လမ်းထိပ်လက်ဖက်ရည်ဆိုင်လေးသို့ ကျနော်ရောက်သွားသောအခါ စားပွဲသုံးလေးဝိုင်းတွင် လက်ဖက်ရည်သောက်သူများ ရောက်နေကြပြီဖြစ်သည်။ ပလာတာ၊ ထပ်တရာကြော်သည့် တာဝါးဟု ခေါ်ကြသော သံပြားကြီးမှညှော်နံ့သည် မွှေးသည်လား၊ နံသည်လား ဝေခွဲရခက်လှသည်။ သို့သော် ထိုအနံ့ကို ကျနော် မနက်ခင်းတိုင်း ရှူရှိုက်နေရပါသည်။
လွန်ခဲ့သော ကာလများကလည်း ထိုအနံ့ကို ရင်းနှီးကျွမ်းဝင်စွာ နေ့စဉ်နှင့်အမျှ ရှူရှိုက်ခဲ့ရဖူးသည်။ ထိုစဉ်ကတော့လက် ဖက်ရည်ဆိုင်ကလေးတဆိုင်၏ ပိုင်ရှင်ဖြစ်ခဲ့ဖူးသည်။
ပိုင်ရှင်ဖြစ်သည်ဟုဆိုခြင်းမှာ ကြွားဝါလိုသောကြောင့် သုံးနှုန်းခြင်းမဟုတ်ပါ။ မြို့နယ်စည်ပင်ဌာနမှ ခေါင်းစဉ်အမျိုးမျိုးတပ်၍ ကောက်ခံသော အခွန်ပြေစာများ၊ ရပ်ကွက်လူကြီးများ၏ အလှူခံဖြတ်ပိုင်းစာရွက်များတွင် ဆိုင်ပိုင်ရှင်အမည်ဟူ၍ ရိုက် နှိပ်ထားသော စာသားနှင့် ကျနော့်နာမည်အား ညီမျှခြင်းထိုးထားသောကြောင့် ဆိုရခြင်းဖြစ်ပါသည်။ တနိုင်တပိုင်မျှသာ ရောင်းချသောဆိုင်လေးဖြစ်၍ လက်ဖက်ရည်ဖျော်ခြင်းမှစ၍ စားပွဲထိုးသည့်ကိစ္စများ၊ အမှိုက်ပစ်၊ ပန်းကန်ဆေးသည့် ကိစ္စ များအဆုံး ကျနော်ကိုယ်တိုင် လုပ်ကိုင်ခဲ့ဖူးပါသည်။
ဆယ်စုနှစ်တခုနီးနီး ထိုလုပ်ငန်းကိုလုပ်ကိုင်ကာ မိသားစုဝမ်းရေး ရှာဖွေခဲ့သော ကျနော့်အဖို့ မနက်လင်းလျှင် လက်ဖက်ရည်ကောင်းကောင်းလေးတခွက်ကိုတော့ သောက်လိုက်ရမှ ဘဝင်ကျသည်။ ကိုယ်တိုင်ဖျော်ပြီးသောက်ရသော လက်ဖက်ရည်ကိုသာ စိတ်တိုင်းကျသော်လည်း ဖြစ်ခြင်း ၊ပျက်ခြင်းများဖြင့် သံသရာလည်နေသော လောကသဘာဝကို အလေးအမြတ်ပြုသောအားဖြင့် စိတ်တိုင်းကျခြင်း၊ မကျခြင်းများကို အသေးအဖွဲကိစ္စရပ်များထဲသို့ ထည့်ထားလိုက်သည်မှာ ကြာပါပြီ။
ယခုအချိန်တွင် ကျနော်လည်း လက်ဖက်ရည်မရောင်းတာကြာလေပြီ။ ကောင်းကောင်းဆိုးဆိုး လက်ဖက်ရည်သည် လက် ဖက်ရည်သာဖြစ်၏ဟူ၍ သဘောထားကာ ဝတ္တရားကျေ အာသာပြေသောက်နေမိသည်မှာတော့ နေ့စဉ်နှင့်အမျှ။
လက်ဖက်ရည်ကောင်းကောင်းလေးတခွက်ဖျော်ဖို့ကိစ္စသည် ဖုတ်ပူမီးတိုက်လုပ်၍ မရစကောင်းပင်။ မည်မျှ သန့်ရှင်းသော ကရားအိုးကြီးဖြစ်လင့်ကစား ညံ့ဖျင်းသော အချိုခြောက်များထည့်ပြီး ပွက်ပွက်မဆူသေးသော ရေနွေးဖြင့် နှပ်သောနှပ်ရည်သည် အချိန်မည်မျှပေးပေး စံချိန်မီလာသည် မရှိတော့။ အကောင်းဆုံးအကြံပေးလိုသည်မှာ ထိုအခါမျိုးတွင် စားသုံးသူကို