လင်းသက်ငြိမ် ● ချစ်သူတွေရဲ့ နာရေးသတင်း
(မိုးမခ) ဇူလိုင် ၃၊ ၂ဝ၁၇
(မိုးမခ) ဇူလိုင် ၃၊ ၂ဝ၁၇
* မတ်လ ၂၂ ရက်၂ ဝ၁၃ မနက် ဝေလီဝေလင်းကြီး ဖုန်းဝင်လာတယ်။ ကိုရိုးခက်ဆီက မြူမင်းလွင် (ကောလင်း) မနေ့ညက ဆုံးပြီတဲ့။ ဟာ အဟုတ်လား။ ကိုဖုန်း ဖုန်းလှမ်းဆက်တာ သေချာတယ်တဲ့။ မတ်၂၁ ကမ္ဘာ့ကဗျာနေ့အတွက် ကျနော်လားရှိုး ရောက်နေတဲ့အချိန်။ မန္တလေးက ကိုနေညိုအောင်နဲ့ချိတ်ပြီး ကောလင်းကနေ တက်လာခဲ့ဖြစ်ကြတဲ့အချိန်ပေါ့။ ငါလည်း ကမ္ဘာ့ကဗျာနေ့မှာ မောင်နိုင်လင်း (ကောလင်း) နဲ့ဖြစ်ဖြစ် မင်းနဲ့လားရှိုးကိုပဲဖြစ်ဖြစ် လိုက်ချင်တယ်လို့ သူပြောခဲ့ပေမယ့်...။
ကျနော်လည်းငွေကြေးအဆင်မပြေ သူလည်းအဆင်မပြေလို့ မခေါ်ခဲ့ဖြစ်။ ကျနော်လားရှိုးကိုထွက်လာခဲ့တာလည်း သူမသိ။
သူက ကောလင်းမြို့အနောက်ခြမ်းက သက္ကယ်ကျင်းဆိုတဲ့ရွာကလေးရဲ့ ဘုန်းကြီးကျောင်းမှာ စတည်းချနေတဲ့အချိန်။ လား ရှိုးသွားမယ့်ညနေမှာ သူလည်းမလာ ကျနော်လည်း ကိုယ့်ကိစ္စနဲ့ကိုယ်ရှုပ်နေတော့ သူ့ကို လှမ်းမပြောဖြစ်ခဲ့။
မနက်လင်းတာကို မျက်လုံးအကြောင်သား ထိုင်စောင့်ပြီးတဲ့နောက် ရက်စက်တဲ့သေချာမှုတွေက ဖုန်းလိုင်းထဲကနေ ပြေးဝင် လာကြတယ်။ အက်စ်စီးဒင့်တဲ့။ သူ့ရွာမရောက်ခင် ကားလမ်းမမှာ နွားလှည်းနဲ့ဝင်တိုက်မိတော့ သူရင်အုံနဲ့ နွားလှည်းအုပ်ဆုံ တိုက်မိပြီး ပွဲချင်းပြီးတဲ့။ ဖုန်တထောင်းထောင်းထနေလေ့ရှိတဲ့ လမ်းမကြီးကို ကျနော်မြင်ယောင်မိတယ်။ ထူပြောလွန်းတဲ့ဖုန်မှုန့်တွေကြောင့် လမ်းဘေးချရပ်ထားလေ့ရှိတဲ့နွားလှည်းတွေကို ကျနော်မြင်ယောင်မိတယ်။
