ခင်ဇော်မိုး ● ဗွီဒီယို
(မိုးမခ) သြဂတ်စ် ၁၁၊ ၂၀၁၇
(မိုးမခ) သြဂတ်စ် ၁၁၊ ၂၀၁၇
အခုတော့ ဟမ်းဖုန်းတွေ၊ လက်တော့ပ်တွေကနေပဲ အင်တာနက်သုံးတယ်။ ဇာတ်ကားတွေကြည့်တယ်။
ကျွန်မတို့ ငယ်ငယ်တုန်းက အခုလို ကိုယ့်အခန်းနဲ့ကိုယ် တီဗွီမရှိသလို တအိမ်တီဗွီတလုံးလည်း မရှိဘူး။ ဟမ်းဖုန်းတယောက်တလုံး ဆိုတာ ဝေးလှပေါ့။ အခုပြုတ်သွားတဲ့ သူကြီးဟောင်းဦးငွေသော် ဗွီဒီယိုရုံမထောင်ခင်ကဆို တောင်ဘက်ရွာက ရုံကို သွားကြည့်ရတာ။ ညနေဘက်ဆို ညပြမယ့်ဇာတ်ကားအမည်နဲ့ မင်းသား၊ မင်းသမီးအမည်ကို မိုက်နဲ့ကြေညာတယ်။ ညနေရောက်ပြီဆို နားစွင့်နေ ကြတော့တာပဲ။ ဇာတ်လမ်းအမည် ခပ်မိုက်မိုက်ဆိုလို့ကတော့ နေပူမိုးရွာမရှောင်ဘူး သွားတာ။ အဲ့နောက ဘယ်သူတွေ ခေတ်စားလဲ ဆိုတော့ သီဟတင်စိုးတို့၊ နေမျိုးအောင်တို့၊ ဂျွန်ကိုတို့ခေတ်စားနေတဲ့အချိန်။ အဲ့ဒီ မင်း သားတွေအမည် မိုက်အော်သံကြားရင် ဇာတ်ကြမ်း ကားဆိုတာ သိပြီးသားရယ်။ တော်လှန်ရေးကားတွေ အရိုက်များတာ ကိုး။
မိုက်ဟစ်သံကြားလို့ ကိုယ့်ကြိုက်တဲ့မင်းသား၊ မင်းသမီးဖြစ်နေရင် ထမင်းကို နေမဝင်ခင်ကတည်းကအစောကြီးစားတယ်။ နေဝင်ပြီဆိုရင် ဓာတ်မီးကိုယ်စီကိုယ်ငှနဲ့ ထွက်ကြတော့တာပဲ။ နေ့တိုင်းတော့လည်း လူကြီးတွေကမသွားခံဘူး။ အဲ့တော့ ချိန်ဆသွားရတာပေါ့။ အဲ့နောက် ဗီဒီယိုကြည့်ခက တစ်ယောက်ကို ဆယ့်ငါးကျပ်ပေးရတယ်။ ကျွန်မတို့ ကခပ်ငယ်ငယ်ပဲရှိသေးတာ။ နောက်တော့တဖြည်းဖြည်း ဈေးက တက်တက်သွားတယ်။ နှစ်ဆယ်ဖြစ်လာတယ်။ နှစ်ဆယ့်ငါးကျပ်ဖြစ်လာ တယ်။ နောက်တော့ ငါးဆယ်ထိဖြစ်သွားတာ။ ဒါလည်းကြည့်ကြတာပါပဲ ။ ကိုယ့်အိမ်မှမရှိတာကိုး။ ဘောလုံးပွဲလာတဲ့နေ့ဆို ဇာတ်ကားမပြဘူးရယ်။ ဘောလုံးပွဲကြည့်ခက သီးသန့်ဈေးနဲ့လေ။ တယောက်ကို တစ်ရာပေးရတယ်။ ကျွန်မတို့ကတော့တခါမှမကြည့်ဖူးပါဘူး။ ကလေးဆိုတော့ ဖိုက်တင် ကားတွေ၊ဟာသကားတွေပဲ အာရုံရတာလေ။
