နိုင်ဝင်းသီ ● မြို့ကလေးရဲ့အော်ပရာ

နိုင်ဝင်းသီ ● မြို့ကလေးရဲ့အော်ပရာ
(မိုးမခ) ဇူလိုင် ၁၊ ၂၀၁၇

အိုမင်းရင့်ရော်လှပြီဖြစ်တဲ့ နှစ်ထပ်သင်္ဘောလေးတစင်းဟာ ပျင်းရိထိုင်းမှိုင်းစွာမျောလွင့်နေတဲ့ မိုးသားတိမ်တိုက်တွေ အောက်က ဝါကျင့်ကျင့်မြစ်ရေကို လှပစွာထိုးခွဲပြီး တရိပ်ရိပ်ပြေးလွှားနေပါတယ်။ ခါတိုင်း လှိုင်းကြက်ခွပ်လေးတွေ မဆိုစ လောက် ယိမ်းလှုပ်နေတတ်တဲ့မြစ်ရေပြင်ဟာ ဒီနေ့မှာ အံ့သြစရာ ကောင်းလောက်အောင် အေးစက်ငြိမ်သက်နေတယ်။

မြစ်ရေပြင်ငြိမ်သက်နေလို့လားမသိဘူး။ မြစ်ရေကို ထိုးခွဲပြေးလွှားနေတဲ့သင်္ဘောဦးပိုင်းရဲ့ဘေးတဖက်တချက်ဆီမှာ ရေပန်း လေးတွေလွင့်ဖြာနေပုံက နွဲ့ပျောင်းတဲ့ ကချေသည်မလေးရဲ့ လက်နှစ်ဖက်နဲ့ တူလှပါတယ်။

သင်္ဘောဦးပိုင်းမှာ ရပ်နေတာဆိုလို့ကျနော်တယောက်ပဲ ရှိပါတယ်။ တချက်တချက် မိုးရနံ့ပါတဲ့လေဟာ ကျနော့်တကိုယ်လုံးကို ခပ်ကြမ်းကြမ်း ဖြတ်တိုက်သွားတတ်ပါတယ်။ တခါတခါတော့လည်း ကျနော့်မျက်နှာပေါ်ကို အေးစက်တဲ့ ရေစက်လေးတွေ လာရောက်ထိမှန်တတ်ပါတယ်။

ကျနော့်မျက်နှာပေါ်မှာ လွင့်စဉ်ပေါက်ကွဲနေတဲ့ရေစက်လေးတွေဟာ မိုးသားတိမ်တိုက်တွေဆီက လွင့်ကျလာတဲ့မိုးရေစက် လား၊ မြစ်ရေပြင်ထဲက ခုန်တက်လာတဲ့ မြစ်ရေစက်ပဲလား၊ ခွဲခြားသိဖို့ ကျနော်မကြိုးစားပါဘူး။


ကျနော့်မျက်နှာပေါ်ကို အခုလို မိုးရေစက်လေးတွေ တဖောက်ဖောက်နဲ့ လွင့်စဉ်ထိမှန်တဲ့အရသာမျိုးကို ကျနော်တအား ကြိုက်ပါတယ်။

သိပ်မကြာလိုက်ဘူး။ တိမ်တိုက်တွေကြားက အတင်းတိုးထွက်လာတဲ့ဆည်းဆာ နေခြည်ဖျော့ဖျော့အောက်က ဆိပ်ကမ်းမြို့ ကလေးဟာ ကျွန်တော်ရပ်နေတဲ့ဆီကို မိန်းမဝဝ ကြီးတစ်ယောက်လို ခပ်လေးလေး ပြေးလွှားလာပါတော့တယ်။

လိမ္မော်ရောင်မျဉ်းမတ်များအောက်က ဆိပ်ကမ်းမြို့စိမ်းစိမ်းလေးဟာ အရင်အတိုင်းပဲနဲ့တူပါရဲ့။ ဘာမှပြောင်းလဲပုံ မရသေး ပါဘူး။

သင်္ဘောဆိုက်ကပ်ဖို့ ဥသြဆွဲလိုက်တယ်ဆိုရင်ပဲ ကျနော့်တကိုယ်လုံး ပူနွေသွားပါတယ်။ ဆိပ်ခံဘောတံတားအိုကြီးပေါ်က နဂိုမူလဆေးသားရောင် လွင့်ပြယ်ကွာကျနေတဲ့ " ကြိုဆိုပါ၏ " ဆိုင်းဘုတ်လေးကိုငေးရီကြည့်နေရင်းက ကျနော်ကိုယ်ထဲမှာ ရောထွေးစိမ့်ဝင်နေတဲ့ "ဘီ" သွေးတွေဟာ ဆူပွက်လာပါတယ်။ ကျနော့်ကိုယ်ခန္ဓာတခုလုံးဟာလည်း လန်းဆန်းကြည်လင် သွားပါတယ်။

အို ...အားလုံးဟာ အရင်ကအတိုင်းပါပဲလား။ ဒီဖြစ်တည်စီးမျောမှုလေးတွေဟာ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်ကတည်းက ဟောဒီလမ်းမ တလျှောက်မှာ စီးမျောခဲ့တာပေါ့။

မြို့ကလေးရေ
မြို့ကလေးရေ....ငါလာပြီဟေ့။
* * * * * *

ဆယ်စုနှစ်တနှစ်ဆိုတဲ့အချိန်ဟာ လူတယောက်ရဲ့ဘဝကို ပြောင်းလဲသွားစေဖို့လုံလောက်တဲ့ အချိန်ပမာဏ ဟုတ်မဟုတ် ကျနော်မသိပါဘူး။ အဲဒီဆယ်စုနှစ် တစ်နှစ်ထဲမှာ အံ့သြစရာကောင်းလောက်အောင် ဘဝအဆစ်အချိုးတွေ ပြောင်းလဲလာတဲ့ လူတချို့ကို ကျနော်မြင်တွေ့ခဲ့ဖူးပါတယ်။ အဲဒီဆယ်စုနှစ်ထဲမှာပဲ ဘာမှထူးခြားမှု ရှိမလာခဲ့တဲ့၊ သွေ့ခြောက်မွဲရီနေတဲ့ မျက်လုံး တွေကိုလည်း ကျနော်အသေအချာ မြင်ခဲ့ဖူးပါတယ်။
ကမ္ဘာကြီးမျက်တောင်တချက်ခတ်လိုက်တဲ့ ဟောဒီဆယ်စုနှစ်တစ်နှစ်အတွင်းမှာ လူတွေရဲ့ဖြစ်တည်မှုဟာ တချို့ ကျောက် တုံးတွေ၊ တချို့ဟာ ကြယ်ပွင့်တွေပေါ့။ အားလုံးဟာ အမှောင်ခေတ်ကြီးထဲမှာ အေးစက်လေးကန်စွာနဲ့ ရွေ့လျားလို့ပေါ့။

ကျနော်ဟာ ဘာထရန်ရပ်ဆဲလ်မဟုတ်ပါဘူး။ ကျနောဟာ ဆော့ခရိတ္တမဟုတ်ပါဘူး။ သီအိုရီတခုခုကို မွတ်မွတ်သိပ်သိပ်နဲ့ ရှာဖွေနေရလောက်အောင် ကျနော်မရူးနှမ်းသေးပါဘူး။ အထူးပြုစံနှုန်းသတ်မှတ်ချက်တွေဆီ ဘယ်တုန်းကမှ ကျနော် စိတ်မရောက်ခဲ့ပါဘူး။ လူ့ဘဝဆိုတာ ဆင်ဖိုနီတခုနဲ့ တူမတူ ဘယ်တုန်းကမှ ကျနော် တွေးမကြည့်မိပါဘူးဗျာ။

ကျနော် အသေအချာစိတ်ဝင်စားခဲ့တာက ဟောဒီမြို့ကလေးက မမဟန်နီဟာ ဘာတွေများ ပြောင်းလဲခဲ့ပါသလဲ။  သည်ကနေ့အထိ နာမည်မသိရ သေးတဲ့ စာရေးဆရာတယောက်နဲ့ ကဗျာဆရာတယောက်ဟာ ဘာတွေများပြောင်းလဲခဲ့ ပါသလဲ။

