မြဇင်ယော် ● နေရာမှားတဲ့ အထားအသို
(မိုးမခ) ဇူလိုင် ၉၊ ၂၀၁၇
(မိုးမခ) ဇူလိုင် ၉၊ ၂၀၁၇
(၁)
လက်ထဲက စာအိတ်လေးဟာ ကျွန်မရဲ့မျှော်လင့်ချက်ကို ရိုက်ချိုးပစ်လိမ့်မယ်လို့ မတွေးခဲ့မိဘူး။ စာအိတ်ထဲက အမှတ်စာရင်းစာရွက်လေးဟာ သားအပေါ်ထားတဲ့ ကျွန်မယုံကြည်ချက်ကို သံသယပွားစေလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ မတောင်းခိုင်းမိရင်လည်း ကောင်းသားပဲ သားရယ်...။ အခု အမှတ်စာရင်းရလာတော့ သားအပေါ် တခါမှ စိတ်မပျက်ဖူးတဲ့ ဒီအမေ စိတ်ပျက်ခဲ့ရပါပေါ့ သားရေ...။
(၂)
၉ တန်းအထိ စာတော်ခဲ့တဲ့ ကျွန်မ သားအဖေကိုတွေ့တော့ ပညာရေးတပိုင်းတစနဲ့ ခိုးရာလိုက်ပြေးခဲ့တယ်။ သူလည်း သူ တတ်တဲ့ ပန်းရံပညာနဲ့ လုပ်ကျွေးရှာပါတယ်။ ကျန်းမာရေးမကောင်းရှာတဲ့ သူ့အမေကြီးကို ဆေးကုရတာရယ်၊ စားဝတ်နေရေးရယ်ဆိုတော့ သူရှာတာနဲ့တင် မလောက်ဘူး။ ကျွန်မလည်း အလုပ်လုပ်ခဲ့ရတယ်။
ပညာမစုံတဲ့ကျွန်မ ဘာလုပ်တတ်မှာလဲ။ အဝတ်လိုက်လျှော်ရတာပေါ့။ လုပ်ခါစကတော့ ရှက်လိုက်တာလေ။ မိဘအိမ်ပြန်ဖို့တောင် စိတ်ကူးမိတယ်။ အို...မိဘကို ဒီလောက်ဒုက္ခပေးရ တော်ရောပေါ့ လို့တွေးပြီး ပင်ပန်းဆင်းရဲမှုကို ခါးစည်းခံခဲ့ပါတယ်။ ကိုယ်ဝန်ရလာတော့ ဆေးခန်းသွားပြီး ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု မခံယူနိုင်ခဲ့ဘူး။ နေ့ရွှေ့ ညရွှေ့နဲ့ မွေးရက်နီးလာတဲ့ အထိပဲ။
သားအဖေ အလုပ်ခွင်မှာ ငြမ်းပြုတ်ကျလို့ ဆုံးပါးသွားတော့ သားလေး မွေးပြီးခါစ။ ယောက္ခမကြီးက စိတ်ဆင်းရဲမှုဒဏ်တွေနဲ့ ရောဂါသည်းလာ။ သားအဖေရတဲ့ လျော်ကြေးငွေနဲ့ကြိုးစားပြီးကုပေမယ့် သားလေး ၃ လ အရွယ်မှာ သူ့သားနောက် လိုက်သွားရှာတယ်။ ကျွန်မတော့ ကျွန်မသားလေးနဲ့ နှစ်ယောက်တည်းပေါ့။
သွေးနုသားနု ကျွန်မ သွားလေရာ သားလေးကိုခေါ်သွားပြီး အလုပ်လုပ်ရပါတယ်။ အရင်က တွေ့ခဲ့ရတဲ့ ဆင်းရဲမှုတွေဟာ အခုနဲ့ယှဉ်လိုက်တော့ မပြောပလောက်တော့ဘူး။ ခင်ပွန်းသည်ရော ယောက္ခမမိဘရော မရှိတော့တဲ့အချိန်မှာ အသက်ရှူရတာတောင် ပင်ပန်းတယ်။ သားလေးများ နေထိုင်မကောင်းဖြစ်ပြီဆိုရင် နေစရာကိုမရှိဘူး။
