စန်းသူ့မောင် ● လမ်းပြ အလင်းမွန်
(မိုးမခ) ဇူလိုင် ၁၊ ၂၀၁၇
(မိုးမခ) ဇူလိုင် ၁၊ ၂၀၁၇
ရုန်းကန်ရလွန်းသော ကြမ်းတမ်းလွန်းသော ဘဝပိုင်ရှင်အများစုသည် လောကကို ကျေနပ်မှုနည်းကြသည်။ ဒေါသကြီးသည်။ အဆိုးမြင်ဘက်သို့ တိမ်းကြသည်။ ရောက်မှန်းမသိ ရောက်ကုန်ကြသည်ဟု ဆိုကြသည်။ သည်ထဲတွင် ကျမလည်းပါသည်။ အထူးသဖြင့် မွေးချင်းထဲတွင် အကြီးဆုံးဖြစ်သူကျမက အမေ့ကိုယ်စား တာဝန်တွေ ဒုက္ခတွေ ပြဿနာတွေဒိုင်ခံ ရင်ဆိုင် ဖြေရှင်းရင်း တဖြည်းဖြည်း နူးညံ့အေးချမ်းသော အရိပ်အငွေ့တွေနှင့် ကင်းကွာခဲ့ရသည်။
“ဟဲ့ နင်ကလဲ ထစ်ကနဲဆို ဒေါသဖြစ်ဖို့ပဲ ဟိုကအဲဒီသဘော ပြောတာမဟုတ်ပါဘူး” သူငယ်ချင်းတွေက ဝိုင်းဖြေရှင်းပေး၊ ညှိပေးရသည်။ မပြေလည်တာတွေ၊ အရွယ်နှင့်မမျှ ဖိစီးလာသောတာဝန်တွေ၊ လိုအင်ဆန္ဒမပြည့်တာတွေ များများလာတော့ “ငါကမဟုတ်ရင် မခံဘူးဟေ့” ဟူသော အစွဲလေးဟစ်ကြွေးရင်း ကျမလူကြမ်းကြီး ဖြစ်မှန်းမသိ ဖြစ်ခဲ့ရသည်။
ဒါပေမဲ့ စာဖတ်ဝါသနာပါလွန်းတော့ စာတွေဖတ်ရင်း စာရိပ်သည် ကျမအတွက် ဘဝအမောဖြေစရာလေးဖြစ်ခဲ့ရသည်။ စာပေမှရသောအဆုံးအမတွေကို နှစ်သက်မြတ်နိုးလာမိသည်။ မိမိလက်တွေ့ဘဝသည် ပူလောင်မွန်းကြပ်နေသော်လည်း နှစ်သက်စဖွယ်ကောင်းသော၊ အေးငြိမ်းချမ်းမြသော ဘဝမျိုးကို စာပေထဲတွင် ထိတွေ့ခံစားရသည်။ သည်တော့ စာပေသည် ကျမ၏ဘဝ ဖြစ်လာသည်။
သည်လိုအနေအထားရှိရာမှ နောက်ထပ်စိတ်ဝင်စားမှုတခု ကျမတွေ့ရှိလာခဲ့သည်။ အဲဒါကတော့ ကျမအင်္ဂလိပ်စာကိုလည်း ကျမစိတ်ဝင်စားလာခြင်းဖြစ်သည်။ ကျမတို့အဖေက ရပ်ကွက်လူကြီးမို့ အလွှာပေါင်းစုံကလူများ အိမ်သို့အဝင်အထွက်ရှိသည်။ အချို့အစ်မတွေက အင်္ဂလိပ်စကားကိုပိုင်ပိုင်နိုင်နိုင် ပြောတတ်ဆိုတတ်သည်။ သူတို့ကို ကျမအားကျမိသည်။ သူတို့်လိုအင်္ဂလိပ်စကားပြောတတ်ချင်သည်။
ပြီးတော့ ကျမငယ်စဉ်က စာပေဟောပြောပွဲတခုတွင် ကြားသိမှတ်သားခဲ့မိသော လမ်းညွှန်ချက်လေး။ ဟောပြောသူက “ဒေါ်တင်လှိုင်” ဟုမှတ်သားမိသည်။ ကြာပြီဖြစ်၍ သည်အမည်မှားကောင်းမှားပါမည်။ သို့သော် သူ့ဟောပြောချက်က ကျမ ရင်ထဲ စွဲထင်ကျန်နေသည်။