ကျနော်ယစ်မူးတမ်းမက်စွာသွားထိုင်လေ့ရှိတဲ့ " ပန်းဖြေရာ" ဆိုင်လေးဟာဘာတွေများ ပြောင်းလဲခဲ့ပါသလဲ။

သင်္ဘောဆိပ်ဟာ မြို့နဲ့ တစ်မိုင်နီးပါးဝေးကွာတဲ့အတွက်ခရီးသည်တွေဟာ မြိုလေးထဲကို ကားတွေနဲ့သွားကုန်ကြပါပြီ။ ကားမမီတဲ့ ခရီးသည်တချို့က တော့ မြင်းလှည်းလေးတွေစီးလို့ပေါ့။

လက်ကောက်ဝတ်က နာရီကိုကြည့်လိုက်တော့ ညနေခြောက်နာရီသာသာပဲ ရှိပါသေးတယ်။ ယာဉ်တခုခုစီးတာထက်စာရင်လမ်းလျှောက်သွားတာက ကျနော်ချစ်မက်တဲ့မြို့ကလေးရဲ့အငွေ့အသက်တွေကို ထိစမ်းပွတ်သပ်လို့ရနိုင်တာကြောင့် မြို့ထဲကို လမ်းလျှောက်သွားဖို့ ကျနော်ဆုံးဖြတ် လိုက်ပါ တယ်။

မိုးစက်ချွန်မျှင်အောက်မှာ ဆန့်ဆန့်ကြီးအိပ်နေတဲ့ ကတ္တရာလမ်းမပေါ်မှာ ခြေလှမ်းမှန်မှန်နဲ့ လျှောက်လှမ်းနေတဲ့အချိန်မှာပဲကောင်းကင်နံရံကို ချည့်နဲ့စွာ ကုပ်တွယ်ထားတဲ့ ဆည်းဆာရဲ့လက်ချောင်းတွေဟာ ပြေလျော့အိကျလာပါတယ်။ မြို့ကလေးထဲမှာ တညတာ အိပ်စက်မယ့်ညဟာလည်း ကျနော့် နောက်မှာ ခြေသံတရှပ်ရှပ်နဲ့ပေါ့။

ကမ်းနားလမ်းတလျှောက်မှာတော့ ရောင်စုံတိုက်အိမ်လေးတွေနဲ့ ရော့ခ်သီချင်တွေ ဆူပွက်ပေါက်ကွဲနေတဲ့ လက်ဖက်ရည်ဆိုင်လေးတွေ များပြားလာ တာကလွဲလို့ သိပ်ထူးခြားတာ မတွေ့ရပါဘူး။ အလင်းရောင်ပြေပြေလေးဖြာကျနေတဲ့ လမ်းဘေးမီးတိုင်လေးတွေ၊ မိုးရေစက်တွေအောက်မှာ ငူငူငေါင် ငေါင်ကြီးရပ်နေတဲ့ကုက္ကိုပင်စိမ်းစိမ်းကြီးတွေ၊ ညပြာနုထဲကိုတိုးဝင်လာတတ်တဲ့ကားမီးရောင်တန်းလေးတွေ၊ ခြူသံလွင်လွင်နဲ့ တခွပ်ခွပ်ပြေး လွှားနေတဲ့ မြင်းလှည်းလေးတွေ၊ ရိပ်ခနဲ ရိပ်ခနဲဖြတ်ဖြတ်တက်သွားတတ်တဲ့ စက်ဘီးလေးတွေ၊ လမ်းမထက်ကို လွင့်ကျလာတတ်တဲ့ ချာတိတ်မလေးတွေရဲ့ ရယ် မောသံနုနုလေးတွေ။

အို ...အားလုံးဟာ အရင်ကအတိုင်းပါပဲ။ ဒီဖြစ်တည်စီးမျောမှုလေးတွေဟာ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်ကတည်းက ဟောဒီလမ်းမတလျှောက်မှာ တိုးသက်ညင်ဖွစွာနဲ့ စီးမျောခဲ့တဲ့ယဉ်ကျေးမှုလေးတွေပေါ့။

ပြိုကျလာတဲ့ ညရဲ့ပုံဆောင်ခဲတွေကြားထဲ တိုးဝင်သွားတဲ့ စက်ဘီးလေးတစ်စီးကို ကြည့်ပြီး ပထမဦးဆုံးအကြိမ်အဖြစ် မြို့ကလေးအပေါ် စိတ်ချ ယုံကြည်မှုတွေ ဖြစ်ထွန်းလာခဲ့ပါတယ်။

မြို့ကလေးရေ ....မင်းကိုငါချစ်သလိုမင်းလည်း ငါ့အပေါ်မှာ ချစ်နေဆဲပဲနော်။

လမ်းဆုံလမ်းခွ တနေရာကိုရောက်တော့ ကျနော်ဟာရပ်ပြီး စီးကရက်တလိပ်ကို မီးညှိလိုက်ပါတယ်။ ဒီနေရာလေးကိုရောက်ခဲ့လေတိုင်း စီးကရက် မီးခိုးငွေ့တွေကို အားရပါးရရှိုက်သွင်းပြီး ကျနော်အမြဲတမ်းစဉ်းစားရပါတယ်။ စိန်ပန်းပွင့်တွေ ရဲဝေနီမြန်းနေအောင် ပွင့်ကြွေထားတတ်တဲ့ မမဟန်နီတို့ အိမ်ရှိရာ လမ်းကလေးထဲကိုသွားမှာလား။

အဲလ်ကိုဟောကို တလေးတစားသောက်လေ့ရှိတဲ့ ရီဝေဝေလူသားတွေ ပေါင်းစုံစုစည်းရာ "ပန်းဖြေရာ" အရက်အိမ်လေးထဲ ကိုပဲ သွားမှာလား။ တခုခုကို ရွေးချယ်ရတာပါ။

များသောအားဖြင့်တော့ ကျနော်ဟာ "ပန်းဖြေရာ"မှာ ရမ်သုံးပက်ကို ဝမ်းနည်းကြေကွဲစရာကောင်းတဲ့ ဂန္ထဝင်အလွမ်းသီချင်း လေးတွေနဲ့ ရောစပ် မော့သောက်ပြီး မမဟန်နီတို့ရဲ့လမ်းကလေးထဲကို သွားတာများပါတယ်။

အဲဒီ"ပန်းဖြေရာ" စားသောက်ဆိုင်လေးဟာ ကျနော်တွေ့ဖူးသမျှဆိုင်တွေထဲမှတော့ တအားငြိမ်းချမ်းတဲ့ "အရက်အိမ်" လေးပေါ့။

အဲဒီပန်းဖြေရာမှာလာသောက်တဲ့လူတွေဟာ အဲလ်ကိုဟောရဲ့မူးယစ်ဝေရီမှုကို စန္ဒယားချစ်ဆွေ၊ ဂီတနက်သန်ကိုစောညိမ်း၊ ခင်ညွန့်ရည်၊ ကိုသန်းလှိုင် ကိုတင်လှိုင်တို့ရဲ့လွမ်းဆွတ်ကြေကွဲဖွယ်ရာ တေးသီချင်းတွေနဲ့အချိုးညီညီရောစပ်ပြီး သွေးကြော မြွှာတွေထဲကို နရီမှန်မှန်ဖြတ်စီးစေခဲ့တဲ့ လူတွေပေါ့။

တစ်ခါတစ်ခါကျတော့လည်း အဲဒီဆိုင်လေးထဲမှာ စန္ဒယားသံသဲ့သဲ့လေး မျောလွင့် နေတတ်ပါရဲ့။ တခါတခါကျတော့လည်း စောင်းညှင်းလုံးလေးတွေ ဖွဖွညင်ညင်ဝေ့ဝဲနေတတ်ပြန်ရော။

ထူးခြားတာတစ်ခုက ဆိုင်ထဲကမီးပွင့်တွေကို ဖြူလင်းစူးရဲနေအောင် ဖွင့်မထားဘဲ ပြေပြေနုနုလေးကျနေအောင် ဖန်တီးပေး ထားတဲ့အတွက် ရီဝေဝေညနေခင်းဟာ လွမ်းမောစရာ ကောင်းနေတတ်ပါတယ်။ မိုးရေစက်တွေဖွဲဖွဲလွင့်လွင့်ဖြာကျနေတဲ့ မုတ်သုန်ညမျိုးနဲ့ နှင်းမှုန်လေးတွေ ဝေနေတဲ့ညမျိုးဆိုရင် အဲဒီဆိုင်လေးမှာ အရက်သောက်ရတာဟာ ကြေကွဲဖို့တောင် ကောင်းလှပါတယ်။

