စံပယ် ● စဉ်းစားကြစို့
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၁၇
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၁၇
သမီးလတ်က ကျမကို အပြေးအလွှားသတင်းထူးလာပြောသည်။ သူတို့ လူငယ်တွေသဘောကျသော အမေရိကန်အဆိုတော် Chester ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပြီးနောက် ပေါ်ထွက်လာသော ထူးထူးဆန်းဆန်း အကြောင်းအရာ လေးပါ။
အာဆင်နယ် ဘောလုံးသမား Aaron Ramsey ဂိုးတစ်လုံးသွင်းတိုင်း နံမည်ကျော်တစ်ယောက် သေသည်တဲ့။ စိတ်ဝင်စား သွားလို့ ပြပါဦးဆိုပြီး ဖတ်ကြည့်မိသည်။ Aaron Ramsey က ဇူလိုင် ၁၅ ရက်တုန်းက ဘောလုံးပွဲတစ်ခုမှာ ဂိုးတစ်လုံး သွင်းနိုင်ခဲ့ပြီး နောက် ဇူလိုင် ၂၀ ရက်မှာ အဆိုတော် သေဆုံးခဲ့ခြင်းဖြစ်သည်။
သူကဘောလုံးသမားပဲ သူ့ဖာသာ ဂိုးသွင်းတာနဲ့ ဒီဘက်ကလူတွေသေတာ ဘာဆိုင်လို့လဲလို့ပြောတော့ တူတော်မောင် ကိုညိုထွန်းက “ကြီးကြီး သူက အလယ်တန်းကစားတဲ့သူ၊ ဂိုးရဖို့ အချိတ်အဆက်ပဲ အဓိကထားလုပ်ရတာ၊ သူဂိုးသွင်းမိတိုင်း နံမည်ကျော်တွေထဲက တိုက်တိုက်ဆိုင်ဆိုင်သေကြတာ ထူးဆန်းတာပဲလေ” တဲ့။ သမီးလတ်က “အိုစမာဘင်လာဒင်လဲ သူဂိုးသွင်းပြီးနောက်တနေ့ပဲ သေတာ၊ ကဒါဖီကောပဲ” တဲ့။
သမီးကြီးက ချက်ချင်းသူ့ဖုန်းလေးကို တတောက်တောက်လုပ်ရင်း “ဟဲ့ သူသွင်းတဲ့ဂိုးက ၅၀ လောက်တောင်ရှိပြီ၊ သူတို့ပြော တဲ့ နံမည်ကျော်သေသွားသူက ၁၈ ယောက်ပဲ ရှိသေး၊ မရွှီးနဲ့” ။ “တခြားသူတွေတုန်းက စာရင်းမကောက်လိုက်ရလို့ ဖြစ်မှာ” အရှုံးမပေးတမ်းငြင်းနေကြတဲ့ မောင်နှမတွေစကားနားထောင်ရင်း လူငယ်တွေရဲ့ သဘာဝလေးတွေကို ချစ်ခင်စွာ စူးစမ်းနေ မိပါတယ်။
နောက်ဆုံး သမီးလတ်ဆုက “Butterfly effect ဆိုတာကြားဖူးတယ် မဟုတ်လား။ ခုလဲ ကိုယ်နားမလည်နိုင်တဲ့ အကြောင်း တွေရှိချင်ရှိနေမှာပေါ့” တဲ့။
အမလေးဟဲ့။ သူတို့ ရဲ့ အဆိုတော် သေသွားတာ လိပ်ပြာတောင်ပံခတ်ခြင်းရဲ့ အကျိုးဆက်တောင်ဖြစ်နေပါ ပေါ့လား။
