ကိုသန်းလွင် ● သီအိုစီဒိုက် ထောင်ချောက်
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၁၇
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၁၇
(၁)
လွန်ခဲ့သောနှစ်ပေါင်း ၂၄၀၀ ကျော်က ကမ္ဘာပေါ်တွင် အင်အားကြီးနိုင်ငံတခုအဖြစ် စုစည်းမိသည်မှာ စပါတာနိုင်ငံတခု တည်းသာ ရှိသည်။ ထိုအချိန်က ရေလမ်းခရီးသွားလာနိုင်သည်မှာလည်း မြေထဲပင်လယ် တခုတည်းသာရှိသည်။ ထိုအချိန် က ရောမနိုင်ငံဟုဖြစ်လာမည့် အေသင်တို့သည် တစတစ အင်အားကြီးမားလာနေသည်။ ထိုအချိန်က စပါတာနိုင်ငံမှ လူများ အဖို့ ရောမတို့၏ အင်အားကြီးထွားလာနေခြင်းကို စိုးရိမ်တကြီးစောင်ုကြည့်နေသည်။
ဤနည်းဖြင့် ရောမနှင့် စပါတာစစ်ပွဲသည် မလွဲမရှောင်သာဖြစ်ခဲ့ရသည်ဟု သမိုင်းဆရာ သီအိုစီဒိုက် (Theocydides) က ရေးခဲ့သည်။ သူရေးခဲ့သော Peloponnesian war စာအုပ်တွင် စပါတာတို့က တိုးပွားလာမည့် အေသင်တို့၏ရန်ကို ရှောင် လွဲ၍မရနိုင်ဟု ရေးခဲ့ပါသည်။
ယခုအခါ ကမ္ဘာကြီးသည် တရုတ်တို့၏အင်အားပမာဏသည် တဖြည်းဖြည်းတိုးပွားလာခဲ့ပါသည်။ သို့အတွက် အမေရိကန်နှင့် မိတ်ဖက်နိုင်ငံများနှင့် နေရာလုရမည့်ပုံစံ ဖြစ်နေပါသည်။ ယနေ့ ၂၁ ရာစုခေတ်သည် နေရာလုစရာမလိုတော့အောင် ကမ္ဘာ ကြီးမှာ ပုံစံပြောင်းနေပါပြီ။ ရှေးက မြေထဲပင်လယ်တခုတည်းသာ ရေလမ်းကြောင်း ရှိခဲ့ပြီး မြေထဲပင်လယ်တခုတည်းတွင်သာ လူယဉ်ကျေးများ ကျက်စားရာနေရာနေရာ ဖြစ်ခဲ့ပါသည်။ လူ့ယဉ်ကျေးမှုဆိုသည်မှာ မြေထဲပင်လယ်ကိုသာ ဗဟိုပြု၍ ဖြစ် ပေါ်ခဲ့ရပါသည်။
ကမ္ဘာကြီးတွင် အရှေ့အနောက် တောင်နှင့်မြောက် နေရာအနှံ့ဖြစ်နေကြပြီး လူ့ယဉ်ကျေးမှုမှာလည်း ပြောင်းလဲ နေပါပြီ၊ လူယဉ်ကျေးတို့ ကျက်စားရာရေပြင်ကျယ်ကြီးများအဖြစ် အန္တလန္တိတ်သမုဒ္ဒရာ၊ ပစိဖိတ် သမုဒ္ဒရာ၊ အိန္ဒိယနှင့်အရှေ့ တရုတ် ပင်လယ် စသည်တို့ဖြင့် လူတို့၏ကျက်စားရာနေရာ အသင့်ရှိနေခဲ့ပါပြီ။