ဒီဆိုင်လေးကို ကျနော့်လိုပဲ စွဲလမ်းခုံမင်နေတဲ့ လူနှစ်ယောက်ရှိပါတယ်။ အဲဒီမြို့ကလေးက စာရေးဆရာတယောက်နဲ့ ကဗျာဆရာတယောက်ပေါ့။ သူတို့နှစ်ယောက်ဟာ ကျနော်ထိုင်နေကျ အတွင်းဘက်အကျဆုံးစားပွဲရဲ့ ဘေးစားပွဲမှာ ထိုင်လေ့ရှိပါတယ်။ အသားညိုညို၊ ဆံပင်ရှည်ရှည်နဲ့ စာရေး ဆရာဟာ လည်တိုအဖြူလက်ရှည်ကို အမြဲတမ်းလက်ချပြီး ဝတ်လေ့ရှိတာကို ကျနော်မှတ်မိနေပါတယ်။ ကဗျာဆရာကတော့ အရောင်မှိုင်းမှိုင်း လက်တိုလေးတွေဝတ်တတ်ပြီး လွယ်အိတ်တလုံးကို အမြဲလွယ်ထားတတ်ပါတယ်။

သူတို့နှစ်ယောက်ဟာ ဘယ်လိုအချိန်မျိုးပဲရောက်လာရောက်လာ ကျနော်နဲ့ကျွမ်းဝင်ရင်းနှီးမှုမရှိတဲ့ ဘာသာဗေဒအဝန်း အဝိုင်းထဲမှာပဲ ရှိနေတတ် တာပါ။ သူတို့ရဲ့ဘာသာဗေဒ နယ်နိမိတ်ထဲကကျော်လွန်ပြီးအပြင်ဖက်ကို ဘယ်တုန်းကမှ ကျွံ ထွက်မလာခဲ့ပါဘူး။

အယူအဆတူညီတဲ့အခါမျိုးမှာ သူတို့ရဲ့စကားဝိုင်းလေးဟာ စမ်းချောင်းလေးတခုစီးဆင်းနေသလို သိမ်မွေ့ညင်သာနေ တတ်ပြီး  တခါတရံမှာတော့ အော်ကြီးဟစ်ကျယ်နဲ့ ဗုံးတလုံးဖောက်ခွဲလိုက်သလို ပြင်းထန်လွန်းလှပါတယ်။

ကဗျာဆရာက သူ့ရင်ထဲမှာ စူးဝင်နေတဲ့မြားချက်တွေထဲက တစင်းချင်း တချောင်းချင်းနှုတ်ပြထားတဲ့ မဂ္ဂဇင်းတွေထဲမှာပါပြီးသားသူ့ကဗျာတွေကို ကဗျာစာအုပ်ထုတ်မယ်လို့ဆိုပါတယ်။ စာရေးဆရာကလည်း သူ့ဝတ္ထုလေးတွေကို စာအုပ်လုပ်ဖို့ ကြိုးစားနေတယ်လို့သိရပါတယ်။ အဲဒီ အရေးအသား တွေဟာ သူတို့တဦးချင်းစီရဲ့ ပုဂ္ဂလိကဘဝအတွက် ထင်ရှားသောအမှတ် အသားတွေပဲ ဖြစ်ပါလိမ့်မယ်။

အတ္တကို ဗီတာမင်တခုလို အစာအိမ်ထဲ မျှောချနေတဲ့လူတွေ၊ အသက်ဇီဝဓာတ်ရှိနေသေးသော်လည်း အမည်နာမသေဆုံး နေတဲ့ လူတွေ၊ မိမိရဲ့ အကျိုး စီးပွားအတွက်ဆိုကမ္ဘာကြီးကိုတောင် မီးလောင်တိုက်သွင်းဖို့ ဝန်မလေးခဲ့တဲ့ လူတွေထက်စာရင် အဲဒီစာရေးဆရာနဲ့ ကဗျာဆရာဟာ ကမ္ဘာမြေရဲ့ သူရဲ ကောင်းမျိုးနွယ်တွေပေါ့။

မီးသေနေတဲ့စီးကရက်တိုကို ဖိနပ်ဦးနဲ့နင်းချေလိုက်ပြီး တရှပ်ရှပ်လွင့်ပြေးလာတဲ့ အနောက်တောင်ရာ သီလေကို ကျနော်အားပါးတရ ရှိုက်သွင်းလိုက် ပါတယ်။ ငြီးစီစီဖြစ်နေတဲ့ အာရုံတွေဟာ လန်းဆန်းကြည်လင်သွားသလိုပါပဲ။ အခုလိုညမျိုးမှာမှ "ပန်းဖြေရာ" ကရမ်သုံးပက်ကို မသောက်ဖြစ်ဘူး ဆိုရင် ကျနော်ဟာ ကမ္ဘာပေါ်မှာ အမိုက်မဲဆုံးလူတယောက်ဖြစ်သွားပါလိမ့်မယ်။

အပေါက်အပြဲတွေများပြားလွန်းလှတဲ့ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်နေရင်းနဲ့ လမ်းမတွေပေါ်မှာ လူသူကြဲပါးပြတ်တောက်လွန်းတာကို ကျနော် သတိပြုမိပါတယ်။

ဒီလိုအချိန်ဟာ မိုးရေစက်တွေအောက်မှာ အေးစက်ငြိမ်သက်နေတဲ့ လမ်းကလေးတွေပေါ်မှာ လမ်းလျှောက်ဖို့ အကောင်းဆုံးအချိန်ဆိုတာ မြို့ကလေးထဲကလူတွေ မေ့လျော့ကုန်ပြီနဲ့တူပါတယ်။ ဘယ်လိုတွေ ဖြစ်ကုန်ကြတာလဲကွာ။
တချက်တချက် ခြောက်ကပ်စွာမြည်အော်လိုက်တဲ့ ဖားအော်သံနဲ့အတူ ညဥ့်နက်ရင် စီးလွင့်လာတတ်တဲ့ ညမွှေးပန်းရနံ့ကိုကျနော် သတိရသွားပါတယ်။ မြို့ကလေးဟာ ညဥ့်နက်လာလေလေ ညမွှေးပန်းရနံ့တွေမွှေးရီလာလေလေပဲ မဟုတ်လား။

ဟောဒီလမ်းမတလျှောက် သင်းထုံစီးမျောခဲ့ဖူးတဲ့ ညမွှေးပန်းရနံ့ကို တမ်းဆွတ်လွမ်းမက်ရင်းနဲ့ မြို့ကလေးရဲ့အတွင်းပိုင်းဆီရွေ့လျားနေတဲ့ ကျနော့်ရဲ့ ခြေလှမ်းတွေဟာ သစ်လွင်တောက်ပတဲ့ ဆယ့်ခြောက်ခန်းတွဲတိုက်သစ်တစ်လုံးရှေ့ကိုရောက်တော့ ရပ်တန့်ငြိမ်သက်သွားပါတယ်။

ဟေ့ ..ဒီဟာ "ပန်းဖြေရာ" မဟုတ်ဘူးလေကွာ။ပန်းဖြေရာဆိုတာ အမိုးပြာပြာနဲ့ဘန်ဂလိုပုံစံ ဝပ်ဝပ်ပြားပြားလေးဆောက်ထားတာလေကွာ။ ညဦးပိုင်းတွေဆို ကြေကွဲလောင်မြိုက်စရာကောင်းတဲ့ ဂန္ထဝင်အလွမ်းသီချင်းလေးတွေကို တိုးတိုးဖွဖွလေးဖွင့်ထားတတ်တဲ့အရက်အိမ်လေးလေကွာ။

ကျနော်ဆက်သွားဖို့ ကြိုးစားခဲ့ပေမယ့် ကျနော့်ခြေထောက်တွေကတော့ ကျနော့်ရဲ့ဆန္ဒကို အသေအချာ ငြင်းဆန်နေခဲ့ပါပြီ။
မီးရောင်တွေလင်းဖြူနေတဲ့ အဲဒီတိုက်သစ်ကြီးရဲ့နံဘေးက တြိဂံပုံ စိမ်းစိမ်းမြမြပန်းခြံလေးကို အမှောင်ရိပ်ထဲမှာ ဝိုးတိုးဝါးတားမြင်လိုက်ရချိန်မှာတော့ ကျနော့်ရဲ့နှလုံးအိမ်ဟာ ပေါက်ကွဲလုမတတ် နာကျင်သွားခဲ့ပေါ့။