လေးစားသောအားဖြင့် နှပ်ရည်အသစ်ဖောက်မည့်အကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြပြီး မျက်မြင်တွင် သွန်ချပစ်ခြင်းမှာ အကောင်းဆုံးလုပ်ဆောင်မှုတခုဖြစ်ပေမည်။ စားသုံးသူကိုတော့ အားပေးလာခဲ့ကြသော ကျေးဇူးတရားများကို အသိအမှတ်ပြုသောအားဖြင့် လက်ဖက်ရည်ကောင်းကောင်းတခွက်ရရှိနိုင်ရန် စောင့်ဆိုင်းရမည့်အချိန်ကို ကြိုတင်ပြောထားရပါမည်။ ကျနော့်အတွေ့အကြုံအရ အစွန်းရောက်အရွဲ့တိုက်တတ်သူများမှအပ လူတော်တော်များများသည် ကောင်းကောင်းသောက်ရ မည်ဆိုပါလျှင် ကျေကျေနပ်နပ်ပင် စောင့်ဆိုင်းပေးတတ်ကြပါသည်။ ပြောထားသည့်အချိန်ကို လိုနည်းနည်း၊ ပိုနည်းနည်းဖြင့် လွဲချော်ခဲ့လျှင်လည်း ကိစ္စမရှိသေး။ စောင့်ဆိုင်းခဲ့ရပြီးသည့်အတူတူ၊ အစွန်းထွက် စက္ကန့်လေးများအတွက် စောဒကမတက်ကြရှာပါ။ အချိန်အကြာကြီးစောင့်ဆိုင်းသည့်တိုင် ပြောထားသလို လုပ်မပေးနိုင်လျှင်တော့ စားသုံးသူ၏ ငြူစူအပြစ်တင်မှုကို ခံရပေမည်။ တကယ်တော့ ကတိမတည်မှုအတွက် အပြစ်တင်စကားကို သည်းခံနိုင်ရပေမည်။
လက်ဖက်ရည်ကောင်းကောင်းတခွက်ဆိုသည်မှာ ပန်းကန်လေး လှပသန့်ရှင်းနေရုံနှင့် ပြီးပြည့်စုံသည်ဟု ဆိုနိုင်မည်မထင်။ ပန်းကန်ဆိုသည်မှာ လက်ဖက်ရည်ကို ထည့်ထား၍သာ လက်ဖက်ရည်ပန်းကန်ဖြစ်နေရသည်။ ဆေးခါးကြီးများထည့်ထားခဲ့ သည်ရှိသော် ဆေးခါးကြီးပန်းကန်လှလှလေးသာ ဖြစ်ပေမည်။
လက်ဖက်ရည်ဖျော်ခြင်းသည် အနုပညာကိစ္စတရပ်လည်း ဖြစ်နေနိုင်သေးသည်။ လက်ဖက်ရည်ခွက်လေးကို လက်ညှိုးနှင့် လက်မအားကိုအသုံးပြု၍ ကိုင်းကလေးမှ ကိုင်လိုက်မည်။ လက်ခလယ်လေးသည် ကိုင်းကလေးကိုပင့်ထားသေးသည်။ ညာဘက်လက်သည် နို့ဆီမှုတ်ဖြင့် နို့ဆီကို ကော်ခပ်လိုက်မည်။ ဘယ်ဘက်လက်တွင်ပါလာသော လက်ဖက်ရည်ခွက်လေး ထဲသို့ နို့ဆီများကို ဆတ်ခနဲထည့်လိုက်မည်။ ထိုအခိုက် ဘယ်နှင့်ညာ လက်ကောက်ဝတ်နှစ်ခုစလုံးသည် ဟန်ချက်ညီစွာ ကစားသွားကြပါသည်။ တဖက်ဖက် ဟန်ချက်ပျက်ခဲ့သော် လက်ဖက်ရည်ပန်းကန်လေးပင် ပေပွသွားနိုင်သေးသည်။ ဘယ်ညာပြိုင်တူလောင်းထည့်လိုက်သော နို့စိမ်းနှင့် နှပ်ရည်သည် လက်ဖက်ရည်တခွက်၏ ကောင်းခြင်း၊ သင့်ခြင်းနှင့် ညံ့ဖျင်း ခြင်းတို့ကိုဖြစ်ပေါ်စေသော အကြောင်းအရာများစွာထဲမှ တခုအပါအဝင်လည်း ဖြစ်နေနိုင်သေးသည်။ စိတ်ကူးယဉ်လွန်း သည်ပဲဆိုဆို လက်ဖက်ရည်တခွက်ဖျော်ရခြင်းကို ပန်းချီကားလေးတချပ်ရေးရသလို၊ ကဗျာလေးတပုဒ်ရေးရသလို ထင်မိခဲ့ ဖူးသည်။
