သူသူမေ (မော်ကျွန်း) ● ဂလိုဘယ်လိုက်ဇေးရှင်း၏ တည့်ခင်းဧည့်ခံမှုများ
(မိုးမခ) သြဂတ်စ် ၉၊ ၂၀၁၇
(မိုးမခ) သြဂတ်စ် ၉၊ ၂၀၁၇
ယနေ့ခေတ်တွင် ကမ္ဘာကြီးအား ရွာကြီးတရွာအလား ပြောစမှတ်ပြုကြပြီးဖြစ်သည်ကို လူတိုင်းအသိပင်ဖြစ်သည်။ ကမ္ဘာ ကြီးမှာ မည်သည့်အချိန်က ရွာကြီးဖြစ်သွားပါသနည်း။ တစ်ဦးစီအနေနှင့်မူ သိရှိချိန်ကွာခြားကြပါလိမ့်မည်။ သို့သော် အားလုံး ပင် အနှေးနှင့်အမြန်ဆိုသလို ထိုရွာကြီးထဲသို့ ရောက်ဖြစ်သွားကြရပါသည်။ ကျွန်မတို့သည် ထိုရွာကြီး၏နေရာဋ္ဌာန အသီးသီးတွင်နေထိုင်ရင်း အရှေ့ပိုင်းနှင့် အနောက်ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်း စသဖြင့် အချင်းချင်း စကားစမြည်ပြော ဖြစ်ကြမည်။ နှုတ်ခွန်းဆက်သဖြစ်ကြမည်။ ခင်ကြ မင်ကြမည်။
သံယောဇဉ် ဖြစ်ကြမည်။နေ့စဉ်လိုလိုတွေ့ဖြစ်မြင်ဖြစ်ကြပေလိမ့်မည်။ ထိုသို့သောအခါ ကျွန်မတို့၏ လူမှုရေးကဏ္ဍများမှာ ပိုမို ကျယ်ပြန့်လာသကဲ့သို့ နေ့စဉ်မြင်တွေ့ကြရသည့် အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားများအားလည်း ပိုမိုကျယ်ပြန့်စွာ မြင်တွေ့ကြ ရပါသည်။
ယခင် ငယ်စဉ်ကာလ မြို့ငယ်လေးများ၌ အနည်းငယ်သော အိုမှု နာမှု သေမှုတို့တွင် စုတ်တသသတကြရသည်။အနိစ္စ ဒုက္ခ အနတ္တ တရားများအားဆင်ခြင်ရသည်။ အဆိပ်သောက်ခြင်းနှင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုခိုက်ရန်ဖြစ်ပွားမှု၊ အပုံတစ်ရာပုံ လျှင် တပုံသာလာနိုင်ချေရှိသည့် လျှပ်စစ်မီးနှင့် ဓာတ်လိုက်၍သေဆုံးရသည့်အမှုများမှာ ကြိုကြား ကြိုကြား ကြားရတတ်သော မြို့တွင်းသတင်းထူး သတင်းဦးများဟု ဆိုရမည်ပင်။ သေခြင်းတရား၊ နာခြင်းတရားများမှာ ယခုနှင့်ယှဉ်လျှင် အသိရ အလွန်နည်းခဲ့၏။
တဒေသနှင့် တဒေသကြားတွင် လမ်းခရီးကြန့်ကြာမှု တံတိုင်းကြီး ကာဆီးထား၏။ သတင်းအချက်အလက်များမှာလည်း စီးတော်ယာဉ်မဲ့နေသည့် ခြေပျက် လက်ပျက်များ သဖွယ်ပင်ဖြစ်သည်။ ယခင်က သတင်းစာဂျာနယ်များမှာလည်း ယခုလောက်မများပြားကြပါ။ မိမိအနေဖြင့်မူ သေချာမှတ်မိသည်မှာ ရွှေသွေးနှင့် အလင်းတန်းလောက်သာ သိပေသည်။