အဆိုတော် သေသွားရှာတာတော့စိတ်မကောင်း။ သူ့သီချင်းလေးတွေက နားထောင်လို့ကောင်းသည်။သူတို့ငြင်းခုံပွဲက ပျော်စရာ၊ ပေါက်တတ်ကရ လေးဆယ်မက။ ကိုယ်ပါငြင်းချင်ပေမယ့် သူတို့ပြောနေတဲ့ အကြောင်းတွေက ကိုယ်နဲ့ လက်လှမ်း မမီ။သူတို့က ပြောလိုက်သေး “လူကြီးတွေစကားဝိုင်း ကလေးဝင်ပါလို့ ဘယ်ဖြစ်မလဲ” တဲ့။
ဒီအချိန်မှာပဲ ဘဲလ်တီးသံကြောင့် တံခါးဖွင့်လိုက်တော့ ကျမရဲ့အဒေါ်ဈေးကအပြန် ဝင်လာတာပါ။ ကဲ .. ကလေးချင်းပဲ စကားပြောတော့မယ်။
ဝင်လာလာချင်းပဲ “ဟဲ့ နင်တို့သိပြီးပလား၊ NLD ဦးတင်ဦး ဆုံးသွားပြီတဲ့၊ ဦးဖြိုးမင်းသိန်းကိုလဲ ရာထူးက ဖြုတ်ပစ်လိုက်ပြီတဲ့” ။ ဘယ်မှာပါတာလဲ၊ သတင်းစာထဲမှာလားလို့မေးတော့ facebook ကတဲ့။
ကျမလည်း မနက်ပိုင်း RFA သတင်းနားထောင်တာ ဒီသတင်းတွေမပါလို့ စိတ်ထဲ ဇဝေဇဝါနဲ့ သူရခဲ့တဲ့ သတင်းရင်းမြစ်ကို ကြည့်လိုက်တော့မှ ဆေးနည်းတွေ၊ ဘုန်းကြီးတရားစာတွေတင်ရင်း ရိုးသားမှုမရှိတဲ့ သတင်းတွေကို တစ်ချီတစ်ချီ ထပြီး တင်တတ်တဲ့ နေရာက ရခဲ့တာပဲ။
စိတ်ထဲမှာ လူထုဦးစိန်ဝင်းရေးခဲ့တဲ့ စကားမာရသွန်တွေထဲက အဝါရောင် စာနယ်ဇင်း ဆိုတဲ့ အကြောင်းလေးကိုသတိရမိတယ်။ UMG College မှာ personal Development ဘာသာရပ်သင်ပေးခဲ့တုန်းက ကျောင်းသားတွေကို မကြာခဏ ပြောဖြစ်တဲ့ အ ကြောင်းအရာလေးပါ။
အဲဒီတုန်းက ကျမက ကျောင်းသားတွေကို အပြာရောင်စာနယ်ဇင်းဆိုတာသိလားလို့ မေးခွန်းနဲ့ စတင်ခဲ့ပါတယ်။အားလုံးက နဝေတိမ်တောင်နဲ့။ အပြာရုပ်ရှင်ဆိုတာရော သိလားဆိုတော့ ပြုံးစိစိတွေနဲ့ သိပါတယ်တဲ့။
သူတို့က စာနယ်ဇင်း ဆိုတဲ့ အတိုကောက် စကားလုံးကို ကိုပဲ မသိဖြစ်နေကြတာပါ။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း စတာတွေကို ပေါင်းစပ်မှည့်ခေါ်ထားတဲ့ စာပေနယ်ပယ်လို့ ရှင်းပြခဲ့ရဖူးပါတယ်။ နောက်မှဆက်ပြီး ကိုယ်ပြောလိုတဲ့ အဝါရောင်စာနယ်ဇင်း ဆိုတာကို ခန့်မှန်းကြည့်ပါဦးဆိုတော့ တပည့်တစ်ဦးက ခပ်သွက်သွက်ပဲ တရားစာအုပ်တွေပါဆရာမတဲ့။ အဝါရောင်အဖုံးလေး တွေနဲ့ ထုတ်လေ့ရှိလို့တဲ့။