'လက်ဖက်ကောင်းစားချင်လျှင် ပလောင်တောင်တက်နှေးရသည်' ဟူသောစကားပုံကို ငယ်စဉ်ထဲက သင်ကြားခဲ့ရဖူးပါ သည်။ သို့သော် ကျနော်အသုံးပြုခဲ့သော လက်ဖက်ခြောက်များအကြောင်းကို ကိုယ်စားလှယ်ထံ စပ်စုမိလေတိုင်း တရုတ်ပြည်မှ ပီနန်အိတ်ကြီးများဖြင့်လာသော လက်ဖက်ခြောက်များကို ပြင်ဆင်ထုပ်ပိုးပြီး တံဆိပ်ကပ်ထားကြောင်းသာ သူ့ထံမှ အဖြေရ၏။ သူ၏ အဖြေသည် သေသေချာချာ တွေးတောကြည့်ပါက ရာနှုန်းပြည့်နီးပါး မှန်ကန်လိမ့်မည် ထင်ပါ၏။ ပလောင်တောင်သူများ၏ လက်ဖက်စိုက်ခင်းများသည် တိုးတက်လာသည်လား၊ ဆုတ်ယုတ်သွားပြီလားဆိုသည်ကို မျက်မြင်ကိုယ်တွေ့ပင် သွားကြည့်ချင်လှပါသည်။ သို့သော် အသွားမတော်တလှမ်း၊ အစားမတော်တလုတ်ဟူသည့် ရှေးရိုးစွဲစကားပုံသည် ယနေ့တိုင် ဒက်ထိမှန်ကန်နေသဖြင့် အဝေးခရီးကိုဖြင့် မလှမ်းဝံ့ပါ။ တရုတ်ပြည်မှ ဝင်ရောက်လာသော အချိုခြောက်များ၏ ဝင်းပနေသည့် အရောင်ရဲရဲကိုသာ အားကိုးနေခဲ့ရဖူးသည်။ အရောင်သည် ကျနော့်လက်ဖက်ရည်ဆိုင်လေးတွင် ပါဝါတခုအနေဖြင့် မားမားမတ်မတ်ရပ်ပြီး အချိန်ကာလတခုအထိ အထောက်အပံ့ပေးခဲ့ဖူးသည်။
လက်ဖက်ရည်အရောင်လှလှကို တပ်မက်သူများနှင့်လည်း ဆုံခဲ့ ကြုံခဲ့ရဖူးသည်။ သူတို့သည် အဖန်ဓာတ်၏ အနှစ်အရသာ ကို မသိကြ။ အရောင်ကိုသာ ကြည့်ကြသည်။ နီရဲသည့်ဖက်သို့လုနေသော အဖန်ရည်ရောင်ကိုမှ ပိုမိုနှစ်သက်ကြသည်။ လျှာဖြင့်အရသာမခံဘဲ မျက်စိဖြင့်သာ အရသာခံကြသည်လား မပြောတတ်ပါ။ တချို့ဆိုလျှင် အောက်ခံပန်းကန်ပြားလေး ထဲသို့ အဖန်ရည်ကို ငှဲ့ပြီး လက်ညှိုးဖျားလေးနှင့် တို့ထိကြည့်သေးသည်။ ပန်းကန်ပြားဖြူဖြူပေါ် အဖန်ရည်ရောင်ထင်းထင်းလေးစွန်းကျန်မှ ကျေနပ်ကြသည်။
အနှစ်သာရ မပါဝင်သော ထိုအရောင်သည် လုပ်ကြံဖန်တီးထားသောအရာမှန်း သူတို့မသိကြ။ ရေရှည်တွင် ဘေးဥပါဒ် ပေးမည့်အရာမှန်း သူတို့မစဉ်းစားမိကြ။
ထိုနှပ်ရည်အနီရဲကို နေ့စဉ်အသုံးပြုရသောအခါ ကျနော့်လက်သည်းလေးများ၌ပင် အရောင်များစွဲထင်ခဲ့ဖူးသည်။ အင်္ကျီဖြူ တွင် စွန်းကွက်သောကြောင့် အစွန်းချွတ်ဆေးနှင့် ခွာချရသော အကြိမ်အဖန်များလည်း မနည်းလှ။ ထိုသို့သောကိစ္စရပ်များကြောင့် စားသုံးသူအပေါ်စာနာစိတ်ဝင်ပြီး သဘာဝစစ်စစ်အချိုခြောက်ကို အသုံးပြုခဲ့ရသည်။ အသုံးပြုခဲ့သည်ဆိုခြင်း၌ ကံ အလျဉ်းသင့်ကာ အသုံးပြုခွင့်ရခဲ့ခြင်းလည်း ဖြစ်ပါသည်။
