စိုးခိုင်ညိန်း ● အမာရွတ်
(မိုးမခ) ဇူလိုင် ၂၅၊ ၂ဝ၁၇
(မိုးမခ) ဇူလိုင် ၂၅၊ ၂ဝ၁၇
ကျွန်တော့်ရဲ့ နောက်ကျော ဘယ်ဘက် လက်ပြင်အောက်နားလောက်မှာ မူးစေ့ နှစ်စေ့ခန့်လောက်ရှိတဲ့ ရှည်မျှောမျှော အမာ ရွတ်တခု ရှိပါတယ်။ ဒီအမာရွတ်ကို မြင်မိကြတဲ့သူ အတော်များများက ဘာဖြစ်လို့ရတဲ့အမာရွတ်လဲလို့ မေးလေ့ ရှိကြပါတယ်။ ကျွန်တော်ကလည်း အဲဒါ အရေးအခင်းတုန်းက ကျည်ဆံရှပ်မှန်သွားခဲ့တာလေဆိုပြီး ပြောင်သလို နောက်သလို၊ အတည် ပေါက် လိုလိုနဲ့ ခပ်ဝါးဝါး မရေမရာ ဖြေမိတာချည်းပါပဲ။ အမှန်တော့ ဒီအမာရွတ် ဘယ်လိုကနေရခဲ့တယ်ဆိုတာ ကျွန်တော် ဘယ်သူ့ ဘယ်သူကိုမှ အမှန်အတိုင်း မပြောပြခဲ့ဘူးပါဘူး။ ကျွန်တော်အင်္ကျီချွတ်တဲ့အခါ၊ ရေချိုးတဲ့ အခါမျိုးမှာ တယောက် ယောက် ဒီအမာရွတ်ကိုမြင်သွားမှာ မလိုလားပါဘူး။ ဒီအမာရွတ်ရှိနေတာဟာ ကျွန်တော့်ကို ရှက်စရာတခုလို စိတ်အနည်းငယ် အနှောက်အယှက် ဖြစ်စေပါတယ်။ အမာရွတ်က လူမြင်ကွင်းမဟုတ်တဲ့ နောက်ကျောဘက်မှာရှိနေလို့ တော်ပါသေးရဲ့လို့ အောက်မေ့မိပါတယ်။
တချို့ လူမြင်ကွင်း မျက်နှာလို နေရာမျိုးမှာ အမာရွတ်ကြီးရှိတဲ့ သူကို ကျွန်တော် တွေ့ဘူးပါတယ်။ သူခံစားနေရတဲ့ စိတ် ဒဏ်ရာအမာရွတ်ကို ကျွန်တော်ကိုယ်ချင်းစာ ခံစားမိပါတယ်။ မျက်နှာပေါ်မှာ ကန့်လန့်ဖြတ် အမာရွတ်ကြီးနဲ့ ရုပ်ဆိုးအကျည်း တန်နေတဲ့သူကို ကျွန်တော်က ကြောက်စရာ မသတီစရာကောင်းတဲ့သူလို့တောင် ထင်မိပါသေးတယ်။ မျက်နှာပေါ်က အမာ ရွတ်ထက် စိတ်အတွင်းထဲထိ ထိခိုက်သွားရတဲ့ စိတ်ဒဏ်ရာ အမာရွတ်ကို ကျွန်တော်မြင်အောင် မကြည့်တတ်ခဲ့မိတာ ဝန်ခံပါတယ်။ ဒါပေမဲ့ ဘယ်လိုကြောင့် ဒီအမာရွတ်ရခဲ့တယ်ဆိုတဲ့ အကြောင်းချင်းအရာအပေါ်မူတည်ပြီး အမာရွတ်အပေါ် ထားတဲ့ စိတ်ခံစားမှုကလည်း အမျိုးမျိုးပြောင်းလဲနိုင်တာပါပဲ။ အပေါ်ယံအရေပြားပေါ်က အမာရွတ်ကို ဖျောက်ပစ်ဖို့ ခက် သလို စိတ်အတွင်းမှာ ရတဲ့ အမာရွတ်တွေကလည်း ဖျောက်ပစ်ဖို့ မလွယ်ကူပါဘူး။ ကျွန်တော်တို့အားလုံးမှာ မေ့ပစ်လို့ မရတဲ့ အမာရွတ်တွေ ရှိခဲ့ကြမှာပါပဲ။
