ဇော်အောင် (မုံရွာ) ● တိုးတက်လာသော၂ဝ၁၇ မြန်မာအဂတိတိုက်ဖြတ်ရေးနှင့် စင်ကာပူစံနှုန်း

ဇော်အောင် (မုံရွာ) ● တိုးတက်လာသော၂ဝ၁၇ မြန်မာအဂတိ တိုက်ဖြတ်ရေးနှင့် စင်ကာပူစံနှုန်း
(မိုးမခ) ဇူလိုင် ၂၆၊ ၂ဝ၁၇

လာဘ်စားမှုနဲ့ပတ်သက်ပြီး မြန်မာပြည်မှာ ဒေါသဖြစ်စရာတွေကို ရယ်စရာပဲ ပြောင်းပစ်လိုက်ရပါတယ်။ ဒီတော့ ရယ်စရာဖြစ် ရပ်တွေကတော့ အများကြီးပါ။ ၂ဝ၁၇ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် အစိုးရတက်လာချိန် ၁ နှစ်ခွဲအတွင်းမှာ အဂတိလိုက်စား နေတုန်းပဲလို့ ပြောကြပါတယ်။ တချို့လည်း ပိုဆိုးလာတယ် ပြောကြတယ်။ ဒါပေမဲ့ အညွှန်းအရတော့ ပိုကောင်းလာနေပါတယ်။ အတိုးတက်ဆုံးကတော့ အခြေခံပညာရေးမှာ ကျောင်းသားမိဘတွေ ဘာကြေးညာကြေး မကောက်တော့တဲ့ စနစ်သစ်ဖြစ် လာတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည် အစိုးရခေါင်းဆောင်မဖြစ်မီက အဂတိတိုက်ဖျက်ရေးကို များစွာပြောပေမဲ့၊ တကယ် အစိုးရအဖွဲ့ထဲ ဝင်သွားချိန်မှာ မပြောတော့ပါဘူး။ အာဏာရပါတီ NLD လွှတ်တော်အမတ်များနဲ့ အစိုးရထိပ်တန်းခေါင်း ဆောင်များကိုပဲ လာဘ်မစားတဲ့ဝန်ကြီး ဖြစ်အောင် (ခေါင်မိုးလုံရေး) ကြိုးစားပါတယ်။ ဒုဝန်ကြီးတယောက်ကို ထုတ်ပယ်ခြင်း နဲ့ တိုင်းဒေသ ဝန်ကြီးချုပ်တစ်ယောက်ကို နှုတ်ထွက်စေခြင်းပဲ တွေ့ရတော့ အခြေအနေကောင်းပါတယ်။ ပထမဆုံး အမိန့်ကြော်ငြာစားများမှာ ဝန်ကြီးတွေ ဆွေမျိုးများကို ကိုယ်ရေးအရာရှိမခန့်ရ၊ ကျပ်ငွေ၃သောင်းထက်ပိုပြီး လက်ဆောင် လက်မခံရ၊ လုပ်ငန်းကန်ထရိုက်များကို လက်မှတ်မထိုးရ စတဲ့ ငွေကြေးနဲ့ပတ်သက်တဲ့ တင်ဒါများကို ရှောင်ရှားစေခဲ့ပါတယ်။အဂတိလိုက်စားမှုများ (လာဘ်ပေးလာဘ်ယူ)
မြန်မာတနိုင်ငံလုံး လာဘ်ပေးလာဘ်ယူမှု အမြစ်တွယ်နေတဲ့အတွက်၊ သမ္မတဦးသိန်းစိန် အစိုးရ ၅ နှစ်တာကာလမှာ နိုင်ငံ ခြားသား ကမ္ဘာလှည့်ခရီးသည်၊ ရင်းနှီးမြှုတ်နှံသူများနဲ့ဆိုင်တဲ့ လေဆိပ်၊ သင်္ဘောဆိပ်၊ ပါတ်စပို့ရုံး၊ နိုင်ငံခြားလိုင်စင်၊ပါမစ်အချို့တွေမှာ အဂတိနည်းအောင်ပဲ လုပ်နိုင်ပါတယ်။ သယံဇာတထုတ်ယူခြင်း အရက်ဆေးလိပ်၊ ဘီယာ စက်ရုံများ၊ လောင်စာဆီ နဲ့ ကန့်သတ်သွင်းကုန်များမှာ လိုင်စင်ပါမစ်များစွာ အထပ်မြင့်အဆောက်ဦးပါမစ်များ ချပေးပါတယ်။ အခု အင်အယ်ဒီအစိုးရ သစ်မှာ အစိုးရဝန်ကြီးများ အဂတိကင်းလာပေမဲ့ ညွှန်မှူး၊ ညွှန်ချုပ်၊ တိုင်းဦးစီးမှူး အရာရှိငယ်တွေ အဂတိပြသနာဖြစ်နေတယ် လို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဝန်ခံပါတယ်။ ခေါင်မိုးလုံရင် အလတ်တန်း၊ အငယ်တန်း အစိုးရဝန်ထမ်းတွေလဲ တ  ဖြည်း ဖြည်းကောင်းလာမယ်ဆိုတဲ့မူဝါဒနဲ့ အဂတိအရေးယူမှုများ မတွေ့ရသလောက်ပါပဲ။

အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာနိုင်ငံထက် ၁၅နှစ်စောပြီး ပြုပြင်ပြောင်းလဲတဲ့အတွက် သူတို့ထံက များစွာအတုယူရပါတယ်။ အင်ဒိုနီးရှားမှာ အဓိက တရားရေးဌာနများ နဲ့ အစိုးရဝန်ထမ်းဌာနများ ဒီနှစ်ခုမှာ ခက်ခဲစွာ ပြုပြင်ရပါတယ်။ မြန်မာနိုင်ငံလည်း ဒီဌာန နှစ်ခုကိုပဲ အင်အယ်ဒီအစိုးရက အဓိကထားပြီး ပြုပြင်ပြောင်းလဲနေပါတယ်။
ကမ္ဘာ့အဖွဲ့အဂတိအညွှန်း အဖွဲ့အစည်း (Corruption Index)
Transparency International TI ဆိုတဲ့အဖွဲ့အစည်းက နှစ်စဉ် နိုင်ငံပေါင်း ၁၇၆ ခုကို လေ့လာပြီး အဆင့်သတ်မှတ်ပေးပါ တယ်။ လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ အဂတိတိုက်ဖြတ်ရေးကို အင်ဒိုနီးရှား၊ အိန္နိယ၊ လာအိုနဲ့ မြန်မာနိုင်ငံများက များစွာ လုပ်ဆောင်ခဲ့ကြောင်း အချက်လက်များက ဖေါ်ပြနေပါတယ်။ မြန်မာနိုင်ငံဟာ ၁၅ မှတ်ကနေ ၂၈ မှတ်အထိ ၁၃ မှတ် တက် လာခြင်းကို တွေ့ရပါတယ်။ ကိုယ့်ပြည်တွင်းမှာ အဂတိတွေများလွန်းတော့ ပိုဆိုးလာတယ်ပဲထင်နေပေမဲ့ နိုင်ငံအပြင်က လှမ်းကြည့်သူများကတော့ တော်တော် တိုးတက်လာတယ်ကြောင်း မှတ်တမ်းတင်ပါတယ်။