အင်္ဂလိပ်ဘာသာရပ်သည် ကမ္ဘာသုံးဘာသာရပ်ဖြစ်၍ လေ့လာသင့် တတ်မြောက်သင့်ကြောင်း၊ အင်္ဂလိပ်ဘာသာတတ် ကျွမ်းလျှင် လူတယောက်အတွက် အများကြီးခရီးတွင်ကြောင်း၊ တချိန်တည်းမှာပင် ကိုယ့်ဘာသာယဉ်ကျေးမှုကိုလည်း မျက်ကွယ်မပြုသင့်ကြောင်း စသည်ဖြင့် ဟောပြောခဲ့ပါသည်။ သူ့ဟောပြောချက်ကို ကျမသဘောကျလက်ခံမိသည်။
သည်အခိုက် ထူးထူးခြားခြားအခြေအနေလေးတခုကို ကျမထိတွေ့လိုက်ရပြန်သည်။ ရုပ်ရှင်မင်းသမီး ဒေါ်ဝင်းမင်းသန်း။ သူက ကျမတို့အဖေ၏ဆရာ ဗိုလ်စကြ်ာ၏ဇနီး။ အိမ်သို့လမ်းကြုံဝင်လာရင်း အဖေနှင့် စကားပြောနေသော သူနှင့်ပတ်သက်၍ ကျမတွေ့သိလိုက်ရတာတွေ တော်တော်များသည်။
ဒေါ်ဝင်းမင်းသန်းက အင်္ဂလိပ်ရုပ်ရှင်မင်းသား ဂရေဂရီပက်နှင့် Purple Plain ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်သရုပ်ဆောင် ခဲ့သည်။ မြန်မာ့ယဉ်ကျေးမှုကို သွေဖီ၍ ဝတ်စားဆင်ယင်မှုမပြုခဲ့ပါတဲ့။ ထိုစဉ်က ဂရေဂရီပက်သည် လျှမ်းလျှမ်းတောက် နေ သည့် မင်းသားတဦး။ အင်္ဂလိပ်ဘာသာမကျွမ်းကျင်ဘဲ မည်သို့ရင်ပေါင်တန်း သရုပ်ဆောင်မည်လဲ။
သူ၏အသွင်အပြင်က အရပ်မြင့်မြင့်၊ ဖြူဖြူသွယ်သွယ၊် မဝလွန်းမပိန်လွန်း အသားအရေစိုပြည်လတ်ဆတ်သည်။ တင့် တင့် တယ်တယ် ရှိလှပါသည်။ သူ့ကိုတွေ့ရစဉ်က သီလရှင်ဝတ်နှင့်ဖြစ်သည်။ စီးကရက်အလွန်သောက်သည်။ ဒေါ်ဝင်းမင်း သန်း၏ပုံရိပ်သည် ကျမအတွေးမှမထွက်။ ယနေ့ထိဖြစ်သည်။ သူက ကျမ၏ အင်္ဂလိပ်စာသင်ယူလိုစိတ်ကို ပိုမိုခိုင်မာလာ စေခဲ့သည်။
ကျမတို့သည် အင်္ဂလိပ်ဘာသာကို လေ့လာသင့်သည်။ ကျွမ်းကျင်အောင်ကြိုးစားသင့်သည်။ ဆူလွယ်နပ်လွယ် ရဖြစ်ခဲ့ကြ သော ဘီအေ၊ ဘီအက်စီ ဘွဲ့လေးကိုယ်စီနှင့် မျက်လွှာချနေရသည့်ဘဝမျိုးကို လက်ခံသိမ်းပိုက်မနေသင့်။ သည်တော့ အင်္ဂလိပ်ဘာသာကို လေ့လာဖို့ ကျမဆုံးဖြတ်လိုက်သည်။