ဇာတ်ကားမပြခင်ကို လူစုရင်း သီချင်းဖွင့်တယ်။ နောက်တော့ သီချင်းဆိုကြတော့တာ။ ဆိုခက တပုဒ်တစ်ရာပေးရတယ်။ သီချင်းဆိုတဲ့သူ များတဲ့နေ့ဆို ဇာတ်ကားပြတာနောက်ကျတယ်။ သူတို့အတွက် တွက်ခြေကိုက်တော့ ရုံပိုင်ရှင်ကကြိုက်သလောက်ဆိုခံတယ်။ တခါတလေ ပရိတ်သတ်က `ဇာတ်ကားပြတော့´လို့ တယောက်တပေါက် ထအော်မှ မိုက်သိမ်း တော့တာပဲ။ အဲ့တုန်းကရွာဘက်မှာ သုံးလုံးချဲတွေ သိပ်ထိုးကြတာ။ ပေါက်သလောက်လည်းပေါက်ကြတယ်။ တဦးတ ယောက်များ ပေါက်သံကြားလို့ကတော့ အဲ့ည ဗွီဒီယိုရုံမှာ သီချင်း ဆိုကြတော့တာပဲ။ လူရင်းတွေကို ဆိုခိုင်းတာပေါ့။ အပေါင်း အသင်းဘော်ဒါတွေလောက်ပဲ။ လူများရင်တော့ တယောက်တပုဒ်နှုန်းပေါ့ ။ အဲဒါထုံးစံဖြစ်နေတော့တာပဲ။ အောင်ပွဲခံတဲ့သဘောပေါ့။ ဘာထူးလဲ ကျွန်မရယ်၊ ပေတိုးရယ် နှစ်ယောက်သား ဆယ်တန်းအောင်တော့ အိမ်ကအစ်မတွေရယ်၊ အမျိုးထဲကလူငယ်မှန်သမျှ အကုန်ဆိုကြတယ်။ ကျွန်မကို တပုဒ်ဆိုလိုက်သေး။
တခါတလေဆိုရင် `လ´ ကမရှိ၊ မှောင်မည်းနေတော့ အိမ်ကပေးမသွားဘူးလေ။ အဲလိုညမျိုး ဇာတ်ကားကောင်းနဲ့ညားလို့ကတော့ မခံမရပ်နိုင်ဖြစ်ပြီး အိပ်လို့ကိုမပျော်တော့တာ။ ကလေးအရွယ်ဆိုတော့ တစိမ့်စိမ့်တွေးပြီး ဝမ်းနည်းနေရော။ အခုတော့လည်း အဲ့တုန်းက ကျွန်မတို့ခေတ် ကျွန်မတို့အဖြစ်ကလေးတွေက လွမ်းစရာ။ ဂရုဏာသက်စရာဖြစ်တယ်။
ဗွီဒီယိုကြည့်ရင်းစားဖို့ဆိုပြီး နေ့ကြာစေ့လှော်တို့၊ မန်ကျည်းသီးရေပွစိမ်တို့၊ ဇီးဖြူသီးဆားရေစိမ်တို့ ဖရုံစေ့လှော်တို့ တမျိုး မဟုတ်တမျိုး လုပ်ပြီး ယူသွားတတ်ကြသေးတယ်။ တယောက်ယူတော့ လိုက်ယူကြတော့တာ။ အဲ့နောက်ဆို ကာလသား တွေက သူတို့အပျိုတွေကို သီချင်းဆိုပြီး ပိုးပန်းကြတာ။ ကိုယ့်ကြိုက်တဲ့ကောင်မလေး ဇာတ်ကားလာကြည့်တဲ့နေဆို ဘာပြောကောင်းမတုန်း။ မရှိလို့ ဘာရောင်းဆပ်ရဆပ်ရ ဆိုတာမျိုးရယ်။ ဗွီဒီယိုရုံထဲက လူတွေကလည်း အဆိုကောင်းတဲ့သူဆို ငြိမ်နေကြတော့တာ၊ ကျောက်ရုပ်တွေ အတိုင်းပဲ။
တခါတုန်းက ရွာထဲက လူပျိုကြီးကိုသိန်းမောင် သီချင်းဝင်ဆိုပါရော။ သူလည်း ကာလသားပေါက်တွေတုပြီး `ဘာမို့တုန်း ပေါ့´ ဆိုပြီး သီချင်း ဆိုတာပေါ့။
ဟိုသီချင်းလေး။ သိတော့သိတယ် ဂဃဏနမပြောနိုင်ဖြစ်နေတာ။ ထားပါတော့ သီချင်းစာသားပဲပြောမယ်။
