မင်းမင်းဇော်မောင် ● ကွီးရောဘတ်နှင့် အနောက်တံခါးအနားသို့ တခေါက်

မင်းမင်းဇော်မောင် ● ကွီးရောဘတ်နှင့် အနောက်တံခါးအနားသို့ တခေါက်
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၇

(၁)
ရွာဦးကျောင်းဆရာတော်ကိုယ်တိုင်အကူအညီတောင်းခံသဖြင့် နှစ်ကာလရှည်ကြာသည့်တိုင်အောင် လုံခြုံမှုမရှိရှာသည့် အ နောက်တံခါးအရေးကို ဝန်ကြီးရောဘတ် ကိုယ်တိုင်သွားရောက် ဖြေရှင်းလေပြီ။ သူသည် အလွန်ပင်စိတ်မြန်လက်မြန်ရှိသူဖြစ်၏။

"ဝန်ကြီးကိုယ်တိုင်ကြွလာတယ်ဆိုတော့ အားနာမိတယ် ဒကာလောဘ"

အခြွေအရံများ ခြံရံလျက် မင်းခမ်း မင်းနားဖြင့်ကြွချီလာသော ဝန်ကြီး ရောဘတ်သည် လက်အုပ်ကလေး အသာချီကာ ခေါင်းပေါ်မှဗောင်းတော် ပြုတ်ကျမည်စိုးသဖြင့် လည်ကို ငဲ့စောင်း ထိန်းကျောင်းလျက် ဆရာတော်စကားကို တရိုတသေ ပြန်ကြားလေ၏။ သူ၏ဘေးဘယ်ညာ နှစ်ဖက်မှ အသာကပ်လျက် ထီးတော်မိုးနေသော ကိုယ်ရံတော်နှစ်ဦးသည် မျက်နှာသာ ရလိုဇောနှင့် ဝန်ကြီးအား အလုအယက် မိုးကာပေးနိုင်ရန်ကြိုးစားကြလေရာ ထီးနှစ်ချောင်းသည် ဓားရေးယှဉ်ပြိုင်သကဲ့သို့ လွန့်လူး လှုပ်ခါလျက် ရှိလေသည်။

"ရောဘတ်လို့ခေါ်ပါ အရှင်ဘုရား။ ရပ်ရွာအရေးဟာ တပည့်တော်တို့ ရွာသားအားလုံးရဲ့အရေးမို့ အပန်းမကြီးပါဘူးဘုရာ့"

ဆရာတော်ကြီးသည် လွန်စွာနှစ်ထောင်းအားရကျေနပ်လျက် ရောဘတ်ဇော်မင်းကို ပြုံးပြုံးကြီးကြည့်နေလေ၏။ ဟုတ်သည်။ ဝန်ကြီးရောဘတ် အစွမ်းကို ဆရာတော်ဘုရားကြီး စွန်းယုံပြီးသား။ ဟိုတလောကပင် ရွာကနွားလှည်းတွေကို တကောင် တဘီးစနစ်ဖြင့် မောင်းခိုင်းသဖြင့် ပွက်လောရိုက်သွားသေးသည်။ နွားတကောင်လျှင် ဘီးတဘီးသာပါဝင်သော လှည်းကို အသုံးပြုစေသဖြင့် နွားနှစ်ကောင်မလိုတော့။ လမ်းအကျယ်ကြီး အသုံးပြုစရာမလို။ ပါကင်ထိုးရလွယ်သည်။ ဆီစားနည်းသွား သည့်အတွက် ငွေကုန်ကြေးကျသက်သာစေသည်။ အညစ်အကြေးစွန့်ထုတ်မှုထက်ဝက်လျော့ကျသွားစေသည့်အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လွန်စွာ အထောက်အကူပြုသည်။ တကောင်တဘီး စနစ်သည် သူ၏ပြောင် မြောက်လှသော စနစ်သစ်ပြောင်းလဲမှုခြေလှမ်းတခု။

