အောင်ခိုင်မြင့် - စာပေငတ်နေတဲ့ အဝေးရောက်ငှက်၏ အမေရိကန်ယူတိကာ စာပေဟောပြောပွဲခရီးအစ




အောင်ခိုင်မြင့် - စာပေငတ်နေတဲ့ အဝေးရောက်ငှက်၏ အမေရိကန်ယူတိကာ စာပေဟောပြောပွဲခရီးအစ
(မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၇

မြန်မာပြည်၏ အမှောင်ဖုံးသော ကာလများဟု ဆိုရမည့် ခေတ်အဆက်ဆက် စစ် အာဏာရှင် စနစ်အမျိုးမျိုးအောက်မှာ ကြံ့ကြံ့ခိုင် ရင်ဆိုင်ရပ်တည်ရင်း နားမျက်စိအပိတ်ခံထားရသည့် ပြည်သူလူထု၏ အတွေးအခေါ်တံခါးကို ဖွင့်ပေးသော မြန်မာ့စာပေယဉ်ကျေးမှု အမွေအနှစ်များကို လက်ဆင့်ကမ်းသယ်ဆောင်နေသည့် စာပေဟောပြောပွဲများနှင့် ဝေးကွာခဲ့သည်မှာ နှစ်ပေါင်း ၃၀ နီးပါးရှိခဲ့ပေပြီ။

နှလုံးသားမှ အတိတ်ပုံရိပ်များကို စုစည်းလျက် မှတ်မှတ်ရရ ရေတွက်ရလျှင် ၁၉၈၇ ခုနှစ် ပုသိမ်မြို့ တွင် ကျင်းပခဲ့သော ဆရာမောင်သော်က ၊ ဆရာ ချစ်စံဝင်း ၊ ဆရာမ ယုဝတီ ခင်စိန်လှိုင်တို့ ၏ စာပေဟောပြောပွဲသည် ကျနော် နောက်ဆုံး နားထောင်ခဲ့သော စာပေဟောပြောပွဲ ဖြစ်မည် ထင်ပါသည် ။ VIP ( Very Important Person ) များ မှိုလိုပေါသည့်ခေတ်မှာ သူလည်း ဘာလိုလို ညာလိုလိုဖြင့် ဘုမသိ ဘမသိ VIP ဖြစ်ခဲ့သည့်အကြောင်း ခေတ်ကို သရော်ကာ ဟော ပြောခဲ့သော ကွယ်လွန်သွားရှာပြီဖြစ်သည့် ဆရာမောင်သော်က ၏ စကားသည် နှစ်ပေါင်း ၃၀ နီးပါးကြာမြင့်ခဲ့သော်လည်းမှတ်မှတ်ရရ သတိရနေခဲ့သေးသည် ။

