ကျော်ကျော် (မြရည်စမ်း) ● လွမ်းနေကြသူများနှင့် လွမ်းနေရသူများ
(မိုးမခ) သြဂတ်စ် ၇၊ ၂၀၁၇
(မိုးမခ) သြဂတ်စ် ၇၊ ၂၀၁၇
မိုးက တနေကုန်အောင်ပင် သွန်ချသလိုရွာပစ်သည်။ မိုးတိတ်သွားသည့် ညနေခင်းသည် အလွမ်းစိုစိုတို့ကို ထုထည်ကြီးမား လာစေသည် ထင်၏။ ကချင်ပြည်နယ်မှ ကျနော်နေထိုင်ရာ တောင်တန်းများဝန်းရံနေသည့် မြို့ငယ်လေးသည် ဘယ်နေရာမျှော်ကြည့်ကြည့် လွမ်းမောဖွယ်အတိ။ ဒီတနေ့အဖို့ နေရောင်ခြည်ကို မျှော်၍ မရနိုင်တော့ပြီ...။ အလွမ်း...။ မိုးရွာပြီးစ ညနေခင်းလေးသည် အလွမ်းတို့ကို စိုအိလာစေတော့သည်။
မနေ့ညက ဖေ့စ်ဘုတ်သုံးရင်း မိုင်ထောင်ချီဝေးသည့် ကမ္ဘာ့တဖက်ခြမ်းတနေရာမှ ရေးတင်လိုက်သော စာလေးကို ဖတ်ရ သည်။ ထိုစာလေးက အမှတ်မထင်ရင်ထဲစူးနစ်ချိတ်တွယ်နေခဲ့သည်။ ယခုလည်း မြောက်ဖျားသို့သာ တလိပ်လိပ်တက်နေ ဆဲဖြစ်သော တိမ်ညိုအစိုင်အခဲများကို ကြည့်နေရင်း သူတို့ကို တောင်ဘက်သို့ စုန်စေချင်နေမိသည်။ အကယ်၍ သူတို့စုန်ဆင်းပါက ရူးနှမ်းသည်ဟုဆိုကြဆိုကြ ကျနော်လိုက်ပါခွင့် တောင်းမိမည်လား မပြောတတ်တော့ပါ။ အသွင်အမျိုးမျိုးပြောင်း လဲကာ အလိပ်လိုက်တက်နေသော မိုးတိမ်ထုများအပေါ်တွင် ဖေ့စ်ဘုတ်မှာဖတ်ရပါသော စာသားလေး နွဲ့နှောင်းပျော့ပျောင်း စွာ ပေါ်လာပြန်သည်။
အလွမ်းအိုင်ချင်း
ချစ်တဲ့သူငယ်လေ
သူငယ်ချင်းငယ်ကောင်း အောဖျန့်တို့လေ။
ညကအလုပ်သွားဖို့ကားရပ်ရာနေရာဆီ
ဒီလမ်းကြားလေးထဲကဖြတ်အသွား
အမှတ်မထင်ရေအိုင်လေးကိုတွေ့တော့
နောက်ကြောင်းပြန်လှည့်အခန်းထဲက ကင်မရာပြန်ယူ
ကဗျာကယာဓာတ်ပုံရိုက်ထားလိုက်မိတယ်
မနေ့က နေလည်းသိပ်မကောင်းဘူးလေ
အအေးမိနှာစေး ကိုယ်လက်ကိုက်ခဲ
တနေ့ကုန်မိုးရယ်ကစွေစွေ လွမ်းနေရတဲ့အထဲ
အိုင်စရာပုံစံရှားလို့ ရေအိုင်က
မြန်မာပြည်မြေပုံနဲ့မှ တူအောင်အိုင်ရလား
အိုင်မယ်ဆိုလည်း လွတ်လွတ်ကင်းကင်းအိုင်ပေါ့ကွယ်
တောင်ပတ်လည်နှင့်
မိုးဖီးလ်ဆိုသည် တောင်ပေါ်မြို့မှာ
မောင့်လွမ်းဖွယ်လေး။
သန်းဌေးမောင်
ဇူလိုင်၊၂၉ ၊၂၀၁၇