မြန်ဆန်သွက်လက်လွန်းတဲ့ သေခြင်းတရားက ပါးစပ်တွေကို အဟောင်းသားဖြစ်သွားစေခဲ့။ လည်နေတဲ့ပန်ကာကို ပလပ် ဆွဲဖြုတ်လိုက်သလို ရင်ခုန်သံတွေရပ်သွားသလို ခံစားရတယ်။ ဘာစကားမှမပြောနိုင်။ ဖုန်းထဲက ကိုနိုင်လင်းရဲ့အသံကိုလည်း မကြားတချက် ကြားတချက် နားတွေအူနေတယ်။ သူ့အသုဘမှာ လက်ကမ်းဝေဖို့ အမှတ်တရလေးတွေရေးပို့လိုက်ဦးတဲ့။ လားရှိုးကဗျာဆရာတွေရဲ့ အမှတ်တရတွေကို တောင်းမိတယ်။ သူတို့လည်း ကြေကွဲစွာရေးပေးကြ။ ကူငွေတွေလည်း ပေး ကြ။ ကျနော် ဝမ်းနည်းခြင်းကဗျာမရေးနိုင်၊ စာတကြောင်းမှလည်း ရှာမရမရေးတော့ဘူးလို့ ပြောမိတယ်။
ရေးလိုက်ပါ တခုခုရေးလိုက်ပါဆိုလို့ ကျနော်စာသုံးကြောင်းလောက် ရေးလိုက်မိ။ ကိုယ်နဲ့ခင်မင်ရင်းနှီးသူ ကဗျာဆရာဆုံးပါး ခြင်းကို ပထမဆုံးအကြိမ် ကြုံတွေ့ရတာပါပဲ။ သူဆုံးတဲ့ညက ဆိုင်ကိုလာသွားသေးတယ်တဲ့ အကို့ကိုမေးပြီး လားရှိုးသွား တယ်ဆိုတာနဲ့ သူပြန်ထွက်သွားတယ်တဲ့ ပြန်ပြောပြတဲ့ ညီမရဲ့စကားသံက ကျနော့်ကိုနာကျင်စေတယ်။ ကြေကွဲစေတယ်။ သူ့ရက်လည် လလည်ကို ကိုဆန်းလင်းဦးနဲ့ သူ့မိတ်ဆွေတွေနဲ့ စီစဉ်ပေးခဲ့ရတာနဲ့ပဲ ဖြေသိမ့်လိုက်ရတယ်။ သူ့ကျောင်းကို သွားတော့ ဆရာတော်က သူ့စာအုပ်တွေ ယူသွားဖို့မိန့်ပေမယ့် ကျောင်းကစာကြည့်တိုက်ကိုပဲလှူခဲ့လိုက်ပါတယ်။
သူ့လက်ရေးမူစာအုပ်နှစ်အုပ်ကိုတော့ ကျနော်ယူခဲ့တယ်။ဘ ကဗျာနည်းနည်းနဲ့ စာရွက်အလွတ်တွေများတဲ့ စာအုပ်တွေပေါ့။
သွားကြည့်မယ်စိတ်ကူးပေမယ့် သူ့မြေပုံကိုကျနော်သွားမကြည့်ခဲ့ဖြစ်ပါ။ သူ့အသုဘမှာ ကောလင်းမြို့လူကုန်နီးပါးလိုက်ပို့ ကြတယ်လို့သိရတော့ လူချစ်လူခင်အတော်များတဲ့ ကဗျာဆရာအဖြစ် အသိအမှတ်ပြုခဲ့ရပါတယ်။ ကဗျာအကြောင်း သိပ် မသိတဲ့မြို့မှာ ကဗျာဆရာအဖြစ်နဲ့ သူသေဆုံးခဲ့တယ်။
.......