ဆရာမောင်သော်ကတို့ အဖွဲ့ ချင်းပြည်နယ်ဖက်သို့ စာပေဟောပြောပွဲသွားခဲ့ရာ ချင်းပြည်နယ်က တောင်ပေါ် မြို့ လေးတမြို့ ၏ ကားဂိတ်တွင် ကားစောင့်နေကြသော်လည်း အချိန်အတန်ကြာသည် အထိကားက မထွက်သေးသဖြင့် ကားဆရာကို မေးမြန်းကြည့်ရာ VIP တွေကို စောင့်နေတာပါဟု ကားဆရာက ပြန်လည်ဖြေကြားခဲ့သည် ။ထိုသို့ ဖြင့် ဆရာမောင်သော်ကလည်း ကားဂိတ်တွင် ဂိတ်ထိုးထားသော ကားကို စောင့်နေရင်း နာရီဝက် တနာရီနီးပါးကြာလာခဲ့သော်လည်း VIP မလာသေး၍ မထွက်ဖြစ်သေးဟုကားဆရာက ဆိုပြန်သည် ။သို့ နှင့် ကားနှင့်ခပ်လှမ်းလှမ်းအကွာတွင် ထိုင်စောင့်ရင်း မနေနိုင် မထိုင်နိုင်ဖြစ်လာသဖြင့် ကားဒရိုင်ဘာကို သေသေချာချာ သွားမေးဦးမည်ဟု ဆရာမောင်သော်ကမှ စိတ်ကူးရကာ မေးမြန်းဖြစ်သည်မှာ နေစမ်းပါဦး မင်းပြောနေတဲ့ VIP က ဘယ်သူများလည်းဟု စပ်စုမိသည်ဟုဆိုပါသည် ။ထိုအခါ ကားဆရာ ပြောလိုက်သော စကားကြောင့် ဆရာမောင်သော်ကသည် ကိုယ့်နဖူးကို ကိုယ်ကိုယ်တိုင် လက်ဖ၀ါးဖြင့် ရိုက်မိသည်ဟု ဆိုပါသည် ။ ကားဆရာက ပြောလိုက်သည်မှာ စောင့်နေသည့် VIP ဆိုသူက သူတို့ ချင်းတောင်မြို့ လေးမှာ စာပေဟောပြောပွဲလာမည့် ဆရာ သောကဆိုလား ဘာလားဟုဆိုလိုက်ရာ ပြောပြောက စောရောပေါ့ကွာ (စောစောက ပြောရောပေါ့ကွာ ) ကဲ ဒါဆိုလည်း ကားစထွက်တော့ မင်းပြောနေတဲ့ ဆရာသောကဆိုလား ဘာလားဆိုတာငါပဲ ဟုဆိုလိုက်ရာ ကားဆရာလည်း ပြာပြာသလဲ ကားရှေ့ ခေါင်းခန်းတံခါးလေးဖွင့်ပေးပြီး ထိုင်ပါဆရာ ထိုင်ပါဆရာဟု ကမန်းကတမ်းပြောလျက် VIP ရောက်လို့ ကားစထွက်တော့မယ်အကြောင်း အော်ပြောလိုက်ရာ ကားစောင့်နေသည့် ရိုးသားသော ချင်းတောင်တန်းမှ ပြည်သူလူထုက အခုမှ သက်ပြင်းချနိုင်သည့်အလား ထူးဆန်းသည့် သတ္တ၀ါလို လို ဘာလိုလို အနေဖြင့် ကားရှေ့ ခန်းမှာ အခန့် သားနေရာယူထားသော သူ့ အား VIPကို မြင်ဘူးသည်ရှိအောင်ကြည့်ဦးမှဆိုပြီး ကားရှေ့ တံခါးသို့ ရစ်သီရစ်သီ လာလာချောင်းကြည့် ခဲ့ကြသဖြင့် ကားကိုတော်တော်နဲ့ မထွက်နိုင်ဖြစ်ခဲ့ရကြောင်းနှင့် သူလည်း သူ့ ကိုသူ VIP ဖြစ်ခဲ့ဘူးကြောင်း ဟောပြောရာ စာပေဟောပြောပွဲရှေ့ ဆုံးခုံတန်းမှာ ထိုင်နေသည့် မဆလ ပါတီ ကောင်စီ စစ်အရာရှိကြီးများမှာ မျက်နှာထူအမ်းအမ်းဖြစ်လျက် ရီအားထက် ငိုအားသန်ရမလို ဖြစ်ခဲ့ကြရသည် ။

ထိုမျှဖြင့် အားမရ သေးပဲ ဆရာမောင်သော်ကမှ ဆက်လက်ဟောပြောခဲ့သည်မှာ ပုသိမ်ကမ်းနားဖက်လမ်းလျှောက်ရင်း ဈေးဝယ်ထွက်ရာ မီးသွေးဆိုင်တခုတွင် VIP မီးသွေးဟုေ၇းသားထားသဖြင့် စိတ်ဝင်စားစွာ ဆိုင်ရှင်အား မေမြန်းကြည့်ရာ နေစမ်းပါဦး မောင်ရင်ရဲ ရိုးရိုးမီးသွေးနဲ့  VIP မီးသွေးဘယ်လိုများကွာလို့ လဲဆိုတော့ ၊ ကွာတာပေါ့ဆရာ VIP မီးသွေးက တုတ်တုတ်ခိုင်ခိုင် ပုပုတွေ ရိုးရိုးမီးသွေးလို အကြေတွေမပါဘူး ၊ အင်း မင်းတို့ ပုသိမ်ကလည်း တုတ်တုတ်ပုပု တွေက VIP ဖြစ်နေတာ လူတွေသာမက မီးသွေးတွေပါဖြစ်နေတာပါကလားဟု ဆိုလိုက်စဉ် စစ်တပ်ထွက် တုတ်တုတ် ပုပု၀၀ မဲမဲ လူကြိးမင်းတို့ ကို တိုက်ရိုက်ထိမှန်သွားရာ စာေ၇းဆရာနှင့် စာဖတ်ပရိသတ်တို့ ရင်ဘတ်ချင်း ဂျက်ပင်ပူးလျက် Heart ထိကာ ဖောက်ပြန်နေသော VIPများကို ရည်ညွှန်းပြီး ဆရာသော်ကမှ ပညာသားပါပါ တွယ်လိုက်ရာ လက်ခုပ်သြဘာသံ မိုးထိညံခဲ့သည့် စာပေဟောပြောပွဲကို တမ်းတမ်းတတ လွမ်းဆွတ် သတိယမိနေသည်မှာ ကြာခဲ့ပေပြီ။