နိုင်ငံပိုင်သတင်းစာမှာမူ ကြော်ငြာနှင့် နာရေးအတွက်အလွန်အားထားရသော သတင်းစာဖြစ်ပါသည်။ ကျွန်မမှာ သတင်း စာကြည့်လျှင် အနောက်မှစ၍ ကြည့်တတ်သူ ဖြစ်သည်။ အနောက်ဆုံးစာမျက်နှာ ... ရန်တိုက်ပေးနေသည်။ သွေးထိုးနေ သည်။ ခလောက်ဆံ အကောက်ကြံလေလှိုင်းသံများ နားမယောင်လေနှင့် သတိထား... မှသည် ဦးတည်ချက် ၁၂ ဆီသို့ အစဉ်လိုက် ဖတ်နေကျဖြစ်သည်။ ထိုအထဲရှိ နာရေးကြော်ငြာများတွင်မူ မမြင်မတွေ့ရဖူးသော ကွယ်လွန်သူများ၏ အသက်များအား လိုက်ကြည့်သည်။ ထို့နောက် အို ...ဖြစ်ရလေ..ငယ်ငယ်ကလေးပဲ၊ အို့..အသက်ရှည်လိုက်တာ စသဖြင့် ရေရွတ်ရင်း ရှုပွားရသည်။ ထို့နောက် ကြော်ငြာများမှ ရုပ်ပုံများ၊ ကြီးကြီးကျယ်ကျယ် ရေးသားချက်များအား ဖတ်သည်။ ထို့နောက်တွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍများ ထည့်တတ်သည်။ စက်မှုစွမ်းအား ပြည်ထွန်းကား။ ပြည်တွင်းဖြစ်ကို အားပေးပါ စသဖြင့် ဆောင်ပုဒ်များအား မှတ်မိသည်။ ဂျစ်ကားကြီးများ၊ ပါထိုင်းလုံချည်များ၊ ဆပ်ပြာခဲများအား မှတ်မိသည်။ နောက်ဆုံးတွင်မှ ခေတ်မီဖွံ့ဖြိုးတိုးတက် သော မြန်မာနိုင်ငံကြီး၏ ဆည်မြောင်းတာတမံများ၊ တံတားများ တည်ဆောက်နေမှုအား သတင်းစာပါ အကြီးအကဲ ကြီးများနည်းတူ တမြုံ့မြုံ့စံစားသည်။ ကျွန်မမှာ အကြောင်းအရပ် အတော်များများတွင် သောကနှင့် ပျော်ရွှင်ဖွယ်ရာယှဉ်လာလျှင် သောကအား ဦးစွာရင်ဆိုင်ပြီးမှသာလျှင် ချမ်းသာသုခအား စိတ်အေးလက်အေး တစိမ့်စိမ့်စံစားလိုသူအမျိုးအစား ဖြစ်မည်။
ယခုမူ သတင်းစာမဖတ်ဖြစ်သည်မှာ ကြာပြီဖြစ်၍ ထိုအမူအကျင့်များအား မေ့ပျောက်လုနီးနီးဟု ဆိုရမည်။ခေတ်စနစ်သည်လည်း သတင်းစာဖတ်ရန်မလိုဘဲနှင့်ပင် သတင်းများမှာ နားဝတွင် စီတန်း၍ သူ့ထက်ငါအပြိုင်လာတိုး နေကြသယောင် များပြားလှ၏။ ယခင်ခြေထောက်မပေါက်သည့်သတင်းများမှာလည်း ခြေထောက်သာမက တောင်ပံပါ ပေါက်နေကြပြီဟု ဆို ရ မလားပင်။ နေ့ဓဓူဝ လေလှိုင်းပေါ်တွင် သတင်းများ ပလူပျံလျက်ရှိသည်။ သတင်းကောင်းများ ရှသလို သတင်းဆိုးများ ရှိသည်။ သတင်းမှန်များ ရှိသလို သတင်းမှားများ ရှိသည်။ ဒလဟောစီးဆင်းနေသော သတင်းပင်လယ်ပြင်တွင် အမှိုက်များ၊ ဒိုက်များ၊ အပုတ် ကောင်များ၊ ပန်းပွင့်များ မျိုးစုံအောင်မျောပါလာကြပေမည်။ မျက်စိတွင် ရေစစ်ခံ၍မရ။ ဦးနှောက်ဖြင့် ဆယ်ယူကြရ၏။ နှလုံးသားဖြင့် မျှဝေခံစားကြရ၏။ ခေတ်မှာလည်း ပုရွက်ဆိတ်နှစ်ကောင် ရန်ဖြစ်သည်မှအစ သမ္မတအီးပေါက်သည်အထိပင် သတင်းလုပ်တင်ချင်ကြသည့်ခေတ် ဖြစ်သည်။
