ဇာဝါရီ ● အရှုံးထဲက အမှန်တရား
(မိုးမခ) သြဂတ်စ် ၃၀၊ ၂၀၁၇
(မိုးမခ) သြဂတ်စ် ၃၀၊ ၂၀၁၇
ဒီစာ (ဆောင်းပါး) က ငယ်ငယ်ရွယ်ရွယ်နဲ့ မြန်မာဘောလုံးအသင်းကို တစိုက်မတ်မတ်အားပေးခဲ့သူ၊ အခုအခါ ဝမ်းနည်းကြေ ကွဲ စိတ်မကောင်းဖြစ်နေတဲ့ အထက်တန်းကျောင်းသူ သမီးလေးအတွက်ပါ။
သမီးတို့တွေ မျှော်လင့်ချက်တွေနဲ့ အသံတွေပျောက် အော်ဟစ်အားပေးနေတဲ့ နိုင်ငံဂုဏ်ဆောင် (မယ့်) မြန်မာဘောလုံး အသင်းကို သမီးတို့နဲ့အတူ မကြည့်နိုင်တာကို ခွင့်လွှတ်ပါ။ သမီးတို့တွေ တီဗီဖန်သားပြင်ပေါ်ကနေ တခဲနက် အားပေးနေချိန် မှာ ဦးဇာက ဘန်ကောက်မြို့မှာ Semi-finals နဲ့ Finals တွေကို ထိုင်းနိုင်ငံသား မိတ်ဆွေတွေနဲ့အတူ ကြည့်နေ၊ အားပေးနေ ခဲ့တယ်။ သူတို့တွေကတော့ အောင်ပွဲဆက်ခံကြလို့ အတိုင်းထက်အလွန် ဝမ်းမြောက်နေကြတာပေါ့။
ကဲ သမီးတို့ စိတ်ထိခိုက် ကြေကွဲမှုအဖြစ်ဆုံး ထိုင်းအသင်းနဲ့ကန်တဲ့ပွဲကို ပြန်ပြောရင် ပွဲမစခင်ကတည်းက ဒို့မြန်မာအသင်းက ဒီနှစ်လည်း ရွှေတံဆိပ်ရတဲ့ ချန်ပီယံ ထိုင်းအသင်းကို Underdog အရှုံးကနေ ကန်ရမယ်ဆိုတာ အားလုံးအသိ။ ပြီးတော့ မလေးရှားနဲ့ ကန်ခဲ့တဲ့ခြေကိုကြည့်ပြီး တောင့်တင်းခိုင်မာတဲ့ ထိုင်းအသင်းကို နိုင်ဖို့ဆိုတာ ပိုလို့မလွယ်ဘူးဆိုတာ သိသိကြီးနဲ့ ကိုယ့်အသင်းနိုင်ရေးကို ကံတရား၊ ဆုတောင်း မျှော်လင့်ချက်တွေနဲ့ တခုတ်တရ အားပေးခဲ့ကြတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ နည်းစနစ် ကြံ့ခိုင်မှုကောင်းတဲ့အသင်းက နိုင်သွားတာ သိပ်တော့မဆန်းဘူးပေါ့ (တတိယ ကြေးတံဆိပ်ပွဲလည်း ရလဒ်က ဒီအတိုင်းပဲ)။
ဒီမှာကြုံလို့ပြောချင်တာက သမီးလေးတို့တွေ … ဒို့နိုင်ငံသားတွေ အရူးအမူးဖြစ်ကြတဲ့ ဘောလုံးပွဲ ရှုံးတာကိုပဲကြည့်ပြီး ယူ ကျုံးမရ ဝမ်းနည်းနေကြတာ တကယ်တော့ ဒို့မြန်မာတွေ သိပ်အနိုင်လိုချင်တဲ့ ထိုင်းအသင်းကို (အမျိုးသား၊ အမျိုးသမီး) ဘောလုံးမှာတင် ရှုံးတာမဟုတ်ဘူး။ ဘောလီဘော၊ ဘတ် (စ်) ကတ်ဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ တင်းနစ် (စားပွဲ တင်၊ ကွင်း)၊ ဟော်ကီ၊ ရေကူး၊ လက်ဝှေ့၊ အပြေး … အားကစားမျိုးစုံမှာ အရေးနိမ့်ခဲ့တယ်။ ဒါ့အပြင် အရှေ့ တောင်အာရှပြိုင်ပွဲ တွေမှာ ထိုင်းအပြင် ဒို့မြန်မာတွေထက် အဆပေါင်းများစွာ သေးငယ်တဲ့စင်္ကာပူကိုလည်း ဘက်စုံအားကစားပွဲတွေမှာ မနိုင်၊ အကြိမ်ပေါင်းများစွာ ရှုံးနိမ့်ခဲ့တယ်။ ပြောမယ်ဆို