ကျော်ကျော် (မြရည်စမ်း) ● ကျနော်အရောက်သွားမိတဲ့ ဈာပနတခု
(မိုးမခ) စက်တင်ဘာ ၁၊ ၂၀၁၇
(မိုးမခ) စက်တင်ဘာ ၁၊ ၂၀၁၇
(၁)
အစောကြီးထဲက နိုးနေသည်။ နာရီကို ကြည့်မိတော့ မနက်သုံးနာရီသာသာရှိသေး၏။ ခဏပြန်အိပ်လိုက်ဦးမည်ဟု တွေးပြီး မျက်စိကိုအသာပြန်မှိတ်သည်။ အိပ်၍ကား မပျော်နိုင်တော့။ခင်မင်နှစ်လိုဖွယ်ကောင်းသော သူ၏ ရုပ်သွင်သာ တဝဲလည်လည်ကြီးစိုးနေသည်။ ဒီနေ့... သူ၏ နောက်ဆုံးခရီးကို လိုက်ပို့ရမည်။ လူ့ဘဝသို့ ရောက်လာခိုက်လေးတွင် ခန္ဓာကြွေသည်အထိ ခေတ်၏ဝန်ကို ပခုံးထမ်းခဲ့သော သူတစ်ယောက်၏ နာရေးကို ကျနော်လိုက်ပါပို့ဆောင်သင့်ပါသည်။
ပြတင်းပေါက်ကို ဖွင့်လိုက်သည်။ကချင်တောင်တန်းများပေါ်မှ မိုးနံ့စွက်နေသော လေနုအေးများက မျက်နှာကို ပွတ်သပ်ကြသည်။ ရှူရှိုက်လိုက်တိုင်း လန်းဆန်းချမ်းမြေ့စေသော လေနုအေးလေးများကို သေချာစွာ အနံ့ခံကြည့်ရသည်မှာလည်း နေ့စဉ်ဝတ္တရားတစ်ခု။ဝ-်ဒုက္ခတစ်ခုလည်း ဖြစ်နေနိုင်သေးသလို ထိုနှစ်ခုစလုံးလည်း ပြိုင်တူဖြစ်နေနိုင်သေးသည်။ ယမ်းနံ့နှင့်သွေးညီနံ့များ ပါမလာချိန်များမှာသာ လေနုအေးလေးတွေ၏ အနှစ်သာရကို တင်းပြည့်ကျပ်ပြည့် ခံစားသိနိုင်သည်။
မိုင် ၁၀၀ နီးပါးခရီးကို နေ့ချင်းပြန်သွားရပေဦးမည်။
(၂)
ကြက်ဥနှင့်သကြားကို mixer ထဲသို့ထည့်ပြီး ခလုတ်နှိပ်လိုက်သောအခါ၊ မော်တာသံ တဝီဝီ မြည်လာသည်။ သကြားကြေ သွားပြီး ကြက်ဥအရည်များ အနည်းငယ် ပွလာကြသည်။အရံသင့်ပြင်ထားသော ဂျုံမှုန့်များကို အချိန်ကျလျှင် ထည့်မွှေပစ်ရမည်။ မော်တာသံ တဝီဝီကြားမှပင် ဘုန်းတော်ကြီးကျောင်းမှ အုန်းမောင်းသံကို ကြားနေရသည်။ ထို့နောက် အမှောင်နှင့် အတူ တိတ်ဆိတ်သွားတာ သတိထားမိသည်။ မီးပျက်သွားပြန်လေပြီ။
(၃)
ဆိုင်ကယ်ရှေ့မီးက လင်းလိုက်မှိန်လိုက် နှစ်ခါသုံးခါဖြစ်ပြီး လုံးဝကြီး ငြိမ်းသွားသည်။ မီးသီးကာဗာကို လက်ဝါးဖြင့် ခပ်ဆတ်ဆတ်လေးပုတ်ကြည့်တော့လည်း ပြန်လင်းမလာ။ စိတ်တိုတိုဖြင့် ခပ်နာနာလေးပုတ်ကြည့်တော့လည်း အကြောင်းထူးမလာတော့။ ကျွမ်းသွားပြီဟုသာ တွေးလိုက်တော့သည်။ လမ်းက သိပ်ပြီးမလင်းချင်သေး။ သွားချင်စိတ်ရှိနေတော့လည်း အန္တ ရာယ်ကို သိပ်ပြီးတွေးဆမနေတော့။ မြင်သာရုံလမ်းကောက်ကြောင်းလေးအတိုင်း သတိထားပြီး မောင်းနှင်ခဲ့သည်။
