန်၊ လူများစွာရှိသည်။ အခုတော့ ဒီနေရာဝန်းကျင်ကလေးမှာ ယမ်းစိမ်းနံ့တွေ ထူမွှန်ခဲ့ဖူးသည်။ မျက်ရည်ပေါင်းများစွာ လူးပေခဲ့ဖူးသည်။ ကြွေးကြော်သံများစွာ ပျောက်ရှခဲ့ဖူးသည်။ ဝိညာဉ်တွေလွင့်ခဲ့ဖူးသည်။ တသက်တကိုယ် ဖက်တွယ်မှီသင်းခဲ့သော ဘိုးဘွာပိုင်လယ်ယာများသည် ဘဝကူးပြောင်း သွားခဲ့ကြလေပြီ။ တောပြုန်းသည့်အခါ တောကိုမှီသင်းသော သတ္တဝါ များစွာသေဆုံးခဲ့သည်။ လယ်ပြုန်းယာပြုန်းသည့်အခါ၌လည်း လယ်ကိုယာကိုမှီသင်းရှင်သန်ကြရသော လူတွေ၏ဘ၀ များ စွာလည်း သေဆုံးခဲ့ကြမည်မှာ မုချဧကန်။ ဒီဝန်းကျင်သည် မျှော်လင့်ချက်ပေါင်းများစွာ ပျောက်ရှသွားခဲ့သော နေရာကလေးလည်း ဖြစ်သည်။
ဟိုအရင်လို တောရိပ်တောင်ငွေ့မရှိတော့၍လား ဒီဝန်းကျင်ကလေးက မျက်စိတစ်ဆုံးအပူသံလျှပ်တွေ တွန့်ထနေသည်။ ပုသိမ် မုံရွာလမ်းဆုံမရောက်မီ လမ်း၏လက်ယာဘက်၌ စွန့်ပုံထားသော ကားဘီးအခွံများက မုန့်လက်ကောက်တွေ သွန်ချထားသလို။
ဒီတာယာဘီးခွံတလုံးကိုပင် သိန်း (၇၀) တန်သည်ဟု သိရသည်။ ဤမျှတန်ဖိုးများသော တာယာဘီးများအစ စက်ကိရိယာမြောက်မြားစွာအဆုံး နေ့ညမပြတ် နှစ်ဆယ်လေးနာရီမရပ်မနား စီမံကိန်းကိုလုပ်ဆောင်နေခြင်းဖြင့် သံယဇာတများ၏တန်ဖိုးကို မတွေးဝံ့တော့။ နှစ်ငါးဆယ် စီမံကိန်းသည် တစ်နာရီ၊ တစ်မိနစ်မျှပင် မှေးစက်ခြင်းမရှိ။ နှစ်ငါးဆယ်လုံးလုံး နေ့ညမအိပ်မနား ကားတွေပြေးလွှားနေကြပါလိမ့်မည်။ စက်ကိုမောင်းနှင်နေသော အလုပ်သမားများကမူ သံပတ်ပေးထားသည့် စက်ရုပ်တော့မဟုတ်။ ငွေပေးထားသည့် လူသားတွေဖြစ်သည်။ နေ့ဂျူတီ ညဂျူတီမှာ တယောက်ဆင်း တယောက်တက်နှင့် လဲ လှယ်ကာ ကားများကတော့ ရုန်းကန်ပြေးလွှားနေဆဲ။ စီမံကိန်းသည် ကြက်သီးအလိမ်းလိမ်းထဖွယ်ကောင်းလှသည်။