ဟားဗတ်တက္ကသိုလ်မှ ဂရေဟမ်အင်ဒါဆင် (Graham Anderson) က သီအိုစီဒိုက်၏ထောင်ချောက်အဖြစ်တင် ပြခဲ့သည်မှာ (Theocydides Trap) တရုတ်တို့၏ ထိုးကွက် အောင်မြင်မှုများကြောင့် စစ်ပွဲကြီးများ ဖြစ်ကြရမည် ဟု ကြိုတင် ဟောကိန်း ထုတ်ခဲ့ပါသည်။
သီအိုစီဒိုက်၏ ထောင်ချောက်နှင့်ပတ်သက်၍ ၁၆၂၉ ခုနှစ်က သောမတ်ဟုဖ် ကပထမ ဦးဆုံးအကြိမ်အဖြစ် သီအိုစီဒိုက်၏ စာအုပ် ကို ဘာသာပြန်ရာမှ စတင်ထွက်ပေါ်လာဖူးသည်။ နောက်ပရော်ဖက်ဆာ ကီဂန်၏ ၄ တွဲ ပါစာအုပ် ထွက်ပေါ်ခဲ့ ဘူး သည်။ နောက်ပရော်ဖက်ဆာ Badiam ကလည်း အလားတူစာအုပ်ကိုပင် ဘာသာပြန် ၍ ထွက်ပေါ်လာဖူးသည်။
သီအိုစီဒိုက်၏ အမြင်မှာ ရိုးရှင်းသောအမြင်ဖြစ်သည်။ အေသင်တို့က တစတစ ထင်ရှားလာခဲ့ခြင်းမှာ သိသာ ထင်ရှားလွန်း သည်။ စပါတာတို့အမြင်တွင်လည်း အေသင်သည် ရှောင်လွဲ၍မရနိုင်သော ရန်ပွဲတခုပင်ဖြစ်သည်။ ပေါ်လီနီရှန်စစ်ပွဲဖြစ်ရန် အတွက် အရေးကြီးသော အချက်များကို သီအိုစီဒိုက်က ရှင်းပြခဲ့ပါသည်။ ပြိုင်ဘက်များအကြား ပြောရေးဆိုခွင့်ရှိပုံများ တစ တစ ပြောင်းလဲ၍လာသည်။ လက်ရှိလူက မကျေနပ်ပေ၊ ထိုအခါမိမိတို့ တာရှည်ရပ်တည် ရေးအတွက် စဉ်းစားလာရသည်။
ဘီစီ၅ရာစုအတွင်းက အေသင်တို့၏ ဖီလိုဆိုဖီအရေးပါပုံသမိုင်း၊ ဒရာမာ၊ ဘုရားကျောင်းကန် ဆောက်လုပ်ကြ သော အာခီတက်များ၊ ဒီမိုကရေစီနှင့် ရေကြောင်း အင်အားစသည်ဖြင့် တစတစကြီးထွားလာခဲ့ကြသည်။ ထိုသို့ အရေးပါလာခြင်းမှာ ပိုလီနီရှန်ဒေသ တစ်လုံးအတွက် အရေးပါခဲ့ပါသည်။ ထိုအချိန်တွင် တဖက်က စပါတာ လူမျိုး တို့အနေဖြင့်လည်း မိမိပိုင်နယ် အတွင်၌ ဖြစ်နေ၍ သတိကြီးစွာထားရမည့် အနေအထားသို့ ရောက်လာခဲ့ပါသည်။ သူရှင်းပြခဲ့သည်မှာ အေသင်တို့၏ တန်ခိုးကြီးထွားလာမှုများသည် သည်းခံနိုင်ဘွယ်မရှိသော ဖြစ်ရပ်တခုဖြစ်ပါသည်။
တကယ်စင်စစ်စပါတာတို့က စစ်ကိုအလိုမရှိပါ၊ သူတို့ဘုရင် Archidamus က စစ်ကိုအလိုမရှိကြောင်း ခဏ ခဏပြောဆိုခဲ့သည်။ သူတို့သည် အိုင်းယင်းဘားကိုပိုက်ဆံအဖြစ် သုံးကြသည်။ ထိုယဉ်ကျေးမှု၏ အသီးအပွင့် များကို ခံစားရင်းသာ ငြိမ်းငြိမ်းချမ်းချမ်းနေလိုကြသည်။
