မောင်မိုးသူ - အစိုးရသစ်နှင့် ယန္တရားအဟောင်း


Illustration - Zaw Maung

မောင်မိုးသူ  - အစိုးရသစ်နှင့် ယန္တရားအဟောင်း 
(ကုမုဒြာဂျာနယ်၊ ရန်ကုန်) မိုးမခ၊ ဇူလိုင် ၂၅၊ ၂၀၁၇

ပြည်သူ့ဆန္ဒနဲ့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ အစိုးရသစ်ဖွဲ့စည်းနိုင်ဖို့ ဆန္ဒမဲတစ်ခဲနက်ပေးခဲ့ကြလို့ အစိုးရသစ်ဖွဲ့စည်းနိုင်ခဲ့ကြတာ တစ်နှစ်ကာလ ကျော်ခဲ့ပြီဖြစ်ပါတယ်။ ပြည်သူလူထုအတွက် စီးပွားရေးနဲ့တကွ ဖွံ့ဖြိုးတိုးတက်မှု များသိသာမြင်သာရှိသော ပြောင်းလဲမှုများကိုသိပ်မတွေ့ရသေးဘဲ ရှိနေခဲ့ပါတယ်။ အကြောင်းတရားကတော့ အစိုးရသစ်ဟာ န္တရားဟောင်းများနဲ့ဆက်လက် လည်ပတ်နေရတာကြောင့်ဟု ဆိုကြပါတယ်။

ယန္တရားဟောင်းတွေနဲ့ပတ်သက်ပြီး သိသာမြင်သာသည့် ဖြစ်ရပ်တစ်ခုမှာ မကွေးတိုင်းက ယန္တရားဟောင်းမှသုံးစွဲထားခဲ့သော ဘဏ္ဍာငွေတော်တော်များ များကို ပြန်လည်ပေးဆပ်သည့် သတင်းပဲဖြစ်ပါတယ်။

မနေ့တစ်နေ့ကတော့ အရေးပါသော တာဝန်ရှိသူတော်တော်များများကို အဂတိလိုက်စားမှုဖြင့် အရေးယူမည်ဆိုသည့် သတင်းထွက်လာပါတယ်။

ဒါကလည်းကော်မရှင်၏ဆုံးဖြတ်ချက်ကြောင့်ဖြစ်ပေါ်လာရသည်ဟု ဆိုပါတယ်။
မည်သို့ပင်ဖြစ်စေ အဂတိလိုက်စားမှုကို ဖယ်ရှားနိုင်ရေးမှာအလွန်အရေးကြီးသည့် ပြဿနာဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းများ ရပ်တန့်သွားရသည့်အ ကြောင်းမှာလည်း အရင်ခေတ်ကအဂတိလိုက်စားမှု အဲလေချောဆီပေးကမ်းလုပ်ဆောင်ခြင်းဖြင့် အဆင်ပြေနေကြသူများမလုပ်ရဲ မလုပ်ကြသောကြောင့်ဟု ဆိုသူက ဆိုကြပါတယ်။

အစိုးရသစ်သည် စီမံကိန်းအဟောင်းများ၏ အရှုံးပေါ်နေသည်များကို ရပ်ဆိုင်းရန် လွှတ်တော်ကိုတ င်ပြဆုံးဖြတ်ချက်ချခဲ့ကြသော်လည်း တကယ်ရပ်ဆိုင်းရန် အရေးမှာ ယန္တရားဟောင်းများကြောင့် ချောမွေ့ခြင်းတော့ သိပ်မရှိ လှသေးသည်ကိုတွေ့ရှိရပါတယ်။ အစိုးရသစ်သည် လုပ်ဆောင်စရာရှိသည်များကို ဆက်လက်လုပ်ဆောင်ရမည်သာဖြစ်၍ ယန္တရားဟောင်းများကိုလည်း လိုအပ်သလိုဖယ်ရှားအစားထိုး လုပ်ဆောင်ကြရမည်သာ ဖြစ်ပါတယ်။
နှစ်ပေါင်း ၅၀ ကျော်လည်ပတ်နေသည့် ယန္တရားဟောင်း များကို ပြန်လည်ပြုပြင်ရန်ဆိုသည်မှာ ထင်သလောက်မလွယ်ကူသည်ကတော့ အမှန်ပင်ဖြစ်ပါတယ်။