သည်တော့ဘွဲ့ရပြီးမှ အင်္ဂလိပ်ဘာသာလေ့လာရန် ကျမစီစဉ်ရသည်။ ကျမနေထိုင်သည့် (၇) မိုင်နှင့်နီးသော၊ အဆင်ပြေ သောနေရာလေး။ ကျောင်းသင်ခန်းစာမဟုတ်ဘဲ အင်္ဂလိပ်ဘာသာရပ် သီးသန့်သင်သောကျောင်းလေး။ သင်ကြားပို့ချမည့် ဆရာများက ...ဆရာကြီးဦးခင်မောင်လတ်နှင့် ဆရာကြီးဦးသိန်းမောင်။
သည်ကျောင်း၏သင်ကြားပို့ချချက်များကို လေ့လာကြည့်တော့ သဒ္ဒါ၊ စကားပြောတို့သာမက၊ အခြားကောင်းနိုးရာရာများ အပြင် ဖွားဖွားဒေါ်ခင်မျိုးချစ်၏ Colourful Myanmar, Flowers and Festivals Round the Myanmar Years စသည် တို့ကိုပါ သင်ကြားပို့ချပေးနေသည်။ သည်စာအုပ်တွေက မြန်မာ့ယဉ်ကျေးမှုတွေကို အင်္ဂလိပ်ဘာသာဖြင့် လေ့လာဖြစ်စေခဲ့ သည်။
သည်သင်တန်းတက်နေစဉ် တဖြည်းဖြည်းသိလာရသည်က တချက်ခုတ်သုံးလေးချက် ပြတ်နေသည်ပဲ။ အဲဒါကတော့ ကျမ ရဲ့စိတ်တွေ ပြောင်းမှန်းမသိပြောင်းနေသည်ပဲ။ ဘဘတို့နှစ်ယောက်လုံးက အသက်အရွယ်ရလာပြီ။ သို့သော် စာသင်ရာတွင် အပင်ပန်းခံ၍ စေတနာပါပါသင်ကြသည်။ ဘဘတို့၏ အင်္ဂလိပ်စာပို့ချချက်အပြင် ထပ်မံ၍မတူးဖော်ဘဲ တွေ့လာရသည်က ဘဘတို့၏စိတ်နေစိတ်ထား။ သင်တန်းစတက်ကတည်းက အခုဘဘတို့ ကွယ်လွန်ကုန်ကြပြီ။ သည်ကာလအတွင်း တခါ မှ စိတ်ဆိုးမာန်ဆိုးအနေအထားကို ကျမမတွေ့ခဲ့ရ။ စိတ်ရှည်သည်းခံစွမ်းတွေ ပြည့်ဝလှသည်။
တနေ့ စာသင်ခန်းထဲသို့ နောက်ကျသည့်ကျောင်းသားတွေက အပြေးဝင်လာကြသည်။ ဘဘဦးခင်မောင်လတ်က ...
“သားတို့သမီးတို့ရေ ဖြည်းဖြည်းနေရာယူကြပါ။ မတော် လဲပြိုကုန်ပါ့မယ်။ ကားကလဲ တိုးလာကြရတာမဟုတ်လား။ အင်း ဘဘဆို ခု လိုင်းကားမစီးဖြစ်တော့ပါဘူး။”
“ဟုတ်ပါတယ်ဘဘ အတက်အဆင်းလဲ လွယ်မှာမဟုတ်ဘူး”
“ဒါတင်မကဘူးသမီးရေ နောက်ဆုံးတခေါက်က ဘဘကို ဘတ်စ်ကားမစီးဖြစ်အောင် ကန့်ပေးလိုက်တယ်။ ဘဘ အရပ် ကလဲ ကလန်ကလားမဟုတ်လား။ အထဲဝင်စီးရင် ထွက်ရခက်လို့ အဝမှာပဲ ဘေးကပ်ရပ်နေမိတယ်။ အဲဒါစပယ်ယာက ဟို အဖိုးကြီး မုန့်ဟင်းခါးကျွေးချင်လို့လား။ အထဲဝင်ပါလို့ပြောတာ မကြားဘူးလား။ စပါယ်ယာတွေ ရိုင်းတယ်ရိုင်းတယ်နဲ့။ ဒါ ဘတ်စ်ကား တယောက်တည်းစီးတဲ့ကား မဟုတ်ဘူးတဲ့။ ဘဘလဲ အဲဒီမှာ တော်တော်စိတ်မကောင်းဖြစ်သွားတယ်။ ငါ လူ ငယ်တွေကို ငရဲပေးသလို ဖြစ်နေပြီပဲလို့တွေးမိပြီး အဲဒီကစ ဘတ်စ်ကားမစီးဖြစ်တော့ပါဘူး”
