သူသူမေ (မော်ကျွန်း) ● အတိတ်မှန်ကွဲစများမှတဆင့်
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၁၇
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၁၇
စာပေသည် ခေတ်တခေတ်၏ကြေးမုံပြင်ကဲ့သို့ပင်တည်း။ ကျွန်မတို့အားလုံးပင် တစ်သက်နှင့်တစ်ကိုယ် တစ်ခါမျှ မရောက်ဖူးခဲ့သည့်၊ ရောက်မည်လဲမဟုတ်တော့သည့် မိမိတို့နိုင်ငံ၏ အတိတ်နေ့ရက်များအား စာပေထဲမှပင် အပြန်ပြန်အလှန်လှန် သွားကြည့်ကြရ၏။ ခံစားခဲ့ကြရပါ၏။ အတိတ်သမိုင်းကို ပြန်လွမ်းမည်ဆိုလျှင် ကျွန်မတို့နိုင်ငံလေးမှာ လွမ်းစရာများနှင့် ပြည့် နှက်လှပသော နိုင်ငံလေးတခုဖြစ်မည်မှာ မလွဲပေ။
ကျွန်မအနေနှင့် ကနဦးအလွမ်းမျိုးစေ့ချရလျှင် ပထမမြန်မာနိုင်ငံတော်ကြီးပင် ဖြစ်သည်။ အနော်ရထာမင်းကြီးသည် အကွဲကွဲအပြားပြားဖြစ်နေသော မြို့ရွာများကိုစုစည်းပြီး နိုင်ငံတော်ကြီးတစ်ခုတည်ထောင်နိုင်ခဲ့သည့်မင်းတစ်ပါးဖြစ်သည့် အ ပြင် အသိဉာဏ်ပညာနှင့်ပြည့်စုံပြီး နှလုံးရည်ပြည့်ဝသူလည်း ဖြစ်တန်ရာပါသည်။ တိုင်းပြည်တပြည်တွင် မင်းဖြစ်သူမှာ သူခိုးများအား ချီးမြင့်မြောက်စားလျှင်သူခိုးများသာလာရောက်မည်ဖြစ်သလို သူရဲကောင်းများအား တန်ဖိုးထားချီးမြင့်မြှောက်စားလျှင် သူရဲကောင်းများသာ လာရောက်ခိုလှုံကြမည်ဖြစ်ပါသည်။ ကျွန်မတို့၏ အနော်ရထာမင်းကြီးမှာမူ သူရဲကောင်းများ ခိုလှုံသော၊ ဗုဒ္ဓ၏ သစ္စာတရားတော်များ စည်ပင်ပြန့်ပွားသော တိုင်းနိုင်ငံကြီးတစ်ခုအဖြစ် သမိုင်းတွင်စေခဲ့သူဖြစ်သည်။ ကျွန်မမှာ အနော်ရထာမင်းကြီးအကြောင်း တွေးမိစဉ်မှစ၍ မိမိတို့ နာယူမှတ်သားရသည်များ၊ ကျင်ကြံအားထုတ်ရသည်များ၊ ရွတ်ဆိုပွားများရသည်များမှာ ထိုမင်းကြီး၏ကျေးဇူးပင်ဟု အဖန်ဖန်အောက်မေ့ဆင်ခြင်ဖြစ်ခဲ့ပါသည်။ ထိုသို့ဖြင့် ကျေးဇူးအား သိတတ်ရသည်ကိုလည်း ဝမ်းမြောက်ဝမ်းသာဖြစ်နေမိပါသည်။
ယခုဆိုလျှင်လည်း အနော်ရထာမင်းကြီး လက်ဆင့်ကမ်းခဲ့သည့် တရားအမွေဖြင့်ပင် နိုင်ငံတော်ကြီးအားကြည့်ရပါဦးမည်။ ဗုဒ္ဓ၏တရားတော်ပါအတိုင်းပင် အရာရာမှာ ဖြစ်ပျက်ပြောင်းလဲနေသည်ဆိုသကဲ့သို့ အနော်ရထာမင်းကြီး၏ ပထမမြန်မာနိုင်ငံတော်ကြီးသည်လည်း ဖြစ်ပြီး ပျက်ခဲ့ကြရပါသည်။သို့သော် အေဒီ ၁၆ ရာစုအစတွင် ဘုရင့်နောင်မင်းတရားကြီး၏ကောင်း မှုဖြင့် အစိတ်စိတ်ကွဲနေသောပြည်နယ်များအား ပြန်လည်စုစည်းနိုင်ခဲ့ပြီး ဒုတိယမြန်မာနိုင်ငံကြီးဟူ၍ တဖန် တစင်ထောင်နိုင်ခဲ့ပါသည်။ ဖြစ်ပျက်တရားများမှာတော့ ရပ်မသွားခဲ့ပါ။ ဒုတိယမြန်မာနိုင်ငံကြီးသည် ဖြစ်ပျက်တရား၏ ရေစီးကြောင်း အတွင်း ပျောက်ကွယ်ခဲ့ရပြန်ပါသည်။
ထို့နောက် အလောင်းမင်းတရားကြီးဦးအောင်ဇေယျ၏တတိယ မြန်မာနိုင်ငံတော်ကြီး ထပ်မံဖြစ်ပေါ်လာပြန်ပါ သေးသည်။ လောကဓမ္မအား မလွန်ဆန်နိုင်ပြန်ပါပြီ။ ဤအကြိမ်သည်တော့ ပျက်ခဲ့သမျှတွင် အဆိုးဝါးဆုံးအကြိမ်ဟုဆိုရပါမည်။ သူ့ကျွန်ဘဝအား နှစ်ပေါင်းများစွာခံစားကြ ရ၏။ သူတပါး၏အာဏာစက်အောက်တွင် နား ၊ မျက်စိများခြေလက်များ အတုတ်နှောင်ခံကြရ၏။ သူရဲကောင်းများစွာပေါ်ထွန်းလာခဲ့ကြသလို သူရဲကောင်းများစွာစတေးခဲ့ကြရ၏။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် အာဇာနည်ကြီးများမှ တောင်တန်းပြည်မ ပြန်လည်စုစည်းခဲ့ပြီး ပြည်ထောင်စု၏အားဖြင့် လွတ်လပ်ရေးကြီးကို အရယူနိုင်ခဲ့ကြပါသည်။