ကျွန်မတို့အားလုံးပင် ထိုသတင်းပင်လယ်ပြင်တွင် စီးမျောရင်း ရံဖန်ရံခါ ကျွန်မတို့သည်ပင် သတင်းတခု၏ရင်းမြစ်ဖြစ်လာ တတ်ပြန်ပါသည်။ သာရေးနာရေးများမှာလည်း ယခုဖြစ် ယခုသိ လတ်ဆတ်ခြင်းအပြည့်ဖြင့် သံဝေဂရစရာများမှာ အင်နှင့် အားနှင့် ဟုန်သွားရလောက်အောင်ပင် များလွန်းလှပေ၏။ အချို့မှာ နှုတ်ဆက်စကားဆို၍မှမပြီးခင် ကွယ်လွန်သူစာရင်းသို့ ရောက်ရှိသွားရ၏။ အချို့မှာလည်း မြင်နေတွေ့နေရင်းဖြင့်ပင် အောင်မြင်မှုတခုဆီသို့ လှမ်းတက်သွားကြ၏။ ကမ္ဘာကြီးအား ရွာကြီးတစ်ရွာဖြစ်စေသည့် ထိုလေလှိုင်းများအတွင်း လူတဦးချင်းစီသည် ကိုယ်ပိုင်အမှတ်အသား၊ ကိုယ်ပိုင်ရပ်တည်ချက်တစ်ခုစီဖြင့် အခြေချနေထိုင်ကြပါသည်။ ထိုရပ်တည်ချက်သည်ပင် ထိုသူ၏နေထိုင်ရာ အိမ်လေလိပ်စာတခုဟု ဆိုရမည်ဖြစ်သည်။ ဤနေရာတွင်မူ ကမ္ဘာမြေကြီးပေါ်ရှိ အိမ်မြေ နေရာဖွဲ့စည်းပုံနှင့် ပြဒါးတလမ်း သံတလမ်းကွာခြားသွားပါသည်။
ကမ္ဘာမြေကြီးရှိ နေရာထိုင်ခင်းများမှာ ငွေကြေးကိန်းဂဏန်းများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး လေလှိုင်းပေါ်ရှိ အိမ်လေနေရာ ထိုင်ခင်းမှာမူ စိတ်ဓာတ်များ၊ အကျင့်စရိုက်များ၊ ခံယူချက်များ၊ ဝါသနာများဖြင့်သာ အရင်းခံဖွဲ့စည်းထားခြင်း ဖြစ်သည်။ထိုလေလှိုင်းကြီးအတွင်း လူအများအဖို့ ၎င်းတို့စိတ်ဝင်စားပျော်မွေ့ရာအရပ်တွင်ပင် အိမ်နီးချင်းများ၊ ခင်မင်ရင်းနှီသူများ၊ မျက်မှန်းတန်းမိနေသူများဖြင့် တဖြည်းဖြည်း ခိုင်ခံ့တောင့်တင်းလာသည့် အုတ်မြစ်ကြီး သဖွယ် ဖြစ်နေပေတော့သည်။ အပြင်တွင် အိမ်လည်အတူထွက်သကဲ့သို့ လေလှိုင်းပေါ်တွင် အလည်ထွက်၍ရသည်။
ပျော်စရာများအား ခေါ်ယူပြသ၍ရသည်။ လက်ဘက်ရည်ဆိုင်ထိုင်၍ စကားဝိုင်းဖွဲ့သကဲ့သို့ လေလှိုင်းပေါ်တွင် စကားဝိုင်း ဖွဲ့၍ရသည်။ တိုက်ရိုက်တွေ့မြင်လိုလျှင်လည်း ရသည်။ လေလှိုင်းအဆောက်အအုံမှာ မြေပြင်အနေအထားနှင့် ထပ်တူနီးပါး ထိပင် တုပပြိုင်ဆိုင် ထိုးဖောက်လာပါသည်။