၅ နှစ်အတွင်း အဂတိရမှတ်ပြောင်းလဲပုံ 2012 - 2016
စင်ကာပူ 87 - 84 (ဂုဏ်ထူးမှတ် top 10)
မလေးရှား 46 - 49 (၃ မှတ်တက်)
တရုပ် 39 - 40 (မထူးခြား)
အိန္ဒိယ 36 - 40 (၄ မှတ် များစွာတိုးတက်)
အင်ဒိုနီးရှား 32 - 37 (၅ မှတ်တက်)
ဖိလစ်ပိုင် 34 - 35 (၁ မှတ်တက်)
ထိုင်း 37 - 35 (၂ မှတ်ကျဆင်း)
ဗီယက်နမ် 31 - 33 (၂ မှတ်တက်)
လာအို 21 - 30 (၉ မှတ်တက်)
မြန်မာ 15 - 28 (၁၁ မှတ်တက်။ ၂ဝ၁၆ အကောင်းဆုံး)
ကမ္ဘောဒီးယား 22 - 21 (၁ မှတ်ကျဆင်း)

ကိုးကား၊ https://en.wikipedia.org/wiki/Corruption_Perceptions_Index

၅ နှစ်ဇယားကို ကိုးကားဝက်ဆိုဒက်မှာကြည့်တော့ အရင်နှစ်တွေက နှစ်တိုင်း ၁ မှတ်လောက်ပဲ တိုးတက်ရာက ၂ဝ၁၆ တနှစ်ထဲနဲ့ ၆ မှတ်တောင် တိုးတက်သွားတာ အံ့သြစရာပါ။ စင်ကာပူက လာဘ်မစားမှုမှာ ကမ္ဘာ့အဆင့် ၅ ရပါတယ်။ အမှတ် ၁ဝဝ မှာ ၈၆ မှတ်ရတယ်ဆိုတော့ လူ ၁ဝဝ မှာ ၈၆ ယောက် အဂတိကင်းရှင်းတယ်။ ကျန်တဲ့ ၁၄ ယောက်က လစ်ရင်လစ်သလို လာဘ်စားမယ်ဆိုတဲ့ သဘောပါပဲ။ မြန်မာနိုင်ငံ အဆင့် ၁၇ဝ ကနေ ၁၃၅ ထိ တိုးတက်လာပါတယ်။ ၂၈ မှတ်ပဲရတယ်ဆိုတော့ လူ ၁ဝဝ မှာ ၂၈ ယောက်ပဲ အဂတိကင်းရှင်းတဲ့သဘောပါ။ အဲဒီ ၂၈ ယောက်ထဲမှာ ကျနော်လည်း ပါချင်ပါတယ်ဗျာ။ ဆိုလို တာက မြန်မာပြည်မှာ ၂၈% လူထုက အဂတိကင်းရှင်းပါတယ်။ အထူးသဖြင့် လူငယ်၊ ကျောင်းသားတွေ ဖြစ်မှာပါ။ ထင်သ လောက် မဆိုးပါဘူး။ အခု ၂၈ မှတ်ရနေတာ တနှစ်ကို ၃ မှတ်နှုန်းတိုးတက်ရင်၊ နောက် ၁ဝ နှစ်ဆို အရှေ့တောင်အာရှမှာ အဂတိနည်းတဲ့ နိုင်ငံဖြစ်လာမှာပါ။ အဂတိကင်းတာနဲ့ နိုင်ငံလဲ တိုးတက်၊ ကုန်ဈေးနှုန်းတွေလဲ ကျဆင်း၊ အလုပ်အကိုင်တွေလဲ အလွန်ပေါလာပြီး၊ နိုင်ငံခြားအလုပ် သွားလုပ်နေစရာမလိုတော့ပါ။ ပြည်တွင်းမှာပဲ အလုပ်ကိုင်တွေ လစာကောင်းကောင်း ရပါမယ်။
စင်ကာပူနှင့် အိမ်နီးခြင်းနိုင်ငံများ
တိုးတက်စ နိုင်ငံတိုင်း နိုင်ငံရေးအမြင်မတူသူများကို မကြိုက်ရင် လာဘ်စားမှုကို ခုတုံးလုပ်ပြီး၊ အမှုစွဲချက်တင်၊ ရာထူးကဖြုတ် လေ့ရှိပါတယ်။ ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို စစ်တပ်က အာဏာသိမ်း၊ ဖြုတ်ချပြီး၊ လာဘ်စားမှုနဲ့ တရားစွဲ ခံရပါတယ်။ နောက်ပိုင်း သက်ဆင်ရဲ့ညီမ ရင်လတ် ရွေးကောက်ပွဲအနိုင်ရ ဝန်ကြီးချုပ်ဖြစ်လာတော့လဲ နိုင်ငံရေးပါတီတွေ ညှိ နှိုင်းမရတော့ စစ်တပ်အာဏာ အပြီးသိမ်းလိုက်ပါတယ်။ ဖိလစ်ပိုင်သမ္မတဟောင်းများစွာလဲ သမ္မတသက်တမ်းကုန်မှ၊ အရေး ယူခံနေရပါတယ်။ မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ် အုပ်ချုပ်ရေးခေတ်က လာဘ်စား၊ အလွဲသုံးစားမှုနဲ့၊ ဖြုတ်ခံလိုက်ရတဲ့ စစ်ခေါင်းဆောင်များစွာ ရှိပါတယ်။ စင်ကာပူမှာတော့ ဝန်ကြီးအဆင့် လာဘ်ကိစ္စ အပုပ်သတင်းလဲ မထွက်ပါ။ အရေးယူခံရတာ မရှိသလောက်ပါ။ စင်ကာပူဟာ အာရှမှာသာမက ကမ္ဘာမှာ အဂတိတိုက်ဖြတ်ရေး စံပြနိုင်ငံဖြစ်နေပါတယ်။ ဒီစံပြနိုင်ငံမှာ မြန်မာလူမျိုး ၃ သိန်းလောက်နဲ့ မြန်မာပညာရှင်များစွာ အလုပ်လုပ်နေကြတာ အနာဂါတ်မြန်မာနိုင်ငံအတွက် အလွန်အားကိုး ရမဲ့ လူသားအရင်းအမြစ်တွေ ဖြစ်ပါတယ်။
လာဘ်စားမှုတိုက်ဖျက်ရေးနဲ့ အရှေ့တောင်အာရှ ၄ နိုင်ငံ (စာတန်း)
စာတမ်း ၂ ခု လေ့လာကြည့်ပါတယ်။ Corruption Control in Singapore by Loh Tech Hin, ANTI-CORRUPTION AGENCIES IN FOUR ASIAN COUNTRIES: A COMPARATIVE ANALYSIS by Jon S.T. Quah (စင်ကာပူ၊ ဟောင်ကောင်၊ ထိုင်း၊ ကိုးရီးယား) ၄ နိုင်ငံအကြောင်းဖြစ်ပါတယ်။

