လင်းသက်ငြိမ် ● အဖေနဲ့ ကျွန်တော့်အကြောင်း အပိုင်းအစ

လင်းသက်ငြိမ် ● အဖေနဲ့ ကျွန်တော့်အကြောင်း အပိုင်းအစ
(မိုးမခ) သြဂတ်စ် ၂၄၊ ၂ဝ၁၇

ညနေက အဖေ ဖုန်းဆက်လာတယ်။ ဖုန်းနံပါတ်ကို ရုတ်တရက်မမှတ်မိပဲ ဖြစ်နေမိ။ ဖုန်းထဲမှတ်ထားတာကလဲ ဘယ်လိုပျက် သွားမှန်းမသိတော့။ အဖေက `ငါပါဟ ဘာမှတော့ မဟုတ်ပါဘူး မင်းနေကောင်းလားလို့ လှမ်းမေးတာ´ ကျနော့်ရင်ထဲကျဉ်
ခနဲဖြစ်သွားရတယ်။`ဟုတ် ကျနော်နေကောင်းပါတယ် အမေကောနေကောင်းလား အငယ်ကောင်ကောစာလိုက်နိုင်လား´စတဲ့ မေးခွန်းတွေကို တရစပ်ပြန်မေးမိတယ်။ သူ့ဖုန်းနံပါတ်ကို ကျနော်မမှတ်မိဘူးလို့ အဖေသိရင် အတော်စိတ်မကောင်းဖြစ် သွားမှာ သေချာပါတယ်။ အဖေနဲ့ အမေ ကျမ္မာရေးဂရုစိုက်ပါ ကျနော်နေကောင်းပါတယ်။ ခဏပဲ စကားတွေ အပြန်အလှန် ပြောပြီး အဖေဖုန်းချသွားတယ်။

အဖေဖုန်းချသွားပြီးတော့ ကျနော်ဝမ်းနည်းနေမိတယ်။ ငယ်ငယ်တုန်းကနေ အခုကာလအထိ အဖေ့ပုံရိပ်တွေ ကျနော့် အ တွေးထဲ ပြက်ပြက်ထင်ထင် ဝင်ရောက်လာနေတယ်။ မှတ်မိနေတဲ့အထဲက အထင်ရှားဆုံးပုံရိပ်ကလေးကတော့ အချိုရည် ဘူးတွေ ကြက်ဥတွေဆွဲပြီး ပြန်လာတဲ့အဖေ့ပုံရိပ်ပါပဲ။

အချိုရည်ဘူးတွေကို အလုအယက်ဝိုင်းယူကြပြီး ကျနော်တို့မောင်နှမတွေ ပျော်နေကြ။ အမေက ကြက်ဥတွေကိုယူပြီး ကြောင်အိမ်ထဲထည့်သိမ်းလိုက်ပြီး ကျနော်တို့ကို အချိုရည်ဘူးတွေ ခွဲဝေပေးပါတယ်။ အဖေသွေးလှူလာတယ်လို့ ပြောပြ တော့ သွေးက ဘယ်လိုလှူရတာလဲလို့ မေးခွန်းထုတ်တတ်တဲ့စိတ်လည်း ကျနော်တို့မှာ မရှိသေးပါ။ သွေးလှူရင် အများကြီး ရတာပဲနော် နောက်ကိုလည်းလှူဦးနော်လို့ ညီမလေးပြောတော့ ကျနော်တို့ဝိုင်းရီကြတယ်။ အဖေကတော့ ပြုံးလို့။ သွေးလှူ ပြီးရင် အလုပ်လည်း တရက်နားရပါတယ်။ သွေးလှူခြင်းဟာ ကုသိုလ်လည်းရတယ် အလုပ်လည်း နားရတယ်လို့ ကျနော် တွေးခဲ့ဖူးပါတယ်။