အမာရွတ်ကို မြင်လိုက်တာနဲ့ ဒီလူဟာ ဆိုးခဲ့ မိုက်ခဲ့၊ တေခဲ့ ပေခဲ့တာ ဖြစ်မှာပဲလို့ ကျွန်တော်တို့က ရမ်းသန်း ထင်လိုက်မိ တတ်တာပါပဲ။ အဲဒီအမြင်ကနေပဲ အမာရွတ်ရှိတဲ့သူကို ကြောက်စရာ၊ လန့်စရာလို့ထင်ပြီး ရှောင်ဖယ်ဖယ် လုပ်လိုက်တဲ့ အခါ မှာ သူ့မှာ စိတ်မှာ အမာရွတ်တခု ထပ်ရသွားသလို ဖြစ်သွားပါတယ်။
ဂျာနယ်ကျော် ဦးချစ်မောင်ရေးတဲ့ သူ့ဝတ္ထုထဲက ဆရာဝန်ကိုမြင့်မောင်ကို ဖြတ်ခနဲ့ သတိရလိုက်မိပါတယ်။ ကိုမြင့်မောင်က မီးလောင်နေတဲ့ အိမ်ထဲကို ကလေးတယောက်ကို ဝင်ကယ်ရင်း သံပြားနဲ့ရှပြီး မျက်နှာမှာ ဓါးခြစ်ရာကြီးလို အမာရွတ်ကြီး ဖြစ်သွားတယ်။ ခြေထောက်တဖက်လည်း ထိခိုက်သွားတယ်။ ဒါကို အကြောင်းမသိတဲ့သူတွေက သူ လော်လည်လို့ရတဲ့ အမာရွတ်လို့ ထင်ကြတယ်။ သူ့ကို အထင်သေး ရွံရှာကြတယ်။ တကယ်တော့ ဒီလိုမျိုးနည်းနဲ့ရတဲ့အမာရွတ်က သိမ်ငယ်စရာ၊ ရှက်စရာမဟုတ်ပါဘူး။ ဂုဏ်ယူလေးစားစရာ ဘဝရဲ့ အလှတရားတခုဖြစ်တယ်လို့ ကျွန်တော်က ယူဆပါတယ်။
တဆက်တည်း ကျွန်တော်ငယ်ငယ်က ဖတ်ခဲ့ရတဲ့ ရွှေသွေးစာဆောင်ထဲက ဇာတ်လမ်းလေး တပုဒ်ကို သတိရမိပါသေးတယ်။ အသေးစိတ်တော့ မမှတ်မိတော့ပါဘူး။ ဇာတ်လမ်းထဲမှာ ကလေးလေး တယောက်က သူတို့လမ်းထဲကို ပြောင်းလာတဲ့ မျက် နှာမှာ ဓါးခုတ်ရာလို ကန့်လန့်ဖြတ် အမာရွတ်ကြီးနဲ့၏လူကြီးကို ကြောက်ပြီး မုန်းနေတယ်။ လမ်းမှာတွေ့ရင် ကလေးက ကြောက်ပြီးထွက်ပြေးတယ်။ လူကြီးကတော့ တွေ့တိုင်း ကြင်ကြင်နာနာနဲ့ ပြုံးပြပေမဲ့ ကလေးတိုင်းလိုလိုက ကြောက်ပြီး သူ့အနား မကပ်ကြပါဘူး။ ပြုံးပြခါမှ သူ့မျက်နှာက အမာရွတ်ကြီးနဲ့ ပိုပြီးအကျည်းတန် အရုပ်ဆိုးသွားသလိုပါပဲ။ တရက်မှာ တော့ ကလေးတို့အိမ်ကို မီးလောင်တယ်။ အိမ်ထဲမှာ ကလေးက ပိတ်မိနေတယ်။ ဘယ်သူမှ ဝင်မကယ်ရဲကြဘူး။ အဲဒီအချိန် မှာ အမာရွတ်နဲ့ လူကြီးရောက်လာပြီး ကလေးကို ဝင်ကယ်လိုက်တယ်။ အဲဒီနောက်မှာတော့ ကလေးတွေက သူ့ကို ကြင် နာတဲ့သူဆိုပြီး လူကြီးရဲ့မျက်နှာပေါ်က အမာရွတ်ကို ချစ်စရာ အလှတရားတခုအဖြစ်နဲ့ ချစ်ခင်သွားကြတယ်ဆိုတဲ့ ဇာတ် လမ်းလေးပါ။ ဒီဇာတ်လမ်းလေးဟာ ကလေးဖတ်စာတခုအဖြစ်နဲ့ရေးထားတာဖြစ်ပေမဲ့ ကျွန်တော်အခုချိန်အထိ အမှတ်ရနေ မိတာ ဖြစ်ပါတယ်။