ကြည့် စပါယ်ယာစကားကို ကျမဒေါသထွက်နေစဉ် ဘဘက သည်းခံဖြစ်ရုံမက ဘဘရဲ့နောက်ဆက်တွေးတဲ့ အတွေးက ကျမအတွက် ထူးဆန်းနေသည်။ ကျမစိတ်ထားနဲ့ ဘဘစိတ်နေသဘောထားအဟကို သွားတွေ့လိုက်ပါသည်။ လေးစားဖို့ အတုယူဖို့ ကောင်းလှသည်ပဲ။
ပြီးတော့ ဘဘ၏အိမ်နီးချင်းများနဲ့ဆက်ဆံရေး။ ဘဘ၏သည်းခံစွမ်းပဲခေါ်ခေါ် သဘောထားကြီးမှုပဲခေါ်ခေါ် ကျမအတွက် အမှတ်တရ ဖြစ်နေပါသည်။
ဘဘတို့ခြံမှ ပိန္နဲကိုင်းကတဘက်ခြံသို့ ထိုးထွက်နေသည်။ ထိုခြံမှအုန်းပင်က ဘဘတို့ခြံဘက်ကိုင်းနေသည်။ မည်သည့် အခြေအနေက ပိုဆိုးသည်ကို တွေးကြည့်ရုံဖြင့် သိနိုင်ပါသည်။ သို့သော် ဘဘတို့ကဘာမှမပြော။ ထိုခြံရှင်က ပိန္နဲကိုင်း ခုတ် ပေးရန် လာတောင်းဆိုသည်။ အပင်ခုတ်သူမအားသေး၍ မခုတ်နိုင်သေးသည်ကို ထပ်ကာထပ်ကာလာ၍ တောင်းဆို သည်။ အပင်ခုတ်သူအားသည့်နေ့တွင် ခုတ်ပေးလိုက်သည်။ သို့သော် သူတို့အုန်းပင်ကိုတော့ သည်အတိုင်းထားသည်။ ဒါပေမဲ့ ဘဘက မကျေနပ်စကားမပြော၊ ပြစ်တင်ဒေါသစကားမဆို ဥပေက္ခာဖြင့်နေနိုင်သည်။
ပြီးတော့ ဘဘတို့အိမ်တွင်ကျင်းပသည့် ထမနဲပွဲ။ သည်ပွဲဘယ်နေ့ ကျင်းပမည်ကို ကျမတို့တပည့်ချင်း တယောက်စကား တယောက် ကြားသိကြပြီးသား။ ဒါပေမဲ့ ဘဘက ဖုန်းဖြင့်ဖိတ်သည်။ ဖုန်းမရှိသည့် ကျမကဲ့သို့တပည့်အိမ်ကို တကူးတက TAXI ဖြင့် လျှောက်ဖိတ်သည်။ အားနာလိုက်ရသည်မှာ ပြောဖွယ်မရှိ။
“ဘဘ ကျမတို့သိပါတယ်။ လာမှာပါ ဘဘရယ်”
“သမီးတို့ မသိလိုက်မှာစိုးလို့ပါ” တဲ့။ သည်မျှစိတ်ရှည်ပါသည်။
ဘဘဦးသိန်းမောင်နှင့်ပတ်သက်၍လည်း ကျမအတွက် တသက်တာအမှတ်ရနေသည့် စကားတခွန်းရှိနေသည်။ ကျမဌာန ဆိုင်ရာ အရာရှိငယ်ဘဝမှ သင်ကြားရေးဘက်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရသည်။ ရန်ကုန်နှင့် အလှမ်းဝေးသွားပြီမို့ ကျောင်းမတက်ဖြစ်တော့ချေ။ ဘဘတို့ကို သွားကန်တော့ရင်း နှုတ်ဆက်ဖြစ်သည်။ သည်တွင် ဘဘဦးသိန်းမောင်က ကျမ ကို ဆုပေးရင်း ...
“သမီး အခု သမီးဆရာဖြစ်ပြီနော်၊ သိသမျှအကုန်သင်ပေးလိုက်ပါ သမီး”
“ဟုတ်ကဲ့ပါဘဘ၊ စိတ်ချပါဘဘ”
ဘဘဦးခင်မောင်လတ်နှင့် ဘဘဦးသိန်းမောင်တို့ တပည့်ပဲ၊ ကျမလဲ ခေသူမဟုတ်ပါ။ ဘဘတို့စွမ်းရည်နှင့်စိတ်ဓာတ်ကို မမီသော်လည်း တပည့်များအပေါ် စေတနာ လှိုက်လှိုက်လှဲလှဲထား၍ သင်ကြားခဲ့ပါသည်။ သင်ပေးဖြစ်ခဲ့ပါသည်။ သည် စိတ်ဓာတ်က ဘဘတို့ ကျမတို့ကိုပေးခဲ့သော အမွေကောင်းလေး။ ကျမတဘဝလုံး လိုက်နာကျင့်သုံးသွားရမည်ဟု ခံယူ ခဲ့ပါသည်။
သည်နေ့ စာတမ်းဖတ်ပွဲတခုကို ကျမသွားရောက်နားထောင်ဖြစ်ခဲ့သည်။ အင်္ဂလိပ်ကဗျာတပုဒ်ကို ဌာန်ကရိုဏ်းကျကျ ဖတ် နေသော စာတမ်းရှင်ကိုကြည့်ရင်း စာသင်ကုလားထိုင်တွင် ထိုင်ပြီး လက်ညှိုးလေးတထောင်ထောင်နှင့် ကဗျာလေးတွေ အသံနေအသံထားနှင့် ရွတ်ဆိုပို့ချနေသော ဘဘတို့ကို မြင်ယောင်လာကာ လွမ်းဆွတ်တသမိပါသည်။
Rainbow, When I Was One And Twenty , Quiet Life စတဲ့ကဗျာလေးတွေ ကျမတို့ကို သင်ပေးခဲ့သည်။ အ ထူး သဖြင့် Quiet Life ကဗျာလေးက ကျမကို အလွှမ်းမိုးဆုံး ကဗျာလေး ဖြစ်ခဲ့ရသည်။ လောကကြီးမှာ ထောင်ထောင် လွှားလွှား နေလိုစိတ်ကွာကျသွားပါသည်။
မည်သည့်အချိန်ကြည့်ကြည့် ဘဘတို့နှစ်ဦးစလုံးပုံရိပ်သည် အေးချမ်းကျက်သရေရှိလှသည်။ သည်ကုသိုလ်မျိုး ပုံရိပ်မျိုးကို လူတိုင်းမရနိုင်ပေ။ အထူးသဖြင့် စိတ်ဆတ်ဒေါသကြီးသော ကျမ သည်လိုနေရာမျိုးရောက်အောင် ကြိုးပမ်းသင့်လှသည်။ သို့သော် ခရီးကတော့ဝေးဝေးကြီးပင်။ သည်တော့ ကျမ ကိုယ့်စိတ်ကိုအရင် ပြုပြင်ပြောင်းလဲရန် ကြိုးစားရပါမည်။
ဘဝဆိုတာ အချိန်တိုလေးဆိုပေမဲ့ သည်အချိန်လေးကို တရားတော်နှင့်အညီ ကုန်ဆုံးချင်သည်။ လူဖြစ်ကျိုးနပ်သော ဘဝ လေးဖြစ်ချင်သည်။ သည်ဘဝသည်လမ်းကို လျှောက်လှမ်းခဲ့လေသူ ဘဘတို့ကိုစံပြု၍ ကျမလည်း သည်လမ်းမျိုးလျှောက်ချင် သည်။ လျှောက်ဖြစ်အောင်လည်း ကြိုးစားရပါမည်။ ယခုလည်း လျှောက်ရင်းကြိုးစား၊ ကြိုးစားရင်းလျှောက်နေပါသည်။
သည်စာစုလေးဖြင့် ဘဘတို့ကို ဦးခိုက်ကန်တော့ပါသည်။
Comments