စာအုပ်တွေဖတ်လာတော့ ဆရာမြသန်းတင့်ရဲ့ သုခမြို့တော်ကိုဖတ်ရတော့ စိတ်ထဲတုန်တုန်လှုပ်လှုပ် ဖြစ်ရတယ်။ အပ် တောင်ထိုးဖောက်ရ ခက်ခဲနေတဲ့အရေပြားအောက်က ကြုံလှီနေတဲ့သွေးကြောတွေအကြောင်း စူးစူးနင့်နင့် ထိရှရ။ အဖေက တော့ သွေးလှူခဲ့တာပါပဲ။ ကျွန်တော်တို့ပျော်မိခဲ့တာ အပြစ်များဖြစ်နေလားလို့ ပြန်တွေးနေမိပါတယ်။ အခါအခွင့်သင့်လို့ ကျွန်တော် သွေးလှူ ဖြစ်တိုင်း အဖေ့ကိုသတိရမိတယ်။

ကြက်ဥတွေ အချိုရည်ဗူးတွေနဲ့ ငယ်ဘဝရဲ့ မသိနိုးနား အပျော်အကြောင်းကိုလည်း ပါတယ်။ သွေးလှူ ပြီးပြန်လာတဲ့အဖေ့ကို ခေါင်းမူးသလားလို့ မမေးခဲ့ဖူးတာကိုလည်း နောင်တရမိတယ်။ အဖေနဲ့ ကျွန်တော်က အိမ်မှာဆို စကားသိပ်ပြောလေ့မရှိ။ အဖေနဲ့ကျွန်တော့်ကိုအမေကပဲ တဆင့်ဆက်သွယ်ပေးပါတယ်။ စာအုပ်ဆိုင်ဖွင့်ဖြစ်ခဲ့တဲ့အချိန်တွေတုန်းက ညဥ့်နက်မှပြန်လာတတ်တဲ့ကျွန်တော့်ကို အဖေက မအိပ်သေးပဲ အမြဲစောင့်လေ့ရှိတယ်။ ကျွန်တော့်စာမူပါတဲ့မဂ္ဂဇင်းကိုတွေ့ရင် ညမိုးချုပ် ကြီး လက်နှိပ်ဓာတ်မီးနဲ့ထိုးပြီး ဖတ်လေ့ရှိတယ်။ အဲ့ဒီလိုမြင်ကွင်းမှာ ကျွန်တော်ဝမ်းနည်းကြေကွဲရတယ်။ အဖေ့မျက်စိတွေ မှုန်ဝါးနေလေပြီ။

အဖေက အခုလက်ရှိမီးရထားမှာ အလုပ်လုပ်နေတယ်။ နောက်နှစ်နှစ်သုံးနှစ်ဆိုပင်စင်ရတော့မှာမို့ ပေလုပ်ဦးမယ်လို့လည်း ပြောပါတယ်။ဇလီဖားတုံးကို ချွေးသံရွှဲရွှဲထမ်းပိုးရတဲ့အလုပ်ကို အဖေ့ကို ကျွန်တော်မလုပ်စေချင်တော့ဘူး။ ဒါပေမယ့် ကျွန် တော်ဟာ အခုထိ ငွေရေးကြေးရေးအဆင်ပြေတဲ့ အလုပ်အကိုင်တခုခု ပိုင်ပိုင်နိုင်နိုင်မရှိသေးတော့ အဖေနားတော့လို့ ကျွန် တော်ယတိပြတ်ကြီး မပြောရဲခဲ့။ ကျွန်တော်အိမ်နဲ့ဝေးရာကို ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ထွက်ခဲ့ပေမယ့်လည်း အခုထိ လည်း အိမ်နဲ့ဝေးနေဆဲပါပဲ။ တနှစ်တခါ အိမ်ပြန်လာတိုင်းလဲ ထုပ်ထုပ်ပိုက်ပိုက် ဘာမှပါမလာ။ သင်္ကြန်ပိတ်ရက်အိမ်ပြန်လာတဲ့မနက်အိပ်ယာနိုးတဲ့အချိန် အိမ်မှာအဖေမရှိလို့ အဖေဘယ်သွားတာလဲလို့ အမေ့ကိုမေးတော့ နင့်အဖေအလုပ်သွားတယ် လေတဲ့ ဆိုင်ကယ်မယူသွားဘူးလား အလုပ်ကအဝေးကြီးကိုမယူသွားဘူး နင်စီးစရာမရှိမှာစိုးလို့ ခြေလျင်ပဲသွားလိုက်တယ်အမေ့စကားတွေမှာ ကျွန်တော့်ရင်ထဲစူးကနဲ နင့်သွားရတယ်။