သင်္ဘောဆိပ်ကနေ ရှည်လျားဆန့်ထွက်လာတဲ့ မြို့လည်လမ်းဟာ "ပန်းဖြေရာ" ဆိုင်လေးနားမှာ အခြားလမ်းမတစ်ခုနဲ့ ပေါင်းဆုံပြီး မြို့ကလေးရဲ့ တောင်ဖက်စူးစူးကို ဆက်ထွက်သွားခဲ့ပါတယ်။ အဲဒီလမ်းဆုံနေရာလေးမှာ တြိဂံပုံမကျတကျ စိမ်းမြပန်းခြံလေးပေါ့။ အဲဒီပန်းခြံလေးဘေးမှာတော့ ကျနော်တို့ကို အစွဲအလမ်းကြီးမားစေခဲ့တဲ့ "ပန်းဖြေရာအရက်အိမ်" လေးပေါ့။

အမှောင်ရိပ်ထဲကို လွင့်တက်နေတဲ့ အဲဒီတိုက်သစ်ကြီးနေရာမှာ လွန်ခဲ့တဲ့ ဆယ်နှစ် ကျော်လောက်တုန်းက စန္ဒယားသံတိုးတိုးညင်ညင်လေး ဒါမှမဟုတ် စောင်းညှင်းလုံးလေးတွေ သဲ့သဲ့ဖွဖွ မျောလွင့်တုန်ရီနေတတ်တဲ့ "ပန်းဖြေရာအရက်အိမ်" လေး အမှန်တကယ် ဖြစ်တည်ခဲ့ဖူးပါတယ်။

ကျနော်ဟာ ဒဏ်ရာရထားတဲ့ ကျားနာတကောင်လို တိုက်သစ်ကြီးရှိရာကို ဒယိမ်းဒယိုင်နဲ့ ချဉ်းကပ်ခဲ့ပြီပေါ့။

အောက်ဆုံးထပ်ရဲ့ ဝဲဖက်အစွန်ခန်းမှာတော့အသားကင်ရနံ့တွေ၊ ညှော်နံ့တွေ၊ စီးကရက်မီးခိုး ငွေ့ပြာတွေ၊ ရယ်မောသံတွေဟာ ပေါက်ကွဲဂီတသံနဲ့ ရောထွေးပြီး မြို့ကလေးရဲ့ညထဲမှာ ဝေ့လှုပ်အုံခဲနေပါတယ်။ ပန်းဖြေရာဆိုင်လေးရဲ့သမိုင်းရုပ်ကြွင်းကို အဲဒီဘီယာဆိုင်ကြီးက ပြောပြနိုင်ပါလိမ့်မယ်။

"ကျေးဇူးပြုပြီးတော့ အရင်တုန်းက ဒီနေရာလေးမှာဖွင့်ခဲ့ဖူးတဲ့ ပန်းဖြေရာဆိုင်လေးအကြောင်း ပြောပြပေးပါလားခင်ဗျာ "
ကောင်တာမှာထိုင်နေတဲ့ ထိပ်ပြောင်ပြောင်နဲ့လူကြီးဟာ သူ့ပါးစပ်ထဲမှာဖိကိုက်ထားတဲ့ ဆေးပြင်းလိပ်တိုကို ချွတ်ချလိုက်ပြီး ကျနော့်ကို အခြားဂြိုဟ် တခုခုက ပြုတ်ကျလာတဲ့သတ္တဝါတဦးလို့ ထင်မှတ်သွားပုံရပါတယ်။

"ပန်းဖြေရာ ..ပန်းဖြေရာ..နေပါဦးကွသူငယ်ချင်းလေးရ။ "ပန်းဖြေရာ" ဆိုတာဘာကိုပြောတာလဲကွ။ ငါလည်းတခါမှ မကြားဘူးပါလားကွာ"

မေးခွန်းတွေပြန်မေးနေတဲ့သူ့ကိုကြည့်ပြီး ကျနော်စိတ်တော်တော်ညစ်သွားပါတယ်။

" ပန်းဖြေရာဆိုတာ ဒီလိုပဲစားသောက်ဆိုင်လေးတခုလေ။ လွန်ခဲ့တဲ့ဆယ်နှစ်လောက်တုန်းက ဒီနေရာလေးမှာ ရှိခဲ့ဖူးတာလေ"


" ဝမ်းနည်းပါတယ် လူကြီးမင်းလေးရေ၊ ဒီနေရာလေးမှာ ငါဆိုင်ဖွင့်လာတာ ခုနှစ်နှစ်လောက်ရှိသွားပါပြီကွာ။ ကိုယ့်လူပြောလိုက်တဲ့ "ပန်းဖြေရာ" ဆိုတာကို ဘယ်တုန်းကမှ မကြားဘူးခဲ့ပါဘူးကွာ"
"ဘာလို့မကြားဘူးရတာလဲဗျာ။ ပန်းဖြေရာဆိုတာ ဒီနေရာလေးမှာ အမှန်တကယ်ရှိခဲ့ ဖူးတာပါဗျာ။ အဲဒီတုန်းက အဲဒီဆိုင်လေးမှာ ဟောဒီမြို့က ကဗျာဆရာတယောက်နဲ့ စာ ရေးဆရာတယောက်ဟာ အမြဲလာသောက်တတ်တယ်လေ။ ဆိုင်ထဲမှာလည်း စန္ဒယား ချစ်ဆွေတို့၊ ကိုသန်းလှိုင်တို့၊ ကိုတင်လှိုင်တို့ ခင်ညွန့်ရည်တို့ကို အမြဲဖွင့်တတ်တယ်လေ။ ကျနော်ဟာ အဲဒီစာရေးဆရာနဲ့ ကဗျာဆရာကိုတွေ့ချင်လွန်းလို့၊ ပန်းဖြေရာမှာ ရမ်သုံးပက်သောက်ချင်လွန်းလို့ ဟောဒီမြို့နဲ့ မိုင်နှစ်ရာကျော်ကွာဝေးတဲ့နေရာကနေပြီး လာခဲ့ရတဲ့ လူတယောက်ပါဗျာ"

ရှုပ်ထွေးလှုပ်ခတ်နေတဲ့ညထဲမှာ ကျနော့်ရဲ့စကားသံဟာ နည်းနည်းတော့ ကျယ်သွားတယ်နဲ့တူပါရဲ့။ ဆိုင်ထဲကလူတချို့ရဲ့မျက်လုံးတွေဟာ ကျနော့်ဆီကို ပြေးလွှားရောက်ရှိလာခဲ့တယ်။

ကောင်တာကလူဝကြီးဟာ သူ့ဦးခေါင်းကို လေးဖင့်စွာ ခါရမ်းလိုက်ရင်းက "ငါအပါအဝင် ဟောဒီတိုက်သစ်ကြီးက အခန်း ဆယ့် ခြောက်ခန်းလုံးဟာ ကိုယ့်လူပြောလိုက်တဲ့ "ပန်းဖြေရာ"ဆိုတာကို ဘယ်သူတဦးတယောက်ကမှမသိဘူးဆိုတာ ငါ့ကို လေးစားသောအားဖြင့် ယုံကြည်လိုက်ပါ လူကြီးမင်းလေးရာ"

ကျနော်ဟာ မိုးရေစက်တွေနဲ့ စိုထိုင်းနေတဲ့ ဂျင်းလွယ်အိတ်ကို စားပွဲတလုံးပေါ်ပစ်တင်လိုက်ပြီး ကုလားထိုင်တလုံးပေါ်ကိုခြေပစ်လက်ပစ် ထိုင်ချ လိုက်ပါတယ်။ ကျနော့်ကိုငေးရီစိုက်ကြည့်နေတဲ့ နံရံပ်ါကဘရုခ်ရှီးလ်ရဲ့ဗာဒံသီးပုံမျက်ပြာဝန်းထဲမှာတော့ စိတ်မကောင်းဖြစ်သွားတဲ့ပုံပါပဲ။