လေးနိုင်ငံ ၂ဝဝ၅ အချက်အလက်ဆိုပေမဲ့ လာဘ်စားမှုနှိုင်းယှဉ်ရေးအတွက် အသုံးကျနေဆဲပါ။ လေးနိုင်ငံ အကျင့်ပျက်ထိန်း ချုပ်မှုအဖွဲ့များ ၂ဝဝ၄-၂ဝဝ၅ နှိုင်းယှဉ်ကြည့်ရင် အဖွဲ့ဝင်ဦးရေမှာ စင်ကာပူ ၈၂ ဦး၊ ဟောင်ကောင် ၁၁၉၄ ဦး၊ ထိုင်းနိုင်ငံ ၇ဝ၁ ဦး၊ တောင်ကိုးရီးယား ၂ဝ၅ ဦးတို့နဲ့ ဖွဲ့စည်းထားပါတယ်။ နိုင်ငံလူဦးရေနဲ့ နှစ်စဉ်ဘတ်ဂျတ် သုံးစွဲမှုကို ယှဉ်ကြည့်ရင် ဟောင်ကောင် ကန်ဒေါ်လာ ၈၅ သန်းနဲ့ ထိပ်ဆုံးရှိနေပါတယ်။ ဟောင်ကောင်ရဲ့ လာဘ်စားမှုထိန်းချုပ်ရေးဟာ အလွန်အောင် မြင်ပြီး တရုတ်ပြည်မကြီးအတွက် စံနမူနာပြတဲ့ အထူးဒေသဖြစ်ပါတယ်။ တရုတ်ပြည် နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုရဲ့ တဝက်ကျော် ဟာ ဟောင်ကောင်တဆင့် တရုတ်ပြည်မကြီးဆီကို ဝင်လာပါတယ်။ ဒါကြောင့် တရုတ်အစိုးရရဲ့ စီးပွားရေးပေါ်လစီဟာ၊ ဟောင်ကောင် ဖြစ်ပါတယ်။ ဟောင်ကောင်ကို အခြေပြုပြီး၊ ငွေကြေးအကုန်ခံပါတယ်။

တဦးချင်း တနှစ်ငွေသုံးမှု per capital ကိုကြည့်ရင် စင်ကာပူ = CPIB US$ 1.71, ဟောင်ကောင် ICAC = US$ 12.32 , ထိုင်း NCCC = US$ 0.13, ကိုးရီးယား KACAC = US$ 0.37 ဖြစ်ပါတယ်။ ကိုးရီးယားနဲ့ထိုင်း အကျင့်ပျက်ထိန်းချုပ်မှုများ အထူးတိုးတက်လာပြီဖြစ်ပါတယ်။ လာဘ်စားမှုထိန်းချုပ်ရေးအတွက် ငွေလဲပိုသုံးနိုင်ပါပြီ။ အဖွဲ့တွေလဲ အာဏာထက်မြတ် နေပါပြီ။

မြန်မာနိုင်ငံအတွက် အဂတိတိုက်ဖျက်ရေး အဖွဲ့ဝင်ဘယ်နှစ်ယောက်လဲ၊ တနှစ်ကို (ဘတ်ဂျတ်) ဘယ်လောက်သုံးမှာလဲ။ ပွင့်လင်းမှုရှိဖို့လိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံ အဂတိတိုက်ဖြတ်ရေး
လက်ရှိမြန်မာခေါင်းဆောင်များ စိတ်ဝင်စားကြပါတယ်။ မြန်မာနိုင်ငံထက် ၁ဝ နှစ်ကျော် စောပြီး အာဏာရှင်စနစ်ကို ပြုပြင် ပြောင်းလဲမှုများ လုပ်နေပါတယ်။ လက်ရှိသမ္မတ ယိုဒိုရိုနို ၂ဝဝ၄-၂ဝ၁၄ ၂ ကြိမ်သက်တမ်းအပြီး၊ ယခုလ ဇူလိုင် ၂ဝ၁၄ မှာ သမ္မတရွေးကောက်ပွဲမှာ အင်ဂျင်နီယာဘဝ၊ စီးပွားရေးသမားဘဝ၊ ဂျာကာတာအုပ်ချုပ်ရေးမှုးဘဝ ကနေတက်လာတဲ့ ဂျိုကိုဝီ၊ အနိုင်ရရှိပြီး ပထမဆုံး ပြည်သူလူထုထဲကလာတဲ့ သမ္မတ ဖြစ်လာပါတယ်။ ပြည်သူဘက်လာသူဖြစ်လို့ ပြည်သူလူထု အမြင်ကို လုပ်ဆောင်မယ်ရင်း အင်ဒိုနီးရှားနိုင်ငံရဲ့ အဂတိများစွာ ကျဆင်းသွားသလို၊ တစ်ဦးချင်းဝင်ငွေ၊ အလုပ်ကိုင်များလည်း ပေါများလာတာ မျက်ဝါးထင်ထင် တွေ့နေရပါတယ်။ လာဘ်စားမှုတိုက်ဖျက်ရေးကော်မရှင် Indonesia - Corruption Eradication Commission (CEC) က တော်တော် သြဇာအာဏာ ရှိပါတယ်။ ဝန်ကြီးအဆင့်တွေကို စွပ်စွဲ နှုတ်ထွက်စေတဲ့အထိ သီးခြားအာဏာ ပေးထားပါတယ်။
စင်ကာပူကိုပဲ Role Model စံနမူနာထားသင့်ပါတယ်
တရုပ်နိုင်ငံကတော့ သေဒဏ်ချမှတ်၊ အုပ်ချုပ်ရေးမှုး အသစ်ပြောင်းတိုင်း အဂတိနဲ့သူဌေးကြီးတွေကို ဖမ်းဆီး၊ သေဒဏ်ချ၊ ပိုင်ဆိုင်မှုသိမ်း ပြင်းထန်ပါတယ်။ အောက်ခြေအဆင့်ထိ အဂတိတိုက်ဖျက်ရေး အဖွဲ့နဲ့၊ ထိမ်းသိမ်းစခန်းများစွာ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံလို လုပ်ဆောင်ဖို့ မလွယ်လှပါဘူး။ စင်ကာပူကိုပဲ စံနမူနာထာရပါမယ်။ အဂတိ ဥပဒေကတော့ ပြုစု၊ ပြဌာန်းပြီးပေမဲ့ တကယ်အရေးယူ ပြစ်ဒဏ်ချမှတ်ဖို့ပဲ လိုပါတယ်။