မိကောင်းဖခင်ဆိုတာ အမိကောင်းမှ အဖကိုခင်ကြောင်း စာအုပ်တစ်အုပ်မှာ ဖတ်ဖူးသည်။ အခုလည်း ပြည်ကိုမချစ်၍ သယံဇာတကို မခင်တွယ်ခဲ့လေသလားဟု ရောက်မိရောက်ရာ ကောက်ချက်ချမိ၏။ လူတယေက်ကောင်းစာဖို့အတွက် လူတယောက် ပျက်လင့်ပေးရသည်ဟု သိခဲ့ရသည်။ လူနည်းစုကောင်းစားဖို့အတွက် တောဖြိုတောင်ဖျက်ခံရမည်ဟု မဖတ်မမှတ်ခဲ့ဘူးပါ။ နိုင်ငံတခုမှာ ပြည်သူကိုချစ်မည့် အစိုးရသာ လိုအပ်ပါသည်။ အာဏာကိုချစ်သော အစိုးရကိုမူ အလိုမရှိပါ။ ပြည်သူကိုချစ်လျှင် တိုင်းပြည်ကိုလည်း ချစ်ပါလိမ့်မည်။
လူတိုင်းလူတိုင်းမှာ မိတ်ကောင်းဆွေသင်္ဂဟာသည် မရှိမဖြစ်လိုအပ်သည်ဟု ထင်ပါသည်။ မိတ်ဆွေကောင်းမရှိသူသည် ဆွံ့အနား မကြား သူနှင့် တူလိမ့်မည်ထင်ပါသည်။ နောက် ပတ်ဝန်းကျင်ကောင်း လိုအပ်သည်ဟု လူတိုင်းပြောတတ်ကြသည်။ အဲ့ဒီစကားက ကျယ်လည်းကျယ်ပြန့်သည်ဟု မြင်မိသည်။ အိမ်နီးနားချင်းမှာ လက်ဆော့တတ်သည့် ဗီဇရှိသူ ကလေး၊ လူကြီးရှိလျှင်ပင် သူသူကိုယ်ကိုယ် အလစ်မပေးရဲ။ အဲဒါလည်း ဝန်းကျင်မကောင်းခြင်းဖြစ်သလို ပထဝီအနေအထား ချို့ယွင်းပျက်စီးရာနေရာဒေသသည်လည်း ၀န်းကျင်မကောင်းခြင်းဖြစ်မည်။ ကျမတို့ တဦးချင်းမှာပင် မိတ်ဆွေကောင်း၊ ဝန်းကျင်ကောင်းလိုအပ်သလို ကျမတို့နိုင်ငံလည်း မိတ်ဆွေကောင်း ၊ အိမ်နီးချင်းဝန်းကျင်ကောင်းလိုအပ်ပါလိမ့်မည်။ ဒါကြောင့် ကျမတို့တတွေသည် မိခင်နှင့်တူသော ဖခင်နှင့်တူသော အစိုးရကို အာသာငမ်းငမ်း ငတ်မွတ်နေခဲ့ကြရသည်။ မျှော်လင့်ချက်များစွာဖြင့် ရင်တမမ ဘုရားတသသ။ ပစ္စုပ္ပန်၌ အသက်ရှူတိုင်း ရှူတိုင်းမှာပင် လေးလံနေရသည်။
အခုလောလောဆယ်မှာတော့ တောပြုန်းယာပြုန်းနေသည့် ဝန်းကျင်ကလေးသည် အပူရိပ်များတရိပ်ရိပ် တွန့်ထနေသည်။ ဟိုးနှစ်များဆီကထက် ဒီဝန်းကျင်ဇုန်ကလေးက ပူပြင်းသည်ထင်သည်။ ကြည့်လေရာ ရေဆာနေရပြီ။ မောဟိုက်နေရပြီ။
နေပူပူပြင်းပြင်းထဲက ကိုယ်ခန္ဓာသည် မီးမြိုက်သလိုခံစားရသည်။ လေပူများပွတ်တိုက်ခံနေရသည့် အရေပြားမှာ ကြက်သီးများ တဖျန်းဖျန်း ထနေသည်။ မျက်ဝန်းအိမ်ကမူ မြင်မြင်သမျှ ဝေဝါးနေခဲ့တော့၏။