အောင်သူငြိမ်း ● သတိထားကိုင်တွယ်သင့်တဲ့ မ-ဘ-သ လှုပ်ရှားမှု

အောင်သူငြိမ်း ● သတိထားကိုင်တွယ်သင့်တဲ့ မ-ဘ-သ လှုပ်ရှားမှု
(မိုးမခ) သြဂတ်စ် ၃၊ ၂၀၁၇

တလောက မိစွိုက်ဒဲတို့ရှိရာ နယ်စပ်ရွာကို ကျနော်ပြန်သွားခဲ့တယ်။ အဲသည်တော့ ကရင်ပြည်နယ် နယ်စပ်က လူထုကြားမှာ အမြင်တခုကို ပြောနေဆိုနေကြတာ တွေ့ရတယ်။ အဲသည်အမြင်ကတော့ အခု NLD အစိုးရဟာ ဘာသာခြားတွေကို အား ပေးနေတယ်။ ဗုဒ္ဓဘာသာကို နှိပ်ကွပ်နေတယ်ဆိုတဲ့ အမြင်ပါပဲ။

အံ့သြစရာ မဟုတ်တာကတော့ ကရင်ပြည်နယ် မွန်ပြည်နယ်တွေဟာ မဘသ ပရိသတ်အများအပြား ရှိနေတဲ့ DKBA လို ဘာသာရေးအခြေခံ လက်နက်ကိုင်တွေ ပေါ်ပေါက်ခဲ့တဲ့ဒေသပါ။ သိပ်မကြာသေးခင် မဘသဖျက်သိမ်းကြောင်း ကြေညာပြီး တာတောင်မှ ဘားအံ မဲဘောင်ကျောင်းမှာ သံဃာ လူတသောင်းလောက် အစည်းအဝေး ကျင်းပခဲ့ပါသေးတယ်။ သူတို့ ထင်မြင်ချက် Perception ဟာ မှန်တယ် မှားတယ်ဆိုတာ နောက်ကိစ္စဖြစ်ပါတယ်။ ဒီလိုမြင်နေကြတဲ့ လူအချို့ရှိနေပါတယ်။

ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း စင်္ကာပူ ခရီးစဉ်တခုက အပြန်မှာ မဘသ မလိုအပ်ဘူးလို့ ပြောပါတယ်။ လက်ခုပ်တီးသူ အများအပြားပါ။ ကျနော့်အမြင်ကတော့ နိုင်ငံတော် အစိုးရတရပ်ဟာ ဘယ်အဖွဲ့အစည်းတော့ ရှိသင့်တယ်။ ဘယ်အဖွဲ့အစည်း တော့ မရှိသင့်ဘူး ဆုံးဖြတ်ပေးဖို့ မဟုတ်ပါဘူး။ လူ့အခွင့်အရေး ဒီမိုကရေစီသဘောအရ လူတိုင်းဟာ သင်းပင်းစုဝေးခွင့် ရှိပါတယ်။ ငြိမ်းချမ်းစွာ ဆောင်ရွက်နေသမျှ ဒီအခွင့်အရေးကို ကာကွယ်အားပေးရပါမယ်။ သို့သော် ဥပဒေချိုးဖောက်နေတယ် ဆူပူအုံကြွနေတယ် အကြမ်းဖက်တယ် အမုန်းစကားနဲ့ လှုံ့ဆော်နေတယ်ဆိုရင် သက်ဆိုင်ရာဥပဒေအရ သက်ဆိုင်သူကို အရေးယူပါ။ အရေးယူဖို့ ဥပဒေတွေက မလုံလောက်ရင် လွှတ်တော်က လိုအပ်သလိုဥပဒေ ပြဋ္ဌာန်းဖို့ လိုအပ်ပါတယ်။