လာဘ်စားမှုတိုက်ဖြတ်ရေးအတွက် စင်ကာပူအကြီးကဲဖြစ်ခဲ့တဲ့ လီကွမ်းယူကိုယ်တိုင် နှုတ်ကလဲပြောတယ်။ ဥပဒေကို အ ကောင်းဆုံးပြဌာန်းတယ်။ လက်တွေ့လဲ ဥပဒေအတိုင်း အရေးယူတယ်။ လာဘ်စားမှု အရေးယူတဲ့အဖွဲ့ CPIB ဆိုတာ အ လွန်ကြောက်စရာကောင်းပါတယ်။ အဖွဲ့ဝင်များဟာ သန့်ရှင်းသူများဖြစ်ပါတယ်။ လူလူချင်းတောင် ငွေချေးခွင့်မရှိပါဘူး။ ဘဏ်တွေ အကြွေးယူရင်လဲ လစာ၃ဆအထက် အကြွေးဝယ်ခွင့်မရှိပါဘူး။ CPIB ဝန်ထမ်းတွေဟာ သူတို့ပိုင်ဆိုင်မှုတွေကို ကြေငြာထားရပါတယ်။ မိမိတို့စုံစမ်းနေရသူများနဲ့ အပျော်အပါး၊ စားသောက်ပွဲ၊ကပွဲတွေ မသွားရပါဘူး။ တစ်နှစ်ကုန်ရင် အဲဒီ ဝန်ထမ်းတွေကို ဆုကြေးငွေ အမြောက်အများ ပေးပါတယ်။ ဒေါ်လာသိန်းနဲ့ချီပြီး ဆုကြေးရပါတယ်။ မြန်မာနိုင်ငံက မိုဘိုင်း တရားမဝင်ပစ္စည်းလိုက်ဖမ်းတဲ့ အဖွဲ့လိုမျိုးပေါ့။ အခုခေတ်ဆိုရင် အင်တာနက် စီးပွားလုပ်ငန်းတွေ၊ ငွေပေးငွေချေ၊ လုံခြုံ ရေးတွေကြောင့် CPIB ဝန်ထမ်းများ နောက်ဆုံးပေါ်နည်းပညာများနဲ့ လေ့ကျင့် တပ်ဆင်ထားရပါတယ်။ ပြည်သူလူထုထံမှာ လာဘ်စားမှုအတွက် တိုင်ကြားချက်များ၊ အကြံပေးချက်များကို စုံစမ်းပါတယ်။ သတင်းပေးသူကို လုံးဝ လုံခြုံမှုပေးပါတယ်။

CPIB ဝန်ထမ်းများဟာ အစိုးရ၊ ဝန်ကြီးချုပ်၊ ဝန်ကြီး၊ လွှတ်တော်အမတ်များ၊ အစိုးရဌာနဆိုင်ရများကို မေးမြန်း၊စစ်ဆေးခွင့် ရှိပါတယ်။ ငြင်းလို့မရပါဘူး။ အာဏာပေးထားပါတယ်။ CPIB စုံစမ်းမှုလိုအပ်တယ်ဆိုရင် ဝန်ကြီးချုပ်က သဘောမတူရင် ရွေးကောက်တင်မြောက်ထားတဲ့ စင်ကာပူသမ္မတဆီကို တင်ပြခွင့်ပေးထားပါတယ်။ သမ္မတအမိန့်နဲ့ အစိုးရအဖွဲ့ အကြီးကဲ ဝန်ကြီးချုပ်ကိုလဲ လိုအပ်ရင် စုံစမ်းစစ်ဆေးနိုင်ပါတယ်။ စင်ကာပူမှာ လာဘ်စားမှုဆိုရင် အစိုးရဝန်ထမ်းဖြစ်ဖြစ်၊ ပုဂ္ဂလိက ဘယ်အဖွဲ့အစည်းမဆို စုံစမ်းစစ်ဆေးလို့ ခွင့်ရှိပါတယ်။ အတော်လေး လွတ်လပ်စွာ လှုပ်ရှားခွင့် ပေးထားခြင်း ခံရပါတယ်။ အခြားနိုင်ငံများမှာတော့ ရဲတပ်ဖွဲ့၊ မြန်မာပြည်က စ.သုံးလုံးပုံစံမျိုး တာဝန်ခွဲယူကြပါတယ်။ CPIB ဆီရောက်လာတဲ့ လာဘ် စားမှု အားလုံးရဲ့ ၃ ပုံ ၂ ပုံဟာ အရေးယူ၊ အပြစ်ပေးခံကြရတယ်။
လယ်ယာမြေပြုပြင်ပြောင်းလဲခြင်း (Land Reform)
နောက်အရေးကြီးချက်တခုက လယ်ယာမြေပြုပြင်ပြောင်းလဲရေးဖြစ်ပါတယ်။ အိမ်ခြံမြေတွေ ဈေးအရမ်းကြီးနေပါတယ်။ တောင်ကိုးရီးယား၊ တိုင်ဝမ်၊ ထိုင်းနိုင်ငံများလို တောင်သူလယ်သမားများ လယ်မြေပိုင်ဆိုင်ဖို့ ဘယ်လိုလုပ်ပေးမလဲဆိုတဲ့ ဥပဒေပြဌာန်း အကောင်ထည်ဖေါ်ဖို့ အလွန်အရေးကြီးပါတယ်။ မြန်မာပြည် မြေဈေးအဆမတန်ကြီးခြင်းနေခြင်းကို ကျဆင်း စေဖို့ဖြစ်ပါတယ်။