ကွမ်းတံတွေးကို နံရံတွင်ထွေးစေခြင်းဖြင့် ဆေးသုတ်စရာမလိုသောစနစ် မှာလည်းသူအကောင်အထည်ဖော်ခဲ့ခြင်းဖြစ်၏။ ရပ်ကွက်အတွင်း လှည့်လည်ရောင်းချလေ့ရှိသော ခေါင်းရွက်ဈေးသည်များ မိမိရောင်းချသည့်ပစ္စည်းကို ပီသစွာ အော်ရမည့် အမိန့် ထုတ်ပြန်ခဲ့ပြီး၊ မပီမသ အော်ဟစ်ရောင်းချခြင်းကိုလည်း အရေးယူပြစ်ဒဏ်ချမှတ်ခဲ့သဖြင့် ယခုအခါ အိုးတိုက်ဖွဲပြာအား စားစရာအမှတ်နှင့် ခြောက်လွှာမှ အပြေးဆင်းဝယ်ယူမိသော အဖြစ်မျိုးလျော့ပါးစေခဲ့သည်။ အစပိုင်းတွင် ပြည်သူ ပြည်သား တို့မှာ အမြဲတစေ ဆန့်ကျင်ကြပြီး လိုက်နာဆောင်ရွက်လိုခြင်းမရှိကြ။ နောက်ပိုင်းမှ ဝန်ကြီး၏ စေတနာကိုနားလည်သဘော ပေါက်ကုန်ကြသည်။

ပြည်သူပြည်သားတို့အား စွမ်းအင်ချွေတာ သုံးစွဲစေလိုသော ရည်ရွယ်ချက်ကို စေတနာရှေ့ထားလျက်အကောင်အထည်ဖော်ခြင်းပင်ဖြစ်၏။ သူ့စနစ်က ပွက်ပွက်ဆူစေပြီးမှ လဖက်ခြောက်ခတ်လိုက်သလိုမျိုး။ ပြီးလျှင် ထန်းလျက်ကလေးပါအဆစ်ထည့်ပေးခြင်းအားဖြင့် အဆုံးသတ်လေ့ရှိသည်။ သို့သော် အဆုံးမှာ သူ့လုပ်ရပ်ကြောင့် အကောင်အထည်ပေါ်လာသော စီမံ ကိန်းများကား လက်ဖျားခါ သြချလောက်အောင် ပြောင်မြောက်လှပေ၏။ သူကား လက်ရဲဇက်ရဲ ပြတ်ပြတ်သားသား ဖျက်စရာရှိရင် ချက်ချင်းဖျက်၊ ပြင်စရာရှိရင် လက်ငင်းပြင်တတ်သည့် အစားမျိုး၊ ပြင်မရလျှင် အမှိုက်တောင်းထဲသို့ လွှင့် ပစ်လိုက်မည့် စရိုက်နှင့်လူ။ ပြတ်သားချက်က 9 လောက်ရှိသူဟု အများက သတ်မှတ်ကြ၏။ ယခုလည်း မည်သူမျှ မဆောင် ရွက်နိုင်သေးသည့် အနောက်တံခါး အရေး သူကိုယ်တိုင် သွားရောက်ဖြေရှင်းပြီ။

(၂)
ဝန်ကြီးရောဘတ်ကိုယ်တိုင် အနောက်တံခါးကိစ္စ သွားရောက်ဖြေရှင်း
………………………………………………………………………………….

"ဪအေးအေး ရောဘတ်။ ဒကာကြီးကိုယ်တိုင်လာခဲ့တာ ဘုန်းကြီးအရမ်းကျေးဇူးတင်တယ်။ အနောက်တံခါးမလုံတော့ လူဆိုးသူခိုးတွေ ဝင်မှာစိုးရိမ်ရတာနဲ့ အိပ်ကောင်းခြင်းမအိပ်ရ၊ စားကောင်းခြင်းမစားရနဲ့ကွာ။ ကိုယ်တိုင် လုံအောင် မကာနိုင် တော့လည်း ဝင်လာသမျှကို မတားဆီးနိုင်ဘူးလေ၊ မိတ်ဆွေလား ရန်သူလား ဘယ်လိုခွဲခြားနိုင်မတုံးကွယ်။ အရေးထဲ ကိုယ်မွေးတဲ့ခွေးတွေ ကိုယ်တိုင်က သူစိမ်းမြင်လို့ ကိုက်ဖို့နေနေသာသာ သူများကျွေးတာတွေ စားပြီး ဟောင်တောင် မ ဟောင်တော့ဘူးကွ။ အမြီးတနှံ့နှံ့နဲ့။ ဒီခွေးတွေကြောင့် ဘုန်းကြီးစိတ်လေတယ် ဒကာရောဘတ်ရေ"