သို့သော်လည်း သံဃာ့နာယကအဖွဲ့အနေနဲ့ မဘသ တရားဝင် တည်ရှိမှုကို ဖျက်သိမ်းခဲ့ပါတယ်။ ရက်တခု နောက်ဆုံးထားပြီး မဘသဆိုင်းပုတ်တွေဖြုတ်ချဖို့ သာသနာရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ သံဃာ့နာယကအဖွဲ့က လုပ် တာ၊ အစိုးရမဟုတ်ဘူးလို့ လွယ်လွယ်ဆိုလို့ မရပါဘူး။ အစိုးရရဲ့ ဖိအားကြောင့် လုပ်တယ်လို့ပဲ သာမန်လူအများက မြင်ကြ မှာပါ။ လူအချို့ယုံကြည်ထားတဲ့အဖွဲ့တခုကို အခုလို အမိန့်ထုတ်ဖျက်သိမ်းလိုက် ရုံနဲ့ မဘသလှုပ်ရှားမှု ပြီးဆုံး နိဂုံးချုပ်သွားတာ မဟုတ်ပါဘူး။

ကျနော့်အမြင်ကတော့ မဘသအဖွဲ့ဟာ မစ်ရှင် ရှိသလိုဖြစ်သွားပါတယ်။ ယူဂျီသဖွယ် ဖြစ်သွားပါတယ်။ ယခင်က လူမှုရေး လိုလို၊ ဘာသာရေးလိုလို အဖွဲ့အစည်းတခုကနေပြီး ပိုပြီးနိုင်ငံရေးဆောင်တဲ့ အဖွဲ့တခုအသွင် ကူးပြောင်းသွားနိုင်ပါတယ်။ တို့ငြိမ်နေလို့မရဘူး။ ညီညွတ်ကြရမယ်ဆိုတာမျိုး Sense of Urgency (အရေးကြီးမှု) ဖြစ်လာပါတယ်။ ဒီထက်ပိုပြီး ဖိနှိပ် လာရင် ပိုပြီးတင်းမာတဲ့သဘောထား (Radicalized) အသွင် ဖြစ်သွားနိုင်ပါတယ်။ သေချာတာကတော့ သူတို့ မဘသကို ယုံကြည်နေတဲ့ သူအချို့မှာ အမှန်တကယ်ဖြစ်စေ၊ ထင်မှတ်မှားချက်ဖြစ်စေ (real or perceived threat or concerns) စိုးရိမ်ပူပန်မှုတွေ ရှိ နေကြတယ်ဆိုတာ အသိအမှတ်ပြုဖို့ ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ပါတယ်။

သာသနာတော် မသန့်ရှင်းဘူး။ အုတ်အရောရော ကျောက်အရောရောဖြစ်နေတယ်။ သာသနာ သန့်ရှင်းရေးလိုအပ်တယ် စသည်ဖြင့် ဆွေးနွေးမှုတွေလည်း ကြားရပါတယ်။ အစိုးရ အင်အားကောင်းရင်၊ ပြည်သူ့ထောက်ခံမှုကောင်းရင် လုပ်နိုင်ပါ တယ်။ အဲသလိုမဟုတ်ဘဲ အမိန့်တွေချည်း ထုတ်နေရင် ပြဿနာရှိတယ်ထင်ပါတယ်။ မဘသ ဆိုင်းဘုတ်တွေကို ဖြုတ်ချဖို့ နောက်ဆုံးရက်သတ်မှတ် ကြေညာချက် ထုတ်ခဲ့သော်လည်း၊ အရေးယူကိုင်တွယ်ဖို့ကျတော့ အကြောင်းကြောင်း ထောက် ထားနေရပါတယ်။ ဝန်ကြီးက လွှတ်တော်ကိုလာရှင်းစဉ်မှာ အကယ်၍ အုပ်ချုပ်ရေးအဖွဲ့အစည်းများက မပူးပေါင်း မဆောင် ရွက်ကြရင် သမိုင်းတရာခံဖြစ်မယ်… စသည်ဖြင့် ဆွေးနွေးတာကြားရတော့ နည်းနည်းပြုံးမိပါတယ်။ အခုအချိန်တိုင် ဆိုင်း ဘုတ်တွေက ရှိနေတော့ အားစမ်းပွဲသဖွယ် ဖြစ်နေပါတယ်။ ဆန္ဒပြပွဲတွေ ထပ်ဖြစ်လာတဲ့အခါ အားစမ်းပွဲက နောက် တဆင့် ကို ရောက်ရှိလာသလို မြင်မိပါတယ်။