ကျွန်တော့်နောက်ကျောမှာရခဲ့တဲ့အမာရွတ်ကတော့ ဂုဏ်ယူစရာတခုအဖြစ်နဲ့ရခဲ့တာတော့ မဟုတ်ပါဘူး။ အဲဒီတုန်းက ကျွန် တော်လေးနှစ်သား အရွယ်လောက်ပဲရှိဦးမယ် ထင်ပါတယ်။ ဆောင်းတွင်းကြီး မနက်စောစောမှာ အိမ်ရှေ့က ကွက်လပ်က မီးဖိုးလေးမှာ မီးလှုံနေတုန်း အနားက ခွေးနှစ်ကောင်ကိုက်တာကိုဖြေရင်း လုံးထွေးရင်းနဲ့ ကျွန်တော်က မီးဖိုးပေါ် ပက်လက် လန် လဲကျသွားတာပါ။ အဲဒီမှာ မီးကျီးခဲနဲ့ ထိပြီး အနာဖြစ်ပြီး ဒဏ်ရာ ရသွားတာဖြစ်ပါ တယ်။ အဲဒီအနာ မပျောက်သေးခင်မှာပဲ ကြက်က စားစရာလို့ ထင်လို့ပဲလားမသိဘူး နှုတ်သီးနဲ့ဆိတ်သွားတာ ခံလိုက်ရသေးတယ်။ အဲဒီအကြောင်းကို အမေက ကျွန်တော် အသက်အတော်ကြီးသည်အထိ စကားစပ်ရင် စပ်သလို ကြုံရင် ကြုံသလို "သူငယ်ငယ်ကပေါ့ သူ့နောက်ကျောက မီးလောင်တဲ့အနာကို ကြက်က ဆိတ်သွားတာအေ၊ ငိုလိုက်တာများ မပြောနဲ့" ဆိုပြီး ဟာသတခုအဖြစ်ပြောပြီး ရယ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်စိတ်ထဲမှာ ဒါကို ရယ်စရာလို့မထင်ဘူး၊ မရယ်ရတဲ့အပြင် သူတို့ အဲဒီလိုပြောပြီး ရယ်နေတာကို ကျွန်တော့် စိတ်ထဲ မခံချိမခံသာ ဖြစ်နေတယ်။ ရှင်းရှင်းပြောပြီးရယ်နေတာကို မကြိုက်ဘူး။ မုန်းတဲ့စိတ်တောင် ဖြစ်မိတယ်။ ဒါက အဲဒီ အမာရွတ်နဲ့ပတ်သက်ပြီး စိတ်မှာရခဲ့တဲ့ အမာရွတ်လို့ပဲ ပြောရမလား မသိပါဘူး။
လူတိုင်းမှာ မေ့လို့မရနိုင်တဲ့ အတိတ်ဆိုတာ ရှိမှာပါပဲ၊ အဲဒီ မေ့မရတဲ့ အတိတ်ဆိုတာဟာ စိတ်မှာရခဲ့တဲ့ ဒဏ်ရာကြောင့် အမာရွတ်တခုလို ထင်ကျန်ပြီး အကြောင်းတိုက်ဆိုင်တိုင်း သတိရ မိတတ်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ စိတ်မှာ အနာ တရဖြစ်ပြီး ကျန်ခဲ့တဲ့ အမာရွတ်ကိုယ်စီ ရှိကြပါတယ်။ နှစ်စဉ်နှစ်တိုင်း အကြောင်းတိုက်ဆိုင်ခဲ့တဲ့ နေ့ရက်တွေ ရောက်လေတိုင်း အဲဒီစိတ်မှာရတဲ့အမာရွတ်ကို အမှတ်တရဖြစ်ပြီး ပွတ်သပ်ဖြေဖျောက် အရသာခံရပါတယ်။