အစိုးရသစ် ဖွဲ့စည်းလိုက်စဉ်ကပင် များပြားလှသော ဝန်ကြီးအဖွဲ့များကို ကျစ်လျစ်သော ဝန်ကြီးအဖွဲ့ဖွဲ့စည်းပြီး စတင်ပြုပြင်ပြောင်းလဲခဲ့သည်ကိုတွ့ရ ပါတယ်။ယန္တရားဟောင်း၏ အဓိကကုန်ကျစရိတ်ကြီးမား များပြားရခြင်း အကြောင်းမှာ ဝန်ထမ်းအများကြီး အများကြီးခန့် အပ်လုပ်ကိုင်ခဲ့ခြင်းကြောင့် over head charge, ဝန်ဆောင်မှုစရိတ် ကြီးမားရခြင်းမှာ အဓိကဖြစ်ပါတယ်။ စက်ရုံအလုပ်ရုံများ၊ စီမံကိန်းများ မအောင်မြင်ရခြင်း၊ အရှုံးပေါ်ခဲ့ခြင်းမှာဝန်ဆောင်မှု စရိတ်ကြီးမားသောကြောင့် ဖြစ်ပါတယ်။ ဝန်ထမ်းလေးငါးယောက်နဲ့ လုပ်ဆောင်ရမယ့်အစား ဝန်ထမ်းသုံးလေးဆယ်ဖြင့် လုပ်ကိုင်ခဲ့ခြင်းကြောင့်လည်း ပါပါတယ်။ စီမံကိန်း အကောင် အထည် ဖော်ဆောင်မယ့် တာဝန်ရှိသူများကလည်း များပြားလှသောဝန်ထမ်းများ ခန့်အပ်ထားခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။

ယခုအခါမှာ နည်းပညာတိုးတက်ဖွံ့ဖြိုး သုံးစွဲလာနိုင်ပြီဖြစ်၍ လျှောက်လွှာတစ်ခုကို စားပွဲ ၁၀ လုံးခန့် အဆင့်ဆင့် ဖြတ်သန်းရသည့်ကိစ္စများမရှိနိုင်တော့ သည်ကိုသိသာနိုင်လောက်ပြီဖြစ်ပါတယ်။ ထို့ကြောင့် အစိုးရအဖွဲ့သည်e-government အဖြစ်အားလုံး အီလက်ထရွန်းနစ်နဲ့ လည်ပတ်ဖို့ ကြိုးစားနေပြီ ဖြစ်ပါတယ်။သည်နေရာတွင်လည်း ယခင်အစိုးရဟောင်း၏အားကိုးရာတစ်ခုတည်းသော နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်သဖြင့် ယခင်အစိုးရလက်ထက်က ချုပ်ဆိုလုပ်ကိုင်ခဲ့ သော တရုတ်လုပ်ငန်းရှင်ကုမ္မဏီများနဲ့မြန်မာအစိုးရချုပ်ဆိုလုပ်ကိုင်ခဲ့သော စီမံကိန်းများ၏ စာချုပ်စာတမ်းများမှာ တစ်ဖက်စောင်းနင်းဖြစ်ခဲ့ကြသည်ကို အများပြည်သူတို့ တွေ့မြင်ခဲ့ကြပြီဖြစ်ပါတယ်။
မြန်မာပြည်ရဲ့ အသက်သွေးကြောဖြစ်သော ဧရာဝတီမြစ်ရဲ့မြစ်ဆုံစီမံကိန်းကို တစ်ပြည်လုံးအုတ်အော်သောင်းတင်း ကန့်ကွက်ခဲ့ကြခြင်းဖြစ်ပါတယ်။