ကျွန်မသည် ထိုမျှထူထဲလှသောအတိတ်သမိုင်းကြီးအား ပြန်လည်တူးဆွမိရင်း သမိုင်းတွင်းမှ သူရဲကောင်းများ၊ သူတော်ကောင်းကြီးများအား ဦးညွှတ်မိ၏။ ကျေးဇူးဥပဿကာရတင်မိ၏။ လွတ်လပ်ရေးအား မြတ်နိုးတန်ဖိုးထားမိ၏။ ထို့ပြင် နိုင်ငံတော်ကြီးများအား စုစည်းတည်ထောင်သွားသူ သူရဲကောင်းကြီးများအား ကြည့်ခြင်းဖြင့် မှတ်သားဖူးသည့် စာတိုတစ်ခုအား သတိရသွားမိ၏။ ကျွန်မအနေဖြင့်မူ ထိုစာတိုလေး၏သဘောတရားအား "အမွေဟူသည် ဘိုးဘေးတို့ထံမှလက်ဆင့်ကမ်း ယူရသည့်အရာဆိုခြင်းထက် ကျွန်မတို့မှသာ ခေတ်တခုအားတည်ဆောက် လက်ဆင့်ကမ်းပေးရမည့် အရာ" ဟူ၍နားလည်ထားဖြစ်ပါသည်။ မည်သို့ဆိုစေ သမိုင်းထဲတွင် ကျွန်မတို့သည် ညီညွတ်ခဲ့ကြသည်။ ရိုင်းပင်းခဲ့ကြသည်။ ငြိမ်းချမ်းခဲ့ကြဖူးပါ သည်။ ဤသည်ကား ငြင်းပယ်မရသည့်အတုယူဖွယ်များသာဖြစ်ပါသည်။
ယခုအခါတွင် ကျွန်မတို့်နိုင်ငံသည် ခေတ်အဆက်ဆက်များအားကျော်ဖြတ်လာပြီးနောက် ပါတီစုံဒီမိုကရေစီစနစ်သို့ (သို့)ခေတ်တခုသို့ ခြေဦးလှည့်နေခြင်းဖြစ်ပါသည်။ ထိုခေတ်တခု၏အစတွင် ကျွန်မတို့သည်လည်း အတိတ်ကကဲ့သို့ ပြန်လည်စုစည်းကြရပါဦးမည်။ ကျွန်မတို့အားလုံး ဘာများ ပေးကြမည်နည်း။ ဆဲရေးတိုင်းထွာခြင်းများ၊ မညီညွတ်ခြင်းများ၊ ရန်ငြိုးများ၊ ကိုယ်ကျိုးဖက်အတ္တများ၊ အသိဉာဏ်နုံနဲ့ခြင်းများ၊ အကြမ်းဖက်ဝါဒများ၊ ကိုယ်ချင်းစာ နာတရားခေါင်းပါးခြင်းများ၊ ယိုယွင်း ပျက်စီးနေသော သဘာဝပတ်ဝန်းကျင်များ စသဖြင့် စသဖြင့် ပေးကြပါမည်လား။ အချိန်သည် ကျွန်မတို့နှင့်အတူ (သို့) ကျွန်မတို့အားမစောင့်ဘဲ သွားကောင်းသွားပါလိမ့်မည်။ ကျွန်မတို့သည် ညီညွတ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်းများအား ခံစားစံစားလိုသော သာမန်ပြည်သူများဟုဆိုလျှင်လည်းရသလို ခေတ်တခုအားလွှဲပြောင်းပေးအပ်နိုင်သော ပြည်သူများဟူ၍ လည်း ဆို၍ရပါသည်။
ယခုကျွန်မတဦးတည်းအနေဖြင့်မူ ကျွန်မ၏ စာသင်ခန်းတွင် ကလေးအယောက် ၅၀ ခန့်ရှိပါသည်။ ကျွန်မ၏ကျောင်းသားကလေးများမှာ သူတို့ဘာသူတို့ စာဆိုဟုဆိုလျှင် တယောက်တပေါက်နှင့် မညီကြပါ။ ကျွန်မမှာ စုစုစည်းစည်းညီညီညာညာ ဖြစ်ရန် အနော်ရထာထုံး နှလုံးမူ၍ ဦိးဆောင်တိုင်ပေးရပါသည်။ ထိုအခါမှပင် မညီမညာဖြစ်နေသော သူတို့၏ဆိုသံကလေးများ ညီလာကြပါသည်။ ကျွန်မထင်ပါသည်။ အနော်ရထာသည်အကွဲကွဲအပြားပြားဖြစ်နေသော မြို့ရွာများကို စုစည်းနိုင်ခဲ့ခြင်း ထက် အကွဲကွဲအပြားပြားဖြစ်နေသော စိတ်ဓာတ်များအားစုစည်းနိုင်ခဲ့ခြင်းက ပိုမည်ဖြစ်ပါသည်။ ကျွန်မတို့သည်လည်း မတူ ကွဲပြားကြပါမည်။ သို့သော် ဖြူစင်ရပါဦးမည်။
Comments