၁၉၆၂ ခုနှစ်၊ စစ်တပ်က အာဏာသိမ်းပြီး ကျောင်းသားသမဂ္ဂအဆောက်အဦးကို ဖြိုးခွဲပြီး ကျောင်းသားတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ 7 July နေ့ရက်ဟာ ကျွန်တော်တို့ မေ့လို့မရနိုင်တဲ့ စိတ်ထဲက အမာရွတ်တခုပေါ့။ ဒီနေ့ ဒီရက်ရောက်တိုင်း ကျွန် တော်တို့ဟာ စိတ်ထဲက အမာရွတ်ကိုပွတ်သပ်ပြီး အမှတ်တရ အောက်မေ့တသကြရပါတယ်။
ထိုနည်းတူစွာပဲ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အပေါင်းပါ အာဇာနည် ၉ ဦး လုပ်ကြံခံရတဲ့ ဇူလိုင် ၁၉ ရက်ကိုလည်း ကျွန် တော်တို့ ဘယ်လိုမှမေ့လို့မရနိုင်တဲ့ စိတ်ထဲက အမာရွတ်တခုပါပဲ။ ဒီဇူလိုင် ၁၉ ရက်ရောက်တိုင်း ကျွန်တော်တို့မှာ ဝမ်းနည်း ကြေကွဲ နှမျှောတသဖြစ်ကာ အမာရွတ်ကိုပွတ်သပ်ပြီး လွမ်းဆွတ်တသ ခံစားကြရပါတယ်။ ဘယ်တော့မှ မမေ့နိုင်တဲ့ ၁၉ ဂျူ လိုင်ပါပဲ။
စိတ်ထဲမှာ အမာရွတ်အဖြစ် ထင်ကျန်ခဲ့တဲ့ ရှစ်လေးလုံး အရေးအခင်း အဖြစ်အပျက်တွေကိုလည်း ကျွန်တော်တို့ မေ့လို့ မရ နိုင်ကြပါဘူး။ သေတဲ့သူတွေဟာလည်း အတုန်းအရုံးသေခဲ့ကြသလို ကျန်ခဲ့ရတဲ့သူတွေမှာလည်း သွေးအလိမ်းလိမ်း အမာ ရွတ် အထပ်ထပ်နဲ့ စိတ်ဒဏ်ရာ အနာတရများစွာနဲ့ပဲ ဖြစ်ပါတယ်။
နောက်တခု ကျွန်တော်ကိုယ်တိုင် ပါဝင်ဆင်နွှဲခဲ့တဲ့ ၂ဝဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးက အဖြစ်အပျက်တွေကို မေ့လို့ မရနိုင်ပါဘူး။ အဲဒီတုန်းကတော့ ထောင်မကြောက် တန်းမကြောက် ဘာလာလာ ရင်ဆိုင်မယ်ဆိုတဲ့ မာလာလာရဲ့ လူငယ် စိတ်နဲ့ပေါ့လေ၊ ရှေ့ဆုံးက လိုက်ခဲ့တာပေါ့။ အေးဆေးပြီလို့ ထင်ရတဲ့အခါကျမှ ကျွန်တော်နဲ့တွဲလုပ်တဲ့ ကျွန်တော့်သူငယ်ချင်း နှစ်ယောက်ကတော့ အဖမ်းခံလိုက်ရပါတယ်။ ကျွန်တော့်ကို လာဖမ်းတဲ့ညမှာတော့ ကျွန်တော်က ကံကောင်းထောက်မပြီး အပြင်ကတနေရာမှာ ရောက်နေလို့ သီသီလေး လွတ်ခဲ့ရပါတယ်။ ရှောင်ပြေးနေစဉ်ကာလမှာတော့ ကျွန်တော်ဟာ ကျီးလန့် စားစားနဲ့ နေခဲ့ရပါတယ်။ သူတို့က ကျွန်တော့်ရုပ်ပုံ ပုံပန်းသဏ္ဌာန်ကို အတိအကျ အသေအချာမသိပေမဲ့ ကျွန်တော့်မှာတော့ ခပ်လှမ်းလှမ်းကနေ စစ်ကား တွေ ဖြတ်ဖြတ်သွားတာ မြင်ရတိုင်း ပြေးပုန်းပြီး နေခဲ့ရတာဟာ အမာရွတ်တခုလို စွဲကျန်ခဲ့ပါတော့ တယ်။ တကယ်ဖမ်းပြီးဆိုတော့လည်း ကြောက်မိတာပါပဲ။ ကျွန်တော်တို့လို သာမန်လူမသိ သူမသိလိုလူ ထောင်ထဲရောက် သွားလို့ကတော့ နောက်ကလိုက်မဲ့သူလည်း မရှိ၊ ဘာမရှိနဲ့ ဘယ်ပို့လို့ ပို့မှန်းမသိ ဘာသတင်းအစအနမှမရလိုက်ပဲ သေမ လား ရှင်မလား မသိနိုင်တဲ့အနေအထားဆိုတော့ ကြောက်မိတာပေါ့လေ။
ဖမ်းခံခဲ့ရတဲ့ ကျွန်တော့်သူငယ်ချင်းတယောက် ငါးနှစ်ကြာလို့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတော့ သူ့ပုံစံဟာ အရင် ကနဲ့ အများကြီးကွာခြား ပြောင်းလဲသွားတာ တွေ့လိုက်ရပါတယ်။ သူ့ပုံစံဟာ အေးတိအေးစက် ငေးတိငေးငိုင်နဲ့ သူ့အယူ အဆတွေပါ ပြောင်းပြန်ဖြစ်သွားတာကို အံ့သြစွာ သိလိုက်ရပါတယ်။ ထောင်ထဲမှာ သူဘယ်လိုခံခဲ့ရသလဲ။ သူဘယ်လို ဖြစ်ခဲ့ တာလဲ၊ ဒါတွေဟာ သူ့စိတ်မှာ ရခဲ့တဲ့ စိတ်ဒဏ်ရာ အမာရွတ်တွေပါပဲ။ ဘယ်တော့မှ မေ့မှာ မဟုတ်တဲ့ အကြောင်းတိုက်ဆိုင်တိုင်း သတိရနေမဲ့ အမာရွတ်တွေပဲ ဖြစ်ပါတယ်။
အခုတော့ အရာအားလုံး ပြီးသွားခဲ့ပါပြီ။ အကြောင်းတိုက်ဆိုင်တိုင်း အဲဒီတုန်းကပေါ့လို့ စကားထဲ ထည့်ထည့်ပြောနေရတုန်း ပါပဲ။ ဒါကိုပဲ ကျွန်တော်က အမာရွတ်ဆိုတဲ့ ကဗျာလေးတပုဒ် ရေးလိုက်မိပါတယ်။
အမာရွတ်
သစ်ပင်တွေက မနုပျိုတော့တာက လွဲရင်
အရင်တုန်းက နာမည်တွေ အတိုင်းပဲ
သီးမြဲ ပွင့်မြဲ လှမြဲ စိမ်းမြဲ
စကားပြောရင် အဲဒီတုန်းကလို့ ထည့်ထည့်ပြောရတယ်
တချို့အရာတွေက မရှိတော့ဘူး
မရှိတော့တဲ့ အထဲ ကိုယ့်ငယ်ရွယ်မှုပါ ပါသွားတယ်
ရေဆင်းချိုးခဲ့ဘူးတယ်ဆိုတဲ့အဖြစ်နဲ့
ဓါးထစ်ပြီး မှတ်သားထားခဲ့တဲ့ မြစ်ရေတွေဟာ
အထစ်အငေါ့မရှိ စီးဆင်းသွားပေါ့
ရေတိုက်စားခြင်းခံရတဲ့ ကမ်းပါးတွေသာ ငေးကျန်ရစ်ခဲ့။ ။
စိုးခိုင်ညိန်း
ဇူလိုင် ၁၂၊ ၂ဝ၁၇
Comments