ကွန်ဖူမြို့ကို အေသင်တို့က တိုက်ခိုက်သောအခါ စပါတာတို့အနေဖြင့် ထိုမြို့ကို ကာကွယ်ရန် လိုအပ်သည်ဟု ယူဆပါသည်။ စစ်ပွဲတပွဲဖြစ်ပြီဆိုလျင် မိမိမိတ်ဆွေကို အကာအကွယ်ပေးရစမြဲသာဖြစ်ပါသည်။ ဤ နည်းဖြင့် ပိုလီနီရှန် စစ်ပွဲဖြစ်ပွားခဲ့သည်။ နှစ်၃၀ပြည့်၍ စစ်ပွဲကြီးပြီးဆုံးသွားသောအခါ စပါတာတို့ပင် အောင်ပွဲဆင်ခဲ့ ကြသည်။ စစ်ပွဲကြောင့် နှစ်ဖက်စလုံး အထိ နာခဲ့ကြပါသည်။
(၂)
၁၆ကြိမ်မြောက် စင်ကာပူနိုင်ငံတွင်ကျင်းပသော ရှမ်ဂရီလာဒိုင်ယာလော့တွင် အမေရိကန်နိုင်ငံကာကွယ်ရေး ၀န်ကြီးက ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံးနိုင်ငံနှစ်ခု ပဋိပက္ခဖြစ်ရခြင်းမှာ ရှောင်လွဲ၍ မရနိုင်ဟု ပြောခဲ့သည်။
၁၉၀၄ခုနှစ် ဂျပန်နိုင်ငံအင်အားကြီးမားလာစဉ်တုန်းကလည်း ရရှားတို့က အင်အားကြီးနိုင်ငံအဖြစ် ရှိနေခဲ့ပြီးဖြစ်သည်။ ဂျပန်တိုးတက်လာမှုကို ဟန့်တားရန်အတွက် ရရှားတို့က မကျိုးပမ်းခဲ့ကြပါ၊ ဇာဘုရင်၏တပ်ကိုသာ ဂျပန်တို့က စတင်တိုက် ခဲ့သည်။ ၁၉၄၁ ခုနှစ်ရောက်သောအခါ၌လည်း ဂျပန်တို့က တိုးတက်လာနေသော အင်အားကြီး နိုင်ငံဖြစ်သည်။ အမေရိ ကန်တို့ကလည်း ဂျပန်ကို တိုက်ခိုက်ရလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ၊ ပုလဲဆိပ်ကမ်းကို စတင်တိုက်ခိုက်ခြင်းမှာလည်း ဂျပန်တို့ သာဖြစ်သည်။
တဖန် ၁၉၃၀ခုနှစ်များဆီက ဥရောပနယ်ဘက်ကိုကြည့်လျင်လည်း ဂျာမနီသည် တစစတိုးတက်လာနေသော နိုင်ငံဖြစ်ခဲ့ ပါသည်။ အင်္ဂလန်၊ ပြင်သစ်၊ ရရှားတို့သည် တိုးတက်လာသော ဂျာမနီကို စစ်တိုက်ရန် မရည်ရွယ်ခဲ့ကြပါ၊ ရရှားနိုင်ငံ ကမူ ဟစ်တလာနှင့်ပူးပေါင်းရန်ပင် ကြိုးစားခဲ့ပါသည်။
ဤစစ်ပွဲကို ကာကွယ်ရန်အတွက် မည်သို့ဆိုစေ ပရော်ဖက်ဆာ ဂရေဟန်က တရုတ်ပြည်ကို သူတို့လိုချင် သည့် အရာမျိုးပေး ရမည်ဟုဆိုသည်။ တရုတ်ပြည်ကို ဘာတွေပေးရန် လိုပါသနည်း။
တကယ်ကစစ်လိုလားသူကို သူကြိုက်နှစ်သက်ရာပေးကြေးဆိုလျင် ပေး၍မဆုံးဖြစ်ရပေလိမ့်မည်။