သူတို့ကို အပြစ်မတင်ရက်ပါဘူး။ ကျမကိုယ်တိုင်တောင် ဆရာလူထုစိန်ဝင်းရေးတဲ့စာ ဖတ်မှ သိတာလေ။ ဆရာရေးပြထားတဲ့ စကားလုံးလေးအတိုင်းရေးပြချင်ပါတယ်။
“စာဖတ်ပရိသတ်ကို သွေးဆောင်ဖြားယောင်းဖို့ အတွက် ပရိသတ် သည်းခြေခိုက်သွားစေမယ့်ကိစ္စမျိုးတွေကို ပြူးတူးပြဲတဲ နဲ့ ပုံကြီးချဲ့ပြီးဖြစ်စေ၊ ပုံဖျက်ပြီးဖြစ်စေ ရေးသားဖော်ပြတဲ့စာတွေ၊ စာနယ်ဇင်းတွေကို အဝါရောင်စာနယ်ဇင်းလို့ သတ်မှတ်ကြ တယ်”
လူမှုကွန်ယက်ခေတ်မှာလည်း အဝါရောင် facebook page တွေ ပေါ်လာတာ မဆန်းလှပါဘူး။ တချို့ဆို Photoshop နည်းပညာအကူအညီနဲ့ အထူးအဆန်းတွေ တင်တတ်ကြပါတယ်။ ငှက်ပျောပင်က သင်္ဘောသီး သီးတာတို့ ၊ လူကနေ ဘာ မှန်းမသိတဲ့ သတ္တဝါမွေးတာမျိုးတွေပေါ့။
အဝါရောင်စာနယ်ဇင်းတွေဟာ အပြာရောင်စာနယ်ဇင်းထက် အန္တရာယ်ပိုပါတယ်။ အခါးကိုသကြားအုပ်ထားတာ မျိုးမို့ အန္တ ရာယ်ကို မမြင်လွယ်ပါဘူး။
ဒီတော့ ကျမတို့ တစ်တွေဖတ်ကြတဲ့ စာတွေ၊ နားထောင်ကြ၊ ကြည့်ကြတဲ့ အကြောင်းအရာတွေကို ဘယ်လိုပုံစံနဲ့ ဖတ်သင့်၊ ကြည့်သင့်၊ နားထောင်သင့်သလဲဆိုတာ အရေးကြီးလာပါပြီ။
@@@
အနောက်နိုင်ငံတွေမှာတော့ ကျောင်းသားတွေကို ငယ်စဉ်ကတည်းက ကိုယ့်အတန်းနဲ့ လျော်ညီတဲ့ စာအုပ်တွေ ဖတ်စေပြီး စာအုပ်ပါ အကြောင်းအရာတွေကို ပြန်လည်ဆွေးနွေးစေတဲ့ စကားဝိုင်းတွေဟာ သင်ရိုးမှာကို ထည့်သွင်းထားကြတယ်လို့ ဖတ်မှတ်ခဲ့ဖူးပါတယ်။
ခုနောက်ပိုင်း ကျမတို့ နိုင်ငံမှာလည်း စာဖတ်ဝိုင်းလေးတွေ လုပ်လာတာေ တွ့ရပါတယ်။ ကျောင်းသင်ရိုးမှာမပါသေးတော့၊ သင်ကြားနည်းစနစ်တွေ ကလည်း ခုမှ စပြု ပြင်ကြတုန်းဆိုတော့ ကျယ်ကျယ်ပြန့်ပြန့် မဖြစ်လှသေး ပါဘူး။