အင်အားကြီးနိုင်ငံကတော့ အမေရိကန်အားဖြင့် ဂျပန်၊ တိုင်ဝမ်၊ တောင်ကိုးရီးယား၊ စင်ကာပူတို့ Land Reform အောင်မြင် ခဲ့ပြီး၊ ကမ္ဘာထိတ်တန်းနိုင်ငံဖြစ်လာတာပါ။ တရုတ်ပြည်ကြီးလဲ အမေရိကန်အကူညီနဲ့ အနှစ် ၂ဝ အတွင်း တိုးတက်သွားတာ မျက်မြင်အခြေအနေဖြစ်ပါတယ်။ တကယ်လယ်ယာလုပ်ကိုင်သူပဲ လယ်မြေပိုင်ဆိုင်သင့်ပါတယ်။ လယ်သမား ဆင်းရဲမွဲတေမှု က လွတ်ပြီး၊ သားသမီးများ ပညာသင်နိုင်မယ်။ စက်မှုလယ်ယာဖြစ်လာပြီး၊ လယ်သမား သားသမီးများ စက်မှုလုပ်ငန်းများကို ကူးပြောင်းလာနိုင်မယ်ဖြစ်ပါတယ်။ အလားတူ မြို့ပေါ်မှာလည်း အိမ်ခြံမြေ ပြုပြင်ပြောင်းလဲမှုတွေ အလုပ်သမားများ နေစရာ ဈေးနှုန်းသက်သာမယ်။ ပညာသင်နိုင်မယ်။ ဘဝတိုးတက်လာမယ်ဖြစ်ပါတယ်။ ဒါကြောင့် မြို့နယ်၊ တောရွာများမှာ လယ်ယာ မြေဈေးနှုန်းတွေ ဈေးကြီးနေတာကို ဖြေရှင်းနိုင်တဲ့နည်းလမ်းကတော့ လယ်ယာမြေပြုပြင်ပြောင်းလဲခြင်းပဲ ဖြစ်ပါတယ်။ လွှတ်တော်မှာ နည်းဥပဒေ အမြန်ပြဌာန်း၊ အကောင်ထည်ဖေါ်ဖို့ လုပ်နေပါတယ်။
ကိုးရီးယား အပစ်ခတ်ရပ်စဲရေးသင်ခန်းစာ
နောက်ထပ် ထူးခြားချက်ကြီးတခုကတော့ မြောက်ကိုးရီးယားရဲ့ နျူးကလိယာဗုံးနဲ့ ခြိမ်းခြောက်မှုအောက်မှာ စိုးရိမ်ထိတ် လန့်စွာ နေထိုင်ရပါတယ်။ အံ့သြစရာကောင်းတာက ၁၉၅၄ တောင်မြောက် ကိုးရိးယားစစ်ပွဲပြီးတဲ့နောက် သန်းပေါင်းများစွာ သေကြေပြီး၊ ကမ္ဘာ့ဆင်းရဲအမွဲတေဆုံးနိုင်ငံဖြစ်သွားခဲ့ပါတယ်။ တောင်ကိုးရီးယားကတော့ ဒီမိုကရေစီစနစ်နဲ့ အခုဆို ကိုးရီး ယား ဆမ်ဆောင်း၊ ဒေဝူး၊ ဟွန်ဒိုင်း၊ အယ်ဂျီ စက်ပစ္စည်း ကွန်ပြူတာ။ မိုဘိုင်းဖုန်းများက ကမ္ဘာကိုလွှမ်းနေပါပြီ။ ကိုးရီးယား နှစ်နိုင်ငံ လေနဲ့ပဲ စစ်တိုက်ကြပါတယ်။ စစ်ရေးတွေပဲပြနေရင်း တောင်ကိုးရီးယားက ကမ္ဘာ့ထိပ်တန်းရောက်၊ မြောက်ကိုး ရီးယားက ကမ္ဘာ့အဆင်းရဲမွဲတေဆုံး ငတ်ပြတ်နေတာကို မြင်ရပါတယ်။ ဒါကို သင်ခန်းစာယူရရင် မြန်မာတပ်မတော်နဲ့ တိုင်း ရင်းသားလက်နက်ကိုင်များ အပစ်ခတ်ရပ်စဲရေး အခိုင်အမာလုပ်ပြီးရင် အစိုးရထိန်းချုပ်တဲ့ ပြည်မစီးပွားရေး တဟုန်ထိုး တိုးတက်မှာ သေချာပါတယ်။ တိုင်းရင်းသားများ လက်နက်စွန့်ဆိုတာထက် အပစ်ခတ်ရပ်စဲရေးလုပ်ရပါမယ်။ ယခုလုပ်နေတဲ့ NCA ငြိမ်းချမ်းရေး အောင်မြင်လာရင် အဂတိတိုက်ဖက်ရေး အောင်မြင်တာနဲ့အမျှ မြန်မာနိုင်ငံစီးပွားရေး တဟုန်ထိုး တက် သွားမှာပါ။
မြန်မာနိုင်ငံ-အဂတိတိုက်ဖျက်ရေးကော်မရှင် ၂ဝ၁၇
မြန်မာလွှတ်တော်က အဂတိတိုက်ဖျက်ရေးဥပဒေ ပြဌာန်အတည်ပြုပြီးပါပြီ။ အကျင့်ပျက်ဝန်ထမ်းများ အထူးသဖြင့် လေဆိပ်၊ သင်္ဘောဆိပ်၊ အခွန်ဌာနနဲ့ နာမည်ကြီးတဲ့ အစိုးရအရာရှိကြီးများကို တာဝန်ကအနားယူခြင်း၊ နယ်ပို့လိုက်ခြင်းများ လုပ် ဆောင်ခဲ့ပါတယ်။