၈၈၈၈ ပြည်သူ့ ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်ပွားခဲ့သော အချိန်မှ စတင်ကာ စစ်အာဏာရှင်စနစ် ပြုတ်ကျရေး နှင့် မြန်မာ့ဒီမိုကရေစီရေးအတွက် တော်လှန်တိုက်ပွဲဝင်ရန် တောခိုခဲ့သော ကျနော်သည် အမိမြေနှင့် ဝေးကွာခဲ့သလို လွမ်းမော ဖွယ်ရာ စာပေဟောပြောပွဲများနှင့်လည်း ဝေးကွာခဲ့ရပေသည် ။ အထူးသဖြင့် စာပေအနုပညာမှာ ပျော်မွေ့ သော ကျနော်သည် ခေတ်ဆိုး၏ တွန်းပို့ မှုကြောင့် လက်နက်ကိုင်တော်လှန်ရေးကို လုပ်ဆောင်ရင်း စာပေနှင့်ဝေးရာ တောထဲရောက်ရှိခဲ့သော်လည်း တောထဲ ထောင်ထဲ မှာ စိတ်ကူး၇ရင် ရသလို ကဗျာရေး စာရေးမပျက်ပေမဲ့ အရင်တုန်းကလို ဖတ်နေကြ သုတ ရသ စာအုပ်များနှင့် ရှင်ကွဲ ကွဲခဲ့ရသည် ။

မြန်မာပြည်တွင် သူငယ်ချင်း ကဗျာဆရာများ စာရေးဆရာများနှင့် လက်ဖက်ရည်ဆိုင်ထိုင်ကာ ပျက်နေသော ခေတ်အကြောင်း ၊ ထိုအချိန်က ခေတ်စားသည့် အနုပညာသည် အနုပညာအတွက်လော အနုပညာသည် ပြည်သူ့ အတွက်လော စသော စာပေတိုက်ပွဲအကြောင်း ဆွေးနွေး ဝေဖန် လေကန်ပြီးေ၇နွေအိုး အကြိမ်ကြိမ်ကုန်သွားပေမဲ့ ပြောစရာ စကားတွေ မကုန်သေးသည့် နေ့ ရက်များကို အမှတ်တရ အကြိမ်ကြိမ် လွမ်းဆွတ်မိနေခဲ့သည် ။

ထိုအချိန်က ဇော်ဂျီ ၊ မင်းသုဝဏ် ၊တင်မိုး ၊ကြည်အောင် တို့ မှသည် မောင်အောင်ပွင့် ၊ မောင်ခိုင်မာ ၊ အောင်ဝေး ၊ မောင်သွေးသစ် ၊ အောင်ချိမ့်၊ ဖော်ဝေး ၊ မောင်ချောနွယ် - တို့ ရေးသားသော ကဗျာများကို ကြိုက်နှစ်သက်ခဲ့သလို မာယာကော့စတီး ၊ ဗားတော့ ဗရက် တို့ ရေးသားသော အနောက်တိုင်း ကဗျာများ မောင်သာနိုး ဘာသာပြန်ကဗျာများကိုလည်း ရင်ခုန်နေခဲ့ချိန်ဖြစ်သည် ။