တိမ်အဆင်တွေသာ အမျိုးမျိုးပြောင်းသွားသော်လည်း စာသားလေးက မပြောင်းမလဲတွယ်ငြိနေဆဲ။
+++++++++++++++++
ယုံကြည်ချက်နှင့်ခံယူချက်ကြောင့် အမိမြေနှင့်ဝေးကွာနေခဲ့ကြရသူများ နေရပ်မပြန်နိုင်ကြသေး။ ဝေးနေရသည်။ ဝေးကြရ သည်။ တချို့က အမိမြေနှင့် ဝေးကွာရသလို၊ တချို့ကတော့ ဇာတိမြေနှင့် ဝေးရသည်။ တချို့မှာမူ အိမ်တိုင်နွယ်ရစ်နေသည်ကိုပင် သွားမဖြုတ်ရဲ၊ မလှမ်းမကမ်းမှ ငေးကြည့်နေရဆဲ။ ထရပ်ကားအစုတ်၏ ဝမ်းဗိုက်ထဲ ထည့်မောင်းခံရသည့် ဆီးဖြူသီး များပမာ အားလုံးနီးပါး တည်ငြိမ်မှုမရနိုင်ကြသေး။ အစိုးမရ ကြသေး။ တိမ်ကိုစီးပြီး အောက်ပြည်အောက်ရွာခရီးနှင်ချင်သည့် ကျနော်စိတ်သည်လည်း မိုးလေအေးအေးထဲတွင် ဘယ်လိုမှပင် မစိုးမရချင်တော့။ စိတ်သည် လျှင်မြန်လွန်းသော အဟုန်ဖြင့် အတိတ်သို့တရစပ်ကြီး ရွက်လွှင့်သွားလေတော့သည်။
+++++++++++++++
လွမ်းကြသည်။ လွမ်းတတ်ကြပါသည်။ ကျနော်လည်း လွမ်းဖူးသည်။ လွမ်းသည့်ကိစ္စကို တဦးတည်း မူပိုင်ထားခွင့်ရှိသလား။ မရှိသလား..ဟူ၍ ဘယ်သောအခါမှ မစဉ်းစားမိခဲ့ဖူးပါသော်လည်း လွတ်လွတ်လပ်လပ်ကြီးတော့ အခါတရာမက လွမ်းဆွတ်နေခဲ့ ဖူးပါသည်။ သို့သော် ကျနော်သည် အကျင့်မကောင်း။ လွမ်းဆွတ်ခြင်း တမ်းတခြင်းမှန်သမျှတို့ အား လူကြားထဲချပြရမည်ကို ရှက်သလိုလို၊ ကြောက်သလိုလို အကြိမ်အဖန်များစွာ ဖြစ်ခဲ့ဖူး၊ ခံစားခဲ့ရဖူးသည်။ အမှန်တကယ်တော့ လွမ်းဆွတ်တမ်းတခြင်းသည် ကံငါးပါးကျူးလွန်ခြင်း မျိုးမဟုတ်သည့်အတွက် အော်ဟစ်လွမ်းမည်ဆိုပါက လွမ်း၍ရပေမည်။ နားမခံသာသူ များ ကဲ့ရဲ့မည်ဆိုပါကလည်း ခုနှစ်ရက်ပင် ကျော်လွန်မည်မဟုတ်။ ချီးမွမ်းခုနှစ်ရက်၊ ကဲ့ရဲ့ခုနှစ်ရက် လောကကြီးတွင် တခါ တရံတော့လည်း အော်ဟစ်ပြီး လွတ်လပ်စွာ လွမ်းတမ်းတလိုက်ချင်နေမိပြန်ပါသည်။
+++++++++++