၂ဝ၁၄ လွှတ်တော်က လာဘ်ပေးလာဘ်ယူမှုပပျောက်ရေး ကော်မရှင်ကို သမ္မတနဲ့လွှတ်တော်တို့ ညှိနှိုင်းဖွဲ့စည်းခဲ့ပါတယ်။ ဦးမြဝင်း (စစ်မှုထမ်း) က ဥက္ကဋ္ဌအဖြစ် အားမရှိတဲ့အဖွဲ့ပါ။ ၂ဝ၁၇ မှာ လုပ်ကြံခံလိုက်ရတဲ့ အင်အယ်ဒီပါတီ ဥပဒေအကြံပေး ဦးကိုနီမှတ်ချက်အရ ၂ဝ၁၃ အဂတိတိုက်ဖြတ်ရေးဥပဒေဟာ နိုင်ငံတကာအဆင့်မှာ အကောင်းဆုံးဥပဒေအဆင့် ဖြစ် ကြောင်း၊ လစာနဲ့မမျှအောင် မတရာချမ်းသာကြွယ်ဝနေရင် တိုင်သူမရှိ၊ သက်သေမရှိလဲ ဖမ်းဆီးတရားစွဲနိုင်။ ပိုင်ဆိုင်မှု သိမ်း နိုင်ကြောင်း ပြောပါတယ်။

တရားသူကြီးများ အဂတိလိုက်စားမှုတွေကြောင့် လွှတ်တော်တရားဥပဒေစိုးမိုးရောကော်မရှင်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကလည်း ဘာမှလုပ်မရလို့ ငြိမ်နေရပါတယ်။ အဂတိ တိုက်ဖျက်ရေးကော်မရှင် လှုပ်ရှားလာဖို့ အရေးကြီးပါတယ်။

တရားဥပဒေစိုးမိုးရေး အားကောင်းလာခြင်းများကတော့ (၂ဝ၁၇)
၁။ တရားရုံးနှင့်တရားသူကြီးများ (ခေါင်မိုးလုံရေး)
(က) မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး အမြင့်ဆုံးအာဏာပိုင် အဖွဲ့အစည်းဖြစ်တဲ့၊ တရားသူကြီးချုပ်အဖွဲ့ကို လွှတ်တော်မှာ တရားဥပဒေအလွန်ဆိုးနေကြောင်း၊ တည့်မတ်ဖို့ အောင်မြင်စွာအဆိုတင်၊ ဆွေးနွေးပြီး၊ အတည်ပြုနိုင်ခဲ့ပါတယ်။ လွှတ်တော် က စွတ်စွဲမှုကို သဘောမတူတဲ့ တရားသူကြီးချုပ်ကို သတိပေးခဲ့ပြီး အရေးယူဖို့လုပ်စဉ်၊ တရားသူကြီးချုပ်က လွှတ်တော်မှာ ပြန်လည်တောင်းပန်ခဲ့ပါတယ်။

(ခ) မြန်မာနိုင်ငံ တရားစီရင်ရေးကဏ္ဍ၏ ပထမဆုံးသော တရားရုံးနှစ်စဉ်အစီရင်ခံစာ ၂ဝ၁၆ အတွက် တရားရုံး နှစ် စဉ်အစီ ရင်ခံစာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ၂ဝ၁၇ ဇွန်လ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့ပါတယ်။ တရားရေးဝန်ထမ်း ၁၁၆ဦးကို ၂ဝ၁၆ တနှစ်အတွင်း အရေးယူခံရပြီး၊ တရားသူကြီး ၅၄ ဦးလည်း ပါဝင်တယ်လို့ ထုတ်ပြန်ပါတယ်။ (အလုပ်ထုတ် ခံရသူ တဦးသာရှိပါတယ်)။

(ဂ) အသက် ၇ဝ အထိ လဲလှည်ခွင့်မရှိတဲ့ တရားသူကြီးအဖွဲ့ဝင်များမှာ နောက်ထပ် တရားသူကြီးအသစ် ၄ ဦးကို လွှတ်တော် အတည်ပြုပြီး၊ နိုင်ငံတော်သမတက ခန့်အပ်နိုင်ခဲ့ပါတယ်။ တရားဥပဒေစိုးမိုးရေး ဆက်လက်ပူးပေါင်း လုပ်ကိုင်ဖို့ဖြစ်ပါတယ်။

(ဃ) တရားစီရင်ရေးအာဏာ အမှုသည်များအပေါ် မောက်မာစွာ ဆက်ဆံနေဆဲဖြစ်ပြီး တရားခွင်အတွင်း ဂျာနယ်ဖတ်ခြင်း၊ သတင်းစာဖတ်ခြင်း၊ အပြင်ထွက်ဖုန်းပြောခြင်းများနှင့် မိမိအနိုင်ပေးလိုသော အမှုသည်၏သက်သေကိုသာ အသာပေးသုံး သပ်၍ တစ်ဖက်သတ်အမိန့် ချမှတ်ခြင်းများ တွေ့ရှိရကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ၂ဝ၁၇ ဇူလိုင်လမှာ အစီရင်ခံစာတင်သွင်း အတည်ပြုခဲ့ပါတယ်။

၂။ မူးယစ်ဆေးဝါးဖမ်းဆီးမှုများ က အကြီးမားဆုံး အောင်မြင်မှုတခု ဖြစ်ပါတယ်။ ၂ဝ၁၅ သမတဦးသိန်းစိန် နောက်ဆုံးနှစ်က စပြီး၊ မူးယစ်ဆေးဝါးများကို အကြီးအကျယ် ပိုင်ရှင်မဲ့ ဖမ်းဆီးမှုများစွာ အောင်မြင်စွာလုပ်ဆောင်ခြင်းနဲ့ ဝိသမမူးယစ်ကုန် သည်များကို ပြင်းထန်စွာသတိပေးပါတယ်။ အင်အယ်ဒီအစိုးရလက်ထက်မှာ အရှိန်မြှင့်ဖမ်းဆီးပြီး ပြည်သူ့ရဲတပ်ဖွဲ့ စွမ်း ရည်မြှင့်တင်ပါတယ်။ နောက်ပိုင်းမှာ မူယစ်ရောင်းဝယ်သူများကို ဆက်တိုက်ဖမ်းဆီးနိုင်ခြင်းကြောင့် အကျဉ်းထောင်များမှာ ၅ဝ % အထက်က မူးယစ်ဆေးအမှုဖြစ်နေပါတယ်။ အကျဉ်းစခန်းများ လူမဆန့်အောင်အထိ ဖြစ်နေပါတယ်။ နှစ်စဉ် သတင်း မီဒီယာများရှေ့မှာ ဒေါ်လာသန်းရာနဲ့ချီပြီး ဖျက်ဆီးပြနေပါတယ်။