တခုသောမနက်ခင်းတွင် တိုင်းရင်းသားဝတ်စုံများဆင်မြန်းထားကြသော ပလောင်အမျိုးသမီးတစု၊ ပလိုင်းများဖြင့် ကျနော့် လက်ဖက်ရည်ဆိုင်လေးထဲ ဝင်ရောက်လာကြကာ သူတို့ထံပါလာသော လက်ဖက်ခြောက်များဝယ်ရန် စပ်ဟပ်ကြသည်။ လက်ဟန်၊ ခြေဟန်ဖြင့် စကားပြောကြသည်။ ဈေးနှုန်းကိုတော့ ဂဏန်းပေါင်းစက်လေး နှိပ်ပြရှာသည်။ သူတို့ထံတွင်ပါလာသော အချိုခြောက်များကို စမ်းသပ်စစ်ဆေးကြည့်ပြီး ဝယ်ယူထားဖို့ ဆုံးဖြတ်လိုက်သည်။ ဧည့်ဝတ်ပြုရန်အတွက် သူတို့ကို လက်ဖက်ရည်တိုက်ရာ သူတို့မသောက်ကြ။ ရဲရဲနီနေသော လက်ဖက်ရည်ရောင်ကို သူတို့ကြောက်နေကြပုံမှာ အထင်း သားကြီးပေါ်နေ၏။ သူတို့ဒေသတွင် အရောင်းအဝယ် ကောင်းသလားဟု လက်ဟန်ပြ၍ ကျနော်မေးလေသောအခါ၌လည်း သူတို့ရှေ့မှ လက်ဖက်ရည်ခွက်ကိုသာ မေးငေါ့ပြကြသည်။ ခွက်လေးထဲမှ လက်ဖက်ရည်တစက်၊ နှစ်စက်ကို လက်ညှိုးနှင့် တို့ပြပြီး ကြောက်လန့်သည့်ဟန် လုပ်ပြကြသည်။ ဘာကိုကြောက်ကြသနည်းဟူ၍ တွေးမရ။ လက်ညှိုးထိပ်ဖျားလေးများ နီရဲနေသည်ကိုသာ ကျနော်ကြည့်နေမိသည်။
လက်ဟန်ခြေဟန်ပြပြီး စကားပြောဆိုကြသည့် နည်းစနစ်သည် နှစ်ဦး နှစ်ဘက်အတွက် သိပ်အခက်ကြီးတော့ မဟုတ်လှပါ။ အချိန်တိုအတွင်းပင် သူတို့မိသားစုဘဝများကိုပါ သိခဲ့ရသည်။ သူတို့သည် မုဆိုးမများသာ ဖြစ်ကြသည်။ သူတို့၏ ခင်ပွန်း သည်များဖြစ်ကြသော အိမ်ထောင်ဦးစီးများသည် ယုံကြည်ရာလုပ်ဆောင်ကြရင်း အချိန်မတိုင်မီ လေသရမ်းကြောင့် ငြိမ်း ရရှာသော ဆီမီးတိုင်လေး ဟုတ်ခနဲငြိမ်းသလို၊ ဖြုတ်ခနဲကြွေသွားခဲ့ကြသည့်အကြောင်းကိုပါ စိတ်မကောင်းစရာနောက်ဆက်တွဲဇာတ်လမ်းအဖြစ် သိခဲ့ရသေးသည်။
ပလောင်အမျိုးသမီးများထံမှ ဝယ်ယူထားသော လက်ဖက်ရည်အချိုခြောက်များသည် အဆင်းအားဖြင့် ရဲရဲမနီ၊ အရောင်မလှသော်လည်း သဘာဝအရသာကိုတော့ အပြည့်အဝပေးသည်ဟု ကျနော်ယုံကြည်ပါသည်။ လက်ဖက်ရည်ဆိုင်လုပ်ငန်း ရပ်နားသည့်အချိန်အထိ ထိုအချိုခြောက်ကို စွဲစွဲမြဲမြဲ သုံးခဲ့ဖူးသည့်အပြင်၊ သူတို့နှင့်တွေ့ပြီးမှ စိတ်ကူးရ၍ ကျနော်နှစ်သက်သော ကဗျာဆရာ မောင်လေးအောင်၏ ကဗျာလေးတပုဒ်ကိုပါ ဆိုင်နံရံတွင် ရေးထားခဲ့ဖူးသေးသည်။