ထိုနည်းတူ ဝမ်ပေါင်နဲ့ချုပ်ဆိုလုပ်ကိုင်ခဲ့သော လက်ပံတောင်းတောင်စီမံကိန်း စာချုပ်များလည်း ပြင်ဆင်နေကြရသည့်အပြင် ယခုတိုင်ပြေလည်မှုမရှိသေးဘဲ ဆန္ဒပြပွဲများ ဖြစ်ပေါ်လျက်ရှိပါတယ်။ ရခိုင်ကမ်းရိုးတန်းမှ ယူနန်သို့ ပိုက်လိုင်း သွယ်တန်းကာ ရေနံစိမ်းနဲ့သဘာဝဓာတ်ငွေ့  ပို့ပေးမှုအရေးတွင်လည်း အသိမ်းခံမြေယာရှင်များကလျော်ကြေးမရ ကြောင်း ပြောနေသော်လည်း ကုမ္မဏီဘက်မှ လျော်ကြေးပေးပြီးဖြစ်ကြောင်း ပြောဆိုသံများကြားနေရပါတယ်။

မောင်မိုးသူတို့ မြန်မာနိုင်ငံ၏ အကျယ်ပြန့်ဆုံး နယ်စပ်ဆက်သွယ်မှုမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ဖြစ်ပါတယ်။ တိတိကျကျပြောရပါလျှင် ယူနန်ပြည်နယ်နဲ့ ဖြစ်ပါတယ်။ ယူနန်ပြည်နယ်နဲ့ ထိစပ်နေသော ရှမ်းမြောက်ဒေ သတစ်ခုလုံးတွင် လူမျိုးစုအများစုသည် ယူနန်နဲ့ စီးပွားဖက်လုပ် ကိုင်နေကြခြင်းဖြစ်ရာ ရိုးစင်းသော ကုန်စည်ရောင်းဝယ်မှုများအပြင် သယံဇာတများဖြစ်သည့် ကျောက်စိမ်း၊ သစ်များကိုလည်း တရားဝင်ရော တရားမဝင်ရော ယူနန်သို့ တင်ပို့ရောင်းချနေရပါတယ်။

မြန်မာပြည်အထက်ပိုင်းက တကောင်းနီကယ်စီမံကိန်းမှာ တရုတ်ကုမ္မဏီ၊ တရုတ်လုပ်သားများဖြင့်သာ လည်ပတ်နေကြတာဖြစ်ပြီး မြန်မာဝန်ထမ်းအ လုပ်သမား၏လစာနဲ့ တရုတ်ဝန်ထမ်းလစာတို့သည် ၁၅ ဆခန့်ပင် ကွာဟနေကြောင်းသတင်းများဖတ်ရှုလိုက်ရပါတယ်။၎င်းမြောက်ပိုင်းဒေသတော်တော်များများမှာ အစိုးရအုပ်ချုပ်မှုအောက်တွင်ရှိနေသည် မဟုတ်ဘဲ ကေအိုင်အေနဲ့ အစိုးရတပ်များတိုက်ပွဲဖြစ်ပွား နယ်မြေလုနေကြသည့် သတင်းများဖတ်ရှုရပါတယ်။

ဘာပဲပြောပြော အစိုးရသစ်သည် အစိုးရဟောင်းတို့၏ စာချုပ်ဟောင်း၊ စီမံကိန်းဟောင်းများကို ပြုပြင်ပြောင်းလဲရ မည်သာဖြစ်ပါတယ်။ တစ်ဖက်စောင်းနင်း စာချုပ်များကို ပြောင်းလဲရမှာဖြစ်သလို ယန္တရားဟောင်းများနဲ့ လည်ပတ်နေသည်များကိုလည်း နည်းသစ်မူသစ်ဖြင့်လုပ်ဆောင်ကြ ရမည်ဖြစ်ပါတယ်။

ယခု ဖော်ပြလိုက်သော စီမံကိန်းနဲ့လုပ်ငန်းအဝဝတို့မှာရေခဲတောင် (ice berg)ရဲ့ ထိပ်ပိုင်းအစလောက်သာရှိကြပြီး အောက်ခြေတွင်မည်ရွေ့မည်မျှကြီး မားသော အစိုင်အခဲရှိမည်ကိုခန့်မှန်း၍ မရနိုင်အောင်ဖြစ်နေပါတယ်။

အစိုးရသစ်နှင့် ယန္တရားအဟောင်း ပြဿနာပဲဖြစ်ပါတယ်။


မောင်မိုးသူ

Comments