၃။ ၂ဝဝ၆ ခုနှစ် ထင်ရှားသော အရေးယူဖမ်းဆီးမှုများ
(က) လူ့အခွင့်အရေး ကော်မရှင်ကို အင်းဝအပ်ချုပ်ဆိုင်အမှုကို လစ်လျူပြုခြင်းအတွက် လွှတ်တော်အထိ အဆိုတင်သွင်း၊ အမှုမှန်ဖွင့်နိုင်ခဲ့ပါတယ်။

(ခ) အင်အယ်ဒီပါတီရဲ့ ဥပဒေအကြံပေး ဦးကိုနီကို လုပ်ကြံမှုမှာ စစ်ဗိုလ်ဟောင်းများပါဝင်မှုကို ဖော်ထုတ်နိုင်ခြင်းကလည်း အ တိုင်းတာတစ်ခုအထိ အောင်မြင်ပါတယ်။

(ဂ) အဂတိတိုက်ဖျက်ရေး ကော်မရှင်မှ အရာရှိကြီးများကို ပထမဆုံးဖမ်းဆီး အရေးယူခြင်း၊ ပြည်တည်းရေးဝန်ကြီးဌာန တပ် မတော်အရာရှိဟောင်းကြီးများ အဆင့်မြင့်အရာရှိ၃ဦးအပါဝင်၊ ကရင်ပြည်နယ်အုပ်ချုပ်ရေးမှု ဦးပြုံးချိုနဲ့ စုစုပေါင်း (၆) ဦးကို ရန်ကုန်အိမ်ခြံမြေအရောင်းဝယ် ကိစ္စနှင့်ပတ်သတ်ပြီး လာဘ်ယူမှုနဲ့ ဖမ်းဆီးလိုက်ကြောင်း ကြေငြာပါတယ်။

၎။ ဝန်ထမ်းများ အဂတိတိုက်ဖျက်ရေးမဟာဗျူဟာ စီမံချက်များ
(က) အဂတိလိုက်စားမှု (လာဘ်ပေးလာဘ်ယူမှု) ကျဆင်းရန်အတွက် အစိုးရရုံးများနှင့် ပြည်သူလူထု ဆက်ဆံရေးပြေပြစ်ရန် အစိုးရုံးများက အကြောင်းပြချက်မခိုင်လုံဘဲ ရုံးချိန်းခဏခဏ မပြောင်းရန်အတွက် ထိန်းသိမ်းကြပ်မတ်ပေးရန် လိုအပ်သော အရေးယူမှု၊ အမိန့်၊ ဥပဒေများ ချမှတ်ပေးပါရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ၂ဝ၁၇ မေ ၃ဝ ရက်မှာ ပြည်သူ့ လွှတ်တော်က မှတ်တမ်းတင်ပါတယ်။

(ခ) ၂ဝ၁၆ ဇူလိုင်လမှာ ပြည်ထောင်စုလွှတ်တော်က အဂတိတိုက်ဖြတ်ရေးဥပဒေကို အသက်၇၅နှစ်အထိ အသက်တိုးမြှင့် သတ်မှတ်တဲ့ ဥပဒေသစ်ကို လွှတ်တော်ကအတည်ပြုပြီး၊ လူသစ် အတွေ့ကြုံကြီးသူများနဲ့ အားမနာတမ်း အရေးယူတော့ မယ့်ပုံစံ မျှော်လင့်နေရပါပြီ။

(ဂ) ဇူလိုင် ၁ဝ ရက်ကကျင်းပခဲ့သည့် မြန်မာနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက်အား ထုတ် ပြန်ကြေညာရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဝန်ထမ်းများအတွက် အိုးအိမ်၊ အခွင့်ရေးများ လုပ်ဆောင်နေပြီး၊ အဂတိလိုက် စားမှုသည် အယုံအကြည်ရှိမှု၊ ကောင်းမွန်သည့်အုပ်ချုပ်မှုနှင့် ပြည်သူ့ဝန်ထမ်း ယန္တရားကြီးတခုလုံး၏ ဂုဏ်ရှိမှုအားတိုက်စားဖျက်ဆီးကြောင်း၊ အဆင့်မြင့်ရာထူးရာခံရှိသူများ၏ ပိုင်ဆိုင်မှုများအား ထုတ်ဖော်ကြေညာရန်၊ နည်းပညာအသစ်များနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအား ပံ့ပိုးဆောင်ရွက်ခြင်းသည် အဂတိလိုက်စားနိုင်မှု အခွင့်အလမ်းအား နည်းပါးစေ သည့် အစီအစဉ်များ ထည့်သွင်းထားကြောင်း ပြက်သားစွာ ပြောကြားခဲ့ပြီးဖြစ်ပါတယ်။

(ဃ) စင်ကာပူမှာ CBIP ဆိုတဲ့ အဂတိတိုက်ဖျက်ရေး ရဲအဖွဲ့က အလွန်တန်ခိုးကြီးသလို၊ မြန်မာနိုင်ငံမှာလဲ စသုံးလုံးဆိုတဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက တန်ခိုးကြီးပါတယ်။ အဲဒီ စသုံးလုံး အဖွဲ့ကို အကြီးအကဲ အသစ် ညွှန်ကြားရေးမှူးချုပ်အဖြစ် ဦးမောင်မောင်ကျော်ကို အတည်ပြုခန့်အပ်လိုက်ပါတယ်။ ဦးမောင်မောင်ကျော်ဆိုတာ တချိန်က စစ်အစိုးရလက်ထက် ပါ ဆယ်စာအုပ်နဲ့ ဗုံးခွဲလုပ်ကြံခံလိုက်ရတဲ့ ဒေါ်ချိုလဲ့ဦးရဲ့ အမျိုးသားဖြစ်ပါတယ်။ ယခင်က ထက်မြက်တဲ့ လုပ်ရည် ကိုင်ရည်ရှိ သူများကို ပြန်လည်ခန့်ထားခြင်းနဲ့ အဂတိတိုက်ဖျက်မယ်လို့ ယုံကြည်မိပါတယ်။