"မောင်မောင်.....မောင်မောင် ...ခေါ်လိုက်စမ်းပါဗျ....ဗျာထူးချင်လို့ပါ မမရယ်" ဆိုတဲ့ အဲ့စာသားကို လူပျိုကြီး က ဘယ်လိုဆိုတယ်မှတ်လဲ။
အဲ့နေရာရောက်တော့ `မောင်မောင့်...မောင့်မောင့် ...´ဆိုပြီး ဘက်ထရီဝပ်သလို အသံက၀ပ်သွားရော။ နောက်ဆက်တွဲဆက်ဆိုဖို့ အသံကထွက်မလာတော့ဘူး။ အဆုံးတော့ အချွဲလွန်သွားရှာတာပေါ့။ အဲ့တုန်းက ဘာပြောကောင်းမလဲ။ လူက အများဆိုတော့ ကလေး၊လူကြီးအကုန် တရုံလုံး ဝုန်းခနဲနေတာပဲ။ ရယ်ချလိုက်ကြတာ။ တချို့ဆို မျက်ရည်တွေထွက်တဲ့ထိ ရယ်တယ်။
မိန်းကလေးထဲကလည်း ရှိသေးတယ်။ အခု ကလေးတယောက်မအေဖြစ်နေတဲ့ ကိုမြတ်စံမိန်းမပေါ့။ သူကလည်း အသံ သေးလေးနဲ့ငယ်သံ ပါအောင်ဆိုတာ။ သီချင်းထဲက စကားပြော စာသားပါတဲ့နေရာရောက်ရင် (စကားပြော)ဆိုတဲ့စာလုံးကို ကွင်းစကွင်းပိတ်လေးနဲ့ သင်္ကေတပြထားတယ်လေ။ အဲဒါကို မင်းသမီးချောက `အ´ ချက် ကမ်းကုန်ရော။ အဲ့စာသားကိုပါ `စကားပြော.....´ဆိုပြီး ဆက်ဟဲပါ လေရော။
`ဟော..ဗျာ...´
`အယ်...´ ဆိုတဲ့ အာမေဋိတ်စကားတွေအဆုံး ရယ်လိုက်တာ တဝုန်းဝုန်းပဲ။ စီဒီပြားတို့၊ဒီဗွီဒီပြားတို့ဆိုတာ ပေါ်ကာစပေါ့။ အသံကိုဖျောက်ပြီး စာတန်းကြည့် သီချင်းလိုက်ဆိုရတာက ခေတ်ထတုန်းကိုး။ အသံနေအသံထားသိမှ ဆိုနိုင်တာလေ။ လွယ်တော့မလွယ်ဘူးရယ်လေ ဆိုဖူးမှသိတယ်။ သူတို့လို့ အိုးနင်းခွက်နင်းသမားတွေ ပုံလို့ပါပဲ။ ပျော်တော့ပျော်စရာ အကောင်းသားပါပဲ။
တခါတလေ မီးစက်ပျက်တာနဲ့ကြုံရင် အတော်စိတ်ညစ်ရတယ်။ တရုံလုံးမှောင်မည်းနေတာ ။ ရုံပိုင်ရှင်လာထွန်းပေးထားတဲ့ မျောက်ဖြူ ဓာတ်ခဲသုံးလုံးထည့် မီးဗြောင်းကလေးကလည်း ပိုးစုန်းကြူးလောက် လင်းရှာတာ။ မျက်စိအစာကျွေးစရာ၊ စိတ်အာရုံစခံစားစရာဖြစ်တဲ့ ဗွီဒီယိုက ကြည့်မရသေးတော့ တရုံလုံးစကားတွေပြောကြ။ ဆူညံလို့ပါပဲ။ မီးစက်ကပျက်နေတာဆိုတော့ ရုံပိုင်ရှင်ကလည်း အဲ့လောက်တော့သီးခံတယ်လေ။ အဲ့လိုနေ့ဆို ပါလာတဲ့ နေ့ကြာစေ့တို့၊ဘာတို့က နေရာရရော။ ရုံထဲမှာ စကားသံရယ်၊ နေကြာစေ့တခွပ်ခွပ် ကိုက်နွှာသံရယ်က အုပ်မိုးနေတော့တာပေါ့။ တချို့ကလေးပေါက်စ တွေလည်း မအေဖြစ်သူနဲ့အဆင်မပြေဖြစ်ပြီး တဗြဲဗြဲငိုကြ။