သားလေးကို ကျွန်မလို ပင်ပင်ပန်းပန်း အလုပ်မလုပ်ရအောင် ကြိုးစားမယ်ဆိုတဲ့ စိတ်သာမရှိခဲ့ရင် ကျွန်မဆိုတာ လူ့လောက မှာ မရှိနိုင်တော့ဘူး။ သားလေးက ကျွန်မခွန်အားပါ။ သားလေးကို ပညာတတ်ကြီးဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ တတ်နိုင်သမျှ ပိုက်ဆံလေးတွေ စုရတာ ကျွန်မအတွက် အားဆေးပါ။
သားလေး ကျောင်းစတက်တဲ့နေ့က ကျွန်မဘဝမှာ အပျော်ဆုံးပဲ။ သားလေး ပညာတတ်ကြီးဖြစ်ဖို့ ပထမခြေလှမ်းလေ။ ပညာတတ်ကြီးဖြစ်လာခဲ့ရင် ပင်ပင်ပန်းပန်း ပိုက်ဆံမရှာရတော့ဘူး။ နောင်ရေးစိတ်အေးရပြီဆိုတဲ့ အတွေးပေါ့။
မကြာပါဘူး။ သား ဆရာမအိမ် အဝတ်သွားလျှော်တော့ ဆရာမက ပြောပြတယ်။ သူများတွေ "က" ရေးနေပြီ။ သားက "ဝ" မဝိုင်းတတ်သေးဘူးတဲ့။ ကျွန်မ ဘာပြန်ပြောရမှန်း မသိတော့ဘူး။ ဆရာမက စိတ်မညစ်ဖို့၊ ကလေးကိုမဆူဖို့၊ အားတဲ့အချိန်မှာ သူ့အိမ်ပို့ပေးဖို့နဲ့ သူ စာရေးကျင့်ပေးမယ့်အကြောင်း ပြောပါတယ်။ တကယ်တော့ သားလေးအပေါ်မှာ ဆရာမရဲ့ ကျေးဇူးတွေက အများကြီးပါ။
ဘယ်လိုပဲ သက်ဆိုင်ရာ ဆရာဆရာမတွေက စေတနာနဲ့ ကြိုးစားပေးပေမယ့် သားလေးဟာ ၄ တန်းရောက်တဲ့အထိ မြန်မာစာတန်းအောင် မဖတ်တတ်သေးဘူး။ ၈ တန်းရောက်တော့ အစိုးရစစ်တဲ့။ သားလေး ဘယ်အောင်မှာလဲ။ ကျတာပေါ့။ ကျွန်မလည်း သားလေး သူငယ်တန်းတုန်းက ဆရာမဆီသွားပြီး ငိုမိတယ်။ ဆရာမက "အဲ့ဒါကောင်းသွားတာ၊ စာကြေတာပေါ့၊ စိတ်မညစ်ပါနဲ့၊ သားကို မဆူပါနဲ့" တဲ့။ ဆရာမ ပြောလိုက်မှပဲ စိတ်သက်သာသွားတယ်။ သားလေး စိတ်မညစ်အောင် ဘယ်လိုပြောရမလဲ ဆိုတာပဲ စဉ်းစားရတယ်။
ဒါပေမယ့် ကျွန်မကပဲ ကံကောင်းတာလား၊ သားကပဲ ကံဆိုးတာလားမသိဘူး။ ၈ တန်းကျတဲ့သူတွေကို ကုစားစာမေးပွဲ ပြန်အဖြေခိုင်းတယ်။ သားလေး အောင်သွားပါလေရော။ ကျွန်မအတွက်တော့ တနှစ်စာ ကျောင်းစားရိတ် သက်သာသွားပေမယ့် ဆရာမပြောသလိုဆို စာကြေပါ့မလား။
၉ တန်းရောက်တော့ ဘောဂတွဲ ယူတယ်တဲ့။ သားက မြန်မာလို ရေးထားတာကို ဖတ်တော့ဖတ်တတ်နေပြီ။ စာလုံးပေါင်းမှန်အောင် ပြန်မရေးတတ်သေးဘူး။ အင်္ဂလိပ်လို သင်ရတဲ့ ကျန် ၄ ဘာသာလည်း မရပါဘူးလေ။ ကျူရှင်ယူချင်တယ်ပြောလို့ ထားပေးလိုက်တယ်။ ကိုးတန်းတော့ အောင်သွားပါတယ်။
ဆယ်တန်းရောက်တော့ နှစ်စကတည်းက ကျူရှင်ထားရပါတယ်။ ကျောင်းနဲ့ ကျူရှင် နှစ်ခုလုံးက ဆရာဆရာမတွေက သားလေး စာမလိုက်နိုင်တဲ့အကြောင်း၊ အောင်နိုင်ခြေမရှိကြောင်း အမြဲသတိပေးပါတယ်။ အစမ်းစာမေးပွဲရမှတ်တွေလည်း ပြ တယ်။ သားလေးအကြောင်းသိတဲ့ ကျွန်မက သားကို စိတ်မပျက်ဖို့၊ ဇွဲမလျှော့ဖို့၊ ဝီရိယထားဖို့ အားပေးရုံပဲ တတ်နိုင်ပါတယ်။