"တင်ပါ့ဘုရား စိတ်အေးအေးထားပါ။ တပည့်တော် ဖြေရှင်းပေးပါ့မယ်ဘုရာ့။ အခုလောလောဆယ် ရွာသူရွာသား အားလုံး အနောက်တံခါး ရှိရာအရပ်မှာ စုရုံးကြဖို့စီစဉ်ပေးပါဘုရား"

"အိမ်း ကောင်းပြီဒကာကြီး"

သို့နှင့် ဆရာတော်ဘုရားဆင့်ခေါ်မှုဖြင့် ဝန်ကြီးရှေ့မှောက် ခစားရောက်ရှိလာကြသော ရွာသူရွာသားလူအများကို ဝန်ကြီးရော ဘတ်က ဖက်လှဲတကင်း တရင်းတနှီး၊ နွေးထွေးပျူငှာ ချစ်ခင်စွာဖြင့် တဦးချင်းစီ ပွေ့ဖက်ကာ နှုတ်ဆက်ခြင်းအမှုပြုလေ ပြီးသကာလ၊ မေးမြန်းစုံစမ်း စပ်စုခြင်းအား အစပြုလေသည်။

"အလို၊ ကြည့်စမ်း အခုစုရုံးရောက်ရှိလာသူတွေ အားလုံး မိန်းမတွေချည်းပဲ။ မောင်မင်းတို့ ဘယ်သဟာပြုလို့ မင်းတို့ရွာမှာ ယောက်ျားသားတွေ သည်လောက်နည်းပါးရသတုံး။ ယောက်ျားတွေ ဘာလို့ထွက်မလာကြတာလဲ။ ဘယ်ရောက်နေကြတာ တုံး"

"မှန်လှပါ ဝန်ကြီးဘုရာ့၊ ဘုန်းတော်ကြောင့် အောင့် အောင့်"

တစုံတဦးကကြောက်ရွံ့ရိုသေသော အမူအရာဖြင့် မတ်တတ်ထရပ်ကာ လျှောက်တင်ဟန်ပြင်သော် ဘုန်းတော်ကြောင့်ဆိုမှပဲ ဝန်ကြီးထံ ဖုန်းဝင်လာသည်။

(ကရင် ကရင် ကလင် ကလင်!! )

"အရေးထဲ ဒီဖုန်းကတမှောင့်"

ဝန်ကြီးသည် လက်တဖက်ကာပြရင်း ခါးကြားမှဖုန်းကိုထုတ်၍ ဖြေကြားခြင်းပြုလေ၏။
"ဟလို ဟလို အေးပြော။ (-------------------) ဘာ !!! မရဘူး ဟုတ်လား။ (-------------)။ ဘူဒိုဇာနဲ့သာ ထိုးလိုက်ကွာ"

ဖုန်းချပြီး အားလုံးသော လူများကိုကြည့်လိုက်သော် မီးကိုရေနှင့်ငြှိမ်းသတ်ထားဘိအလား မျက်လွှာများချလျက် တိတ်ဆိတ် နေကြသည်မှာ အသက်ရှူသံပင်မကြားရ။

"ကဲ ဆက်ပြော မောင်မင်း"

"မှန်လှပါ ဘုန်းတော်ကြောင့် ဟောင့် ဟောင့်"

"မဘုန်းနဲ့တော့ကွာ လိုရင်းတိုရှင်းပဲပြော"

"ဟုတ်ကဲ့ ဒီရွာမှာ ယောက်ျားမရှိသလောက်ပါ အဘ"

"ဟျောင့် အဘလို့ မခေါ်နဲ့ကွာ၊ မကြိုက်ဘူး။ တရင်းတနှီး ကွီးပဲခေါ်"

"ဟုတ်ကဲ့၊ ကွီးရောဘတ်ခင်ဗျာ၊ ရွာက ယောက်ျားတော်တော်များများ နိုင်ငံခြားသွားကြတယ်ခင်ဗျ"

“ဘာ!! ၊ သူတို့က မိန်းမတွေ၊ ကလေးတွေထားပြီး ဘာသွားလုပ်တာတုံး"

"ဘုန်းတော်ကြောင့် အလုပ်သွားလုပ်ကြတာပါဘုရာ့၊ အဲ အဲ ကွီးရောဘတ်။ မလေးရှားထွက်သူထွက်၊ ထိုင်းကိုသွားတဲ့လူ သွားဆိုတော့ ရွာမှာ ယောက်ျားဆိုလို့ အဘိုးကြီးနဲ့ ကလေးတွေပဲ ကျန်တာခင်ဗျ။ ဒါတောင် တချို့မိန်းကလေးတွေ စင်ကာ ပူကို အိမ်အကူဆိုပြီးထွက်ကြသေးတာ၊ နို့မို့ရင် မိန်းကလေးတွေ ဒီထက်ပိုများတယ် ကွီးရောဘတ်"