ခရီးတစ်ခုအတွက် ယာဉ်တွေ လိုအပ်ပါတယ်။ မိသားစုဆိုတာ ချစ်မေတ္တာတွေနဲ့ မှည့်ဝင်းနေတဲ့ကမ္ဘာတခုပါပဲ။ မိသားစုနဲ့ ဝေးရာအရပ်ကို ခဏခဏထွက်သွားခဲ့ပေမယ့် အခုထိကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်စွမ်း မဲ့နေဆဲပါပဲ။ ကဗျာတွေ စာအုပ်တွေရဲ့အနားမှာ ငွေစက္ကူ သေးသေးနုပ်နုပ် အနွမ်းအဖတ်ကလေးတွေသာ အလည်လာလေ့ရှိတာ မထူးဆန်းဘူး မဟုတ်လား။

သားကြီးအဖေ့ကို ဖုန်းဘေတထောင်လောက်ဖြည့်ပေးပါလို့ အဖေလှမ်းပြောတိုင်း ကျွန်တော်မဖြည့်ပေးနိုင်ခဲ့ဘူး။ ကျွန်တော့် အဆင်မပြေမှုတွေဟာ ကျွန်တော့်ကို အကြိမ်ကြိမ် လှောင်ပြောင်ပြက်ရယ်ပြုလေ့ရှိတယ်။ အိမ်ပြန်တိုင်း ကျွန်တော့်ကိုယ် ကျွန်တော် မုန်းတီးမိပါတယ်။ ဒီတခေါက်အိမ်ပြန်ရောက်တော့လည်း အဖေ့ကို ကျွန်တော်သေချာမကြည့်ဖြစ်ခဲ့။ ထမင်းစား ရင်းနဲ့ အမေက နင့်အဖေ ရှေ့သွားတချောင်းကျိုးနေတယ်။ အလုပ်ထဲကလူတွေက သူ့ကိုစနောက်တော့ သူရှက်တယ်တဲ့ ။ ဟုတ်လား ပြန်စိုက်ရမှာပေါ့။ အေးလေ အဲ့ဒါသားကြီးလာရင် ပြန်စိုက်မယ်ပြောပြောနေတာ။ ပိုက်ဆံတွေအမေ့ကိုအပ်ပြီး အဖေ သွားပြန်စိုက်လိုက်ဦးလေလို့ ကျွန်တော် အဖေ့ကိုပြောတော့ မစိုက်သေးဘူးကွာ၊ အိမ်ခြံစည်းရိုး အရင်ကာလိုက်ဦးမယ် တဲ့။ ထပ်ပေးစရာငွေလည်း ကျွန်တော့်မှာမရှိတော့ ကျွန်တော်အသာငြိမ်နေပြီး ကိုယ့်​ကိုယ်​ကို မုန်းတီးမိ။ နွေရာသီမှာ နေပူပြီး၊ မိုးရာသီမှာ မိုးရွာပြီး၊ ဆောင်းရာသီမှာ နှင်းကျတဲ့သဘာဝတရားရဲ့ ဖြစ်စဉ်တွေနဲ့လောကမှာ အခုထိ မပြေလည်မှုပြီး မပြေလည်မှုတွေဆက်တိုက်ရရှိနေတဲ့ ကျွန်တော့်ညံ့ဖျင်းမှုတွေကြောင့် ကျွန်တော့်ရင်မှာ အထပ်ထပ် ဒဏ်ရာတွေ။ အခု အဆင်မပြေရင် နောက်နေ့အဆင်ပြေမှာပေါ့ကွာ ယောက်ျားပဲ။ ကြိုးစားစမ်းပါဆိုတဲ့ အဖေ့ရဲ့စကားကို စိတ်ကျတိုင်း အမြဲ သတိရနေမိပေမယ့် စိတ်ကိုအမြင့်ပေါ်ပြန်တင်ဖို့ မစွမ်းနိုင်သေးပါဘူး။