*၂၄.၅.၂ဝ၁၅ မနက်အစောကြီးပါပဲ ကိုနေညိုအောင်ဆီကဖုန်းဝင်လာတယ်။ မှော်အောင် ဆုံးပြီတဲ့။ သူ့ဖုန်းဝင်လာကတည်းက ဒီသတင်းပဲဖြစ်မယ်ဆိုတာ ခန့်မှန်းမိပေမယ့် `ဗျာ´ လို့ တလုံးတည်းရေရွတ်မိပြီး ကျနော်ငြိမ်သက်သွားခဲ့ရတယ်။ လားရှိုးပြန် သယ်ဖို့ စီစဉ်နေကြတယ်တဲ့။ မန္တလေးကိုဆေးကုမသွားခင် လားရှိုးဆေးရုံမှာ ကိုမှော်အောင် အရင်တက်ပါတယ်။ ကျနော် ညသွားစောင့်အိပ်ပေး ခဲ့တယ်။
သူ့ဝေဒနာတွေကို သူတင်းခံနေပုံကို ကျနော် အားကျမိခဲ့ရတယ်။ သူ့ကိုယ်ကပူလွန်းတော့ ရေဝတ်ကလေး သုတ်သုတ်နေပုံကို အခုထိ မျက်လုံးထဲမြင်ယောင်နေမိပါသေးတယ်။
ကဗျာတွေရွတ်ပြရင် မျက်လုံးကလေးမှေးစင်းပြီး နားထောင်တယ်။ ကဗျာစာအုပ်အကြောင်း ကဗျာဆရာတွေအကြောင်း ပြောရင် သူဝင်ဝင်ပြောတယ်။ ကျနော် မနက်ပိုင်းအလုပ်ကိုပြန်မယ်ဆို ကွမ်းယာဖိုးဆိုပြီး အတင်းထိုးထိုးပေးလို့ ကျနော် စိတ်မကောင်းဖြစ်ရတယ်။ သူ့အသုဘမြေချတော့ လရောင်လမ်းချိုးက အမိန့်ပြန်စာ ဖတ်ရပုံဟာလည်း မမေ့နိုင်တဲ့ အပူ ရောင်မြင်ကွင်းပဲ။ ကိုရိုးခက်ရဲ့အသံဟာ တုန်ခါလို့ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာ အမိန့်ပြန်အပြီး တဖွဲ့လုံး ငိုကြွေး ကြ။ ကိုဝေဒီနှင်းက မြေကျင်းထဲ သူ့ကဗျာစာရွက်ကလေး ထည့်ပေးလိုက်ပါသေးတယ်။ ချစ်ခင်ရင်းနှီးရတဲ့ ကဗျာဆရာ တယောက်နဲ့ ဒုတိယအကြိမ် သေကွဲကွဲရတာပါပဲပဲ။
ကင်ဆာရောဂါရှိမှန်းသိရပြီးတဲ့နောက်ပိုင်းမှာ ကိုမှော်အောင် ကျနော့်ဆီ အလာများပါတယ်။ သူလာပြီဆို နေချိုသွေးလည်း ပါပါလာတတ်တယ်။ ကျနော့်ဆီလာရင်း ကိုရိုးခက်နဲ့တွေ့ သူနဲ့စကားတွေပြောပြီး ကျနော်တို့ ဆိုင်တဆိုင်သွားထိုင်ကြ။ သူ မဆုံးခင်ကာလမှာ သူ့ကဗျာတွေ မဂ္ဂဇင်းတွေမှာ ခပ်စိပ်စိပ်ပါလာ။ လရောင်လမ်းချိုးမဂ္ဂဇင်းကို သူဦးဆောင်။ လရောင်လမ်းချိုး တွေလည်း မကြာခဏတွေ့ဆုံကြ။ တခုသတိထားမိတာက ကင်ဆာရောဂါခံစားရပြီးတဲ့နောက်ပိုင်း သူအငြင်းအခုံ ပိုသန် လာတာ။ စကားတွေပြောချင်တာ။ ဆေးလိပ်တွေ ပိုသောက်လာတာ။ အမှတ်တရတွေအများကြီးပါပဲ။ လားရှိုးဆိုတာ ကျ နော့်ရဲ့ကဗျာမျိုးစေ့ဆို ကြီးရင့်ရှင်သန်လာစေသူတွေထဲမှာ သူလည်းအပါအဝင်ဖြစ်ပါတယ်။ ဖတ်ပြီးသမျှစာအုပ်တွေကို အ လွတ်ရနေတတ်တဲ့ သူ့ရဲ့မှတ်ဉာဏ်ကို ကျနော် အံ့သြလေးစားခဲ့ရတယ်။