ဆရာ ဒဂုန်တာရာ ၏ ဗဟိန်း ( သို့ မဟုတ် ) ကဗျာ စာအုပ်မှသည် ခေတ်ပေါ်အနုပညာရေစီးကြောင်း အပါအ၀င် အလှဗေဒ ဆောင်းပါးများ ၊ ဆရာ မောင်သာနိုး၏ ထင်းရူးပင်ရိပ်နှင့် ဘောင်းဘီဝတ်မိုးတိမ်လို ဘာသာပြန် အနောက်တိုင်း ကဗျာများ ၊ ဆ၇ာ ပါရဂူ၏ ဆောင်းပါးများဖြစ်သော ကဗျာဆရာ၏ အသိုက် ၊ ဆ၇ာ မြသန်းတင့်၏ ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည်အပါအ၀င် ၀တ္တုစာအုပ်များ ၊ ဆရာ နန္ဒသိန်းဇံ၏ ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း ၊ ဆရာ ဆန်းလွင်၏ေ၇ွှတောင်တက် ဒဿန လို သာသာရေး အတွေးအခေါ် စာအုပ်များ ဖတ်ခြင်း ၊ နိုင်ဝင်းဆွေ ၊ ဂျူး ၊ နုနုရည် ( အင်း ၀ )၊ သာယာဝတိ စန်းစန်းနွဲ့ ၊ မိုးမိုး ( အင်းလျား ) ၊ချစ်ဦးးညို ၊မောင်သာရ ၊ မင်းလူ ၊ ၀တ္တုများနှင့်အတူ ထွက်သမျှ မဂ္ဂဇင်းများမှ ကောင်းနိုးရာရာ ကဗျာများ ၊ဆောင်းပါးများ ၊ငှားရမ်းပြီး အငမ်းမရဖတ်ရှုမိသည်မှာ မြက်ခင်းနုနုကို မြင်းပေါက်စလေးက အဆက်မပြတ် စားနေပုံမျိုးဟု ကဗျာတပုဒ်မှာ ဖတ်ဘူးပုံနှင့် ခပ်ဆင်ဆင် ပုံစံတူမည်လားမသိပေ။

ရန်ကုန် ဘဆွေ ၊ ဦးနု ၊ သိန်းဖေမြင့် ၊ ဒေါ်ခင်မျိုးချစ် ၊ လူထုဒေါ်အမာ လို ရှားပါးစာအုပ်များကိုလည်း ရဲဌေး ( ကဗျာ ဆရာ လူအိမ် )နှင့်အတူတူ ကဗျာဆရာ မောင်အောင်ပွင့်ထံမှ တဆင့် ဖတ်၇ှုခဲ့သည်မှာ ထမင်းမေ့ ဟင်းမေ့ စာပေမှာ ပျော်မွေ့ ခဲ့ဘူးသည် ။

အစိုးရ၀န်ထမ်းဖြစ်လျက် လာဘ်ပေးလာဘ်ယူ မလုပ်သည့် ရိုးသားလျက် အလုပ်ကြိုးစားသော ကျနော်၏အဖေသည် ၄နှစ်လျှင် တကြိမ် မဲဇာပို့ ခံရသည်ဟု တင်စားပြောဆိုခဲ့ကြသည့် နယ်မြို့ များသို့ ပြောင်းရွေ့ တာဝန်ထမ်းဆောင်ခဲ့ရာ ကျနော်သည် မြို့ တမြို့ သို့ ရောက်လျှင် အပေါင်းအသင်းသူငယ်ချင်းသစ်များ ရှားပါးခဲ့သည် ။

ထိုအချိန်က အဖေ၏ အကိုဖြစ်သူ ဦးသိုက်ထွန်းသည် ဆရာတင်မိုးတို့ နှင့်ခင်မင်ယုံမက ရန်ကုန်တိုင်းပညာရေးမှူးဖြစ်ပြီး စာရေးဆရာတယောက်ဖြစ်လျက် သူ၏ဘိန်းစားဘသော် ၀တ္တုကို မြန်မာ့အသံမှ ဇာတ်လမ်းပမာအဖြစ်တင်ဆက်ရာ မိသားစုနှင့်အတူတူ နားထောင်ခဲ့ဘူးသည် ။အဖေသည် လ၀က ဒုလက်ထောက် တိုင်းမှူးဘ၀ဖြင့် ပုသိမ်ကို တာဝန်ကျခဲ့စဉ် အမေသည်လည်း အထက်တန်းပြဆရာမအဖြစ် ပုသိမ်အထက ( ၁ )မှာ တာဝန်ထမ်းဆောင်ချိန် မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းနည်းသောကျနော်၏ အဖော်မွန်မှာ စာအုပ်များသာဖြစ်ခဲ့ရပေသည် ။