လွန်ခဲ့တဲ့ ၅ နှစ်လောက်က ကျမ RWCT (Reading Writing Critical Thinking) ဆိုတဲ့ ရက်တို ဆရာအတတ်သင် သင် တန်းလေးတက်ခဲ့ ဘူးပါတယ်။ Critical Thinking (ပိုင်းခြားဆင်ခြင် စဉ်းစားခြင်း) ကို ငယ်စဉ်ကတည်းက အလေ့အကျင့်ရစေဖို့ ရည်ရွယ်တဲ့ သင်တန်းလေးပါ။ သင်တန်းမှာ ပို့ချခဲ့သော Reading for Critical Thinking ဆိုသည့် အကြောင်းအရာလေးကို ပြန်လည်မျှဝေလိုပါတယ်။
စာတပုဒ်ဖတ်ပြီးရင် Q A R E F M Lw ဆိုပြီး အတိုကောက်စာလုံးလေးများနဲ့ တိုက်ဆိုင်စစ်ဆေး ကြည့်ခိုင်းပါတယ်။
• Q (Question) စာဖတ်ပြီး သည်စာက အဓိက ဘာကိုပြောတာလဲ မေးခွန်းထုတ်မည်။
• A (Answer) စာရေးဆရာက အဖြေပေးထားလား။
• R (Reason) သူပေးတဲ့ အဖြေ ၊အချက်အလက်တွေဟာ ကျိုးကြောင်းဆက်စပ်မှုရှိသလား။
• E (Evidence) သက်သေအထောက်အထား ပါရဲ့လား ခိုင်မာသလား။
ထို လေးမျိုးက စာရေးသူ အာဘော်ကို ရှာဖွေမည့် ကိရိယာများဖြစ်ပါ သည်။ သည် ၄ မျိုး နှင့်ရှာလိုက်လျှင် စာရေးသူ၏ အာဘော် ပေါ်လွင်လာမည်။
• F (Facts) စာရေးသူရေးသားထားသည့် အချက်အလက်တွေက မှန်ကန်မှု၊ ပြည့်စုံကျယ်ပြန့်မှု၊ သတင်းရင်းမြစ်ခိုင်မာ သ လား စဉ်းစားမည်။
• M (Missing) ဖုံးကွယ်ထိမ်ချန်ထားသောအရာတွေရှိနေသေးလား။
• Lw (Loaded Words) နင့်သီးသော စကားလုံးများ ပါဝင်နေသလား ဆိုတာတွေကိုဆန်းစစ် ကြည့်ပါတဲ့။
သည်လက်နက် ၃ မျိုးကတော့ စာဖတ်သူက မိမိဖတ်သည့်စာအပေါ် ဝေဖန်ဆန်းစစ်မှုပြုခြင်းပင်။
စာအုပ်ဖတ်တာတင်မဟုတ်ပါဘူး ဟောပြောတာတွေနားထောင်မယ် ဆိုရင်လည်း အဓိက ပြောချင်တာက ဘာလဲ၊ ဟော ပြောသူရဲ့ ရပ်တည်မှုက ဘယ်လိုလဲ၊ သူရဲ့ ကျိုးကြောင်းဆက်စပ် ဆင်ခြင်နိုင်မှုက ဘာတွေလဲ၊ တင်ပြချက်တွေဟာ လက်ခံနိုင် လောက်လား… ဘာကြောင့်လဲ၊ သူထိန်ချန်ထားတဲ့အချက်ရှိနေသလား …. ဘာတွေဖြစ်နိုင်လဲ၊ သက်သေအထောက် အ ထားခိုင်လုံမှု ဘယ်လောက်ရှိသလဲ၊ နင့်နင့်သီးသီးသုံးစွဲတာမျိုးတွေ လုပ်သလား၊အသံနေ အသံထား ကိုယ်ဟန် ဘယ်လို ရှိသလဲ၊ ရည်ရွယ်ချက်ကဘာလဲ ဆိုတဲ့ အချက်တွေကို ကျမတို့ သင်တန်းသားတွေကို ရှာစေပါတယ်။