ယခုအခါ လူအများမှာ မြေကြီးပေါ်တွင် ထိုင်ရင်းဝေဟင်ပေါ်တွင် ပျံသည်။ မြေပြင်မိတ်ဆွေများနှင့် ဆုံညီစားသောက်ကြရင်း ဝေဟင်အပေါင်းအဖော်များနှင့် စကားလက်ဆုံကျကြသည်။ နည်းပညာ၏လက်ခုပ်ထဲတွင် နီးခြင်းဝေးခြင်း ပညတ်များလည်း ရွေ့လျားပြောင်းလဲသွားရ၏။
နေ့စဉ်ပင် ထောင်သောင်းချီသောမြို့များ၊ ထောင်သောင်းချီသောနိုင်ငံများမှ မတော်တဆမှုများအား လည်း ကြားကြရသည်။ လမ်းမပေါ်မှ သွေးစွန်းအနာတရများ၊ စက်ခေါင်းတိုင်မှ အခိုးအငွေ့များ၊ အနယ်နယ်အရပ်ရပ်မှ မျက်ရည်များ၊ အပြုံးများ၊ ရယ်မောသံများ၊တရားဓမ္မများ၊ အဓမ္မဝါဒီများသည် မှန်သားပြင်မှတဆင့် ရိုက်ခတ်လာကြ၏။ သတင်းဆိုးများ၊ သတင်း မှားများသည် လူအများ၏ စိတ်နှလုံးများ၊ တွေးခေါ်ဆင်ခြင်နိုင်မှုများ၊ ထိန်းသိမ်းနိုင်မှုများအား စိန်ခေါ်လာကြပြီဖြစ်သည်။
ထင်မြင်ချက်များ၊ သဘောထားကွဲလွဲချက်များဖြင့် စိတ်ပိုင်းဆိုင်ရာတိုက်ပွဲများ ပြင်းထန်လာကြသည်လည်း ရှိကြ၏။ မြင်မြင်သမျှသတင်းအား ကိုယ်ရောစိတ်ပါနှစ်ဖြာ သုံးဆောင်၍ မဖြစ်နိုင်တော့ပြီ။ ဤအခြင်းအရာတွင်ကား မိမိတို့နိုင်ငံရှိ သာမန် လူတန်း စားများမှာ ကမ္ဘာရွာကြီးထဲသို့ အရောက်နောက်ကျခဲ့မှုသည်လည်း အကြောင်းအချက်တခုအဖြစ်ပါဝင်ပါသည်။ ရွာ ကြီး၏အကြောင်းအား ရွာကြီးထဲသို့ ကိုယ်တိုင်ဝင်ကြည့်ခွင့်မရဘဲ ရွာပြင်မှပင်စာအုပ်များဖြင့် ချောင်းမြောင်းကြည့်ခဲ့ကြ ရ၏။ ထိုစာအုပ်များရှိ အင်တာနက်ဟူသော ကဏ္ဍတွင်ပြသထားသည့် ဖိုတိုရှော့များသည်ပင် မျက်စိအမြင်တွင် အလွန်ထူးကဲနေ ခဲ့ဖူးသည်။ ၂၁ ရာစု ကျောက်ခေတ်လူသားများ ဖြစ်မှန်းမသိဖြစ်ခဲ့ကြရပေသည်။
ယခုဆိုလျှင်မူ ကျွန်မအပါအဝင် အားလုံးနီးပါးပင် ဒလဟောစီးဆင်းလာသည့် သတင်းပင်လယ်ပြင်တွင် မျက်စိသူငယ် နား သူငယ်ဖြင့် အတန်ကြာကူးခတ်ခဲ့ကြဖူးပြီးသူများဖြစ်သည်။ အရာတခု၏နောက်တွင် ဘေးထွက်ဆိုးကျိုးသည် အစဉ်အသင့် ရပ်နေမည်ဖြစ်သဖြင့် ဘာကိုရွေးချယ်သုံးဆောင်ကြပါမည်နည်း။ ကမ္ဘာရွာကြီးသည် ဟင်းလျာစုံလင်စွာဖြင့် တည့်ခင်းဧည့်ခံနေပေပြီ။
Comments