သားအပေါ်ထားတဲ့ ကျွန်မမျှော်လင့်ချက်ကိုလည်း သားသိအောင် ပြောပေးရတယ်။ သားဟာ နှစ်ချင်းပေါက် မအောင်နိုင်ဘူးဆိုတာ သိပေမယ့် ကျွန်မ စိတ်မပျက်ပါဘူး။ ပညာရေးကံနည်းတဲ့ သားမို့ သူများတွေထက်တော့ အချိန်ပိုကြာမှာ သေ ချာတယ်။ ကျွန်မ ကြိုးစားပြီး အလုပ်လုပ်ရုံပေါ့။
အားလုံးထင်ကြတဲ့အတိုင်း သားလေး စာမေးပွဲကျပါတယ်။ အောင်စာရင်းထွက်တဲ့နေ့က သားလေး မျက်နှာမကောင်းဘူး။ "သားလေး စိတ်မပျက်ပါနဲ့၊ ဒီနှစ်မအောင်ရင် နောက်နှစ်ပေါ့၊ ငါ့သားကို အမေက မအောင်မချင်းထားမှာ" လို့ ပြောပေးရတယ်။ ကျွန်မ စိတ်မညစ်ဘူးဆိုတာ သားကို သိစေချင်လို့ပါ။
ပြဿနာက သားကစတာ။ စာရွက် ၁ ရွက်လာပြလို့ ကြည့်မိတယ်။ "သား အမှတ်စာရင်းလေ အမေ၊ ဘောဂ ၁ ဘာသာပဲ ကျတာ။ ကျန်တာတွေ ၆၀ ကျော်၊ ၇၀ ကျော်တွေချည်းပဲ" တဲ့။ ကျွန်မ အမေပဲ။ သိပ်ပျော်တာပေါ့။ "အစမ်းစာမေးပွဲတုန်းက အမှတ်တွေနဲ့တော့ ကွာပါ့၊ တော်လိုက်တာ ငါ့သား၊ အမေ အားရှိတယ်၊ နောက်နှစ် အောင်ကိုအောင်မှာ ကြိုးစား ငါ့သား " လို့ ဝမ်းသာအားရ ပြောပြီး သားနေတဲ့ကျုရှင်က နှစ်ကျအတန်းကိုတက်ဖို့ သွားအပ်ရပါတယ်။
ဆရာကြီးနဲ့တွေ့တော့ သားအမှတ်စာရင်းကို ပြလိုက်တယ်။ ဆရာကြီးက အံ့သြပြီး "မဖြစ်နိုင်ဘူးဗျာ" တဲ့။ ကျွန်မ ထောင်း ခနဲ စိတ်ဆိုးမိတယ်။ "ဒီစာရွက်က စာစစ်ဌာနက ထုတ်ပေးတာမဟုတ်ဘူးဗျ၊ ဘယ်ကရတာလဲ " တဲ့။ ကျွန်မက မသိကြောင်း ပြောပြရပါတယ်။ "ကျွန်တော် တောင်းပေးမယ်၊ ရရင် ခင်ဗျားကို အခေါ်လွှတ်လိုက်မယ်"။
သြော်...ဆရာကြီးရယ်။ ဆရာဖြစ်နေပြီး သားကို ဒီလောက်တောင် မယုံကြည်ဘူးလား။ သားက လိမ်ပြောနေတယ် ထင်တာ လား။ ကျွန်မသားက လုံးဝ မလိမ်တတ်ပါဘူး။ အမှတ်စာရင်း ရမှ ဆက်ပြောကြတာပေါ့ ဆရာကြီး။
(၃)
စာအိတ်ကိုင်ထားတဲ့ ကျွန်မလက်ဟာ တော်တော်တုန်နေတယ်။ ဒါ မျက်စိနဲ့ မြင်နိုင်တဲ့နေရာမို့။ နှလုံးကိုသာ မျက်စိနဲ့ မြင်ရမယ်ဆိုရင် လက်ထက်ပိုတုန်နေတာ တွေ့ရမှာပါ။ ဖွင့်ပြီး ချက်ချင်း မကြည့်ဝံ့ဘူး။ မနည်း အားယူရတယ်။ အမှတ်စာရင်း ဟာ သားပြောသလို ဖြစ်မှာလား။ ဒါမှမဟုတ် သား ဆရာကြီး ထင်သလိုများ ဖြစ်နေမလား။ ကျွန်မကြည့်လိုက်တဲ့အချိန်မှာ ဆရာကြီးက ကြည့်ပြီးနေပြီ။ ကဲ ကျုပ် မပြောဘူးလားဆိုတဲ့ မျက်နှာပေးနဲ့ကြည့်လိုက်ပြီး မျက်နှာညှိုးသွားရှာတယ်။ သြော် သူလည်း ဆရာပဲ။ စိတ်မကောင်းဖြစ်ရှာမှာပေါ့။