စာတပုဒ်ဖြစ်စေ၊ ရုပ်ရှင်တစ်ကားဖြစ်စေ၊ ဟောပြောပို့ချမှုတွေ သူတပါးပြောဆိုတာတွေ နားထောင်ရာမှာဖြစ်စေ ပိုင်းခြားဝေ ဖန်မှုလေးတွေနဲ့ ဆင်ခြင်နိုင်ဖို့ သင်ကြားပေးနေတာပါ။ ကျမတို့ ပညာရေးမှာ အင်မတန်လိုအပ်နေတဲ့ သင်ကြားမှုမျိုးပါ။
အဲဒီတုန်းက ကျမတို့ကို သင်တန်းပို့ချခဲ့တဲ့ လုမ္ပနီကျောင်းက ဆရာမ ဒေါ်ထွေးထွေးသန်းရဲ့ ဟောပြောတဲ့ပုံစံလေးကို ခုထိ မှတ်မိနေတုန်းပါပဲ။ အင်မတန်တော်ပါတယ်။ သူက ဟောပြောပွဲတစ်ခုကို နမူနာပုံစံ ပြုလုပ်ပြပါတယ်။ ပြောတဲ့အကြောင်း အရာက ဆေးရွက်ကြီးစိုက်ပျိုးသူတွေကို အခွန်တိုးကောက်လို့ အခက်အခဲတွေရင်ဆိုင်နေရတဲ့ အကြောင်း ဆေးရွက်တောင် သူတွေဘက်ကရပ်တည်တဲ့ အမြင်နဲ့ပြောတဲ့ စတိုင်ပေါ့။ ပြောရင်း စားပွဲကို ဗြန်းကနဲ လက်နဲ့ပုတ်လိုက်ပြီး ဆေးရွက်စိုက် တဲ့တောင်သူတွေ ရဲ့အခက်အခဲတွေကို မာန်ပါပါနဲ့ ပြောပြသွားပါတယ်။ (YBS Spare ပြဿနာမျိုးပေါ့)
ပြီးတော့မှ ကျမတို့ သင်တန်းသားတွေကို အပေါ်မှာတင်ပြခဲ့တဲ့ Listening of critical thinking မှာဆန်းစစ်ရမယ့် အချက် တွေနဲ့ စစ်ဆေးခိုင်းပါတယ်။
သူပြောတဲ့ အထဲမှာ ဆေးရွက်ကြီးကနေ ထုတ်လုပ်တဲ့ စီးကရက်၊ ဆေးလိပ်တို့ရဲ့ ဆိုးကျိုးကို ထိန်ချန်ထားတယ်။ စားပွဲကို လက်နဲ့ ပုတ်လိုက်တဲ့ဟန်က ရင့်သီးတဲ့ ဟန်ပါ။ နောက်ဆုံးကျမတို့ ကောက်ချက်က ဒီဟောပြောမှုဟာ ဘက်တဘက် အမြင်နဲ့ ပြောဆိုမှုသာဖြစ်တယ်လို့ ကောက်ချက်ချ ခဲ့ကြပါတယ်။
ဗုဒ္ဓရဲ့ ကျော်ကြားလှတဲ့ ကာလမသုတ်ဟာလည်း ဝေဖန်ပိုင်းခြား စဉ်းစားတတ်ဖို့ အဓိကထား ပြောခဲ့တဲ့ အဆုံးအမတစ်ခုပါ။ ဘုရားရှင်ဟာ သူ့ရဲ့ တရားတော်ကို ကိုယ်ပိုင်ဥာဏ်နဲ့ ဝေဖန်သုံးသပ်ပြီးမှ လက်ခံပါလို့ ရဲရဲဝံ့ဝံ့ မှတ်ကျောက်တင်ခံခဲ့သူဖြစ်ပါ တယ်။
@@@