(၄)
စက်အပါတ်ရေမိအောင် Handle ကို အားစိုက်လှည့်ပြီး လေဘားလေးကို သာသာလေးလွှတ်ချလိုက်ချိန်တွင် နောက်ထပ်သုံးလေးပတ်တော့ ဆက်လှည့်ရသေးသည်။ ထိုအခါမှ တဒုန်းဒုန်းမြည်သော အင်ဂျင်သံပေါ်လာသည်။ ဒိုင်နမိုရှိ ဗို့အားပြ မီတာလေးကို ကြည့်ပြီး အင်ဂျင်ကို အလျော့အတင်း လုပ်ပေးလိုက်သည်။ မဟာဓာတ်အားလိုင်းမှ ကိုယ်ပိုင်မီးစက်သို့ ပြောင်းလဲရန်အတွက် အမ်ပီယာ၃၀ ခံနိုင်သော ခလုတ်ကို ဆွဲချလိုက်သည်။ မီးပြန်လင်းလာပါသည်။ mixer မှ မော်တာသံ ပြန်ထွက်လာပြီး ကြက်ဥနှင့်သကြားအရောများ ပွတက်လာကြသည်။
မီးအတွက်ကတော့ စိတ်ချရပြီ ဖြစ်၏ ။
(၅)
ဆိုင်ကယ်ကို သတိထားစီးနေရင်းပင် အတွေးထဲသို့ အတိတ်အကြောင်းများက နေရာယူလာကြသေးသည်။ ထိုစဉ်က ကျနော့်အသက်နှစ်ဆယ်သာသာ။စာဖတ်ရုံကလွဲပြီး စာရေးဖို့ စိတ်မကူး။ စာရေးဖို့ စိတ်မကူး ဆိုသည်မှာ အများသူငှာရှေ့သို့ ချပြရန်စာမျိုးရေးဖို့ စိတ်ထဲမဝံ့ရဲခြင်းသာ ဖြစ်၏။ ဝါသနာအရ နေ့စဉ်မှတ်တမ်းလေးတော့ မပျက်တမ်းရေးဖြစ်သည်။ လက်ဖက်ရည်ဆိုင်ထိုင်ခြင်း။ ဂစ်တာတီးခြင်းနှင့် အရက်ကို မန်ကျီးသီးမှည့်နှင့်မြည်းခြင်း လောက်ကိုလည်း တခုတ်တရ ရေးမှတ်ထားတာမျိုး ဖြစ်၏။သူနှင့် ရင်းနှီးကြတော့ သူက သတင်းရေးဖို့ ပြောသေးသည်။ ကျနော်က သတ္တိနည်းပါသည်။ အတိုအထွာလေး တစ်ပုဒ်စ၊နှစ်ပုဒ်စရေးဖြစ်သည်ကို ဟိုပို့၊သည်ပို့ လုပ်ပေးရှာသည်။သတင်းလေးများ ပါလာသည့် အောက်က ကျနော်နာမည်လေး ကျနော်ကြည့်ပြီး ပျော်ခဲ့ရဖူးသည်။ စောစောက ဆိုခဲ့ပြီးပါပြီ။ သတ္တိနည်းသောကျနော်၊ သတင်းဆက်ရေးဖို့ တွန့်ပြီး သတင်းထောက်တစ်ယောက် မဖြစ်ခဲ့။ လူသူပရိတ်သတ်ရှေ့မှောက် အမှန်တရားကိုချပြရဲဖို့သည် အတော့်ကိုမလွယ်သည့်ကိစ္စမျိုး။ကဗျာ၊စာပေ ရေးသားခြင်းမှသည် တိကျသေချာသော သတင်းများကို ထုတ်ဖော်တင်ပြခြင်း အဆုံး၊ အတော်တော့ ရင်းနှီးရသည့် ကိစ္စ။ ငွေကြေးရင်းနှီးရုံမျိုးဆိုလျှင် ရှုးံသွားလည်း "ပြန်ရှာလို့ ရပါတယ်ကွာ" ဟု ဖြေလို့ရနိုင်သေးသည်။ ခေတ်သည်က အမှန်တရားကို တနည်းနည်းဖြင့် တင်ဆက်ချပြခြင်း သည် တစ်ခါတရံ၌ မိသားစုဘဝကိုပါ ရင်းနှီးလိုက်ရသည်။
သတင်းထောက်ကိုပါကြီးနှင့် ကိုစိုးမိုးထွန်း တို့ကို အမှန်တရားမြတ်နိုးသူတိုင်းက နှမြောတသကြသည်။ လူကျွန်ပြုသည့် ကိစ္စကို သတင်းထောက်လှမ်းသည့် မြန်မာသတင်းထောက်မလေး၏ ဗျတ္တိကို အားလုံးက ချီးကျူးသြဘာပေးကြသည်။ အန္တရာယ်တွေကြားမှာ ....။
သတင်းထောက်လုပ်ရင်း ၊ အမှန်တရားထက် အာဏာငွေကြေးကိုတပ်မက်လွန်းစွာ ပြည်သူကိုချနင်းသော သတင်းထောက်များကိုတော့ ဖြင့် အော့နှလုံးနာကြသည်။ သူတို့ကလည်း မမှုပါ။ ဘီယာသောက်၊အမြည်းစား၊ စီးကရက်လေးဖွာရင်း မှန်ကန်ခြင်း ကိစ္စကို ဖင်ခုထိုင်ထားကြသေးသည်မှာ ယနေ့တိုင်။
(၆)
မုန့်နှစ်အရည်များကို သတင်းစာစက္ကူခင်းထားသော ဗန်းများထဲ သွန်ထည့်လိုက်ပြီး မျက်နှာပြင်ကို ညှိလိုက်သည်။ အပေါ် ယံမျက်နှာပြင်ကို အလှဆင်ပေးလိုက်သည်။ပြီးတော့ မီးအရှိန်ငြိမ်သက်ကာ အသားကျနေပြီဖြစ်သော မုန့်ဖုတ်မီးဖိုတံခါးကို ဆွဲဖွင့်လိုက်သည်။မုန့်ဗန်းလေးများကို ညင်သာစွာထိုးထဲ့ပြီး မိနစ်၇၀ ဟု timer ပေးလိုက်သည်။
(၇)
ကျနော့်မြို့လေးသို့ မရောက်ဖြစ်သည်မှာ ဆယ်စုနှစ်တခုနီးပါးဖြစ်နေသော်လည်း မြို့အဝင်ကတည်းက မြို့လေး၏ရနံ့ကို ရလိုက်သည်။ဇာတိမြေ၏ ရနံ့ကို အလွတ်ကျက်မှတ်စရာမလိုသည်မှာ လူတိုင်းအတွက် မှန်မည်ထင်ပါ၏။
အချိန်စောနေသေးသဖြင့် ဧရာဝတီမြစ်ကြီးကို သွားပြီးထိုင်ကြည့်နေလိုက်သည်။ ကမ်းပါးများဆက်ပြီးမပြိုစေရန် ရေထိန်းနံရံများ ပြုလုပ်ထားကြသည်။ သတိမမူမိခင်အချိန်လေးများ၊သတိမူမိသော်လည်း ပြုလုပ်ရန်အခွင့်မသာခဲ့ချိန်လေးများအတွင်း ရေက ကမ်းပါးတလျှောက်ကို အရုပ်ဆိုးစွာ ဖဲ့ချသွားခဲ့ပြီးလေပြီ။ တအိအိနှင့် လှိုက်စားသည့်ဒဏ်ကို ခံစားသွားရ၍ ဖြစ်နိုင်လောက်သည်။ရေစပ်နားမှ ကုက္ကိုပင်ကြီး မရှိတော့ပြီ။