ဘရုရှီးလ်ရေ...တချိန်တုန်းက ဟောဒီနေရာလေးမှာ စန္ဒယားသံသဲ့သဲ့လေး၊ ဒါမှမဟုတ်ရင် စောင်းညှင်းလုံးဖွဖွလေး၊ ဒီလိုမှ မဟုတ်ရင် ဂန္ထဝင် အလွမ်းသီချင်းလေးတွေ တိုးတိုးညင်ညင်လေး ဖွင့်ထားတတ်တဲ့ "ပန်းဖြေရာ" အရက်အိမ်လေး အသေအချာရှိခဲ့ဖူးတာပေါ့။ ငါအပါအဝင် အဲဒီအိမ် လေးထဲကိုရောက်လာခဲ့တဲ့လူတိုင်းဟာ ဆူဝေအဲလ်ကိုဟောကိုတိုးသက်ညင်ဖွတဲ့ဂီတသံနဲ့ ပေါင်းစည်းပြီးငါတို့ရဲ့အသွေးအသားထဲကို ရောထွေးစိမ့် ဝင်စေခဲ့တဲ့ လူသားတွေပါကွယ်။ အခုတော့ အဲဒီပန်းဖြေရာလေးအကြောင်းရော၊ အဲဒီဆိုင်လေးထဲကို အမြဲတစေ ရောက်လာတတ်တဲ့ စာရေး ဆရာတယောက်နဲ့ ကဗျာဆရာတယောက်အကြောင်းကိုရော ဘယ်သူကမှ မပြောနိုင်တော့ဘူးတဲ့လေ။ ဘယ်လောက်များကြေကွဲဖို့ ကောင်းလိုက်ပါ သလဲကွယ်။

"မောင်ရင်လေးအတွက် လိုအပ်မယ်ထင်လို့ပါ။ ကိုယ့်လူသိချင်တဲ့ "ပန်းဖြေရာ" ဆိုင်လေးနဲ့ ကိုယ့်လူသိပ်တွေ့ချင်တဲ့ လူတွေအကြောင်းကို ပြောမပြ နိုင်တဲ့အတွက် အထူးပဲဝမ်းနည်းရပါတယ်ကွာ။ တခါတခါကျတော့လည်း မြို့ပြပေါက် ကွဲမှုဖြစ်စဉ် တွေဟာ လျှင်မြန်ပြင်းထန်လွန်းတဲ့အတွက် တဖက်နဲ့ တဖက် အချိတ်အဆက်မမိတာတွေဟာ အများကြီး ရှိတတ်ပါတယ်။ ဘာပဲပြောပြော မိုင်ပေါင်းနှစ်ရာကျော် ဝေးကွာတဲ့အရပ်ကနေပြီး ဒီနေရာလေးကို ရောက်အောင်လာခဲ့တဲ့ အတွက် မောင်ရင်လေးကို ငါလေးစားမိပါတယ်။

ကိုယ့်လူပြောတဲ့ စာရေးဆရာနဲ့ကဗျာဆရာနှစ်ယောက်ကိုလည်း မမြင်ဘူးသေးပေမယ့် ငါလေးစားပါတယ်။ ကမ္ဘာကြီးပေါ်က လူတွေအားလုံးကိုလည်း ငါ လေးစားပါတယ်"

ကောင်တာကလူကြီးဟာ စကားတွေအများကြီးပြောပြီး ကျနော့်ရှေ့ကို သူကိုယ်တိုင် အရက်ခွက်တခွက် လာချပေးပါတယ်။
သူ့ဟာသူလည်း ခွက်တခွက်ထဲ လောင်းထည့်ပြီး တချီတည်းမော့ချလိုက်ပါတယ်။

သူ ချပေးသွားတဲ့ အရက်ခွက်ကိုကြည့်ပြီး ကျွန်တော့်ရင်ဟာ တစစ်စစ်နဲ့ နာကျင်ကိုက်ခဲသွားပြီပေါ့။

သန့်စင်ကြည်လင်နေတဲ့ ဖန်ခွက်လေးထဲမှာ ရေခဲစတစ်စ နစ်ဝင်နေတဲ့ နီညိုသော အသွေးအရောင်ရှိလေတဲ့ ရမ်သုံးပက်ပေါ့။
ဘဝဆိုတာမျိုးဟာ တဆင့်ချင်း တဆင့်ချင်းတွက်ချက်ပြီး နောက်ဆုံးကျမှ အဖြေ အတိအကျထွက်လာတတ်တဲ့ သင်္ချာပုစ္ဆာတပုဒ်လို မဟုတ်ဘူး ဆိုတာကိုတော့ ကျနော် ကောင်းကောင်းနားလည်ပါတယ်။ ဒါပေမဲ့ သူပြောလိုက်တဲ့ မြို့ပြပေါက်ကွဲမှုဆိုတာကိုတော့ ကျနော် ဘဝင်သိပ်မကျလှပါဘူး။ အဲဒီမြို့ပြပေါက်ကွဲမှုထဲမှာ မြေသိမ်းယာသိမ်းကိစ္စတွေ၊ နစ်နာဆုံးရှူံးသူတွေရဲ့ နာကျင်အော်ဟစ်သံတွေ၊တရားမျှတမှုကို ဖွေရှာရင်းနဲ့ ရူးနှမ်းမှောင်မိုက် သွားခဲ့ရတဲ့ ဘဝဆိုး ဘဝရိုင်းတွေ။

အရေးအသားတွေနဲ့ ဘဝကို ခဲရာခဲဆစ်တည်ဆောက်ခဲ့ရတဲ့ စာရေးဆရာနဲ့ ကဗျာဆရာဟာ အဲဒီမြို့ပြပေါက်ကွဲမှုထဲမှာ ပါသွားခဲ့ပြီလား။ ကျနော် ဆွတ်ရီတမ်းမောခဲ့ရတဲ့ ပန်းဖြေရာအရက်အိမ်လေးဟာလည်း အဲဒီမြို့ပြပေါက်ကွဲမှုရဲ့အဖျားအနားခတ်မှုထဲမှာ ပါသွားခဲ့လေပြီလား။

တော်ပါပြီကွာ။ တော်လောက်ပါပြီ။ ကျနော်ကို ဘာမှ မပြောကြပါနဲ့။ ဘယ်လိုစကားမျိုးကိုမှ ကျနော်မကြားပါရစေနဲ့တော့။
"ကျေးဇူးတင်လိုက်တာဗျာ။ တကယ်ပြောတာပါ။ဖြစ်နိုင်မယ်ဆိုရင် ဒီရမ်သုံးပက်ကို ပုလင်းပြားလေးနဲ့ ထည့်ပေးလိုက်စေချင်ပါတယ်"

လူကြီးက ကျနော်ကို ဖျပ်ခနဲကြည့်ပြီး ပခုံးတချက်တွန့်လိုက်ပါတယ်။

" သိပ်ဖြစ်နိုင်တဲ့ ကိစ္စပေါ့ကွာ "

ကျနော်ဆိုင်ထဲကထွက်လာတော့ညရှစ်နာရီထိုးနေပါပြီ။ ညကောင်းကင်အောက်မှာ မိုးသားတိမ်တိုက်တွေရွေ့လျားနေပေမယ့် စိမ်းရီ လွင့်မျောနေတဲ့လရောင်ကို မြင်တွေ့နေရပါတယ်။ အေးစက်တဲ့ လရောင်ပြာအောက်မှာ မြို့ကလေးဟာ တိတ်ဆိတ်ငြိမ်သက်လို့ပေါ့။

လရောင်ပြာပြာအောက်မှာ မြင်တွေ့နေရတဲ့ မြင်ကွင်းတွေဟာ လွန်ခဲ့တဲ့ဆယ်နှစ်ဝန်းကျင်လောက်ကမြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းမျိုး မဟုတ်တော့ပေမယ့် ကျနော်ရဲ့ခြေထောက်တွေကတော့ တွေဝေတုံ့ဆိုင်းမနေခဲ့ပါဘူး။

ပန်းဖြေရာကနေ ရီရီဝေဝေနဲ့ထွက်လာခဲ့လေတိုင်း သွားလေ့ရှိတဲ့လမ်းကလေးပေါ့။

ပြေပြေမို့မို့လေးတက်သွားတဲ့ ဟောဒီလမ်းကလေးဆုံးသွားပြီဆိုရင် စိန်ပန်းပွင့်တွေ ပြန့်ကျဲနေတတ်တဲ့ မမဟန်နီတို့အိမ်ရှိရာ လမ်းလေးရောက် တော့မယ်ဆိုတာ ကျနော်သိနေပါ တယ်။