သူက ကချင်လူမျိုး သူ့ကိုသင်္ဂြိုလ်တာကလည်း ခရစ်ယာန်လို။ ရက်လည်နေ့မှာ သူတို့ထုံးစံအတိုင်း ဝတ်ပြုဆုတောင်းအပြီး ကျနော်တို့ ကဗျာတွေရွတ်ကြတယ်။ ရက်လည်မှာ ပထမဆုံးအကြိမ် ကဗျာရွတ်ခဲ့ဖူးခြင်းပါပဲ။ သူ့အိမ်သားတွေ မျက်ရည် ကျကြ။ သူ့အမေက အားလုံးကို လိုက်ဖက်ပြီးငိုတယ်။ အဲ့ဒီမှာ ကိုမှော်အောင့်အမေကို ကျနော်စကားတခွန်းပြောခဲ့မိပါတယ်။ အန်တီ့သားဟာ အလကားလူမဟုတ်ပါဘူး၊ ကဗျာဆရာပါဗျ၊ ကဗျာတွေကိုရေးခဲ့တဲ့ ကဗျာဆရာပါ။ မျက်ရည်တွေကြားထဲက သူ့အမေရဲ့ကျနပ်နေတဲ့မျက်ဝန်းတွေကို ကိုမှော်အောင် မြင်သွားခဲ့ဖူးသလား မမြင်သွားခဲ့ဖူးဘူးလားတော့ ကျနော် မသိနိုင်ခဲ့ ပါ။
* ၁ ရက်နေ့ ကျနော့်စာအုပ်သေတ္တာကိုပြန်မွှေရင်း လက်ရေးနဲ့ ကျနော်ကူးထားတဲ့ကဗျာစာအုပ်ကလေးကိုပြန်တွေ့တာနဲ့ ကဗျာတချို့ကိုဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘုတ်မှာတင်မိပါတယ်။ အဲ့ဒီအထဲမှာ ကိုသျှားရဲ့ကဗျာလည်းပါ ပါတယ်။
`ရန်ကုန်စတိုင်လ် ခေတ်လည်းမီ အချိုးအစားလည်းကျတဲ့ စိတ်ပျက်လက်ပျက် အရသာ´ ဆိုတဲ့ကဗျာပါပဲ။ နောက်ရက် စနေနေ့ မနက်ဆယ်နာရီလောက်မှာ သူမက်ဆေ့ဘောက်ကိုကြည့်တော့ Active now ပြနေလို့ မင်းကဗျာ ငါလက်ရေးနဲ့ကူးထားတာလေးတင်ထားတယ်လို့ပြောတော့... ဟာ တကယ်လား ကြည့်လိုက်ဦးမယ်တဲ့။ သူကြည့်ပြီးတော့ အကိုက အများ ကြီး ကူးထားတာပဲ မိုက်တယ်လို့ပြောတယ်။
အဲ့ဒါပြီးတော့ သူနဲ့ဆက်မပြောဖြစ်ဘဲ ဖေ့စ်ဘုတ်ဆက်သုံးနေတုန်း ကိုမော်ဆူးသစ်က သူဂတ်စကက်ပေါက်နေလို့ စကားလုံး အထူးကု ဝပ်ရှော့တခုမှာ အင်ဂျင်စစ်နေတယ်လို့ ပို့စ်တင်လာတာနဲ့ အလုံးလိုက်လဲလိုက်တော့လို့ စနောက်ပြီး သွားမန့်တော့ ကိုသျှားက ငမူး ပပျောက်ရေးစီမံချက်လို့ ပြန်မန့်လာတာနဲ့ မင့်ကျ တစီးလုံးလဲရမှာလို့ ပြန်စလိုက်ပါတယ်။
ညနေပိုင်းကျ ကိုသျှားဆုံးပြီဆိုတဲ့သတင်းကဖေ့စ်ဘုတ်ပေါ်တက်လာလို့ ထိတ်ခနဲဖြစ်ပြီးလိုက်ကြည့်တော့ သူ့အကောင့်ကနေ လည်း ကိုသျှားဆုံးပြီလို့ တင်ထားတယ်။ ဒီကောင်ဘာတွေလျှောက်တင်နေတာလည်းမသိဘူး စိတ်လေနေပြီထင်တယ်လို့ တွေးပြီး စိတ်တိုမိသေးတယ်။ နောက်တော့ပို့စ်တွေက အမှန်အကန်ဖြစ်လာတယ်။ စိတ်တွေရှုပ်လာလို့ နောက်စရာမဟုတ်ဘူး လို့ လှမ်းမာန်မိတယ်။ နောက်တော့ သတင်းဆိုးဟာ အမှန်တရားဖြစ်လာပြီး ဝမ်းနည်းခြင်းတွေက ရွာချရတော့တာပါပဲ။ ဆိုင် ကယ်အက်စ်ဆီးဒင့်ဖြစ်ပြီး ဆုံးတာတဲ့။