ထိုင်းမြန်မာနယ်စပ်ရှိ ချုံဖွန် စခန်း၌ ကျနော် တောခိုစဉ်အခါက မီးမရှိ ဖတ်စရာစာအုပ်မရှိ သော ဘ၀သည် မှောင်အတိကျကာ ရင်ထဲ အကြိမ်ကြိမ် ငိုကြွေးခဲ့သည်မှာ အရွယ်မရောက်သေးသော ကလေးကို နို့ ဖြတ်လိုက်သောအခါ နို့ဆာတိုင်းငိုကြွေးသလို ဖြစ်နေခဲ့သည်အား ၀န်ခံချင်ပါသည် ။

၁၉၈၈ မတိုင်မီ တက္ကလိုလ် ကျောင်းသားဘ၀မှာ ကျောင်းစာများအပြင် ဘ၀မှာ အဖော်ကောင်းဆိုလို့ စာအုပ်များနှင့်သာ အချိန်ကုန်ခဲ့သော ကျနော်သည် အပေါင်းအသင်းများများစားစားမရှိသလို ကဗျာလေးစာလေး မတတ် တခေါက်ရေးပြီး ဂစ်တာတီး သီချင်းဆိုသော အနုပညာသမားတယောက်သည် လက်နက်ကိုင်တောခိုသွားသည့် အဖြစ်က မိဘဆွေမျိုးသူငယ်ချင်း အပေါင်းအသင်းများ အံသြလွန်းမက အံ့သြကြသည် မဆိုထားနှင့် မိမိကိုယ်ကိုပင် အံ့သြမိခဲ့ပါသည် ။ ကျနော်သည် တက္ကသိုလ်ကျောင်းတက်စဉ်အခါက ပိန်ပိန်ပါးပါးဖြင့် ဘောင်းဘီ အမြဲတမ်းဝတ်ဆင်သဖြင့် ကဗျာရေးဖော်ရေးဖက်သူငယ်ချင်း ရဲဌေးက ဘောင်းဘီဝတ် ဖိုးပိန်ဟု မာယာကော့စကီး၏ ဘောင်းဘီဝတ်မိုးတိမ်ကို တင်စားကာ ခေါ်ဆိုခဲ့ဘူးသည် ။

သေချာသည်မှာ ယခုတလော လူပြောသူပြော များနေသော မိုက်ရူးရဲဆန်သော စိတ်ကြောင့်မဟုတ်ပဲ ဖိနှိပ် ဖောက်ပြန်ခြစားနေသော ခေတ်ကို မမြင်ချင်သည့် အဆုံး အမှန်တရားကို မြတ်နိုးသော စိတ်၏ တွန်းပို့ မှုကြောင့် တောခိုဖြစ်ခဲ့ကြောင်း မည်သည့်အချိန်တွင် မည်သူလာမေးမေး အမှန်အတိုင်း ဖြေကြားမိပေမည် ။ အဘယ်ကြောင့်ဆိုသော် ကျနော်တောခိုစဉ် အခါက အသက် ၂၂နှစ်အရွယ်တွင် တက္ကသိုလ်ဘွဲ့ ရပြီး ချောင်းသာ ပင်လယ်ကမ်းခြေအနီး သဇင် အထကတွင် တွဲဖက်အထက်တန်းပြဆရာအဖြစ် ၉တန်း ၊ ၁၀ တန်း အထက်တန်းကျောင်းသားများကို စာသင်ပြပေးနေသည့် ဆရာတယောက်အနေဖြင့် ကိုယ်ပိုင်ဥာဏ်ဖြင့် ခေတ်ကို သုံးသပ်နိုင်ပြီ ဖြစ်သောကြောင့် ဖြစ်ပေသည် ။