မမဟန်နီတို့လမ်းကလေးထိပ်မှာ အင်္ဂလိပ်အက္ခရာ အိပ်ခ်ျပုံစံအတိုင်း ဆောက်ထားတဲ့ စာသင်ကျောင်းတစ်ကျောင်းရှိပါတယ်။ အဲဒီစာသင်ကျောင်းဘေးမှာ တိမ်တွေထဲကို လွင့် တက်နေတဲ့ လက်ဝါးကပ်တိုင်လေးနဲ့ အမိုးချွန်ချွန်ဘုရားရှိခိုးကျောင်းလေးရှိပါတယ်။ ဘုရားရှိခိုးကျောင်းဘေးက ခြံကြီးထဲမှာတော့ မမဟန်နီတို့ရဲ့တိုက်အိမ်ကြီးပေါ့။ မမဟန်နီတို့ တိုက်အိမ်ကြီးနဲ့ မလှမ်းမကမ်းမှာတော့ ဟိုးဖက်ခေတ်တွေ တုန်းက အရေးပိုင်မင်းနေသွားခဲ့တယ်ဆိုတဲ့ စံအိမ်တော်တလုံးပေါ့။


မျက်နှာချင်းဆိုင် အိမ်တန်းမရှိတဲ့ မမဟန်နီတို့ရဲ့လမ်းကလေးထဲမှာ အဆောက်အအုံဆိုလို့ အဲဒီလေးလုံးပဲ ရှိတာပါ။ အမြဲတမ်းငြိမ်ဆိတ်နေတတ်တဲ့ အဲဒီလမ်းကလေးဟာ မြို့ကလေးရဲ့အဆုံးစွန်သောနေရာမဟုတ်သော်လည်းပဲ မြို့ကလေးရဲ့ အနားသတ်မျဉ်းတကြောင်းလို အသေအချာ ဖြစ်တည် နေခဲ့ပါတယ်။ ထူးဆန်းတာတခုက လမ်းကလေးရဲ့ ဘေးဘယ်ညာမှာ စိန်ပန်းပင်ကြီးတွေ စီရရီပေါက်နေတာပဲဖြစ်ပါတယ်။

လမ်းကလေးတလမ်းလုံး ရဲနီစိုလွင်သွားအောင် ပွင့်တတ်တဲ့စိန်ပန်းပွင့်တွေကို မြင်လိုက်ရလေတိုင်း ကျနော့်တကိုယ်လုံးဟာ ရဲရင့်လန်းဆန်းလာ သလိုလို အမြဲခံစားခဲ့ရတာပေါ့။ ဒါပေမဲ့လည်း အဲဒီခံစားမှုဟာ မမဟန်နီဂစ်တာတီးပြီး သီချင်းဆိုလိုက်တာနဲ့ သူမရဲ့ဂစ်တာသံထဲမှာ အရောရော အထွေးထွေးဖြစ်ပြီး ပျောက်ကွယ်သွားလေ့ရှိပါတယ်။

အဲဒီအချိန်မှာ ကမ္ဘာကြီးပေါ်မှာ ကျနော်လုံးဝမရှိတော့ဘူးဆိုတာ ကျိန်ပြီးတော့ ကျနော်ပြောရဲပါတယ်။ မမဟန်နီရဲ့ရနံ့၊ သီချင်းများရဲ့ တောက်ပမှု၊ မမဟန်နီရဲ့ သွယ်လျလက်ချောင်းလေးတွေနဲ့ ဂစ်တာကြိုးမျှင် ထိခတ်မိရာက လွင့်စဉ်ပြန့်ကြဲထွက်ကျလာတတ်တဲ့ ကြည်လင်လှပသော ဂစ်တာသံများ.....

ကျနော်ဟာ လရောင်ထဲကိုမျောပါ လာတဲ့ နုသွဲ့တဲ့ ဂစ်တာသံအောက်မှာ ဒူးထောက်ခစားလို့။ လေဝေ့သွားတိုင်း ဝဲလွင့် ကြွေကျလာတတ်တဲ့ စိန်ပန်းပွင့်ဖတ်လေးတွေဟာ ကျနော့်ရဲ့နံဘေးမှာပြန့်ကြဲနီမြန်းလို့။

မမဟန်နီဟာ More than l can say ၊ Yesterday ၊ Love is blue ၊ Do I love you သီချင်းတွေကို အစွဲအလမ်း ကြီးမားခဲ့ပုံရပါတယ်။ Ventures ရဲ့ တေးသွားနဲ့ပူနွေးသွားခဲ့ပြီဆိုရင် အဲဒီသီချင်း တွေဟာ ညရိပ်ထဲကို လွမ်းလွမ်းဆွေးဆွေးနဲ့မျောလွင့်လာတော့တာပါပဲ။

သူတို့တိုက်ကြီးပေါ်က လေသာဆောင်မှာ သီချင်းထွက်ဆိုလေတိုင်း ကျောလည်အထိရောက်နေတဲ့ သူမရဲ့ဆံနွယ်ညိုမျှင်တွေကိုအရိုင်းဆန်ဆန် ဖြန့်ချထားတတ်ပါတယ်။ မမဟန်နီခေါင်းငုံ့လိုက်လေတိုင်း အဲဒီဆံပင်ညိုညိုမျှင်မျှင်လေးတွေဟာ သူမရဲ့မျက်နှာလှလှလေးပေါ်ကို ယှက်ဖြာ အိကျ လာတတ်ပြီး မမဟန်နီ ခေါင်းကလေးကို ငဲ့စောင်းပြီး ခါရမ်းလိုက်လေတိုင်း သူမရဲ့နောက်ကျောဘက်ဆီ ကို ပြန့်လွင့်သွားတတ်ပါတယ်။

ဘာရယ်လို့မဟုတ်ပေမယ့် ကျနော့်ရဲ့စိတ်ထဲမှာ အဲဒီဆံညိုနုမျှင်လေးတွေကိုတခါတခါမှာ ထိစမ်းကိုင်တွယ်ချင်လှတယ်။

မမဟန်နီတို့ရဲ့အိမ်ရှိရာ လမ်းကလေးထဲကို ကွေ့ဝင်လိုက်တယ်ဆိုရင်ပဲ ကျနော့်ရင်ဟာ တဒိတ်ဒိတ်နဲ့ လှုပ်ခုန်သွားပါတယ်။
ဘုရား ...ဘုရား ။ ဘာတွေဖြစ်ကုန်ကြပြီလဲ။

တောက်ပတဲ့အရောင်တွေသုံးပြီး စုတ်ချက် ထူထူကြမ်းကြမ်းနဲ့ ရေးခြစ်ထားခဲ့တဲ့ စိန်ပန်းပင်ကြီးတွေဟာ ဘယ်နေရာတွေကိုရောက်ကုန်ကြပါလိမ့်။

အနီရောင် စိန်ပန်းတွေ ရဲရင့်ပွင့်ဝေနေတတ်တဲ့ ဟောဒီလမ်းကလေးဟာ မြို့ကလေးထဲမှာ အခိုင်အမာဖြစ်တည်ခဲ့ဖူးတဲ့ နှစ်လိုဖွယ်ယဉ်ကျေးမှုလေး တစ်ခုပါကွယ်။ အဲဒီလို ရဲရင့် တောက်ပတဲ့ ပန်းချီကားချပ်ကို ဘယ်လိုလူတွေကများ နင်းချေဖျက်ဆီးလိုက်ပါလိမ့်။

ဟေ့ ...လူမိုက်တွေ...
ဒွန္နယာပေါ်မှာ အမိုက်မဲဆုံးနဲ့ ဆင်ခြင်တုံတရားအနည်းပါးဆုံး အစုတ်ပလုတ်ကောင်တွေ .....
ရဲရင့်လန်းဆန်းတဲ့ စိန်ပန်းပွင့်တွေဆိုတာ ဟောဒီမြို့ကလေးရဲ့နိမိတ်ပုံကွ။ ခင်ဗျားတို့ရဲ့ဝိညာဉ်အသေတွေကို ရဲစိုနေတဲ့ အဲဒီစိန်ပန်းပွင့်တွေပေါ်မှာ ခိုနားခိုင်းလိုက်ရင် ခင်ဗျားတို့ရဲ့ ကိုယ်ခန္ဓာထဲမှာ မူးရီအေးခဲနေတဲ့ဝီရရသတွေဟာ လိမ္မော်ရောင်မီးတောက်တခုလိုတဖျစ်ဖျစ်နဲ့လောင်ကျွမ်းသွားမှာကို ခင်ဗျားတို့မသိကြဘူးလား။