ကျနော့်တွင် စာရေးသူ၊ ကဗျာရေးသူများဖြစ်ကြသည့် စာရေးဆရာ၊ ကဗျာဆရာ မိတ်ဆွေတချို့ရှိပါ၏။ သူတို့သည် သား သတ်သမားများမဟုတ်ကြတာတော့ သေချာပါသည်။ ဖြစ်နိုင်ချေ၊ ဖြစ်တန်စွမ်းများအရဟူ၍ ကြီးကျယ်သောစကား ဆိုရပါ လျှင် သူတို့၏နှလုံးသားများ နူးညံ့ကြပေမည်။ ကဗျာဆရာသည် တော်လှန်ကဗျာတွင် ရဲရင့်ပြတ်သားသလောက် တချို့သော ကိစ္စများတွင်တော့ အသည်းနုရှာပေလိမ့်မည်။ သရော်စာရေးသည့် စာရေးဆရာသည်လည်း လောကသဘာဝအတော်များများကို ထီမထင်ကျော်ဖြတ်ဝံ့သလောက် လွမ်းစရာ များနှင့်ကြုံလာပါက ချုံးပွဲချမငိုလျှင်တောင် မျက်ရည်တော့ ဝေ့သီနေပေလိမ့်မည်။ ထိုအရာများသည် ကျနော့်အတွေးသာ ဖြစ်ပါ၏။ အတုနှင့်အစစ် ၊ခွဲခြားမရအောင် ယှက်လိမ်နေသော ယခုခေတ်အခါသမယတွင် အစစ်များကိုသာ ရည်ရွယ်စဉ်းစားမိခြင်း ဖြစ်ပါသည်။
++++++++++++++
ကျနော်တို့သည် ကွယ်လွန်သွားသည့် သူကို ပို၍လွမ်းတမ်းတကြသေးသည်။ ထိုအချင်းအရာသည် ကောင်းပါသည်။ သို့သော် မကွယ်လွန်မီ လွမ်းတတ်ကြပါက ပို၍ ကောင်းမည်လားဟု မကြာခဏ စဉ်းစားခဲ့ဖူးသည်။ စဉ်းစားမိခဲ့ခြင်းမှာလည်း ဖေ့စ်ဘုတ်ထဲမှ မီးလင်းနေသေးသော်လည်း မူလသုံးစွဲသူစစ်စစ်မဟုတ်တော့သည့်နာမည်လေးများ။ အပြီးအပိုင် မီးမှိတ်သွားသောနာမည်လေးများကို သတိထားမိခဲ့ခြင်းမှ အစပြုခဲ့သည် ဆိုရပေ မည်။ မသေမီ ယဉ်ကျေးစွာသုံးနှုန်းရပါက မကွယ်လွန်မီ လွမ်းလို့ရမရကို ကျနော်သိချင်နေမိ ပြန်သည်။ တကယ်တော့ လွမ်းလို့ရကိုရရပေမည်။ လွမ်းဆွတ်ခြင်းကို ပုဒ်ထီး၊ ပုဒ်မနှုတ်မိန့်များဖြင့် ဖမ်းဆီး၍တော့ မရတန်စကောင်း။
+++++++++++++++
ကျနော့်ဘဝအချိုးအကွေ့တခုတွင် စာရေးဆရာကြီးတဦးနှင့် ဆုံခဲ့ရဖူးသည်။ ကျနော်က သူ့ကို အများနည်းတူ ဆရာဟုမခေါ် ပါ။ ချစ်မြတ်နိုးခြင်းနှင့်လေးစားတန်ဖိုးထားမှုတို့ ပေါင်းစပ်ကာ ဘဘဟု ခေါ်ခဲ့သည်။
ကဗျာဆရာအောင်ဘညိုနှင့် စာရေးဆရာဒေါင်းနေမင်း ကွယ်လွန်ပြီးစအချိန်လေးတွင် ဘဘနှင့်ကျနော် စတွေ့ကြသည်။ ထို အချိန်က စာရေးဆရာဒေါင်းနေမင်း ကွယ်လွန်သည်မှာ ရက်ပင်မလည်သေးချေ။ မြို့လေး၏အပူဒဏ်နှင့် ဖုန်မှုန့်များကို အာ ရုံမထားပဲ ထိုသူများကိုလွမ်းနေသည့်ဘဘကို ကျနော်အံ့သြတကြီး ဖြစ်ခဲ့ရသည်။...