ဒို့မြန်မာတွေ ရွှေတံဆိပ် (၁၀) ခုလောက်ရဖို့အရေးကို ဒေါင်ချာစိုင်း မနည်း ကြိုးစားနေရတယ်။ ဘောလုံးပွဲနိုင်ရေးကိုပဲ အားခဲထားတဲ့ သမီးတို့ကို အခြားရှုံးတာတွေ ထပ်ပြောလိုက်လို့ ပိုပြီးစိတ်မပျက် သွားပါနဲ့ … ဦးဇာအနေနဲ့ အခြေအနေမှန်၊ အရှိကိုအရှိ သမီးလေးတို့ကို သိစေချင်၊ လက်ခံနားလည်စေချင်လို့ပါ။
သမီး … မှတ်မိမယ်ထင်တယ် … ဟိုတခေါက် သမီးတို့ ဘန်ကောက်ကို လိုက်လည်တုန်းက ဒီမှာရှိတဲ့ ထိုင်းစာသင်ကျောင်း (မူလတန်း - တက္ကသိုလ်) တွေကို လည်ပတ်ကြည့်ကြပြီး သမီးတို့ မြင်မြင်သမျှ တအံ့တသြ ဖြစ်ခဲ့ကြတယ် မဟုတ်လား။ ဒီနိုင်ငံမှာ အခြေခံမူလတန်းကနေ အဆင့်မြင့် တက္ကသိုလ်၊ ကောလိပ်အထိ ကျောင်းတွေမှာ တနှစ်ပတ်လုံး ကစားနိုင်တဲ့ အားကစားရုံတွေ၊ ကွင်းတွေ ရှိကြတယ်။ ဒီနိုင်ငံမှာ “အဆင့်မြင့်” ဆိုင်ဘုတ်မတတ်ဘဲ - ကျောင်းတွေကို ကြည့်လိုက်ရင် သန့်ရှင်းသပ်ရပ်တဲ့ စာသင်ခန်းမတွေ၊ စာကြည်တိုက်၊ ကျောင်းသား/သူ နားနေခန်း၊ Cafeteria ခေါ် မုန့်စားရုံ၊ ထမင်းစားခန်း၊ ဆရာ/မ နားနေခန်း၊ အစည်းအဝေးခန်းမ၊ အနုပညာခန်းမ၊ အားကစားရုံ/ကွင်း၊ ရေကူးကန်၊ ပန်းခြံ၊ အိမ်သာတွေနဲ့ ပြည့် ပြည့်စုံစုံ ရှိကြတာ သမီးတို့ အမြင်ပဲ။ မြန်မာပြည်က ကျောင်းတွေနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရဘူး။
ဒီနေရာမှာ ပညာရေးနဲ့ အားကစားဆက်စပ်မှုကို ပြောချင်တယ်။ ကျူရှင်မရှိတဲ့ သူတို့ စာသင်ကျောင်းတွေမှာ ပုံမှန်စာသင် ချိန်မှာ စာသင်ပြီး၊ အားလပ်ချိန်၊ အားကစားအချိန်ဆိုပြီး ကျောင်းသူ/သားတွေအနေနဲ့ သက်ဆိုင်ရာ စိတ်ဝင်စားတဲ့ အား ကစားတွေကို နည်းပြတွေ၊ သင်တန်းဆရာတွေနဲ့ စနစ်တကျ လေ့ကျင့်သင်ကြားနိုင်တယ်။ ဒါကြောင့် သူတို့ အားကစားသမား အများစုဟာ အထက်တန်း၊ တက္ကသိုလ်ကျောင်းတွေကတဆင့် ရွေးချယ်ခံထားရသူတွေ ဖြစ်တယ် .. အသိဉာဏ်၊ စိတ်ဓါတ် ပိုပြည့်ဝ ကြံ့ခိုင်ကြတယ်။ ဦးလေးတို့ မြန်မာနိုင်ငံမှာတော့ ကျောင်းတွေမှာ ဘောလုံးကွင်း၊ အားကစားရုံတွေ မရှိ၊ တကယ် တတ်ကျွမ်း အတွေ့အကြုံရှိတဲ့ နည်းပြဆရာတွေလည်း မရှိ။ အဆိုးဆုံးက ဒီနေ့ သမီးတို့မျိုးဆက်တွေ အထက်တန်း ကျောင်း တွေမှာ အားကစားချိန်မရှိ၊ ကျောင်းပိတ်ရက်မရှိ တနေ့ကုန်တနေခန်း ကျောင်း၊ ကျူရှင်နဲ့ အချိန်ကုန်နေကြတယ် မဟုတ် လား။