တောထဲတွင် စာအုပ်ဖတ်ခြင်းနှင့် ကင်းဝေးခဲ့သော ကျနော်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြီု့ တွင် နိုင်ငံရေးမှုဖြင့် ထောင်ကျသောအခါ အပြင်မှ စာအုပ်များမှာယူ ဖတ်ရှုသည်ကို အားမရပဲ ထောင်ထဲမှ နေ၍ အယ်ဒီတာလုပ်ကာ မဂ္ဂဇင်းစာအုပ်ထုတ်ဝေခဲ့ပေသည် ။ ကိုယ်ပိုင်ငွေကြေးဖြင့် ဘ၀မီးတောင်များ ပေါက်ကွဲခြင်းအကြောင်း စကြာဝဋာသို့ အိတ်ဖွင့်ပေးစာ ကဗျာစာအုပ်အပါအ၀င် ကဗျာစာအုပ်များထုတ်ဝေခဲ့ပါသည် ။သို့ သော် ထိုအချိန်က မြန်မာပြည်သည် စစ်အာဏာရှင် စနစ်လက်အောက်တွင် ကျရောက်နေသဖြင့် ကျနော်၏ တော်လှန်ကဗျာများသည် ပြည်တွင်း၌ လူမသိ သူမသိ ဖြစ်လျက် အင်တာနက်စာမျက်နှာတွေပေါ်လာမှ ကျနော့မှာ ကဗျာ စာဖတ်ပရိသတ် ရှိခဲ့ရပါသည် ။

ယခုတော့ ရေငတ်စဉ် ရေတွင်းထဲကျသလို ကျနော်နေထိုင်သည့် ကနေဒါနိုင်ငံမြို့ တော် အိုတာဝါနှင့် ၃နာရီ ခွဲ ကျော် ( ၄ )နာရီနီးပါး ကားမောင်းသွားရမည့် အမေရိကန် နိုင်ငံ နယူးယောက်ပြည်နယ် ယူတီကာတွင် စာပေဟောပြောပွဲ သို့ ပြည်သူချစ်သော စာရေးဆရာများဖြစ်သည့် ဆရာချစ်ဦးညို ၊ ဆရာ ထင်လင်းဦး ၊ ဆရာမ ဂျူးတို့ လာရောက်ဟောပြောမည်ဖြစ်ကြောင်း ကိုမောင်မောင်သိန်းထံမှ ကြားသိခဲ့ရသည် ။

ငယ်၇ွယ်စဉ် အခါက ဆရာမ ဂျူး၏ အမှတ်တရ ၊ မိန်းမတယောက်၏ ဖွင့်ဟ၀န်ခံချက်အပါအ၀င် ၀တ္တုတော်တော်များများအား ခေတ်ကိုဖောက်ထွက်သည့် ၀တ္တုများအဖြစ် စွဲစွဲလမ်းလမ်း ဖတ်ရှုဖြစ်ခဲ့သလို ဆရာချစ်ဦးညို၏ လင်္ကာဒီပချစ်သူဝတ္တုကို လည်း စွဲမက်ခဲ့ဘူးသည် ။

ပြီးခဲ့သော ၂၀၁၆ တွင် ပြည်တွင်းငြိမ်းချမ်းေ၇းလက်မှတ်ထိုးလှုပ်ရှားမှုနှင့် ၂၁ရာစုပင်လုံညီလာခံထောက်ခံ ကြိုဆိုပွဲများအတွက် ရန်ကုန်သို့ ရောက်စဉ် ကိုဧပြီနေနေ ၊ မလင်္ကာသစ်တို့ ကောင်းမှုကြောင့် ကိုစိုးစိုးဥင်္ီးနှင်အတူ ဆရာထင်လင်းဦးနှင့်တွေ့ ဆုံဖြစ်ခဲ့သည် ။ ဆရာထင်သည် လေပြေအေးအေးဖြင့်စကားပြောလျက် စာပေ ၊ ငြိမ်းချမ်းရေး ၊နိုင်ငံရေး ၊သာသာေ၇း ၊ ယဉ်ကျေးမှုအကြောင်းအရာစုံစုံလင်လင်ကို တထိုင်ထဲ ဖြင့် ဆရာ့ အိမ်ေ၇ှ့ စားပွဲဝိုင်းလေး၌ အချိန်တော်တော်ကြာဆွေးနွေးဖြစ်ခဲ့သည်ကို အမှတ်ရနေခဲ့သည် ။ထို့ ကြောင့် ဆရာထင်နှင့်လည်း ဖြစ်နိုင်လျှင် တွေ့ ဆုံချင်သည့် စိတ်ကလည်း စာပေဟောပြောပွဲသွားရန် အကြောင်းဖန်လာခဲ့ပေသည် ။