အခု လူမှုကွန်ရက် Facebook မှာ မြင်နေရတာမှာ ကျနော့်မိတ်ဆွေထဲမှာတောင် အခုဆန္ဒပြပွဲတွေကို လှောင်ပြောင်သရော် နေကြတာ မြင်မိပါတယ်။ သူတို့ဟာ လူနည်းစု ဖြစ်နိုင်ပါတယ်။ ကျနော်တို့ မြင်ထားတဲ့ တန်ဖိုးတွေနဲ့ သွေလွဲနေနိုင်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီ၊ လူ့အခွင့် အရေးသဘောမှာ လူတိုင်းက လွတ်လပ်စွာ သူတို့သဘောထားကို ထုတ်ဖော်ခွင့် ရှိပါတယ်။ လွတ်လပ်စွာ သင်းပင်း စုရုံး ပိုင်ခွင့် ရှိပါတယ်။ ဒီလိုကိစ္စတွေကို နောက်ကွယ်က သွေးထိုးနေသူရှိနေတယ်။ ပိုက်ဆံယူပြီး လှုပ်ရှားနေကြသူတွေ၊ ဒို့အစိုးရကို အဖျက်အမှောက်လုပ်နေတာ စသည်ဖြင့် လွယ်လွယ်ပယ်ချခဲ့မယ်ဆိုရင်တော့ ပြဿနာ ရှိမယ် ထင်ပါတယ်။ ကျနော်က မဘသ မဟုတ်ပါ။ သို့သော် ဒီကိစ္စအပေါ် ယုံကြည်နေသူ အင်အားစု ပရိသတ်တွေရှိနေတယ်၊ သူတို့မှာ အမှန်တကယ်ဖြစ်စေ၊ ထင်မှတ်မှားချက်ဖြစ်စေ (Real or perceived threat or concerns) စိုးရိမ်ပူပန်မှုတွေ ရှိ နေကြတယ်ဆိုတာ အသိအမှတ်ပြုဖို့ လိုအပ်ပါတယ်။

ထိုင်းနိုင်ငံ အတွေ့အကြုံနဲ့ ယှဉ်စဉ်းစားမိပါတယ်။ ဝန်ကြီးချုပ် အဖိချစ် (ဒီမိုကရက်ပါတီ) တက်လာတော့ သူက လူချောလေး၊ အောက်စဖို့ဆင်း ပညာတတ် စသည်ဖြင့် မြင်ကြပါတယ်။ ဆန္ဒပြတဲ့ အနီအုပ်စုတွေကတော့ သူ့ကို ဖြုတ်ချဖို့ ကြိုးစား ကြပါတယ်။ နောက်ဆုံး သွေးစွန်းရတဲ့ အဖြစ်ဆိုးတွေအထိ ရောက်လာတဲ့အခါ အဖိချစ် ပွဲပြီးသလို ဖြစ်သွားခဲ့ရပါတယ်။ နိုင်ငံရေးဇာတ်ခုံပေါ် နောက်တခေါက်တက်ဖို့ဆိုတာ အတော့်ကိုခက်ခဲသွားပါပြီ။ အဖိချစ်ကတော့ ခါးသည်းသော အမှန် တရား (Bitter truth) ဆိုပြီးတော့ သူရဲ့ဆုံးဖြတ်ချက်တွေကို ခုခံချေပ ရှင်းပြတဲ့ စာအုပ်တအုပ် ရေးထားတာ ဖတ်ရပါတယ်။

နိုင်ငံရေးဆိုတာ ခက်ခဲပါတယ်။ ကျနော်တို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာလည်း ဒီလို အား နည်းချက်ရှိတဲ့ အနေအထားတွေရှိနေပါတယ်။ ဆိုလိုတာက ငြိမ်းချမ်းရေးနိုဘဲဆုရှင်၊ ပြည်သူတွေအပေါ် မေတ္တာ ထားသူ ဒီမိုကရေစီခေါင်းဆောင်၊ ပြည်သူလူထု အများဆုံး ထောက်ခံမှု ရှိထားသူ… သို့သော် ဒီလိုကိစ္စမျိုးတွေကနေ အပျက်ပျက် အမှုပွေရတာမျိုး မဖြစ်စေချင်ပါ။ သဘောထားကြီးစွာ ကိုင်တွယ်ဖြေရှင်းနိုင်မည် ယူဆပါကြောင်း။

အောင်သူငြိမ်း
၀၃ သြဂုတ် ၂၀၁၇


Photo : AFP

Comments