အင်္ဂလိပ်ဘာသာစကားဖြင့် ကာလာဟုခေါ်ဆိုသော အရောင်သည် နေရာတကာတွင် အရေးပါအရာရောက်သည် အဓိက ကျသည်ဆိုငြားအံ့ ကျနော့်အတွက်တော့ မဖြစ်နိုင်ပါ။ လက်ဖက်ရည်ဆိုလျှင် အရောင်လှလှမှ နီနီရဲရဲလေးမှ ကောင်းသည်ဆိုငြားအံ့၊ ကျနော်ကတော့ ငြင်းမိမည်။ လက်ဖက်ရည်ကို မျက်စိဖြင့်သောက်သောကာလများကို ကျော်လွန်ဖြတ်သန်း ခဲ့ပြီးပါပြီ။ သူ၏ အရသာစစ်စစ်ကို လျှာဖျားလေးဖြင့် အရသာခံကာ နှလုံးသားဖြင့်သောက်မှသာ သိနိုင်မည်ဟု ယုံကြည်ထား သည်။ ထိုနီနီရဲရဲကာလာကို ဆွဲဆောင်မှုတခုအဖြစ်အသုံးချကာ လူသူပရိတ်သတ်ကို အတင်းကြိုက်ခိုင်းလျှင်ဖြင့် လူပြိန်း များသာ သောက်ကြမည်။ ကျနော်အနေဖြင့်မူ အတင်းတိုက်လျှင်ပင် ငြင်းဆန်မိပေမည်။ အမှန်စင်စစ်သောက်သုံးမည့်သူ များ၊ အနှစ်သာရစစ်စစ်ကို လိုချင်သူများအတွက် အနီရဲရဲကာလာသည် ပါဝါတခုမဖြစ်နိုင်ပါ။
တကယ်တော့လည်း တခြားသောအရာများတွင် နီရဲခြင်းသည် အပြင်ပန်း၊ အပေါ်ယံသာ အရေးပါအရာရောက်ပေလိမ့်မည်။ လူသားနှင့်သက်ရှိသတ္တဝါများအတွက် အရေးကြီးသည်မှာ သွေးသည် သွေးပီသစွာ ရဲရဲနီနေရန်သာ အရေးကြီးလိမ့်မည်ဟု ကျနော်ထင်ပါသည်။
အလယ်တန်းကျောင်းသားဘဝ၊ အထက်တန်းကျောင်းသားဘဝများတွင်၊ နှစ်စဉ် ဇန္နဝါရီနှင့် ဖေဖော်ဝါရီလများ၌ ကျောင်း တွင်းစာစီစာကုံးပြိုင်ပွဲ ကျင်းပလေ့ရှိရာ ကျနော်တို့ ဖြေဆိုရသော ခေါင်းစဉ်မှာ၊ အပြောင်းအလဲသိပ်မရှိလှ။ "အခြေခံဥပဒေ သည် သွေး၊ လွတ်လပ်ရေးသည် အသက်" ဟူ၏။ မှန်ရာဝန်ခံရလျှင် အလယ်တန်းကျောင်းသားဘဝတွင်တော့ နေ့ထူးနေ့ မြတ် အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲများတွင် ကျက်ဖြေသည်သာများ၏။
အထက်တန်းကျောင်းသားဘဝတွင်တော့ အနည်းငယ်စဉ်းစားမိသည်မှာ "အခြေခံဥပဒေသည် သွေး၊ လွတ်လပ်ရေးသည်အသက်" ဟူသည့် နှစ်စဉ်နှစ်တိုင်း ပြိုင်ပွဲဝင်ခိုင်းသော ခေါင်းစဉ်အကြောင်းပင်ဖြစ်လေသည်။ အင်္ဂလိပ်စာ သင်ခန်းစာတွင်လည်း သွေးလှည့်ပတ်ပုံအကြောင်းကို အခြေခံအားဖြင့် သင်ကြားရသေးရာ ဆက်စပ်တွေးတောစရာများ ရှိလာပါသည်။ နှိုင်း ယှဉ်စရာများကို မြင်တတ်လာပါသည်။
ရဲရဲတွေးပြီး၊ ရဲရဲမြင်တတ်ကြသော်လည်း ရဲရဲတော့ မဆိုသာခဲ့ကြပါ။ သွေးလွှတ်ကြော၊ သွေးပြန်ကြောများသာမက နှလုံး သားကိုပင် ဒုက္ခအပေးခံထားရသော ဖြူဖျော့နုံးချည့်နေသည့် နာတာရှည်လူမမာတယောက်၏ အသက်ရှင်မှုအနေအထားကိုတော့ဖြင့် တီးတိုးပြောဆိုခဲ့ကြဖူးပါသည်။ Assembly ပြုလုပ်သည့် တနင်္လာနေ့များတွင် ကျောင်းအုပ်ဆရာကြီးမိန့်ကြားသည့် မကြားတချက်၊ ကြားတချက်သာဖြစ်သော မိန့်ခွန်းများကို ဟုတ်ပါတယ်ဗျ။ မှန်ပါတယ်ခင်ဗျ။ ခေါင်းညိတ်နာခံရင်းဖြင့်သာ အေးချမ်းစွာ ကျော်ဖြတ်ရပါသည်။ တန်းဖြုတ်ကာနီးတွင် ကျောင်းသားခေါင်းဆောင်မှ တိုင်ပေးသည့် လေးချက်၊ ငါးချက်ခန့် ရှိမည်ထင်သော သစ္စာအဓိဌာန်ဟူ၍ ခေါင်းစဉ်တပ်ထားသော အချက်တို့ကို လိုက်ဆိုကြရပါသည်။ ထို့နောက် စာစီစာကုံးဆုရ သည့် သူငယ်ချင်းများကို လက်ခုပ်သြဘာပေးပြီး ကျောင်းစိမ်းပုဆိုး အရောင်မွဲမွဲလေးများကိုယ်စီနှင့် စာသင်ခန်းသို့ အေးချမ်း စွာပြန်ခဲ့ကြရပါသည်။
ကျနော့်အတွေးများ ဟိုတစသည်တစ လွှင့်မျောနေချိန်တွင် စားပွဲထိုးကလေးငယ်မှ လက်ဖက်ရည်ခွက်လေး လာချသည်။ ကျနော်အံ့သြတကြီးဖြစ်ခဲ့ရပြီ။ ကြွေရည်သုတ် လက်ဖက်ရည်ပန်းကန်လှလှလေးထဲမှာ နီနီရဲရဲလက်ဖက်ရည်များ။ ခွက်ကလေးကိုမပြီး နှုတ်ခမ်းဝကပ်ကာ လျှာဖျားစွတ်ရုံမြည်းစမ်းမိသည်။ ထို့နောက် အသာအယာပြန်ချထားလိုက်သည်။ ပြောင်း လဲသွားပုံသည် လျင်မြန်လွန်းသဖြင့် မယုံကြည်နိုင်စွာဖြင့် ဆိုင်ရှင်ဖြစ်သူကို လှမ်းကြည့်မိသည်။ သူသည် ကျနော့်ကို တည့် တည့်ကြီးထိုင်နေပါသော်လည်း မြင်ဟန်မတူ။ လူတစုနှင့်သာ အားပါးတရစကားပြောနေသည်။ ထိုလူများသည် လက်ဖက်ရည်နှစ်ခြိုက်သူများ မဖြစ်နိုင်ပါ။ မနက်စောစောစီးစီး ဖြစ်လင့်ကစား သူတို့ရှေ့၌ ဘလက်ကော်ဖီခွက်များချထားကြသည်။
ထိုလက်ဖက်ရည်ကို ကျနော်မသောက်တော့ဘဲ ပိုက်ဆံရှင်းကာ ထပြန်လာခဲ့သည်။ ဆိုင်ရှင်ဖြစ်သူ၏ အပြောတမျိုး၊ အလုပ်တမျိုးစကားကို ဆန္ဒပြသည့်အနေအထားမျိုးဖြစ်သွားသော်လည်း မတတ်နိုင်တော့။ သူသည် ဆိုင်ဖွင့်စက ဆေးဆိုးလက်ဖက်ခြောက်များကို ၎င်းတို့၏ အန္တရာယ်ကြောင့် ဘယ်သောအခါမှမသုံးပါဟု ကတိစကားပြောခဲ့ဖူးသည်။ ကျနော်ကလည်း နှစ်ရှည်လများ လက်ဖက်ရည်ဆိုင်ဖွင့်ခဲ့ဖူးသူဖြစ်သောကြောင့် တတ်သိသမျှ ဗဟုသုတလေးများကို စေတနာအပြည့်ဖြင့် ပြောပြခဲ့ဖူးသည်။ နှပ်ရည်မဖောက်ခင် ကရားအိုးကြီးကို မီးအပူပေးရပုံမှအစပြု၍၊ အချိုခြောက်ကလေးများ လွတ်လပ်စွာ ပြေးလွှားနိုင်စေရန် အိုးထဲသို့ ကျစစ်အိတ်မသုံးပဲ ထည့်ရန်၊ ထို့နောက်မှ အနီးအနားမှာ အရှိန်ပြင်းပြင်းနှင့် ဆူပွက်နေသော ရေနွေးကို အချိန်မဆိုင်းဘဲ လောင်းထည့်ရန်ကိစ္စမျိုးအထိ အသေးစိတ်ကာ ပြောပြခဲ့ခြင်း ဖြစ်ပါသည်။