နောက်တချက်က သူတို့ (ထိုင်း) အားကစားသမားတွေကို ဦးလေးတို့ မြန်မာအားကစားသမားတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် နည်းစနစ်ကောင်းတဲ့အပြင် (စားရတဲ့ အစားအဟာရကြောင့်) လူကောင်ပိုထွားပြီး ကြံခိုင်မှုလည်း ပိုကောင်း၊Teamwork နဲ့ ကစားကြပြီး၊ တယောက်ကောင်း တဦးကောင်း မကစားကြဘူးဆိုတာ သမီးတို့ သတိထားမိမှာပါ။ သမီးပြောခဲ့သလို … ဘက်စုံပြင်ဆင်မှု၊ ပံ့ပိုးဖြည့်ဆည်းမှုတွေ အတော်လေး အားနည်းပေမယ့် ဦးဇာတို့ မြန်မာအားကစားသမားတွေ သိပ်အညံ့ကြီး မဟုတ်ဘူးဆိုတာ လက်ခံပါတယ်။ သူတို့တွေရဲ့ကြိုးစားအားထုတ်မှုလည်း တကယ်လေးစားစရာပါ။ တဘက်မှာ ဒို့မြန်မာ တွေ အရူးအမူး တခဲနက် အားပေးကြတာလည်း ဂုဏ်ယူစရာပါ။ ဒါပေမဲ့ ဒီဘက်နိုင်ငံတွေလို နိုင်ငံတော်နဲ့ သက်ဆိုင်ရာ အဖွဲ့ အစည်းတွေရဲ့စနစ်တကျ ဘက်စုံပံ့ပိုး ပြင်ဆင်မှုတွေ ပြည့်ပြည့်ဝဝ၊ လုံလုံလောက်လောက် မရှိသေးတာကြောင့်လည်း အောင်ပွဲတွေနဲ့ အလှမ်းဝေးနေသေးတာလို့ ပြောလို့ရတယ် (ဦးဇော်ဇော်နဲ့ ခရိုနီတချို့ တောင်ပြေးမြောက်ပြေး လုပ်နေရုံနဲ့ မလုံလောက်ဘူး၊ မရဘူး)။
အစောကပြောခဲ့သလို ဒီဘက်နိုင်ငံတွေမှာ အခြေခံမူလတန်းကနေ တက္ကသိုလ်အထိ အားကစားပြိုင်ပွဲတွေနဲ့ ဘက်ပေါင်းစုံ အားကစားသမားတွေကို စနစ်တကျ မွေးထုတ်နေချိန်မှာ ဦးတို့ မြန်မာနိုင်ငံ ကျောင်းတွေမှာ အားကစားရုံ/ကွင်းတွေ၊ ပြိုင်ပွဲ တွေမရှိတော့တဲ့အပြင်၊ မြို့ရွာတွေမှာလည်း ဘောလုံးကွင်း၊ အားကစားကွင်းတွေလည်း တပ်မြေဖြစ်၊ ပျောက်ကွယ် - သမီး တို့ လူငယ်တွေလည်း ကစားချိန်မရှိ၊ ကစားခွင့်မရနဲ့ မျိုးဆက်သစ် လူငယ်အားကစားသမားတွေကို စနစ်တကျ မမွေးထုတ် နိုင်ဘဲ၊ အများစုက ကျောင်းမတက်၊ စာမသင်နိုင်ကြတဲ့ ကစားသမားတွေကိုပဲ ဟိုကောက် ဒီကောက် အချိန်တိုအတွင်းမှာ နည်းစနစ်ဟောင်းတွေ၊ ဖြစ်သလို လေ့ကျင့်သင်ကြားပေးပြီး ပြိုင်ပွဲဝင်နေကြတုန်း။ ကဲ ဝေးဝေးမကြည့်နဲ့ (၂) နှစ်တကြိမ် ကျင်းပခဲ့တဲ့ အရှေ့ တောင်အာရှပြိုင်ပွဲမှာတောင် ရွှေငွေကြေးဆုရစာရင်းမှာ ဒီနေ့အထိ မြန်မာနိုင်ငံအနေနဲ့ အဆင့် (၇) လောက်နဲ့ ကျေနပ်ခဲ့ရတာ အတော်ကြာခဲ့ပါပြီ (မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၂၀၁၃ မပါ)။
အချုပ်အားဖြင့် ပြောရရင် ရှုံးပွဲတွေကိုကြည့်ပြီး ဝမ်းနည်း၊ ဒေါသဖြစ်မနေနဲ့တော့ - ဦးလေးတို့ အားကစားသမားတွေ ရရှိတဲ့ အခြေအနေနဲ့ အကောင်းဆုံးစွမ်းကြပါတယ် - သူတို့ မညံ့ကြပါဘူး။ သမီးတို့ … ပြည်သူတွေလည်း တာဝန်ကျေပါတယ် - နိုင် စေချင်တဲ့စိတ်တခုနဲ့ ဆုတောင်းအားပေးနေရတာ။