"အလို ဒါမျိုးရှိသေးတာလား။ နေစမ်းပါဦး။ ဒါဆို မင်းက ယောက်ျားလေးဖြစ်ပြီး ဘယ့်နှာပြုလို့ ဒီမှာရှိနေသေးတုံး"

"ငှင့်၊ ကျန်ဆို တူညားမှ မတွားရဲထှာ"

"ဗုဒ္ဓော! ၊ လက်စသတ်တော့ မောင်မင်းက ဟိုဒင်း ဟိုဟာဖြစ်နေတာကိုး လခွမ်း။ အနောက်တံခါး ခုလိုဖြစ်နေတာ မောင်မင်း တို့ မသိကြဘူးလား။ အားလုံးစည်းစည်းလုံးလုံးနဲ့ ဝိုင်းပြီးလုပ်ကိုင်ကြမယ်ဆိုရင် ဒီလောက်ထိ အခြေအနေဆိုးစရာ အ ကြောင်းမရှိဘူး"

ထိုစဉ် အမျိုးသမီးတဦးက ထရပ်လျက် -
"ကျွန်မတို့ရွာမှာ ယောက်ျားတွေမှမရှိတာ၊ သမီးတို့ မိန်းမတွေ ဘာလုပ်နိုင်မှာတုံး။ ကျွန်မတို့ မိန်းမသားတွေက လက်သမား အလုပ်တွေ မလုပ်တတ်ဘူးရှင့်။ နို့ပြီး တံခါးကြီးတွေက အကြီးကြီးတွေ"

"အေး အဲဒီလိုဆင်ခြေတွေပေးနေသရွေ့ ဒီတံခါးကြီး ပြန်ကောင်းလာမှာမဟုတ်ဘူး။ အမှန်တော့ မင်းတို့တွေ အသိပညာ၊ အတတ်ပညာနည်းလို့ အခုလိုဖြစ်ကြရတာ။ ပညာရေးကိုဦးစားပေးပြီး ပြုပြင်မှဖြစ်တော့မယ်"

တံခါးပျက်သည့်ကိစ္စအား ပညာရေးကြောင့်ဟု မဆီမဆိုင် အပြစ်တင်ပြီးသကာလ ဝန်ကြီးသည် သူ၏ အင်္ကျီလက်နှစ်ဖက်ကို ခေါက်တင်ကာ အနောက်တံခါးရှိရာဆီသို့ ကြွမြန်းလေသည်။ လူထုတရပ်လုံး အုန်းအုန်းကျွက်ကျွက်ဖြင့် နောက်မှကပ်လျက် လိုက်ပါကြလေ၏။

အနောက်တံခါးဆီသို့ရောက်လေသော် တခဏမျှသော အချိန်ကာလလေး တခုအတွင်းမှာပင် စစ်ဆေးကြည့်ရှုခြင်းပြီးစီးလျက် ကျိုးပျက်သောအစိတ်အပိုင်းတို့အား ချက်ချင်းအစားထိုးကာ ဝန်ကြီးကိုယ်တိုင် တူကိုင် လွှဖြတ် လက်သမား အတတ်တို့ဖြင့် ပြုပြင်ဖာထေးခြင်းပြုလေ၏။ ကာလရှည်ကြာ အဖြေမရှာနိုင်သည့် အနောက်တံခါးပြဿနာကား သံလေးငါးချောင်း နှက်ရုံမျှ ဖြင့် ၁၅ မိနစ်ခန့် အချိန်အတွင်းမှာပင် ဖြေရှင်းပြီးစီး နိတ္ထိတံလေတော့သတည်း။

“ဖြောင်း ဖြောင်း ဖြောင်း"

ပြည်သူအပေါင်း နှစ်ထောင်းအားရ ဝမ်းမြောက်လှသဖြင့် လက်ခုပ်လက်ဝါးတီးကာ တခဲနက်အားပေးကြလေ၏။

“ကွီးရောဘတ် ကျန်းမာပါစေ”
“ကွီးရောဘတ် ကျန်းမာပါစေ"

မင်းမင်းဇော်မောင်

Comments