ကိုးတန်း၊ ဆယ်တန်းကျောင်းသားဘဝက ကျောင်းမှကျောင်းအုပ်ကြီးအပါအဝင် ဆရာ၊ ဆရာမများ ပြောသမျှ ဆိုသမျှတို့ကို မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ညာဝါးဖြန်းသန်းကာ အလိုလိုက်အကြိုက်ဆောင်ခဲ့ရသော်လည်း အချိန်ကာလရွေ့လျား ခြင်းနှင့်အတူ ခေတ်သည်လည်း ပြောင်းလဲနေခဲ့ပြီ။ ဟိုး.. ကျနော် ကိုးတန်း၊ ဆယ်တန်းဘဝက အစိုးရကိုဖြစ်စေ၊ အုပ်ချုပ်နေသူလူတန်းစားများကိုဖြစ်စေ ဝေဖန်အပြစ်တင်၍ မရသောခေတ်။ ဝေဖန်အပြစ်ပြောမိပါက မိသားစုလိုက် အနှိပ်ကွပ်ခံရသော အမှောင်ခေတ်။ ယခုမူ လင်းလာပြီဟု တချို့ကဆိုကြသည့် ပွင့်လင်းမြင်သာသော ဒီမိုကရေစီအစိုးရခေတ်။ အချို့ကတော့ မင်းလိုလိုက်၊ မင်းကြိုက်ဆောင်ခြင်းသည် ဆွေစဉ်မျိုးဆက် ဘေးဥပါဒ်ကင်းပသည်ဟူသော ရှေးရိုးစွဲဖြစ်သည့် အာဏာ ရှင်ခေတ်က ထုံးကို နှလုံးမူထားကြဆဲပင်ဖြစ်၏။ သူတို့အသိတရားသည်လည်း မှားသည်ဟု မဆိုသာ။ ထိုခေတ်အခါက လူ တို့၏ မွေးရာပါအခွင့်အရေးဖြစ်သော လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာရေးသားခွင့် အပါအဝင် ကိုယ်၊ စိတ်၊ နှလုံး၊ သုံးပါးစလုံးကို အကျဉ်းချခြင်းခံခဲ့ရသည်။ ထို့ကြောင့် မင်းအလိုလိုက်၍၊ မင်းအကြိုက်ဆောင်ခြင်းပညာရပ်ကို ဆွေစဉ်မျိုး ဆက် လက်ဆင့်ကမ်းသယ်ဆောင်လာကြခြင်းသာ ဖြစ်ချိမ့်မည်။ ယခုခေတ်ကာလသည်ကား ပြည်သူတို့တင်မြှောက်ထား သော ဒီမိုကရေစီအစိုးရ ခေတ်ဖြစ်သည်။ ဒီမိုကရေစီ၏ အနှစ်သာရပြည့်ဝအောင်တော့ ကျနော်တို့ဖော်ဆောင်ပေးရမည်ဖြစ်သည်။
လက်ဖက်ရည်ဆိုင်ကလေးမှ အိမ်သို့ပြန်လာရာ လမ်းတလျှောက်လုံးတွင် ကျနော့်အတွေးများ လူးလွန့်နေကြပုံမှာ ပြောပင်မပြတတ်တော့။ နောက်တနေ့ဖြစ်သော မနက်ဖြန်တွင်လည်း ထိုလက်ဖက်ရည်ဆိုင်ကလေးသို့သွားကာ လက်ဖက်ရည်တ ခွက်မှာဦးမည်။ စားပွဲထိုးလေးက ဆေးဆိုးနှပ်ရည် အနီရဲဖြင့် ဖျော်ထားသော လက်ဖက်ရည်တခွက်ကို လာချပေးလိမ့်ဦး မည်။ ထိုအခါ ကျနော်က မသောက်ပဲ ထပြန်လာခဲ့မည်။ အသိနှင့်သတိကပ်သော ဆိုင်ရှင်ဖြစ်ပါက ကျနော့်အား အကြောင်း တစုံတရာတော့ မေးမြန်းလိမ့်မည်ဖြစ်သည်။ ထိုအခါ ကျနော်မှနေ၍ နီရဲရဲနှပ်ရည်များ၏ အဆင်းသာရှိပြီး အနံ့နှင့်အရသာ ကင်းမဲ့ပုံကို ပြောပြမည်။ သူ့ ဆိုင်ကလေး ရေရှည်ရပ်တည်နိုင်ဖို့ ထိုကဲ့သို့ အချိုးမပြောင်းသင့်ကြောင်း အကြံပြုမည်။ ကျနော်ပေးသည့်အကြံကို သူလက်မခံပါက သူ့ဆိုင်သို့ ထပ်မံ၍ ကျနော်မသွားတော့ပါ။ ကျနော်တွေးသလိုမဟုတ်ပဲ သူ့အနေဖြင့် ကျနော့်ကို ဥပက္ခာပြုသလိုလို၊ လျစ်လျူရှုသလိုလို ပုံစံမျိုးလည်း ရှိနေနိုင်သေးသည်။ ကိစ္စမရှိပါ။ ကျနော်က သူ့ရှေ့သို့ မား မားရပ်၍ပင် လက်ဖက်ရည်၏ အပြစ်အနာအဆာများအကြောင်း အားမနားတမ်းပြောမည့်သူဖြစ်၏။ လက်ဖက်ရည်ဆိုင်ကလေးကို ရေရှည်တည်တံ့စေရန် အကြံပြုခဲ့၊ အားပေးခဲ့သလိုပင် သူ့ ရပ်တည်မှုပုံစံမှားယွင်းလာပါက ဝေဖန်မည်ဟု ရှေးမဆွ ကတည်းက ရည်ရွယ်ထားခဲ့ဖူးပါသည်။