ကိုသျှားနဲ့ကျနော် အပြင်မှာ လူချင်း တခါမှ မတွေ့ခဲ့ဖူးပါဘူး။ ဒါပေမယ့် မက်ဆေ့မှာ မကြာခဏ စကားပြောဖူးတယ်။ ၆ လ ပိုင်းအကုန်မှာ ကျနော့်ကိုစကားပြေ ၅ ပုဒ် ၆ ပုဒ်ပေးဖို့ ပြောလာတယ်။ တွဲထုတ်ရအောင်တဲ့။ ခဏနေပါဦးကွာ ငါ ငါ့စ ကားပြေတွေကို သိပ်အားမရသေးဘူး စောပါသေးတယ်လို့ပြန်ပြောတော့ အားရတဲ့အထိရေးဗျာ ထုတ်မယ်တဲ့ အကိုက စာမူပဲပေးတဲ့ ပိုက်ဆံက ကျနော့်ဘာသာစီစဉ်မယ်ပြောတယ်။ သူ့စာအုပ်အကြောင်း ကဗျာလောကအကြောင်းလည်း လာ လာ ပြောတတ်တယ်။ ကဗျာကို လေးနက်သူ။ ကဗျာဆရာတွေကို ချစ်ခင်သူမှန်းဆိုတာကို ခံစားလို့ရပါတယ်။
သူနဲ့စပြီး စကားပြောဖြစ်တာက အကို အကို့ကို ကျနော်ချစ်လို့ဆဲဦးမယ်တဲ့။ ဘာလဲဟ မင့်ဟာကလဲ ချစ်တာနဲ့ ဆဲမှာနဲ့ ဘာဆိုင်လည်းလို့ ကျနော်မေးတော့ မသိဘူးဗျာ ဆဲမှာပဲ အကိုလဲ မကျေနပ်ပြန်ဆဲတဲ့။ အတော်ခွကျတဲ့ကောင်လို့ ကျနော် တွေးလိုက်ပြီး မင့်သဘောကွာ ဆဲချင်ဆဲ ငါလည်း သည်းမခံနိုင်ပြန်ဆဲမှာလို့ ပြောလိုက်တယ်။ သူမဆဲခဲ့ပါဘူး။
အဲ့ဒီကနေစပြီး ရင်းနှီးခဲ့ကြတာပါ။ ကျနော့်ဆီလာလည်မယ့်အကြောင်းတွေ။ သူစိတ်လေနေတာတွေ ပြောဖြစ်နေကြရင်း ခင်မင်နေကြတာပါ။ သူ့ရဲ့အထီးကျန်အော်ပရာကို သူငယ်ချင်းတယောက်ကညွှန်းတာနဲ့ ကျနော်ဝယ်ဖြစ်ထားပါတယ်။
ပြီးအောင်တော့ မဖတ်ရသေးပါဘူး။ ထပ်ထုတ်မယ့် စာအုပ်တွေရှိသေးကြောင်းလည်း သူပြောပါတယ်။ အခုတော့ ဗျာ။
ချက်ချင်းလက်ငင်း အနိစ္စနဲ့ကျနော်တို့ ဘယ်လိုသင့်မြတ်နိုင်ပါ့မလဲ။ ဗြန်းခနဲ သေပြလိုက်တော့ ဘာပြောရမှန်းမသိအောင် ဆွံ့အရတယ်။ မက်ဆေ့တွေမှာ သူ့ဘော်ဒါကဗျာဆရာတွေနဲ့ အပြန်အလှန်ပြောရင်း ကျနော်ဝမ်းနည်းနေမိတယ်။
တခုခု ရေးချင်နေပေမယ့်ကဗျာအဖြစ်လည်းထွက်မလာ။ ကျနော်ကြုံခဲ့ရတဲ့ ချစ်ခင်သူတွေရဲ့နာရေးသတင်းတွေလည်း အလျှိုလျှို ခေါင်းထဲပြန်ဝင်လာကြတာနဲ့ ချစ်သူများရဲ့နာရေးသတင်းကို ရေးဖြစ်ပါတယ်။ ချစ်သူတွေ ကောင်းရာဘုံဘဝ ရောက်ရှိကြပါစေ။
လင်းသက်ငြိမ်
illustration : Siddhesh Rane
Comments