`ဒီကလေးနှယ် ငါစိတ်မရှည်တော့ဘူး´ဆိုပြီး မအေဖြစ်သူရဲ့လျှင်မြန်ဖျပ်လပ်တဲ့ လက်ဝါးနဲ့ကလေးတင်းပါး မိတ်ဆက်သံတွေရော အို...ဆူလို့ညံလို့ပဲ။ ကာလသားတွေကလည်း မကြားနိုးနားနဲ့ အပျိုတွေကို ရိတိတိပြုကြ။ အပျိုတွေကလည်း ခေါင်းတွေ ဖိုခလုတ်ဆိုင် ဆိုင်ပြီး တတွတ်တွတ်ပြောကြ။ တခစ်ခစ်ရယ်ကြ။
တခါက`လ´လည်းမရှိဘူး။ အချိန်က မိုးတွင်းကြီးမယ်။ ဇာတ်ကားက ပိုင်းပိုကြည့်ထားဖူးတဲ့အမိုက်စားဇာတ်ကားပေါ့။ မ သွားပဲ မနေနိုင်ကြဘူး။ အိမ်မှာဆို အဖေနဲ့အမေပဲကျန်တယ်။ အစ်မတွေကလည်း ကလေးတွေကျောပိုး၊ ခါးဆစ်ခွပြီး လိုက် လာတာ။ ရုံထဲနေရာ မရမှာလည်း စိုးရသေးတာလေ။ ကျွန်မတို့ကအရင်သွားနှင့်ပြီး ရုံထဲကစိတ်ကြိုက်နေရာမှာ ဦးထား တာပေါ့။ ခြေထောက်နှစ်ဖက်ကို ကလေးတွေ ဖန်ခုန်ဖို့ကားထားသလို လက်နှစ်ဖက်နောက်ထောက်ပြီး ကားနိုင်သလောက် ကားထားကြတာရယ်။ အခုနေပြန်မြင်ယောင်မိတော့လည်း တော်တော်ဆိုးခဲ့ကြတာပဲလို့ တွေးမိရင်း ရယ်ချင်စရာကြီးဖြစ်ရော့။ အဲတုန်းကတော့ ရယ်ဖို့နေနေသာသာ ချွေးကိုလုံးနေတာပေါ့။ ရယ်စရာလို့လည်းမထင်ခဲ့ပေါင်ဘူး။
ဘာ့လို့လဲဆို့တော့ တခါတလေ နေရာမရလို့ ရုံတံခါးဝကနေ ခြေဖျားထောက်ပြီး ကြည့်ရတဲ့အရသာအဆိုးအကောင်း သိနေ လို့ပဲ။ နှစ်ရွာပေါင်းမှ ဗွီဒီယိုရုံတခုဆိုတော့ လူကအမြဲပြည့်သိပ်နေတာချည်းရယ်။
ဒါနဲ့ပြန်ဆက်ရအုံးမယ်။ အဲ့ဒီနေ့ကပေါ့။ ဇာတ်ကားတဝက်လောက်ကျိုးတော့ မိုးတွေရွာချတယ်။ သည်းလိုက်တဲ့ဖြစ်ခြင်း။ တဝေါဝေါ ရွာလိုက်တာ သွန်ချတဲ့အတိုင်းပဲ။ ဇာတ်ကားသာပြီးသွားတယ်။ မိုးကမတိတ်ဘူး။ ခဏတော့စောင့်နေကြည့်ကြ သေးတယ်။ မိုးပြတ်ပုံမပေါ်တော့ အရွှဲခံကြရတော့တာပဲ။ အသာတကြည်မသွားကြဘူး။ မိုးတွေကရွာ၊ လျှပ်စီးတွေက တဝင်း ဝင်းနဲ့မို့ လူတွေကပြေးကြတာပေါ့။ ရွာမြောက်ထိပ်ကရေတွေက ရွာတောင်ပိုင်းလမ်းမကြီးအတိုင်း ရေးထွက်ရေစီးတာလေ။ သိတဲ့အတိုင်းပဲ။ တရွာလုံးကမိုးရေတွေက လမ်းမကြီးအတိုင်းလိမ့်လာပြီးမှ နှစ်ရွာကြားက လယ်တွေထဲစီးလိုစီး။ ဝက်သစ် ခေါက်ပင်ကြီးရှိတဲ့ လမ်းချိုင့်ကြီးထဲ ဝပ်လိုဝပ်ပေါ့။ အဲ့တုန်းကဆို နှစ်ရွာကြားမှာ မိုးတွင်းဆိုဗွက်တောကြီးဖြစ်နေတတ်တယ်။ အခုမှသာ မြေသားတို့၊ ကျောက်သဲတို့နဲ့ လမ်းကိုမြှင့်ပြီး ဘေးနှစ်ဖက်ကို ရေနှုတ်မြောင်းဖော်ထားတော့တာ။
ဒါနဲ့ အဲ့ညက ပြန်လာတော့ လမ်းမကြီးပေါ်မှာရေတွေက ဒူးခိုက်နေတော့တာ။ လျှပ်စီးလက်နေတဲ့မိုးရွာကြီးထဲ ဓာတ်မီးတွေကလည်း တဝင်းတည်းနေတာပဲ။
`ဟဲ့ ကောင်မတွေ ဘာ့လို့အဲလောက်ပြေးနေကြတာတုန်းဟဲ့´
`ငါ့ဖိနပ်ကျနေရစ်ပြီ လုပ်ကြပါအုံး´
`ငါ့စောင့်ပါအုံးဆိုအေ ကောင်မတွေရဲ့´
`ဟဲ့ ဟိုကလေးက ရှေ့ရောက်သွားတာလား၊ နောက်ကျန်ရစ်တာလားမသိဘူး´
စတဲ့ အဲ့ဒီစကားသံတွေက တဝေါဝေါရွာနေတဲ့မိုးနဲ့ လုံးထွေးနေတော့ပဲ။ စိတ်မောကိုယ်ပန်းတွေဖြစ် စိတ်တွေလည်းတို၊ ရယ်လည်း ရယ်ချင်၊ ငိုလည်း ငိုချင်စရာကို ဖြစ်ရော့ပါပဲ။ အဲ့ဒီ ဒူးခိုက်နေတဲ့မိုးရေတွေထဲ ပြေးကြတော့ တဝုန်ဝုန်းပစ်လဲကြ တာပေါ့။ ဘာပြောကောင်းမလဲ ပါးစပ်တွေထဲ ရွှံ့ ရေတွေဝင်ကုန်တာပေါ့။
ဇာတ်ကားတပုဒ်ကြည့်ရဖို့ သူများရွာထိသွားခဲ့ကြ။ အနုပညာကို စိတ်လိုလက်ရ ခံစားခဲ့ကြရှာတာ။ ငတ်မွတ်ခဲ့ကြတာ။ ကိုယ့်ဘဝနဲ့ကိုယ်ပျော်ခဲ့ကြ၊ ကျေနပ်ခဲ့ကြတာ။ ကိုယ့်ခေတ်နဲ့ကိုယ် လက်ခံခဲ့ကြတယ်။
နောက်ပိုင်းတော့ အခုပြုတ်သွားတဲ့သူကြီးဦးငွေသော် ဗွီဒီယိုရုံ ထပြီးထောင်မှသာ တောင်ဘက်ရွာကိုမသွားဖြစ်တော့တာ ရယ်။ ရွာမှာဆိုတော့ ပိုကြည့်ဖြစ်တယ်။ ဗွီဒီယိုရုံပိုင်ရှင် သူကြီးဟောင်း ဦးငွေသော်အိမ်က လမ်းကလေးနဲ့အိမ်တအိမ်ခြားတာ ဆိုတော့ မှောင်ပြီဆိုရင်ထွက် ထွက်သွားမိတယ်။ တခါတလေ ကိုယ်ကြည့်ချင်တဲ့မင်းသား၊ မင်းသမီးမပြတာကြာနေရင် `ခင်ဗျားတို့ကလည်း အဲ့မင်းသား မင်းသမီးခွေတွေပဲ ငှားခဲ့စမ်းပါလို့´ဆိုပြီး ညှော်တိုက်တယ်။ အဲဒါဆို ငှားပေးတယ်လေ။ အများကြိုက်ကိုပေါ့။ ရွာကရုံကျတော့ ပြေတီဦး တို့၊နေတိုးတို့ တအားခေတ်ထနေပြီ။ အဲ့မင်းသားတွေပြတဲ့ညဆို စူပါမင်းသားတွေဆိုပြီး ကြည့်ခပိုပေးကြရတယ်။ သီချင်းဆိုခကတော့ တစ်ပုဒ်တရာပါပဲ။