"လွမ်းတယ်ကွာ.. ဘဘ သူတို့အကြောင်း လွမ်းချင်သေးတယ်"
ထူထဲသောမျက်မှန်အောက်မှ မျက်ဝန်းများ စိုလဲ့နေသည်ကို ကျနော်တွေ့လိုက်ရပါသည်။
အိပ်ရာလေးအပေါ် ဝမ်းလျားထိုးမှောက်ကာ စာရွက်လေးထဲစာရေးချ၍ အလွမ်းဖြေနေသလား၊ လွမ်းတနေသလားတော့ မဆိုနိုင်။ စာရေးလျှင် ဝမ်းလျားထိုးမှောက်ကာ ရေးရသည်ကို ပိုမိုနှစ်ခြိုက်ကြောင်း ပြောတတ်သေးသည်။
ထိုကာလ၌ ကျနော်သည်ဘ၀၏ အချိန်များစွာကို ရည်မှန်းချက်မဲ့စွာ ဖြုန်းတီးနေခဲ့သောကာလဟုဆိုလျှင်လည်း ဆို၍ ရပေ သည်။ မနက်မိုးလင်းလျှင် လက်ဖက်ရည်ရောင်းမည်။ နေ့လည်နေ့ခင်း ဆိုင်လူပါးချိန်လေး၌ စာဖတ်ချင်ဖတ်မည်။ ဖတ်သည့် စာဆိုသည်မှာလည်း ကြုံသလို၊ ညားသလိုသာ ဖတ်ခြင်းဖြစ်သည်။ အချိန်တခုလွန်မြောက်စေရန်သာ ဖတ်ခြင်းဖြစ်သည်။ စာဖတ်နေခိုက် လက်ဖက်ရည် ထဖျော်လျှင်ဖျော်သည်။ ပြန်ထိုင်ချိန်၌ ထိုစာကို ဆက်ဖတ်ဖြစ်ချင်မှ ဖတ်ဖြစ်တော့သည်။ ဘဘနှင့်တွေ့ပြီးနောက်ပိုင်း အချိန်များတွင် စာကိုဆုံးအောင်ဖတ်သည့် အလေ့အကျင့်ကို ရခဲ့ပါသည်။ ထိုအလေ့အကျင့် သည် ယခုနေအခါတော့ အလေ့အထတခုဖြစ်၍ နေပေပြီ။
ဘဘသည် ကျနော့်လက်ဖက်ရည်ဆိုင်လေးသို့ ညနေတိုင်းလိုလို ရောက်လာတတ်သည်။ အကြောင်းတစုံတရာကြောင့် အရောက်နောက်ကျနေခဲ့လျှင်လည်း ကျနော်နှင့်ဇနီးသည်မှာ မျှော်နေတတ်သည်။ ဘဘသည် ဇနီးသည်နှင့်သမီးလေးကိုပါ ကျနော်နှင့် ပြောဆိုနေသည့် စကားဝိုင်းသို့ ဝင်သာအောင် လမ်းဖွင့်ပေးတတ်သေးသည်။ဇနီးသည်ကလည်း ဘဘလာလျှင် ထမင်းဖြူပူပူနွေးနွေးကို ဆီဆမ်း၊ ဆားဖြူးကာ ဆိတ်သားခြောက်ကို မွမွလေးဖြစ်အောင်ဖွ၍ နေ့စဉ်ဧည့်ဝတ်ပြုရှာသည်။ ကျနော့်သမီးလေးကလည်း အသံထွက်ခက်ခဲမသေချာသည့် အင်္ဂလိပ်စာများကို မေးတတ်သည်။ ဘဘထံမှ ကျနော်နမူနာယူ ရသည့် အမူအကျင့်များစွာထဲမှ မှတ်မှတ်ရရတခုကိုလည်း ပြောပြချင်သေးသည်။ ကျနော့်သမီးမေးသည့် အင်္ဂလိပ်စာအသံ ထွက်ကို ဘဘ အနေဖြင့် ဝတ်ကျေတန်းကျေသဘောမျိုးမထားဘဲ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားနှင့် ရေစီးကြောင်းအတိုင်း ရွေ့လျားနေသော စာရေးဆရာမတဦးကိုဖုန်းဆက်မေးပြီးမှ အဖြေပေးတတ်သည်။ အသံထွက်ပြတာ မှားမှာစိုးလို့ပါဟု ဆို တတ်သေးသည်။ ဘဘသည် မသေချာ သောကိစ္စရပ်များကို အသိ၊ အတတ် မလုပ်တာတော့ သေချာလှပါသည်။