ပြောမယ်ဆို နှစ်တွေအတော်ကြာခဲ့ပါပြီ အစိုးရအဆက်ဆက်ရဲ့ “မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်” ဆိုတဲ့ ရှက်ဖွယ် ကြွေးကြော်သံတွေနဲ့ ဘာဆိုဘာမှ ပြုပြင်ပြောင်းလဲ၊ ရင်းနှီးမြုပ်နှံ၊ ပြင်ဆင်မှုမရှိဘဲ ကြုံရာကျပန်း လုပ်ခဲ့တာတွေကြောင့် ဒို့ နိုင်ငံ အရှုံးတွေနဲ့ ခရီးဆက်နေရတာလို့ ပြောလို့ရတယ်။
ဒီတော့ နောင်လာမယ့်ပြိုင်ပွဲတွေမှာ တိုးတက်အောင်ပွဲခံနိုင်ဖို့ အခုအချိန်ကစပြီး မဖြစ်မနေ ပြုပြင်ပြောင်းလဲရမှာက … ကျောင်းပညာရေးနဲ့ အားကစား (မြို့ ရွာများမှာ အားကစားကွင်း/ရုံတွေရှိရေး) သင်တန်းနည်းပြများနဲ့ နည်းစနစ်၊ စိတ်ဓါတ်၊ ကြံ့ခိုင်မှုစတဲ့ Groundwork အခြေခံတွေကို စနစ်တကျ သင်ကြားပို့ချခြင်း၊ ပုံမှန်အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းဖြင့် ပြိုင်ပွဲဝင်မယ်ဆိုရင် ပြည်သူတွေ ထောက်ခံမှု အပြည့်အဝရရှိထားတဲ့ မြန်မာအားကစားသမားတွေ အောင်ပွဲခံကြမှာ မြေကြီး လက်ခတ်မလွဲ ရဲရဲကြီး ပြောနိုင်တယ်။
ဒီလိုမဟုတ်ဘဲ ဟိုဥပဒေ ဒီဥပဒေတွေ ထုတ်ပြန်ပြီး ထိရောက်တဲ့ အရေးယူမှု (follow-up actions) မရှိတဲ့* အုပ်ချုပ်သူတွေ လက်အောက်မှာ … သမီးတို့မျိုးဆက်တွေ၊ နောက်မျိုးဆက်တွေ နေတဓူဝ မိုးလင်းမိုးချုပ် စာမသင်၊ ဆူပူကြိမ်းမောင်းနေတဲ့ အစိုးရကျောင်းဆီပြေးရ၊ အသပြာငွေချူစားနေတဲ့ ကျူရှင်တွေသွားရနဲ့ ကစားချိန်မရှိ (ကစားကွင်းမရှိ)၊ နားချိန်မရှိ၊ စနစ်မရှိ၊ ပံ့ပိုးပြင်ဆင်မှု မရှိဘဲ … အချိန်တန်ရင် ပြေးနိုင်တဲ့လူ ဝင်ပြေး၊ ကန်တတ်တဲ့ သွားကန်ဆိုတဲ့ ကသောကမျော တပွဲထိုးတွေနဲ့ “ဒို့မြန်မာ နိုင်ရမည်” “မြန်မာ ဒုန်းဒုန်း” အော်ဟစ်အားပေးပြီး အရှုံးများအတွက် ဆက်လက် ကြေကွဲဝမ်းနည်း စိတ်ပျက်နေ ရအုံးမယ်လို့ အမှန်ကို အမှန်အတိုင်း မြင်ဖို့တွေးဖို့ ပြောပြတာပါ (* ကျောင်းဆရာ/မတွေ ကျူရှင်မပြရ အမိန့်ထုတ်ထားပြီး အရေးမယူတော့ ဆရာ/မတွေ ဥပဒေကို ဥပက္ခာပြုလုပ်ချင်တာ လုပ်ကြတာ သိပ်မဆန်း)။
ကဲ ရှိစေတော့… ဒီနှစ်ရှုံးပွဲတွေကို ဒီမှာ ပြည်ဖုံးကားချပြီး ရှေ့ အနာဂတ်မှာ သမီးတို့ - ဒို့မြန်မာတွေ ပျော်နိုင်မော်နိုင်ဖို့အတွက် တာဝန်ရှိသူတွေ မြန်မာ့အားကစား ဘက်ပေါင်းစုံ တိုးတက်ဖွံ့ဖြိုးအောင်မြင်ဖို့ ပြောင်းလဲချိန်တန် ပြင်ဆင်ကြိုးစား စွမ်းဆောင် နိုင်ကြပါစေ။
Photo credit : Getty Images
Comments