မျက်နှာစာအိမ်တန်းမရှိတဲ့နေရာမှာ တန်းစီရောက်လာတဲ့ ပုံစံတူ တိုက်အိမ်လေးတွေနဲ့ မမဟန်နီတို့ တိုက်အိမ်ကြီးနေရာမှာ အသစ်ဆောက်ထားတဲ့ အဆောက်အအုံသစ်တွေကို ငေးငေးရီရီကြည့်နေရင်းနဲ့ ကျနော့်ရဲ့ရင်ဟာ နာကျင်သွားခဲ့ပေါ့။

မမဟန်နီရေ ...မမဟန်နီ ...မမဟန်နီ၊ ကျနော့်ဘဝတလျှောက် တကြိမ်တခါမှ မခံစားခဲ့ဖူးတဲ့ အထီးကျန်အားငယ်စိတ်ဟာ ကျနော့်ရဲ့ခန္ဓာကိုယ် တခုလုံးကို ခပ်ကြမ်းကြမ်း ဖြတ်စီးသွားပါတယ်။

ကျနော်ဟာ အသက်ရှူဖို့ကိုတောင် မေ့လျော့နေပါတယ်။ မမဟန်နီတို့ အိမ်ကြီးက ဘာဖြစ်လို့ ပျောက်ကွယ်သွားရတာလဲ။

ပြည်တော်သာ  အဲဗင်းနျူး။ အိမ်အမှတ် 9 / A ။

လရောင်အောက်က မမဟန်နီရဲ့ ရနံ့များ။ ဂစ်တာတီးနေတဲ့ မမဟန်နီရဲ့ပုံရိပ်များ၊၊ တစုံတခုခုကို လွမ်းဆွတ်တမ်းမောနေတဲ့ သူမရဲ့ လွမ်းလွမ်း ဆွေးဆွေး သီချင်းဆိုညည်းသံ ....

ကျနော့်ကိုယ်ထဲမှာ ဗီတာမင်တွေမရှိတော့ပါဘူး။ ကျနော့်ကိုယ်ထဲမှာ မျှော်လင့်ချက်တွေ မရှိတော့ပါဘူး။ ကျနော့်ကိုယ်ထဲမှာ ရဲရင့်တောက်ပမှုတွေ မရှိတော့ပါဘူး။ မမဟန်နီမရှိတော့ဘူးဆိုရင် ကမ္ဘာလောကကြီးပေါ်မှာ ပျော်ရွှင်မှုဆိုတာဟာ ကျနော့်အတွက် သိပ်မသေချာတော့ပါဘူး။ ကျနော့်ရဲ့ခြေထောက်တွေဟာ မြေကြီးနဲ့ ထိတွေ့မှုမရှိဘဲ ဆွဲငင်အားကင်းလွတ်နေတဲ့ နေရာသစ်တခုမှာ လွင့်မျောနေသလို ခံစားနေရပါတယ်။

လမ်းထဲမှာ အရူးအနှမ်းတယောက်လို ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်နေတဲ့ ကျနော့်ကို ခရစ်ယာန် ဘုရားရှိခိုးကျောင်းဝင်းထဲမှာ စင်္ကြန် လျှောက်နေတဲ့ အသက်ကြီးကြီး ဖာသာတယောက်က မြင်တွေ့နေပုံရပါတယ်။ ဝင်းတံခါးဖွင့်ပြီး ကျနော့်ကို ကရုဏာသက်စွာနဲ့ ငေးရီကြည့်နေပါတယ်။

အားအင်တွေ ကုန်ခမ်းပါးလျနေတဲ့ ကျနော်ဟာ ဖာသာ့ဆီကို တရွေ့ရွေ့နဲ့ တိုးကပ်သွားလိုက်ပြီး ...

" ဖာသာ...ဒီနေရာလေးမှာ လွန်ခဲ့တဲ့ဆယ်နှစ်လောက်တုန်းက မမဟန်နီတို့နေခဲ့တဲ့ တိုက်အိမ်ကြီး ရှိခဲ့ဖူးပါတယ်ဖာသာ။ အဲဒီတိုက်အိမ်ကြီးရဲ့ လေသာဆောင်မှာ အခုလို ညဘက်မျိုးတွေမှာ မမဟန်နီဟာ ဟော်လိုဂစ်တာတစ်လက်နဲ့ သီချင်းတွေ ဆိုညည်း တတ်ပါတယ်ဖာသာ။ မမဟန်နီသီချင်းဆိုပြီဆိုရင် တပည့်တော်ဟာ ဒီလမ်းထဲမှာ ရှိခဲ့ဖူးတဲ့ စိန်ပန်းပင်ကြီးတွေအောက်မှာ ဒူးထောက်ပြီး တပည့်တော်ရဲ့ဝိညာဉ်ကို မမဟန်နီရဲ့သီချင်းတွေကြားမှာ မျောလွင့်စေခဲ့တဲ့လူတယောက်ပါဖာသာ "

ကျနော့်ရဲ့အသံက တုန်ရီထစ်အသွားပါတယ်။ ဖာသာက မှုန်မှိုင်းနေတဲ့ မျက်လုံးတွေနဲ့ ကျနော့်ကိုကြည့်နေရင်းက သူ့ခေါင်းကို လေးဖင့်စွာ ညိတ်လိုက်ပါတယ်။

"ထူးဆန်းတဲ့ တိုက်ဆိုင်မှုပဲ လူကလေး။ဟန်နီတို့မိသားစုဟာ လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကတည်းက သြဇီကို ပြောင်းသွားကြတယ်လူကလေး"

ကျနော်ဟာ လဲပြိုညွှတ်ကျမတတ်ဖြစ်သွားတဲ့ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်ပြီး " တပည့်တော်ဟာ ဒီမြို့ကလေးနဲ့ မိုင်ပေါင်းနှစ်ရာကျော် ဝေးတဲ့အရပ်က နေပြီး မမဟန်နီရဲ့ အရိပ်တွေအရောင်တွေကို မြင်ချင်တွေ့ချင်လွန်းလို့၊ မမဟန်နီရဲ့သီချင်းသံ အောက်မှာ တပည့်တော်ရဲ့ဝိညာဉ်ကို လွင့်မျောသွားစေ ဖို့ ....."
ကျနော့်ရဲ့အသံက တိုးတိတ်သွားပါတယ်။ ခေါင်းငိုက်စိုက်ကျသွားတဲ့ ကျနော့်ကိုကြည့်ပြီး ဖာသာဟာ သူ့ဦးခေါင်းကို အသာအယာ ခါရမ်းလိုက်ပါ တယ်။
" အားလုံးဟာ ပြီးဆုံးသွားခဲ့ပြီ လူကလေး။ အရာအားလုံးဟာ ဘုရားသခင်ရဲ့အလိုတော်အတိုင်းပါပဲ "

လရိပ်အောက်မှာ မြင်တွေ့နေရတဲ့ဖာသာ့မျက်လုံးတွေဟာ နူးညံ့ပျော့ပြောင်းနေပါတယ်။


ဒီအချိန်မှာပဲ လမ်းကလေးထဲကို Taxi တစီးဟာ အရှိန်ခပ်ပြင်းပြင်းနဲ့ မောင်းဝင်လာပါတယ်။ အဲဒီကားဟာ ခပ်လှမ်းလှမ်းက တိုက်အိမ်ရှေ့မှာ လူချပေးပြီး ပြန်လှည့်ထွက်ဖို့ခေါင်းလှည့်လိုက်တယ်ဆိုရင်ပဲ .....

ကျနော့်ရင်ဟာ ဆွေးမြည့်နာကျင်သွားပါတယ်။ ဒီအချိန်မှာ ကျနော်ဟာ ဆုံးဖြတ်ချက်တခု ချရပါတော့မယ်။ မမဟန်နီရေ...မမဟန်နီ ...