ကျွန်မကရော...။ ရုပ်သာရှိပြီး နာမ်မရှိတဲ့ ဗြဟ္မာ့ဘုံကိုများ ရောက်နေသလား။ ပတ်ဝန်းကျင်ကိုလည်း သတိမထားမိဘူး။ ဆရာကြီး ပါးစပ်လှုပ်နေတာ မြင်ရတယ်၊ ဘာတွေပြောနေလည်း မကြားရတော့ဘူး။ ဘာသာစုံကျလို့၊ အများဆုံးမှ ၂၇ မှတ်ထဲရလို့ မဟုတ်ဘူး။ သား ပညာရေးအခြေအနေ ကျွန်မသိတာပဲ။ အမှတ်စာရင်းကြောင့်တော့ မတုန်လှုပ်ဘူး။ သားဟာ ဘာ့ကြောင့် ညာပြောရတာလဲ အဲ့ဒါကို တုန်လှုပ်တာ။
နေ့စဉ်ရက်ဆက် ပညာတတ်ကြီး ဖြစ်ရမယ်ဆိုတဲ့ ကျွန်မစကားတွေက သားကို ညာစေတာလား။ စာလုပ်နေရင်ပြီးရော သား အရွယ်နဲ့ သင့်တော်တဲ့ အိမ်အလုပ်ကလေးတွေကိုတောင် တာဝန်မယူခိုင်းခဲ့တဲ့ ကျွန်မက သားကို လှည့်ဖျားစေတာ လား။ စားကြိုးစားဖို့ကလွဲရင် ကျန်တာ ဘာမှသင်မပေးခဲ့တဲ့ ကျွန်မက ဟန်ဆောင် ဖုံးကွယ်တတ်အောင် လုပ်ခဲ့တာလား။ အမှတ်စာရင်းကို လိမ်ခဲ့တဲ့သား ကြီးလာလို့ လိမ်ညာတဲ့သူဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။
ပညာရေးအားနည်းတဲ့သားကို စိတ်မပျက်ဖူးတဲ့ ဒီအမေ သားလိမ်တာ ခံရတော့ ရင်ထဲ တစစ်စစ် နာကျင်ရတယ်။ သေချာ စဉ်း၏စားကြည့်တော့ ကျွန်မဖြစ်စေချင်တာ ဒီပုံစံ မဟုတ်ခဲ့ဘူး။ စာမတတ်လို့ ဘဝမဆုံးဘူး။ ရိုးသားဖြောင့်မတ်မှု မရှိရင် ကျွန်မသားလေး ဘဝဆုံးလိမ့်မယ်။
ပင်ပင်ပန်းပန်း ပိုက်ဆံရှာရင် ရှာရပါစေ။ စာရိတ္တ မဆင်းရဲစေချင်ဘူး။ ကြည့်စမ်း...သားကို ဒီလိုစကားမျိုးတွေ ဘာကြောင့်မပြောပြခဲ့မိပါလိမ့်။ ကျွန်မ မှားတာပဲ။ ပညာတတ်ကြီးဖြစ်ရမယ်ဆိုတဲ့ စကားတွေက သားကို ချောင်ပိတ်မိစေခဲ့တာ။ ကျွန်မကိုယ်တိုင် သားအပေါ် တကယ်မျှော်လင့်တာဘာလဲ အခုမှ သဘောပေါက်မိတယ်။
သားကို စကားပြန်ပြင်ပြောရမယ်။ အဓိကကို နောက်ချန်ထားပြီး သာမညကို ရှေ့တန်းတင်မိတဲ့ ဒီအမေကို ခွင့်လွှတ်ဖို့နဲ့ ရိုးသားကြိုးစားဖို့၊ အရှိကို အရှိအတိုင်းလက်ခံဖို့က အဓိကလို့။ အရေးမကြီးတဲ့ကိစ္စတွေအတွက် အရေးကြီးတဲ့ စိတ်ဓာတ်လေးမပျက်စီးပါစေနဲ့လို့။ ။
မြဇင်ယော်
Comments