အဖေကတော့ ဆေးပေါ့လိပ်ကလေးဖွာ လွယ်အိတ်ကလေးလွယ်ပြီး ရထားတွဲတွေပေါ်မှာ။ ကျွန်တော် မလုပ်စေချင်တော့တဲ့ အလုပ်မှာ ဆက်လက်လုပ်ကိုင်နေတယ်။ ယုံကြည်ချက်တွေပျက်ကျခဲ့တဲ့သားဟာ စာအုပ်တွေနဲ့ ကဗျာတွေနဲ့ အလုပ်တခု ကို စိတ်မပါလက်မပါရှာဖွေလို့။ အဝေးမှာနေတုန်းက မမှတ်မိခဲ့တဲ့ အဖေ့ဖုန်းကိုလည်း မမှတ်ရသေးပါဘူး။ မနက်လင်းတာနဲ့ အလုပ်ကိုထွက်သွားတဲ့ အဖေဟာ ညနေမှအိမ်ပြန်ရောက်လာတယ်။ ညနေဆို အိမ်မှာနေရတာ လိပ်ပြာမလုံတဲ့ကျွန်တော်က မြို့ထဲကိုပြန်ထွက်သွားတယ်။ ပူနွေးနေတဲ့အေးစက်မှုတွေနဲ့ ကျွန်တော်တို့ အသားကျနေပြီလား။

အိမ်ကလေးဟာ ရယ်သံတွေနဲ့ကွာဝေးလို့ ခွန်နဲ့အားနဲ့ အဖေ့ခြေလှမ်းတွေကို ကျွန်တော်ရဲရဲမကြည့်ရဲ။ အလုပ်တခုကနေအကျအရှုံးတွေနဲ့ပြန်လာတဲ့သားကို အဖေဟာ မေးခွန်းတွေနဲ့ မနှိပ်တာသိရလေ ပိုဝမ်းနည်းရလေပဲ။ အဖေ့အလုပ်ကိုဆက်မလုပ်စေချင်တော့ဘူးလို့ ကျွန်တော်ပြောဖို့ ကျွန်တော့်မှာဝင်ငွေအတန်အသင့်လိုတယ်မဟုတ်လား။ အဲ့ဒီစကားလုံးတွေကိုပြောခဲ့တဲ့သားဟာ အဲ့ဒီစကားလုံးတွေနဲ့လောင်မြိုက်ဆွံ့အလို့။ ထမင်းလေးရဲ့ငြိမ်သက်မှုကို အဖေက လှုပ်နိုးလိုက်တယ်`တစ်ရက် လေးငါးခြောက်ထောင်က ကိုယ့်မြို့မှာနေလည်း ရပါတယ်။ ဒါပေမယ့် မင်းဝါသနာပါတဲ့ အလုပ်နဲ့ မြို့ကြီးကပိုအဆင်ပြေတယ် အိမ်အတွက်တော့ မပူပါနဲ့ကွာ´ တဲ့။ ကျွန်တော်အိမ်နဲ့ အဝေးထွက်သွားရဦးမှာလား အသံမဲ့ ကျွန်တော့်စကားတွေက ကျွန်တော့်နားထဲ ပဲ့တင်လို့ ။

လင်းသက်ငြိမ်

Comments