ကျနော်နှင့်ဘဘဆုံတွေ့ကြရသော မြို့လေးသည် ကျနော့်ချက်မြှုပ်ဇာတိမဟုတ်။ တနေ့သားတွင် မြို့လေးမှာ စာပေရေးသား သူ ဘယ်သူရှိသလဲဟု ကျနော့်ကို မေးရှာသည်။ စာရေးဆရာကြီးသည် စကားစမြည်ပြောစရာ မိတ်ဆွေကောင်းကို တောင့် တကြောင်း ကျနော်နားလည်ပါသည်။ ခက်နေသည်မှာ စာပေရေးသားသူများကို ကျနော်သိသည်။ ကဗျာဆရာတချို့ကိုလည်း ကျနော်သိသည်။ ကျနော်ယုံကြည်ရာ ကဗျာဆရာလေးမှာ တနယ်တကျေးရောက်နေသည်။ ခေါင်းပူအောင် စဉ်းစားပြီး လမ်းစဉ်ပါတီခေတ်က စာပေဆုများရဖူးသည့် စာရေးဆရာတဦးကို မျက်လုံးထဲမြင်မိ၍ သူ့အိမ်သို့ ကျနော်သွားခဲ့သည်။ တံဆိပ်အမျိုးအစားပေါင်းစုံကပ်ထားသော အရက်ပုလင်းများကြားမှ မျက်မှန်တလက်ဝင်းခနဲ လက်သွားတာမြင်လိုက်ရ သည်။ ဘာအရက်ယူမလဲဟု မေးလိုက်သည့် သူ့စကားသံမဆုံးမီ ချာခနဲ ကျနော်လှည့်ပြန်လာခဲ့ပါသည်။ အများသူငါကို လောင်ကျွမ်းစေပြီး မိမိကိုယ်ကို အရောင်တင်သူနှင့် မိမိကိုယ်ကိုအလောင်အမြိုက်ခံပြီး အများသူငါကို အလင်းပေးသူ ဘဘ သည် ရင်ဘတ်ခြင်းမတူညီ၊ သံစဉ်ခြင်းညှိမရဟူ၍ ကျနော်သဘောပိုက်ထားလိုက်သည်။ ကျနော် စိတ်အထင်တော့၊ ကျနော်သိသလောက်တော့ မြို့လေး၏ဘူတာရုံအိုလေးမှ စာပေဝါသနာရှင်ရုံပိုင်အိုကြီးနှင့်သာ ဘဘစကားပြောခဲ့သည်။
ကျန်သည့်အချိန်များကိုတော့ စာရေး၊ စာဖတ်ခြင်းများဖြင့်သာ ကျော်ဖြတ်သွားခဲ့ရှာသည်။
တကယ်တော့ ထိုစဉ်က ကျနော်အယူအဆများ မှားယွင်းခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။ လူကိုမကြည့်ဘဲ စာပေအနုပညာကိုသာ ကြည့်တတ်သူများအကြောင်းကို သေသေချာချာ သိတတ်ချိန်တွင် နောင်တပင် ရမိလေသည်။
++++++++++++++
ဘဘပြောပြသည့် စကားများစွာထဲမှ နာနတ်တောသင်္ချိုင်းထဲမှ အုတ်ဂူတလုံးစီပေါ်တွင် ပက်လက်အိပ်ရင်း ကဗျာရွတ်ကြ သည့်အကြောင်းအရာသည် ကျနော့်စိတ်ကိုညှို့ယူ သွားခဲ့သည်။ လူသေများမြှုပ်နှံထားသည့် တိတ်ဆိတ်ငြိမ်သက်လှသောသုဿန်ထဲရှိဂူလုံး စီပေါ်တွင် လူသားနှစ်ဦးရှိနေသည်။ အချိန်က...ည။ လမင်းက သာနေ၏။ ရှယ်လီ၏ ကမ္ဘာကျော်ကဗျာသည် နရီအတက်အကျဖြင့် တောင်ပံခတ်နေပေမည်။ ကျနော့်နှလုံးသားထဲ ကဗျာပိုးလေး သွင်းပေးထားခဲ့လေသ လားမသိ။ ကဗျာဆရာမောင်လေးအောင်အကြောင်းကိုပြောပြတော့ ဇနီးသည်နှင့်သမီးလေးပင် သနားနေကြသည်။ ယခုအချိန်တွင်မတော့ ကဗျာမဖတ်သူ သူတို့ပင်လျှင် မောင်လေးအောင်၏ "လောကဘုရားပွင့်ပါလေ" ကဗျာကိုတော့ အလွတ်ရကြသည်။ တခါတရံတော့ ကျနော်သည်လည်း ကဗျာနှင့်ဆင်သော စကားပြေတိုလီထွာလီလေးများကို ကဗျာအမှတ်နှင့် ရေးစပ်မိပါသည်။