တရုတ်တို့၏ တိုးတက်လာခြင်းမှာ အမေရိကန်ကြီးစိုးသောကမ္ဘာတွင် တိုးတက်တွင်ကျယ်ရခြင်းဖြစ်သည်။ အမေရိကန်သည် သူ၏လွှမ်းမိုးသူတို့အချင်းချင်း ပေါင်းစပ်ထားသော ဂရစ်ကြီးတခုရှိနေပြီးပါပြီ၊ တရုတ်တို့က တိုးတက်လာသည်ဆိုရာတွင် အဆိုပါဂရစ်ကြီးအတွင်းသို့ တိုးဝင်ရခြင်းဖြစ်သည်။ ဤကဲ့သို့ တိုးဝင်လာရခြင်းမှာ လွန်ခဲ့သောဆယ်နှစ်ခန့်က စတင် ခဲ့ခြင်းဖြစ်၏။
ယခင် Cold war အခြေအနေနှင့် ကွဲပြားသောအခြေအနေမှာ သိသာနေသည်။ ယခင်ကဆိုလျင် ဘက်နှစ်ဘက် ဟူ၍ ရှိစမြဲဖြစ်နေသည်။ ကိစ္စတခုကိုကြည့်ရှု့လျင် ကြည့်ရှု့ပုံကိုက မတူညီကြပေ၊ တရုတ်တို့အနေဖြင့် One Belt Forum တွင် တရုတ်သမ္မတကြီးပြောကြားခဲ့သလိုပင် တရုတ်တို့အနေဖြင့် မည်သည့်အယူဝါဒနှင့်မျှ ထိပ်တိုက် တိုက်ခိုက်စရာမလိုတော့ဘဲ ပါတနာရှစ်ဟူ၍ ဖြစ်လာသည်နှင့် တိုးတက်ရာတိုးတက်ကြောင်းကို စုပေါင်းလုပ်ဆောင်ရန်သာ ရှိသည်ဟု ဆိုခဲ့သည် မဟုတ်ပါသလော။
ယဉ်ကျေးမှုများ စက်စပ်နေပြီဖြစ်ရာ စစ်တိုက်သည်ဆိုရာတွင် ယဉ်ကျေးမှုနှစ်ခု မတူညီသည်ကို တိုက်ခိုက်ကြရ ခြင်း ဖြစ်ပါသည်။ ယခုအချိန်တွင် စစ်ဖြစ်သည်ဆိုရာတွင် နှစ်ကိုယ်တစိတ် ပူးပေါင်းနေခြင်းကို တိုက်ခိုက်ရသလို ဖြစ်ရာ ထိုသူ၏ ဦးခေါင်းကိုဖြတ်လျင် မိမိခေါင်းကိုဖြတ်သလိုဖြစ်နေပေလိမ့်မည်၊ ရှီဂျင်ပင်းကိုယ်တိုင်က ဆီရာတဲမြို့တွင် ပြောခဲ့သလို ပင်၊” သီအိုစီဒိုက်၏ ထောင်ချောက်သည် ရှေးက ကမ္ဘာဟောင်းအတွက်ဖြစ်ကြောင်း ယခု ခေတ်တွင်နယ်မြေအတွက် စစ်တိုက် စရာမလိုတော့ပါ၊” ဟု ပြောခဲ့ပါသည်။
တကယ့်လက်တွေ့တွင် တရုတ်ပြည်ကြီးမှ ထွက်ပြေးချင်သူတွေ အများကြီးဖြစ်နေပါသည်။ Pollution ကြောင့် ကလေးတွေ သေကြေကြသည်။ ဆေးရုံများ၏အခြေအနေမှာ ကြောက်စရာကောင်းသည်။ အစားအသောက်များ မှာ ထိမ်းချုပ်မှုကမရှိ၊ စနစ်ကြီးမှာ ပျက်စီးနေပြီး ရှေ့ရေးမှာ မထင်မှတ်နိုင်လောက်အောင် ဖြစ်နေသည်။