ရွေ့လျားဖြာဝေလာတဲ့ ကားမီးတန်း ကျနော်နဲ့နီးကပ်လာချိန်မှာTaxi ကို ကျနော်လက်ပြတားလိုက်ပါတယ်။ ဖာသာ့မျက်လုံးတွေဟာ လင်းဖြူနေတဲ့ ကားမီးရောင်စူးစူးအောက်မှာ မှုန်မှိုင်းရီဝေလို့ပေါ့။

" ကံကောင်းပါစေ လူကလေး။ ဘုရားသခင်ဟာ လူကလေးကို စောင့်ရှောက်ပါလိမ့်မယ်"

ကျနော်ကားပေါ်ရောက်တယ်ဆိုရင်ပဲ ကားဟာ ညှို့ထဲက ရုန်းထွက်လာတဲ့ မြားတစင်း။

လရောင်စိမ်းမြအောက်မှာ တရိပ်ရိပ်နဲ့ ပြေးလွှားလို့ပေါ့။

" ကျေးဇူးပြုပြီး ကျနော့်ကို ဘာမှ မမေးပါနဲ့ဗျာ။ သင်္ဘောဆိပ်ကိုပဲ အမြန်ဆုံးရောက်အောင် မောင်းပေးပါ"

ဘေးမှန်တွေကိုချပြီး ကျနော့်မျက်လုံးတွေကို အသာမှိတ်လိုက်ပါတယ်။ လမ်းမကြီးပေါ်ရောက်တယ်ဆိုရင်ပဲ ကားရဲ့အသွားနှုန်းဟာ သိသိသာသာ မြင့်တက်သွားပါတယ်။

ကတ္တရာလမ်းမနဲ့ ကားဘီးတာယာပွတ်ကြိတ်သံကလွဲလို့ မြို့ကလေးဟာ တိတ်ဆိတ်အေးစက်နေဆဲပေါ့။

ဆယ်မိနစ်လောက်ပဲ ကြာမြင့်ပါလိမ့်မယ်။ မွန်းကျပ်တဲ့ မြို့ပြအငွေ့အသက်အစား မုတ်သုံရနံ့ ရောထွေးနေတဲ့ မိုးလေဟာ ကားလေးထဲကို ဖြတ်ဖြတ်တိုက်သွားပါတယ်။ တချက်တချက်မှာတော့ မိုးရေစက်လေးတွေဖောက်ခနဲ ဖောက်ခနဲ လွင့်ဝင်လာတတ်ပါတယ်။

တအောင့်နေတော့ ကားဟာ အရှိန်ဖြည်းဖြည်းချင်းလျှော့ပြီး ရပ်တန့်သွားခဲ့ပေါ့။

ကျနော်မျက်လုံးကို ဖွင့်လိုက်တော့ကောင်းကင်တခွင်လုံး မိုးရိပ်မိုးသားတွေနဲ့ ပြာမှောင်လို့ပေါ့။ လင်းဖြူသွားတဲ့ လျှပ်စီးကြောင်းတွေကြောင့် ကောင်းကင်နံရံမှာ တွန့်ကွေးသွားတဲ့ လျှပ်ပန်းပွင့်တွေကိုကြည့်ပြီးအောက်နှုတ်ခမ်းကိုခပ်တင်းတင်းဖိကိုက်ထားလိုက်ပါတယ်။

ကျနော်သင်္ဘောပေါ် တက်လိုက်တယ်ဆိုရင်ပဲ သင်္ဘောဟာ အချက်ပေးဥသြဆွဲလိုက်ပါတယ်။ ကြားခဲ့ဖူးသမျှ ဥသြသံတွေထဲမှာတော့ ဟောဒီနှစ်ထပ်သင်္ဘောလေးရဲ့ ဥသြသံဟာ လွမ်းလွမ်းဆွေးဆွေးနဲ့ ကြေကွဲစရာအကောင်းဆုံးပါပဲ။
နောက်ဆုံး သင်္ဘောခေါက်လို့ဆိုပေမယ့် သင်္ဘောပေါ်မှာ ခရီးသည် နည်းနည်းလေးပဲ ပါရှိပါတယ်။ ခရီးသည်တွေဟာမိုးလွတ်တဲ့ စက်ခန်းဘေးမှာ စုပြုံထိုင်နေကြပါတယ်။

ကျနော်ရပ်နေတဲ့ အပေါ်ထပ်ပဲ့ပိုင်းနေရာဟာ အမိုးအကာမရှိတဲ့အတွက် မိုးရေစက်တွေဟာ ကျနော့်ကိုယ်ပေါ်မှာ အဆီးအတားမရှိ လွင့်ကျနေ ပါတယ်။

ဒီအချိန်မှာ ကျနော့်ကိုယ်ပေါ် မိုးရေစက်တွေ တဖောက်ဖောက်နဲ့ လွင့်စဉ်ထိမှန်နေတာကို ကျနော်စိတ်မဝင်စားပါဘူး။ ဒီအချိန်ဟာ ကျနော့်ရူးသွပ်မှုကို မျှဝေခံစားခဲ့တဲ့ ဟိုလူကြီးပေးလိုက်တဲ့ရမ်သုံးပက်ကို တစိမ့်စိမ့်သောက်ပြီး လရောင်အောက်မှာ တရွေ့ ရွေ့နဲ့ကျန်ရစ်ခဲ့တဲ့ မြို့ကလေးကို နောက်ဆုံး နှုတ်ဆက်တဲ့အနေနဲ့ ငေးရီကြည့်နေရမယ့် အချိန်ဆိုတာ နာနာကျင်ကျင်နဲ့ ကျနော်သိနေပါတယ်။

ပုလင်းအဖုံးကိုဖွင့်ပြီး မြစ်ထဲပစ်ချလိုက်တဲ့အချိန်အထိ ကျနော်ချစ်တဲ့မြို့ကလေးကို မိုးစက်ဖွဲဖွဲလွင့်လွင့်အောက်မှာ ပျပျမှုန်မှုန်လေး မြင်တွေ့ နေရပါသေးတယ်။

မိုးရေစက်တွေနဲ့ စိုစွတ်ပြောင်ချောနေတဲ့ ပုလင်းပြားလေးကို တရှိန်ထိုး မော့သောက်လိုက်တယ်ဆိုရင်ပဲ အေးစက်ခါးသက်တဲ့အရသာဟာ ကျနော့်ကိုယ်ထဲကို ဝမ်းနည်းကြေကွဲစွာနဲ့ ဖြတ်စီးသွားပါတယ်။

အဲဒီထဲမှာ စန္ဒယားသံသဲ့သဲ့လေးတွေ၊ နူးညံ့ညင်ဖွနေတဲ့ စောင်းညှင်းလုံးလေးတွေ၊ အက်ကွဲကြေမွနေတဲ့ ဂန္ထဝင်အလွမ်းသီချင်းလေးတွေ၊ နိမိတ်ပုံ ပြင်းပြင်းနဲ့ ရေးဖွဲ့ထားတဲ့ ကဗျာလေးတွေ၊ မီးလျှံတွေကြားက ဝတ္ထုတိုအရေးအသားတွေ၊ နုသွဲ့ညင်းပျောင်းတဲ့ မမဟန်နီရဲ့ ဂစ်တာသံလေးတွေ၊ ကျနော်တအားစွဲလမ်းခဲ့တဲ့ မမဟန်နီရဲ့ဆံညိုနုမျှင်လေးတွေ၊ ရဲရင့်လန်းဆန်းတဲ့ စိန်ပန်းပွင့်တွေ၊ ကျနော့်ကိုယ်ထဲမှာ လူးလွန့်တောက်လောင်ခဲ့တဲ့ ဝီရရသတွေ အကုန်လုံး မျောပါသွားခဲ့ပေါ့။

တအောင့်ပဲ ကြာပါတယ်။ ကျနော်ချစ်တဲ့မြို့ကလေးဟာ မိုးစက်မှုန်မှုန်အောက်မှာ ဝေဝါးမှုန်ရီလာပြီး ကျနော်ရဲ့အမြင်အာရုံထဲကနေ တဖြည်းဖြည်းနဲ့ ပျောက်...ကွယ် ...သွား...ပါ ...တော့ ...တယ် ။ ။

နိုင် ဝင်း သီ

Comments