ဆရာ အောင်သင်း ၊ ဆရာချစ်ဦးညို ၊ ဆရာမဂျူး ၊ ဆရာ ထင်လင်းဦး ၊ ကိုဗေလုဝ နှင့် တခြား ဆရာ ဆရာမများ၏ စာပေဟောပြောပွဲများကို အွန်လိုင်းမှာ အကြိမ်ကြိမ်နားထောင်ပြီး ကြိုက်နှစ်သက် ခဲ့သည် ။

ထိုမျှသာမက ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ေ၇ွးကောက်ပွဲမတိုင်ခင် ကနေဒါသို့ ကြွလာသည့် ရွှေည၀ါ ဆရာတော်နှင့်အတူ ပါလာသော ဦးပဇင်းသည်လည်း အမေရိကန်ယူတီကာကို စာရေးဆရာများနှင့်အတူတူ လာရောက်မည်ဟုကြားသိခဲ့ရသည် ။စစ်အာဏာရှင်စနစ်အောက်မှာေ၇ွးကောက်ပွဲသည် တရားမျှတ လွတ်လပ်သောေ၇ွးကောက်ပွဲ အစစ်အမှန်ဖြစ်ဖို့ ကနေဒါ ပါလီမန်အမတ်များနှင့် ရွှေည၀ါဆရာတော်ဆွေးနွေးစဉ် အဆိုပါ ဦးပဇင်းနှင့်အတူ ကျနော်သည်လည်း ကနေဒါ ပါလီမန်သို့ သွားရောက်ခဲ့ဘူးသည်။ ထို့ ကြောင့် အမေရိကန်ကို ရောက်တုန်းရောက်ခိုက် အားလုံးနှင့် ပြန်လည်တွေ့ ဆုံချင်သည့်စိတ်သည် စာပေဟောပြောပွဲသို့ သွားရောက်ရန် တိုက်တွန်း နေသကဲ့သို့ ရှိခဲ့ပေသည် ။

ထိုအခါ အရင်းရှင်စနစ်၏ စက်မှု ယန္တယားအောက်တွင် စက်ရုပ်လို လည်ပတ်နေသော ဘ၀မှ ခေတ္တရုန်းထွက်ရန် လင်မယားနှစ်ယောက်တိုင်ပင်ခဲ့ကြသည် ။ အနောက်နိုင်ငံ၏ ဘ၀သည် ရုပ်ပိုင်းဆိုင်ရာများ ပြည့်စုံနေသည့် အပေါ်ယံ ရှုထောင့်အမြင်ဖြင့်ကြည့်လျှင် အားကျစရာကောင်းပေမည့် လက်တွေ့ ဘ၀တွင်မူ လူတန်းစေ့နေနိုင်ရန် အတော်ကြိုးစားရုန်းကန်ရသည်ကို နိုင်ငံခြားတွင် နေထိုင်သူများ သိကြပေလိမ့်မည် ။

သို့နှင့်ပင် မည်သို့ ပင်ဖြစ်စေကာမူ လေးဘက်လေးတန် နံရံများ ကာရံထားသော အလုပ်ခွင်မှ အချိန်ပို အလုပ်များကို ခေတ္တခဏ ကျောခိုင်းကာ လှောင်ချိုင့်ထဲမှ ငှက်တကောင်လွတ်မြောက် ပျံသန်းသလို ကနေဒါမှ အမေရိကန်သို့ တောတောင် မြို့ ရွာများကို ဖြတ်ကျော်လျက် ကားမောင်းထွက်ခဲ့မိတော့သည် ။


အောင်ခိုင်မြင့်
၂၂ သြဂုတ်လ ၂၀၁၇

Comments