မကြာသေးခင် တစ်ရက်မှာတော့ ကျမအဒေါ်နဲ့အတူ အဖေါ်လိုက်ပေးရင်း ဗေဒင်ဆရာတစ်ဦး ဆီရောက်သွားပါ တယ်။ ဗေဒင်မမေးဖြစ်တာလည်းကြာ၊ အဒေါ်ကလည်း ညွှန်းတာနဲ့ ကျမကိုယ်တိုင်မေးဖြစ်သလို သမီး ၃ ယောက်ရဲ့ မွေးသက္ကရာဇ် တွေပေးခဲ့ပြီး ဟောစာတမ်းအပ်ခဲ့ပါတယ်။ ဟောစာတမ်းတွေရတဲ့အခါမှာတော့ ယတြာတွေလုပ်ခိုင်းလို့ ခြံထဲရှိသမျှ အရွက် တွေ အိမ်ဘုရားစင်ပေါ်မှာ ရောက်ကုန်ပါတော့တယ်။ ရွက်လှ၊ ကံ့ကော် ၊ခရေ၊ ကတက်၊ အုန်း၊ နှင်းဆီ စုံလို့ပါပဲ။ ခရေပင်ပဲ မရှိလို့ YTU ကျောင်းထဲ လမ်းလျှောက်ရင်း ခူးခဲ့ရပါသေးတယ်။
ခုဒီစာကို ရေးနေချိန်မှာ ၁၀ တန်းတက်နေတဲ့ သမီးငယ်က ဖတ်ပြီး မေကြီး ယတြာတွေခြေနေတာကကော သူများပြောတိုင်း ယုံတာ၊ လုပ်တာ မဟုတ်လားတဲ့။ သူကဆက်ပြောသေးတယ်… "မြတ်စွာဘုရားဟော တဲ့တရားကို ယုံကြည်ရင် ဗေဒင်မေး စရာမလိုဘူးဆို" တဲ့။ မေမေဖွင့်တဲ့ မိုးကုတ်တရားမှာ ပါတာလေတဲ့။ လူကြီးရှက်တော့ရယ်ဆိုသလို ကျမလည်းရှက်ရယ် ရယ်ရင်း “ဗေဒင်မေးတာက အပျော်ပါသမီးရယ် တခါတလေပါ” လို့ ခပ်ဖော့ဖော့လေး ပြန်ပြောလိုက်ရတယ်။
သမီးကြီးကကြားပြီး သူ့ညီမကို ဆုံးမသံနဲ့ “ငါ့ညီမလေး အမြဲတမ်း ဝေဖန်ပိုင်းခြားမှုလုပ်ပါ၊ တခါတရံ အပျော်တမ်း ဝေဖန် ပိုင်းခြားမှု မလုပ်ပဲနေပါ ” တဲ့။မျက်နှာက ကျမကိုကြည့်ပြီး စပ်ဖြီးဖြီး။
ကျမလည်း သူတို့ရဲ့ ဝေဖန်ဆန်းစစ်မှုပိုက်ကွန်ထဲက သားကောင်လေးဖြစ်နေပါပေါ့လို့ ကိုယ့်ကိုယ်ကိုယ် သနားမိလိုက်တယ်။ ဒါပေမယ့် သမီးတို့ ဝေဖန်တတ်လာတာကို ကြိုဆိုသင့်တယ်မဟုတ်လား။
ခုဆိုရင် စာနယ်ဇင်း အမျိုးမျိုး လွတ်လပ်စွာ ထုတ်ဝေလာကြပါပြီ။ တိုးတက်လာတဲ့ နည်းပညာတွေကြောင့် လူမှုကွန်ရက် ပေါ်မှာလည်း လွတ်လွတ်လပ်လပ် ရေးသားနိုင်နေကြပါတယ်။ ကိုယ်ရေးသားမှု၊ ကိုယ့်ဖြန့်ဝေမှုတွေကို ကိုယ်ကိုယ်တိုင်ပဲ တာဝန်ခံရမှာပါ။
ကျမရဲ့ စာလေးကိုလည်း ဖတ်ပြီး ဝေဖန်ဆန်းစစ် စဉ်းစားနိုင်ပါတယ်။ (ကျောက်ခဲကြီးကြီးနဲ့တော့ မထုစေချင်ပါ :)) စာတွေ များများဖတ်နိုင်ကြပါစေ။
Comments