မြို့လေးမှ ဘဘပြန်သွားပြီး မကြာမီမှာပင် ကျနော်တို့မိသားစုလည်း ရေကြည် မြက်နုရာ နောက်ထပ်တမြို့သို့ ပြောင်းခဲ့ ကြပြန် သည်။
တနေ့..၊ ရန်ကုန်မြို့မှ ကချင်ပြည်နယ်သို့ ပြေးဆွဲနေသော ခရီးသည်တင်ကားဖြင့် စာအုပ်ထုပ်ကြီးတထုပ်ရောက်လာသည်။ သေသပ်လှပသော ဘဘ၏လက်ရေးဖြင့် ကိုကျော်ဖတ်ဖို့ စာရေးသူ၏လက်ဆောင်ဟု ရေးထားသောစာအုပ်များအပြင် ကျနော် လိုချင်တောင့်တလွန်းသည့် ကဗျာဆရာ မောင်လေးအောင်၊ မောင်ချောနွယ်၊ ဖော်ဝေး၊ အောင်ဘညိုတို့၏ ရှားရှား ပါးပါး ကဗျာစာအုပ်များ ပါလာသည်။ ဆရာမ မေစာနှင့် ဆရာမရာသက်ပန်တို့ရေးသည့် စာဝိုင်းပေဝိုင်းစကားဝိုင်း၊ မြန်မာ့ ဝတ္ထုတိုလမ်းကြောင်းကလည်း ကျနော်စာရေးဖို့ အထောက်အပံ့များစွာ ဖြစ်စေသည်။ ဆရာမောင်ထွန်းသူ ဘာသာပြန်စာ အုပ်များလည်း ပါလာသည်။ မဟေသီမဂ္ဂဇင်းများဆိုလျှင် အထပ်လိုက်ကြီး။ စာအုပ်ထုပ်ကြီးမားလွန်းသဖြင့်ပစ္စည်း သယ်သောသူသည်ပင် မနိုင်ရင်ကာ သယ်ပိုးလာရသည်အထိ။
ယခုလည်း မိုးအေးအေးနှင့်မို့ ပြတင်းဝမှခွာကာ ထိုစာအုပ်များရှိရာ စာအုပ်စင်အိုလေးနား ကျနော်ရောက်ခဲ့ပြန်ပါပြီ...။ အတွေးတို့သည် လူးလွန့်နေကြဆဲ...။
မနေ့ညက ဖုန်းစကားရသည်။ အလိုက်ကန်းဆိုးမသိ၊ ကျနော်ပူဆာမိ၍ "အနော်ရထာည" ကဗျာကို ရွတ်ပြရှာသည်။ ကြည်လင်သောအသံသည် အနည်းငယ်တော့ အမောရိပ်စွက်နေသည်။ နောက်နောင် ကျနော်ဆင်ခြင်ရမည်။ ကျနော့်လွမ်းဆွတ်မှုသည် လူကြီးမိဘ၊ ဆရာ သမားကို အခက်အခဲမတွေ့စေသင့်။
စိမ့်ခနဲအေးသွားစေသော လေနုနုလေးများနှင့်အတူ မိုးတဖြောက်ဖြောက်သံကို ကြားရ ပြန်ပြီ။ စာရေးစားပွဲလေးတွင် ကျနော်ထိုင်ချလိုက်မိသည်။ စားပွဲပေါ်တွင် ကျနော်ဖတ်လက်စ စာအုပ်လေး အရံသင့်ရှိနေသည်။ စာအုပ်မျက်နှာဖုံးကို ပန်း ချီဆရာမုတ်သုန် ရေးဆွဲထားသည်။ လူတဦးသည် ကျောပေးအနေအထားဖြင့် ခပ်စွေစွေလေးထိုင်ကာ သီတင်းစာ တစောင်ကို ဖတ်နေ၏။
+++++++++++
ထိုသူ့ကို ကျနော်လွမ်းနေရသော ဘဘဟုပင် ထင်မိလိုက်သေးသည်။ စာအုပ်လေးက စာရေးဆရာမင်းသစ် ရေးသည့် "လွမ်းရတဲ့သူတွေ"။ ။
ကိုးကား...
ဦးသန်းဌေးမောင် ဖေ့စ်ဘုတ်စာမျက်နှာ..
ကျော်ကျော် (မြရည်စမ်း)
၁.၈.၂၀၁၇ည.. ၁၁ နာရီ ၄၅ မိနစ်
Comments