ချမ်းသာသော၊ နိုင်ငံခြားသို့ထွက်ရန် အဆင်ပြေသော တရုတ်လူမျိုးများက အမေရိကားတွင် မြေတွေ အိမ်တွေ ၀ယ်နေကြ သည်။ သမ္မတကြီးကိုယ်တိုင်က သမီးဖြစ်သူကို ဟားဗတ်သို့ ပညာသင်လွှတ်လိုက်သည်။ ထိုသို့ လွှတ် ခြင်းဖြင့် တရုတ်ပြည် တွင် နေခြင်းထက်ပိုမိုကောင်းမွန်သော အခြေအနေကို ဖန်တီးနိုင်သောကြောင့်လားဟု စဉ်းစားစရာဖြစ်နေသည်။ မိမိအနား ယူချိန်တွင် တရုတ်ပြည်ထက်ပို၍အေးချမ်းသောနေရာတခုကို ရှာဖွေနေခြင်း လောဟု စဉ်းစားစရာတွေ ရှိသည်။ သူ၏ပထမ ဇနီးမှာ အင်္ဂလန်နိုင်ငံတွင် အခြေချနေထိုင်နေလေပြီး အမေရိကန်တို့၏ အထက်တန်းကျောင်းများတွင် တရုတ်ပြည်မှ ကျောင်းသားများနှင့် ပြည့်သိပ်၍နေနေပေပြီ။
ထိုအခြေအနေမျိုးတွင် စစ်တိုက်ရန်မှာ မဖြစ်နိုင်တော့ပေ၊ အမေရိကန်နှင့်စစ်ဖြစ်လျင် မိမိအမျိုးအနွယ်များဖြင့် ပင် ပြန် လည်စစ်တိုက်ရသကဲ့သို့ ရှိနေပေလိမ့်မည်။
အမေရိကန်ကာကွယ်ရေးဝမ်ကြီး မာတစ်က ရှန်ဂရီလာဟော်တယ်တွေ့ဆုံပွဲတွင် ပြောဆိုသကဲ့သို့ပင် အမေရိ ကန်နှင့် တရုတ်နိုင်ငံတို့သည် ဦးတည်ရာတခုတည်းကို လုပ်ဆောင်နေကြကြောင့် သူတို့၏လမ်းကြောင်းမှာ မြောက်ကိုရီးယားမှ လက်နက်ဖျက်သိမ်းရေးပင်ဖြစ်ကြောင်း ဤတူညီသောအချက်တခုတည်းကပင် လုပ်စရာတွေအများကြီး ရှိနေကြပါသည်ဟု ပြောဆိုသွားခဲ့သည်။
(၃)
ပရော်ဖက်ဆာ ဂရေဟမ် ၏ ဥပမာများစွာတို့တွင် ၁၆ရာစုနှစ်ကဖြစ်ပွားခဲ့သော ပြင်သစ်နှင့် ဟန်စဘတ် (Habburgs) တို့၏ စစ်ပွဲကိုလည်းကောင်း၊ ၁ရ ရာစုနှစ်က ဖြစ်ပွားခဲ့သော အင်္ဂလန်နှင့် ဒတ်ချတို့၏စစ်ပွဲ များဖြင့်လည်းကောင်း၊ ၁၉ ရာစုနှစ်က ဖြစ်ပွားခဲ့သော အုပ်စိုးသူပြင်သစ်နှင့် တိုးထွက်လာသူ ဂျာမနီ တို့စစ်ပွဲ များနှင့်လည်းကောင်း အသီးသီးး နှိုင်းယှဉ်ပြခဲ့ပေသည်။
သို့ပါသော်လည်း ပထ၀ီဆိုင်ရာ အခြေအနေများ၊ အပြည်ပြည်ဆိုင်ရာအနေအထား၊ အဖြေးဖြေးနက်ရှိုင်းလာနေသော နောက်ကြောင်းပြန်၍မရနိုင်တော့သော ဂလိုဘယ်လိုက်ဇေးရှင်း အခြေအနေ၊ ကမ္ဘာကြီး၏၊ မြောက်များလှစွာသော တခုနှင့် တခု မှီခိုနေမှုများ၊ ကုန်ကူးသန်းရောင်းဝယ်မှုများ၊ စစ်နှင့်လက်နက်ဖြင့် ဖြေရှင်းခြင်းကို မခံသောခြေအနေ နှင့်သံတမန်ရေးရာ ဖြေရှင်းမှုတို့ကြောင့် စစ်ဆိုသည်မှာမတွေးဆ နိုင်သောအချက်တစ်ခု ဖြစ်နေပေပြီ၊
ကိုသန်းလွင်
Comments