တခါတလေတော့လည်း သီချင်းဆိုမယ့်သူမရှိဘူး။ အဲလိုညဆို အများကြိုက်မယ့် သီချင်းခွေကို ဖွင့်ပြပေးထားတယ်။ လူ စောင့်ရင်းပေါ့။ မလာသေးတဲ့သူတွေ ပြေးလာချင်အောင် သီချင်းနဲ့မြှူတာလေ။ တချို့ညတွေဆို `ဒီညတော့ မကြည့်တော့ပါဘူးလေ... နားပါဦး မယ်´လို့ဆိုပြီး ထမင်းအေးဆေးစားနေကာမှ ရုံကသီချင်းကောင်းများ ထဖွင့်လို့ကတော့ စားလက်စ ထမင်းကန်ပြားကို ခွေးစာခွက်ထဲ ဂွပ်ဆို ထည့်ပြီး ပြေးတော့တာ။ ရေကိုမသောက်ဘူး။ အဲလောက်ထိအောင်ပဲ။ တခါတလေ ဦးငွေသော်နဲ့ဗွီဒီယိုပြတဲ့ သူ့သား လူလှတို့ ကသိကအောက်ဖြစ်ပြီး စကားများထား။ ကြည့်တဲ့သူတွေကမသိပဲ ဟိုသီချင်းပြပေးပါ။ ဒီသီချင်းပြပေးပါ ဆိုပြီး တယောက်တမျိုးအော်ကြရင် လူလှက မနူးဘူးရယ်။ `ငါပြချင်တာပြမှာကွာ´လို့ ထအော်တယ်။ အဲလိုဆို လာကြည့်တဲ့သူတွေခမျာ ငြိမ်သွားရှာကြရော။ တုတ်တုတ်မျှမလှုပ်တော့ဘူး။ လူလှပြတဲ့ခွေပဲ ကြည့်တော့တယ်။
ပြန်တွေးကြည့်တော့ ကျွန်မတို့ တောသူတောင်သားဆိုတာ အင်မတန်မှလည်း သနားစရာကောင်းကြပါတယ်။ တနေကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်ရတယ်။ နေဝင်မှထမင်ဝိုင်းကို ရေနံဆီမီးခွက်တို့ ရေနံ့ဖယောင်းတိုင်လေးတို့ထွန်းပြီး စားကြရတယ်။ ပြီးရင် ဗွီဒီယိုကိုလည်း ကြည့်ချင်သေးတော့ မနားနိုင်ပါဘူး။ မျက်စိအလုပ်ပေးတယ်။ ဗွီဒီယိုဇာတ်ကားဆိုတာ လည်း ငတ်မွတ်စဉ်ကာလဆိုတော့ ကြည့်ချင်တာမှ တအားပဲပေါ့။ ဒါ့ကြောင့် ပင်ပန်းတယ်မထင်ဘူး။ ဗွီဒီယိုလေးကြည့်မှသာ စားဝင်အိပ်ပျော်ဆိုပါတော့။
အခုခေတ်ကျတော့ ဗွီဒီယိုဇာတ်ကားတကားကို မဆိုထားနဲ့။ ကမ္ဘာ့သတင်းကိုတောင် သူတို့ဂျင်းဘောင်းဘီ ဘေးထိုးထဲက ဟမ်းဖုန်းတလုံးတည်းမှာ အချိန်မရွေးကြည့်လို့ရနေပြီမဟုတ်လား။
အခုချိန်တော့လည်း အဲဒီအကြောင်း၊ အဖြစ်အပျက်သရုပ်တွေက လွမ်းစရာလိုလို။ ပြီးတော့ အဲ့ဒီအချိန်က အဖြစ်အပျက်လေးတွေက အခုနေ ဗွီဒီယိုဇာတ်ကားတကားလိုပါပဲ။ ကျွန်မတို့အတွေးထဲ၊ မျက်လုံးတွေထဲ ရှိနေတယ်လေ။
အေးလေ... ကိုယ့် `လ´ နဲ့ကိုယ်တော့ `သာ´ ခဲ့ကြတာမှတ်သာရယ်။ အခုတော့ ပြန်မရနိုင်တော့တဲ့ ရွာဓလေ့၊ ရပ်ဓလေ့ ချစ်စရာ အမူအယာလေးတွေကိုက လွမ်းစရာဖြစ်နေလေရဲ့။
ခင်ဇော်မိုး
Comments