အဓိကအားဖြင့် ဆိုင်ဖွင့်စအချိန်က သူပြောခဲ့သည့်စကားများဖြစ်သော အရောင်အဆင်းကိုအားမကိုးဘဲ အရည်အချင်းဖြင့် သာ ရပ်တည်နိုင်အောင်ကြိုးစားပါမည်ဟူသောစကားကို မေ့နေပြီလားဟု ကျနော်မေးမည်။ သူ မေ့ချင်ယောင်ဆောင်နေပါ က ထိုနေ့က သူ့စကားကို ကြားခဲ့ကြသည့်သူများကိုပါ သက်သေအဖြစ် တင်သင့်လျှင်လည်း တင်ရပေလိမ့်မည်။ အုတ်နီခဲရောင် ခပ်ညံ့ညံ့ လက်ဖက်ရည်တခွက်သည် အရည်အချင်းစစ်စစ်နှင့် အနှစ်သာရပြည့်ပြည့်ကို စားသုံးသူအပေါ် မပေးစွမ်း နိုင်ကြောင်းကိုတော့ဖြင့် စိတ်ရှည်လက်ရှည် ရှင်းပြဖြစ်မည် ထင်ပါသည်။
အနီရဲရဲကာလာကို နေရာတကာ အားမကိုးသင့်ကြောင်းလည်း ပြောပြမည်။ ကျနော့်လက်ဖက်ရည်ဆိုင်လေးသို့ ပလောင်အမျိုးသမီးများ လက်ဖက်ခြောက်လာရောင်းကြသည့်နေ့က ဆိုင်နံရံတွင်ရေးထိုးခဲ့သော ကဗျာလေးကိုလည်း ရွတ်ဖတ်ပြ ချင်သေးသည်။ ထိုကဗျာလေးသည် ကျနော်မမွေးဖွားမီ ၁၉၆၉ ခုနှစ် စက်တင်ဘာလကတည်းက မိုးဝေမဂ္ဂဇင်း ဖော်ပြခဲ့သော ကဗျာဆရာမောင်လေးအောင်၏ကဗျာတပုဒ် ဖြစ်သည်။ "နီရဲခြင်း၏ ဖွင့်ဆိုချက်" ဟူသော ကဗျာခေါင်းစည်းသည် ယခုခေတ်တိုင် လေးနက်သောအဓိပ္ပါယ်ကို ဆောင်နေသည်။ စိတ်အားငယ်တတ်သူတို့အတွက် တက်ကြွအားဖြစ်စရာ၊ အရောင်အဆင်းကို တလွှဲအားကိုးသူများအတွက် ရှက်တတ်လျှင် ရှက်ချင်စရာဟု ကျနော်ခံစားရသည်။
''နီရဲခြင်း၏ ဖွင့်ဆိုချက်''
နီတယ်ဆိုတာ ဒါပါဘဲ။
မင်နီအိုးကို
ဂျွမ်းထိုးလန်ကျ မှောက်ချစရာ
မလိုပါချေ။
နှုတ်ခမ်းနီဗူး
ခြယ်သလူး၍ နီဖူးစရာ
မလိုပါချေ။
အုတ်နီခဲကို
ရိုက်ခွဲမွကြေ အမှုန့်ချေ၍
ရေဖျော်စရာ မလိုပါချေ။
ပန်းနီသီးကို
ခူးပြီးလက်ထဲ ဆုတ်ကိုင်ခွဲ၍
နီရဲစရာ မလိုပါချေ။
လက်မောင်းသွေးကို
ဓားရေးဟန်ပြ မာန်ကြွကြွနှင့်
ဖေါက်ပြစရာ မလိုပါချေ။
ဒါမှအနီ
ပြည်သူ့ဘက်မှ ခုခံရမည်
ပြည်သူ့ဘက်မှ တော်လှန်ရမည်
ပြည်သူ့ဘက်မှ ရဲရင့်ရမည်
ဒါမှ တကယ့်အနီ
နီ နီ နီ နီ နီသောအနီ။
အေး နီတယ်ဆိုတာ ဒါဘဲဟေ့။
ထိုကဗျာလေးကို သူ့အနေဖြင့် ပြက်ရယ်ပြုခဲ့ပါမူ အလေးမထားခဲ့ပါမူ သူနှင့်ကျနော် ရာသက်ပန်လမ်းခွဲရန်သာ ဖြစ်တော့ သည်။
ကျော်ကျော် (မြရည်စမ်း)
ဇူလိုင် ၂၊ ၂ဝ၁၇
ညဥ့်သန်းခေါင်ယံ
Comments