အထက်ပါ အရေးယူမှု၊ ဥပဒေပြုမှု၊ ရာထူးခန့်မှုများဟာ မြန်မာ့တပ်မတော် (လက်ရှိ) ခေါင်းဆောင်များသဘောတူညီမှု ကြောင့် ဖြစ်ပါတယ်။ တနည်းအားဖြင့် ရင်ကြားစေစပ်နိုင်တဲ့အတွက် အကျင့်ပျက်ဝန်ထမ်းနဲ့ အကျင့်ပျက်တပ်မတော်အရာရှိ ဟောင်းအချို့ကို ဖမ်းဆီးအရေးယူနိုင်ခြင်းဖြစ်ပါတယ်။ တပ်မတော် ဆက်လက်ပူးပေါင်းကူညီခြင်းနဲ့ အောင်မြင်တိုးတက် လာမယ် ဖြစ်ပါတယ်။
နိဂုံး
ဘာပဲဖြစ်ပစေ ပြည်သူလူထုကတော့ အဂတိတွေ၊ တရားဥပဒေမစိုးမိုးမှုတွေ ဒီမိုကရေစီခေတ် ၂ဝ၁၁ နောက်ပိုင်းမှာ ပိုပြီး များပြားနေတယ်လို့ပဲ သတ်မှတ်ထားပါတယ်။ အမှုမဖြစ်အောင်ပဲ ပိုက်ဆံအကုန်ခံ အမြန်ပိတ်ဆို့တဲ့ နည်းလမ်းပဲ လက်ရှိ ကာလမှာ အကောင်းဆုံးလို့ ခံယူဆဲပါ။ ဥပမာ ယာဉ်တိုက်မှုဖြစ်တာနဲ့ ကားဒရိုက်ဘာထွက်ပြေး၊ ကားပိုင်ရှင်နဲ့ ယာဉ်ထိန်းရဲ၊ မှုခင်းရဲတွေနဲ့ ငွေကုန်၊ အချိန်ကုန်၊ ရှည်လျားတဲ့တရားရုံးအမှု ဖြစ်ရတယ်။ စီးပွားလုပ်ငန်းတခုလုပ်နေရင် ဌာနဆိုင်ရာတွေနဲ့ လိုင်စင်ပါမစ် အခွန်၊ စည်ပင်၊ လျှပ်စစ် စတဲ့ဌာနဆိုင်ရာတွေနဲ့ ရှုပ်ယှက်ခတ် တောင်းနေဆဲ၊ ပေးကမ်းနေရဆဲဖြစ်ပါတယ်။ ရာဇဝတ်မှု ခိုးဆိုး၊လုယက်၊ သောက်စား၊ မူးယစ် များပြားလွန်းလာတဲ့အတွက် ရပ်ရွာအိမ်နီးချင်းတွေနဲ့ အဆင်ပြေအောင်၊ ညီ ညွတ်စွာ နေထိုင်ရတဲ့ ကာလဖြစ်ပါတယ်။ မတရားမှုတွေ ကြီးစိုးနေဆဲကာလ ဖြစ်ပါတယ်။

အစိုးရဝန်ကြီးများ၊ အရာရှိကြီးများ အဂတိခေါင်းမိုးလုံရေးထက် လုပ်တတ်ကိုင်တတ်ဖို့ (အသိပညာ) ကြီးမားရေးလိုအပ် ကြောင်း ပြောဆိုဝေဖန်နေကြပါတယ်။ ဒါပေမဲ့ လောလောဆယ်တော့ အဂတိကင်းရှင်းရေး၊ တပ်မတော်ပူးပေါင်းပါဝင်ရေး (ရင်ကြားစေ့စပ်ရေး) ဖြစ်တဲ့အတွက် မြန်မာ့စီးပွားရေးနှေးကွေးနေဆဲပါ။ အဂတိမရပ်တံ့နိုင်တဲ့ နိုင်ငံဘဏ္ဍာကို အကြီးကျယ် အလွဲသုံးသူ အစိုးရဝန်ထမ်းကြီးများ (ငါးအကြီးအချို့) ကို အလားတူ အဂတိလိုက်စားမှုဥပဒေဖြင့် ဖမ်းဆီး၊ တရားရုံးတင်နိုင်ရန် မျှော်လင့်မိပါတယ်။

အရာရှိကြီးများ အလွန်အကျွံ လာဘ်စား၊ အလွဲသုံးစားနေခြင်းများ ထိန်းချုပ်လာနိုင်ပြီး၊ တိုင်းပြည်လမ်းကြောင်းမှန်သို့ ရောက်လာမယ် ဆိုရင်၊ နိုင်ငံခြားရင်းနှီးမြှတ်နှံမှုများစွာ ကုန်ထုတ်လုပ်ငန်းများစွာ ဝင်ရောက်လာမယ် ဖြစ်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးတွင် လာဘ်ပေးခြင်း နှစ်တိုအတွင်း ပပျောက်ဖို့မြင်နေရပါပြီ။ ဒါပေမဲ့ အများဖြစ်စေချင်သလို ငွေကြေး အ မြောက်အများ မတရားရရှိထားတဲ့ သူဌေးကြီးများကိုတော့ ဖမ်းဆီးအရေးယူဖို့ ဖြစ်နိုင်မှာမဟုတ်သေးပါ။ ထိုလူများ နောက် နောင် (လုံးဝ) အဂတိမလုပ်ကြဖို့ ထိမ်းချုပ်နိုင်ဖို့ပဲ မျှော်လင့်မိကြောင်းပါခင်ဗျား။

ဇော်အောင် (မုံရွာ)
ဇူလိုင် ၂၃၊ ၂ဝ၁၇

Edmund Burke: “All it takes for evil to triumph is for good men to do nothing.”

ကိုးကား။ မိုးမခ၂ဝ၁၄ဆောင်းပါး
http://moemaka.com/archives/38584

Comments