(၈)
မုန့်ဖုတ်ရာတွင် ပြီးစီးမည့်အချိန်၊မုန့်ကျက်မည့် အချိန်ကို အချက်ပေးသံမြည်စေရန် timer ပေးထား၍ ရသော်လည်း နှာခေါင်းနှင့်ပါအာရုံခံရသည်။ မျက်စိနှင့်ကြည့်ရသည်။လက်ဖြင့်လည်း စမ်းကြည့်သင့်က စမ်းကြည့်ရ၏။ နည်းပညာများကို ပုံသေကားချ တွက်ဆထား၍ မရ။ ဒစ်ဂျစ်တယ်စံနစ် ဖြစ်နေစေကာမူ မကြာခဏပျက်တတ်သောမီးက အာရုံခံစံနစ်များကို ကြောင်စီစီဖြစ်အောင် လုပ်တတ်သည်။
ရနံလေးမွှေးသင်းလာသဖြင့် မုန့်ဖိုတံခါးကို အသာလေးလှပ်ပြီး ကြည့်လိုက်သည်။ ပြီးနောက် မုန်သားကို လက်ဖျားလေးဖြင့် ပုတ်ကြည့်တော့ လေတင်းနေသောရာဘာဘော်လုံး၏ အထိအတွေ့နှင့်အသံကို ကြားရသည်။
(၉)
ခေတ်မှ ပေးခဲ့သောဝန်ကို မနိုင်ဝန်ဖြစ်အောင်ပင် ထမ်းခဲ့ရှာသော သတင်းစာဆရာ၊ ကာတွန်းဆရာတစ်ဦး၏ အရိုးပြာအိုးကို မြို့လေးတစ်မြို့လုံးက အထွတ်အမြတ်အဖြစ်ယူဆထားသော နေရာ၌ ဂူသွင်းထားပါသည်။ ထိုနေရာလေးမှ မျှော်ကြည် လိုက်လျှင် မှိုင်းညို့နေသော တောင်တန်းများနှင့် စိမ်းမြမြလယ်ကွင်းပြင်များကို မြင်တွေ့နေရသည်။ ဂူအနီးတွင် မြို့သူမြို့သားများနှင့် စာရေးဆရာသမဂ္ဂမှ လွမ်းသူ့ပန်းခွေများက လွှမ်းနေသည်။ အားလုံးလည်း လွမ်းတနေကြမည်။
(၁၀)
မွှေးသင်းလှသော ရနံ့ကို အတန်ကြာအောင် ကျနော်ရှူရှိုက်နေပြီးမှ တံခါးကို ညင်သာစွာဖွင့်လိုက်ပါသည်။ မွှေးပျံ့လှပသော ကိတ်မုန့်များ ကျနော့်ရှေ့တွင် ဖြစ်တည်နေ၏။
အချိန်အတော်လေးကြာအောင် သူ၏ မျက်နာကို မြင်မိနေရင်း သူ့ကိုအလေးနီ ပြုလိုက်ပါသည်။
စိတ်နှင့်ကိုယ် မကြာခဏကင်းကွာ သွားသော နေ့တစ်နေ့ဖြစ်၍ ကျနော့်မှာ မီးလောင်ဒဏ်ရာနှစ်ခု၊ သုံးခု ရပါသည်။စိုးရိမ်စရာတော့မရှိ။ အမာရွတ်ကလေးများ ထင်ကျန်နေလျှင်လည်း အမှတ်အသားလေးများဟုသာ ကျနော်သဘောထားပါမည်။
မြောက်ဘက်တောင်ကုန်းမှာ ယနေ့ နေသာပါသည်။
ကျော်ကျော် မြရည်စမ်း
၂၅၈၁၇
နံနက် ၁နာရီ
ဟိုပင်မြို့
ကချင်ပြည်နယ်
Comments